Chapter 44

1.4K 134 3
                                    


နှစ်သစ်ကူးနီးလာပြီမို့ နန်းတော်တစ်ခုလုံး သက်ဝင်လှုပ်ရှားနေပြီး နန်းဆောင်တိုင်းကလည်း နွေဦးအတွက် သန့်ရှင်းရေးလုပ်ဖို့ အာရုံစိုက်နေကြတယ်။ အစေခံတွေလည်း ဆုလာဘ်တွေ မနားတမ်း ရနေကြတာပေါ့။

အားလုံးက ခွန်းနင်နန်းဆောင်ကသူတွေကို မနာလိုအားအကျဆုံးပဲ။ ဧကရီက ချမ်းသာကြွယ်ဝတဲ့မိသားစုက လာတဲ့သူဖြစ်ပြီး အရှင်မင်းကြီးကလည်း ၂ရက်၃ရက် တစ်ခါ သူမဆီ လက်ဆောင်တွေ ပို့တတ်တယ်။ သူမကို နန်းတော်ထဲ အကြွယ်ဝဆုံးအမျိုးသမီးလို့တောင် ပြောလို့ရတယ်။ သူမက အတော်‌လည်း ရက်ရောပြီး ဒီရက်တွေထဲ သူမကို ခစားတဲ့သူတွေဆို ဆုလာဘ်တွေကို ပါးစပ်အဟောင်းသား ဖြစ်ရတဲ့အထိတောင် ရကြတယ်။

ခွန်းနင်နန်းဆောင်ရဲ့ နှစ်ကူးစာတမ်းတွေကို အကုန် ကျီဝူကျိုး ကိုယ်တိုင် ရေးပေးထားတာ ဖြစ်ပြီး တံခါးမကြီးတွေမှာ ချိတ်ဆွဲထားတယ်။ သူ့အရေးအသားက သိပ်ကောင်းလွန်းတာကြောင့် ယဲ့ကျန်းကျန်းတောင် ချီးကျူးမိတယ်။

ကျီဝူကျိုး ခွန်းနင်နန်းဆောင်ကို ပစ္စည်း အမြောက်အမြား ယူလာပေးရုံတင်မကဘဲ ကိုယ်တိုင် ယဲ့ကျန်းကျန်းကို ကျောက်စိမ်းငန်းမောင်နှံတစ်စုံ လက်ဆောင်ချီးမြှင့်ခဲ့သေးတယ်။

သူမ အဖြစ်အပျက်တွေကို ကောင်းကောင်း တွေးကြည့်လိုက်ပြီးကတည်းက အခုဆို သူမ "ကျီဝူကျိုးနဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်မယ်"ဆိုတဲ့ စိတ်ဖြစ်နေတယ်။

ကျီဝူကျိုးက သူမကို သေမလား ရှင်မလား ဆုံးဖြတ်နိုင်တဲ့သူဆိုတော့ သူမ သက်တောင့်သက်သာနဲ့ ကောင်းကောင်း နေသွားချင်တယ်ဆို သူ့ကိုလည်း မျက်နှာမပျက်ရအောင် လုပ်ပေးရမယ်။ ဒါ့ကြောင့်မို့ သူ့ကို လက်ဆောင်ပြန်ပေးရအောင်လို့ စူးယွဲ့ကို လက်ဆောင်တွေ အများကြီး ရွေးခိုင်းလိုက်တယ်။ နောက်ပြီး ကျွမ်းကိုယ်လုပ်တော်လို ကျန်တဲ့သူတွေက အရှင်မင်းကြီးကို ကိုယ်တိုင်လက်ဆောင်လုပ်ပြီး ပေးတာကို မြင်တဲ့အခါ သူမလည်း အများနည်းတူ သူမ ချည်ထိုးထားတဲ့ အိတ်ကလေးကို သူ့ဆီ လက်ဆောင်ပေးလိုက်တယ်။ အိတ်ရဲ့အပေါ်မှာ နဂါးရုပ်ကို ချည်ထိုးထားပြီး တခြားလက်ဆောင်တွေနဲ့အတူ ဆက်သလိုက်တယ်။

ချည်ထိုးထားတဲ့ နဂါးပုံက အရုပ်ဆိုးလွန်းပြီး ဖြတ်ကနဲ ကြည့်လိုက်ရင် ပိုးနသန်ကောင် (ထိခွေကောင်) နဲ့‌ တူနေတယ်။ ကျီဝူကျိုး အိတ်ကို သူ့လက်ထဲ ကိုင်ကြည့်နေတယ်။ သူ ဒါကို တကယ် ခါးမှာ ချိတ်ထားချင်ပေမဲ့ ပွဲတော်ကာလမှာ ဧကရာဇ်ရဲ့ဂုဏ်သိက္ခာကလည်း ရှိသေးတော့ နောက်ထပ် အိတ်တစ်လုံးထဲ ထည့်ပြီးပဲ သူ့ခါးမှာ ချိတ်ထားလိုက်ရတယ်။

ယဲ့ကျန်းကျန်းအတွက်တော့ နှစ်သစ်ကူးက ကောင်းတဲ့အရာပဲ။ ဒါပေမဲ့ သူမကို တကယ် ဝမ်းနည်းစေတဲ့အရာက "ရှိုးဆွေ့" ပဲ (ET/N : တရုတ်နှစ်သစ်ကူးကို ကြိုတဲ့ဓလေ့လိုပါတဲ့) မနှစ်ကတုန်းကတော့ သူမ အိမ်ထောင်မကျသေးတာမို့ ဒီဓလေ့ကို လိုက်နာစရာ မလိုဘဲ အိပ်လို့ရတယ်။ သူမမိသားစုကလည်း အလိုလိုက်တာမို့ နှစ်သစ်ကူးကြိုတဲ့အချိန်မှာ မဖြစ်မနေပါစရာမလိုဘဲ စောစော အိပ်လို့ရတယ်။

ဒါပေမဲ့ အခုကျ ဧကရီတစ်ပါးအနေနဲ့ သူမ တာဝန်ကို ရှောင်လို့ မရတော့ဘူး။ ယဲ့ကျန်းကျန်း ကျီဝူကျိုးကို အဖော်ပြုရင်း ကျန်တဲ့ ကိုယ်လုပ်တော်ကြင်ရာတော်တွေနဲ့အတူ နှစ်သစ်ကူးကို ကြိုဖို့ နေနေရတယ်။ စားပွဲပေါ် နှစ်သစ်ကူးမုန့်တွေကို အစုံအလင် ခင်းကျင်းထားပြီး ပြီးပြည့်စုံတဲ့အသွင်အပြင်ကြောင့် လူကို စိတ်ကြည်နူးသွားစေတယ်။ ဒါပေမဲ့ ဒါက ယဲ့ကျန်းကျန်းအတွက်တော့ အကူအညီ မဖြစ်ဘူး။ သူမ ပုံမှန်အိပ်ချိန်ရောက်တာနဲ့ တစ်ယောက်ယောက်က သူမခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ခလုတ်ကို နှိပ်လိုက်သလိုမျိုး အားအင်တွေ ကုန်ခမ်းသွားပြီး ငိုက်မြည်းလာတယ်။ သူမ ကြင်ရာတော်တွေ စကားစမြည်ပြောနေတာကို ပြန်ဖြေမနေတော့ဘဲ ဖြေးဖြေးချင်း အိပ်ငိုက်နေတော့တယ်။

သူမကို ဒီလိုပုံနဲ့ မြင်ရတဲ့အခါ ကျီဝူကျိုး စိတ်မကောင်း ဖြစ်သွားပြီး သူ့ရင်ခွင်ထဲ တရေးကောင်းကောင်း ပေးအိပ်ချင်မိတယ်။ ဒါပေမဲ့ အဲ့လိုလုပ်လိုက်ရင် နန်းတော်စည်းကမ်းတွေကို ဖောက်ဖျက်သလို ဖြစ်သွားမှာမို့ ကျီဝူကျိုး သူ့ကိုယ်သူ ရပ်လိုက်ရတယ်။

နောက်ဆုံးတော့ သန်းခေါင်ယံအချိန်ထိ သူမ နေနိုင်ခဲ့တယ်။ ယဲ့ကျန်းကျန်း ငိုက်ရင်း အိပ်မက်တောင် မက်‌လုနီးပါး ဖြစ်နေပြီ။ ကျီဝူကျိုး သူမကို လှုပ်နှိုးလိုက်ပြီး ဖက်ထုပ်စားဖို့အချိန် ရောက်ပြီလို့ ပြောလိုက်တယ်။ နှစ်သစ်ကူးကြိုတဲ့အချိန် ပြီးတဲ့နောက် ဖက်ထုပ်စားရမယ့်အချိန်ပဲ ဖြစ်တယ်။ ဒါက အရပ်သားပြည်သူတွေ လုပ်ကြတဲ့ဓလေ့ဖြစ်ပြီး တော်ဝင်မိသားစုကလည်း ဒီဓလေ့ကို လုပ်ကြတယ်။

ဖက်ထုပ်ထဲ ၆၄မျိုး အစာသွပ်ထားပြီး စားပွဲပေါ် အစီအရီ ခင်းကျင်းထားတယ်။ ဘယ်အရသာနဲ့စားချင်လဲ အမိန့်ပေးလိုက်တာနဲ့ တစ်ယောက်ယောက်က ယူလာပေးလိမ့်မယ်။ ယဲ့ကျန်းကျန်း အိပ်ချင်မူးတူး ဖြစ်နေတုန်းပဲမို့ ရိုးရိုးရှင်းရှင်းပဲ ၃ ၄မျိုး ယူခိုင်းလိုက်တယ်။ ဖက်ထုပ်တွေကို ပန်းကန်ထဲ ထည့်ပြီး စူးယွဲ့က သူမဆီ ယူလာပေးတယ်။ သူမမျက်လုံးက တဝက်လောက် အိပ်ချင်မူးတူးဖြစ်နေပြီး အူကြောင်ကြောင်လေး ဖြစ်နေပုံက ကျီဝူကျိုးမျက်လုံးထဲ ရယ်ချင်စရာလေး ဖြစ်နေတယ်။

ယဲ့ကျန်းကျန်း ဖက်ထုပ်တစ်ခုယူပြီး သူမ ပါးစပ်ထဲ ထည့်လိုက်တယ်။ နှစ်ချက်လောက်ပဲ ဝါးပြီးနောက် ရပ်လိုက်တယ်။

"ဘာဖြစ်လို့လဲ"

ကျီဝူကျိုးက လှမ်းမေးလာတယ်။

ယဲ့ကျန်းကျန်း လက်ကိုင်ပုဝါနဲ့ ပါးစပ်ကို ကာလိုက်ရင်း ကြေးပြားစေ့ကို ထွေးထုတ်လိုက်တယ်။ ဒီကြေးပြား‌စေ့က ပွဲတော်အတွက် သီးသန့်လုပ်ထားတာ ဖြစ်ပြီး သန့်ရှင်းတောက်ပနေတယ်။ ကြေးပြားစေ့ အပေါ်မှာ "ဝမ်ကောင်းလိုင်ချောင်" လို့ ရေးထားတယ်။

(ET/N : တိုင်းပြည်အများအပြားက အရိုအသေပေးဖို့ လွှတ်တော်ထဲ ရောက်ရှိလာသလိုဟာမျိုးကို ပြောတာပါတဲ့ )

ကျီဝူကျိုး လှမ်းကြည့်ရင်း ပြုံးကာ

"ကြည့်ရဝာာ ဧကရီတော့ ဒီနှစ်မှာ ကံကောင်းနေတော့မယ်နဲ့ တူတယ်"

ယဲ့ကျန်းကျန်းကတော့ သဘောမတူဘူး။ စားနေတုန်း တစ်ခုခု အမာကို ကိုက်မိတာက ကံမကောင်းဘူးလို့ သူမ ယူဆတယ်။ ယဲ့ကျန်းကျန်း နောက်ထပ် ဖက်ထုပ်တစ်ခုကို ယူလိုက်ပြီး တစ်ချက်ပဲ ကိုက်ရသေး သူမမျက်နှာက မှောင်သွားတယ်။

သူမ နောက်ထပ် ကြေးပြားစေ့ကို ပါးစပ်ထဲက ထုတ်လိုက်ဝာာကို ကျီဝူကျိုး လှမ်းကြည့်နေတယ်။ ဒီတစ်ခါကျ "ဝူကုဖုန့်တျန်း" (ဆန်ရေစပါး ပေါများ‌ခြင်း ) လို့ ရေးထားတယ်။

ယဲ့ကျန်းကျန်း တစ်ခါတည်းနဲ့ ကြေးပြား ၂ပြား‌တောင် ရတာကို တွေ့တဲ့အခါ ကျန်တဲ့ ကြင်ယာတော်တွေအကုန် မနာလို ဖြစ်ကုန်ကြတယ်။ ကြေးပြားတွေကို ဖက်ထုပ်လုပ်တဲ့အချိန်တည်းက ထည့်ထားပြီး စုစုပေါင်း ၁၀ပြား ရှိတယ်။ ဧကရီက ၂ပြားကိုက်မိသွားပြီး ကျန်တဲ့ဟာတွေကလည်း ဖက်ထုပ်တွေ အများကြီးထဲ ရောနေတာ၊ ဘယ်သူက ကြေးပြား ဘယ်ထဲရှိမလဲ သိနိုင်မှာလဲ။

သိပ်တောင်မကြာလိုက်ဘူး သူတို့ အတွေးလွန်နေတယ်ဆိုတာ သဘောပေါက်လိုက်ရတယ်။

ယဲ့ကျန်းကျန်းက ကြေးပြားထုတ်တဲ့စက်လိုပဲ နောက်ထပ် ကြေးပြား၂ပြား ထွက်လာပြန်တယ်။ တစ်ခုက "ကောင်းထိုင်မင်အန်း" (ငြိမ်းချမ်းသောပြည် ) ၊ နောက်တစ်ခုက "ဖုန့်ထောင်ယွီရွှမ်း" (ကောင်းမွန်တဲ့ ရာသီဥတုနဲ့ ကောင်းမွန်တဲ့‌မိုး )။

ဒီလိုနဲ့ ကျန်တဲ့သူတွေလည်း သူတို့ဖက်ထုပ်တွေကိုတောင် မေ့ကုန်ကြပြီး ယဲ့ကျန်းကျန်းကိုပဲ စိတ်ဝင်တစားနဲ့ ကြည့်နေကြတယ်။

ယဲ့ကျန်းကျန်းအဖို့တော့ စားနေတုန်းက တစ်ခုခုကိုက်မိတာက သူမစိတ်ကို အတော်လေး သက်ရောက်မှု ရှိတယ်။ အဲ့ဒါနဲ့ သူမ စားတာကို ရပ်ပစ်ပြီး သူမပန်းကန်ထဲက ဖက်ထုပ်တွေကို ဖြဲကြည့်လိုက်တယ်။

အဲ့နောက် နောက်ထပ် ကြေးပြား ၂ပြား ထွက်လာပြန်ရော။ တစ်ခုက "ကျီရှန်းရူယိ" (ကျန်းမာရေး ကောင်းခြင်း)၊ နောက်တစ်ခုက "ကျီစွန်းမန်ထန့်" (သားသမီးမြေးမြစ် ပေါများခြင်း )။

သူမရှေ့ပြား ၆ပြားကို ကြည့်ရင်း ယဲ့ကျန်းကျန်း ကူရာမဲ့နေတယ်။ မသိရင် သူမကပဲ ကလိမ်ကျထားသလိုလို ဘာလိုလို ဖြစ်နေပြီ။

တစ်ဖက်မှာတော့ ကျီဝူကျိုးက အပျော်ကြီး ပျော်နေတယ်။

"ဧကရီက တကယ် ကိုယ်တော့်ရဲ့ ကံကောင်းစေတဲ့ကြယ်လေးပဲ"

ကြင်ရာတော်တွေကလည်း လည်တယ်။ သူတို့ တကယ် ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ၊ အားလုံး ချီးကျူးထောမနာ ပြုလာကြတယ်။ ယဲ့ကျန်းကျန်းက သူတို့ကို ဆုတွေ ချီးမြှင့်လိုက်တယ်။ ကျီဝူကျိုးကလည်း ဆုချီးမြှင့်ပြန်တယ်။ ဒီကသီလင်တကိစ္စတွေ အားလုံးပြီးမှပဲ သူမ အိပ်ခွင့်ရတော့တယ်။

သူမ တအားအိပ်ချင်နေပြီမို့ လမ်းလျှောက်ရင်းတောင် ယိုင်နေတယ်။

"ဧကရီ အတော် ပင်ပန်းနေပြီ။ ခွန်းနင်နန်းဆောင်ကို မပြန်နဲ့တော့။ ဒီည ကန်ချင်းနန်းဆောင်မှာပဲ အိပ်သွားလိုက်"

"မဟုတ်တာ၊ ကျွန်တော်မျိုးမ မလုပ်သင့်ပါဘူး"

ယဲ့ကျန်းကျန်း သမ်းရင်း ထွက်သွားဖို့ လုပ်လိုက်တယ်။

"ကိုယ်က နေလို့ရတယ်ပြောရင် နေလို့ရလို့ပေါ့"

ကျီဝူကျိုး သူမကို ပွေ့ချီသွားလိုက်တယ်။ နောက်ပြီးကျ ကျန်တဲ့ကြင်ရာတော်တွေကို ကြည့်လိုက်ပြီး

"မင်းတို့တွေ ပြန်လို့ရပြီ"

သူတို့တွေ ကျီဝူကျိုး သူမကို ဘယ်လို‌ပွေ့ချီသွားလဲဆိုတာကိုပဲ ငေးကြည့်နေမိကြတယ်။ တကယ်တော့ အဲ့မှာရှိတဲ့ ကြင်ယာတော်အများစုဆီမှာ မနာလို မုန်းတီးတဲ့စိတ်ကလေးတော့ ဖြစ်နေပေမဲ့ အရမ်းတော့ မပြင်းထန်ဘူး။ ဘာလို့ဆို အရှင်မင်းကြီးမှ ... မစွမ်းဆောင်နိုင်တာကိုး ...

ရှန်ကိုယ်လုပ်တော်က လွဲရင်ပေါ့။ ရှေ့ရက်အနည်းငယ်တုန်းက လုပ်ကြံတဲ့ကိစ္စက ဘာမှအရေးမကြီးတော့သလို ဖြစ်သွားတယ်၊ အရှင်မင်းကြီးကလည်း ယဲ့မိသားစုကို ဘာမှမလုပ်ခဲ့ဘူး၊ အဲ့အစား ယဲ့မုဖန်ကို ကျွယ်ဘွဲ့တောင် ပေးအပ်ခဲ့သေးတယ်။ စုကျဲယွီက ကောက်ခါငင်ခါ သေသွားပြီး အဲ့အတွက် ယဲ့ကျန်းကျန်းကလည်း ဘာမှအပြစ်ပေးမခံခဲ့ရဘူး။ အဲ့အစား ရွှီရွမ်ရှီက အအေးနန်းဆောင်ကို အပို့ခံလိုက်ရတယ်။

.... ကြည့်ရတာ အရှင်မင်းကြီးက ဧကရီကို တကယ်ကြီး စိတ်ရင်းရှိနေတာပဲ။

ရှန်ကိုယ်လုပ်တော် ဒီအကြောင်းကို တွေးမိတဲ့အခါ သူမနှလုံးသားထဲ ခါးသက်သွားသလို ခံစားရတယ်။

နှစ်တိုင်း နှစ်သစ်ကူးပွဲတော်က အတူတူပဲ။ စားမယ် ကစားမယ်။ ယဲ့ကျန်းကျန်းအတွက် ကွာသွားတာဆိုလို့ နန်းတော်အပြင်က အရေးပါတဲ့မိသားစုက အမျိုးသမီးတွေ သူမဆီ လာရောက် နှုတ်ဆက်ဂါရဝ ပြုကြတာပဲ ဖြစ်တယ်။ နေ့ဘက်တွေမှာ သူမ အတော်အလုပ်များနေတယ်။ ဒီတော့ ညရောက်တဲ့အခါ စိတ်အေးချမ်းအောင်လို့ သူမ လေညှင်းခံထွက်လိုက်မယ်။

ဒီည သူမ လုဟွားနန်းဆောင်ကို ဖြတ်သွားတဲ့အချိန် ဖြတ်ကနဲ အဖြူရောင်အရာတစ်ခုက ခပ်မြန်မြန် ဖြတ်ပြေးသွားတာကို တွေ့လိုက်ရတယ်။ မျက်စိတ်တမှိတ်အတွင်းမှာပဲ အဲ့ဒါက ပျောက်သွားတယ်။

ယဲ့ကျန်းကျန်း ထူးဆန်းသလို ခံစားလိုက်ရတယ်။ သူမမျက်စိကို ပွတ်ရင်း လှမ်းမေးလိုက်တယ်။

"စူးယွဲ့ နင် တစ်ခုခု မြင်လိုက်သေးလား"

ယဲ့ကျန်းကျန်း ကိုယ့်ဟာကိုယ် မျက်စိမှားတာများလားလို့ တွေးလိုက်တယ်။

ဘေးက ဝမ်ရိုးချိုင်က ဖြေလာတယ်။

"မယ်မယ် ကျွန်တော်မျိုးစိတ်ထင် တစ္ဆေတစ်ကောင်ကို တွေ့လိုက်မိသလိုပဲ"

"တစ္ဆေမှန်း နင် ဘယ်လိုသိတာလဲ"

ယဲ့ကျန်းကျန်း ပြုံးရင်း မေးလိုက်တယ်။

"အဲ့တာက အဖြူရောင်ကို ဝတ်ထားပြီး ဆံပင်အရှည်ကြီးနဲ့ မျက်နှာကလည်း စိမ်းဖန့်ပြီး သွေးကွက်တွေလည်း ရှိနေတယ် ...."

"ဟုတ်ပါပြီ၊ နင် ပြောလေ ပိုမယုံချင်စရာ ကောင်းလေပဲ"

စူးယွဲ့က ပြောလိုက်တယ်။

ရုတ်တရက် ဝမ်ရိုးချိုင် နေရာတစ်ခုကို ညွှန်ပြရင်း

"မယ်မယ် အဲ့တာက ရောက်လာပြန်ပြီ!"

ယဲ့ကျန်းကျန်း သေချာစိုက်ကြည့်လိုက်တော့ တကယ်ကြီး ပြန်ပေါ်လာတာပဲ။ အဲ့တာက လူတစ်ယောက်က အဖြူရောင်ဝတ်ထားပြီး မျက်နှာကို ကွယ်အောင် ဆံပင် ဖားလျားချထားတဲ့ပုံနဲ့ ဆင်တယ်။ ခြေထောက်က မြေပြင်ကနေ ပေတဝက်လောက် လေမှာ မျောနေတယ်။

"ဧကရီမယ်မယ် ကျွန်တော်မျိုးမ စွပ်စွဲခံရပြီး သေခဲ့ရတာပါ!"

သူမရဲ့အသံက ခပ်ဝေးဝေးကလာသလို မျောလွင့်နေပြီး ငိုရှိုက်သံသဲ့သဲ့နဲ့ ကြားရတဲ့သူကို ကြက်သီးထစေတယ်။

ဝမ်ရိုးချိုင်နဲ့ စူးယွဲ့တို့ ယဲ့ကျန်းကျန်းရှေ့မှာ ကာရပ်ပေးလိုက်ကြတယ်။

"နင်က ဘယ်သူလဲ"

ယဲ့ကျန်းကျန်း လှမ်းမေးလိုက်တယ်။

"မယ်မယ် .... ရှင်... ကျွန်မကို .... သေအောင် လုပ်ခဲ့တာ ..."

ယဲ့ကျန်းကျန်း စူးယွဲ့နဲ့ ဝမ်ရိုးချိုင်တို့ကြားကနေ ထွက်လာပြီး သူတို့နှစ်ယောက်ကို ဘေးတွန်းထုတ်လိုက်ရင်း ရယ်မောလိုက်တယ်။

"နင်က တကယ် လက်စားချေချင်နေတဲ့ တစ္ဆေဆိုရင် အခု ငါ ဒီမှာ ရှိနေတယ်လေ။ လာပြီး အသက်နှုတ်သွားလေ"

"...."

တစ္ဆေကိုတောင် ပြောစရာစကား ပျောက်သွားအောင် လုပ်နိုင်တဲ့ ဧကရီရဲ့ စွမ်းရည်က စူးယွဲ့ကို တကယ် ဂုဏ်ယူမိစေတယ်။

တစ္ဆေဆီက ဘာအသံမှ မကြားရတော့တဲ့အခါ ယဲ့ကျန်းကျန်း ရှေ့ကို တိုးလာတယ်။ ယဲ့ကျန်းကျန်း လာနေတာလည်း မြင်ရော တစ္ဆေက တစ်ချိုးတည်း နောက်ပြန်လှည့်ပြီး ထွက်ပြေးသွားတယ်။

ဒီလိုနဲ့ အဲ့ညမှာ ယဲ့ကျန်းကျန်း လူစုပြီး တစ္ဆေကို လိုက်ဖမ်းကြတယ်ဆိုတဲ့သတင်းက နန်းတော်တစ်ခုလုံး ပျံ့သွားတယ်။ နောက်ဆုံးကျ ဘာတစ္ဆေမှ မဖမ်းမိဘဲ ဆံပင်ရှည်အတုနဲ့ အဖြူရောင်အဝတ်ကို ဉယျာဉ်ထဲ ပစ်ထားတာပဲ ရှာတွေ့ခဲ့တယ်။

"တစ္ဆေယောင်ဆောင်ထားတာပဲ"

ယဲ့ကျန်းကျန်း နိဂုံးချုပ်လိုက်တယ်။

စူးယွဲ့က သိပ်ချင်နေမိတယ်။

"မယ်မယ် ဘယ်သူလုပ်တယ်လို့ ထင်လဲ။ အဲ့လူက ဘာလို့ မယ်မယ့်ကို ခြောက်လှန့်ဖို့ လုပ်တာများလဲ"

"ဘယ်သူလဲတော့ ငါလည်း မသိသေးဘူး။ တစ္ဆေက လုဟွားနန်းဆောင်မှာ ပေါ်လာတယ်ဆိုတော့ ငါ့စိတ်ထင် ဖြစ်နိုင်တာက ငါ့ကြောင့် စုကျဲယွီ သေသွားတာလို့ ယူဆပြီး အဲ့ဟာနဲ့ ငါ့ကို ခြောက်လှန့်ချင်တာပဲ ဖြစ်ရမယ်"

စုကျဲယွီ ဘာလို့သေသွားတာလဲဆိုတဲ့ တကယ့်အကြောင်းအရင်းက သူမနဲ့ ကျီဝူကျိုးပဲ သိတာ။ကျန်တဲ့သူတွေက လျှောက်ခန့်မှန်းနေကြတာပဲ ရှိတယ်။

စူးယွဲ့ အခုထိ နားမလည်သေးဘူး။

"အဲ့လိုဆိုရင်တောင် ဒီကနေ အဲ့လူက ဘာအကျိုးအမြတ်မှ ရစရာ မရှိတာကို ..."

"တစ္ဆေယောင်ဆောင်တာက အစပဲ ရှိသေးတယ်။ အပိုင်း ၂ ရှိဦးမှာကိုပဲ ငါ စိုးရိမ်မိတယ်"

ခဏလောက်ကြာတဲ့အခါ ယဲ့ကျန်းကျန်းက ထပ်ပြောလာတယ်။

"ဒီရက်ပိုင်းထဲ ခွန်းနင်နန်းဆောင်ကို သေချာ စောင့်ကြပ်ပြီး လူတွေကိုလည်း သတိဝီရိယနဲ့ နေခိုင်း။ အစားအသောက်နဲ့ ဖျော်ရည်တွေကအစ သေချာ စောင့်ကြည့်စစ်ဆေးထား"

စူးယွဲ့ ခေါင်းငြိမ့်လိုက်တယ်။

ယဲ့ကျန်းကျန်း မျက်စိကို မှိတ်လိုက်ရင်း

"အဲ့လူရဲ့ နောက်ထပ်ခြေလှမ်းက ဘယ်ဟာဖြစ်မလဲ ငါ မြင်ချင်တယ်"

ရွှေနန်းထက်က ဧကရီWhere stories live. Discover now