Chapter 8

2.6K 242 2
                                    

Empress with No Virtue
Chapter 8
Translator – Utopia

လုဟွားနန်းတော်က အဆိပ်လမုန့်အမှုကို ၃ရက်အတွင်း ဖြေရှင်းနိုင်ခဲ့ပြီး ဟွေ့ဖေးဟာ တော်ဝင်ကိုယ်လုပ်တော်ကို အန္တရာယ်ပေးရန် ကြိုးစားခဲ့ခြင်း၊ ဧကရီမိဖုရားကြီးကို ချောက်ချခဲ့ခြင်း စတဲ့အချက်တွေအတွက် အဆင့် ၈ ရွှမ်းရှီအဖြစ် ရာထူးလျှော့ခံလိုက်ရပြီး ယောင်ယွဲ့နန်းဆောင်ရဲ့ ဘေးခြံဝင်းသို့ ပြောင်းနေရန် အမိန့်ချမှတ်ခံခဲ့ရတယ်။

ယောင်ယွဲ့နန်းဆောင် .... ယောင်ယွဲ့နန်းဆောင် ...
ယဲ့ကျန်းကျန်း နှာခေါင်းရှုံ့လိုက်တယ်။ မယ်တော်ကြီးက တကယ် လွန်တာပဲ။ ဟွေ့ဖေးလုပ်ခဲ့တဲ့အပြစ်က အအေးနန်းဆောင်ကို အပို့ခံရဖို့ မပြောနဲ့ တခြားနန်းဆောင်ကို အရွှေ့ခံရတာနဲ့တင် သူ(မ)ရဲ့နေ့ရက်တွေက လွယ်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘာဖြစ်လို့ ယောင်ယွဲ့နန်းဆောင်လဲ .... ရှန်ကိုယ်လုပ်တော်က ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အခုဆို မယ်တော်ကြီးနဲ့ တဖက်တည်း ရပ်ရတော့မှာပဲ ဖြစ်တယ်။

ယဲ့ကျန်းကျန်းရဲ့ အတွေးမှာတော့ ဒီတစ်ခေါက်ကိစ္စမှာ မယ်တော်ကြီးက တကယ် အားစိုက်ထုတ်ထားတာပဲ။ ဟွေ့ဖေးက ဘယ်လိုပဲဖြစ်ဖြစ် အသုံးမဝင်တော့ဘူး။ တကယ်လို့ မယ်တော်ကြီးက သူ့ကို ဆိုးဆိုးဝါးဝါး မဆက်ဆံစေချင်ဘူးဆို တစ်ယောက်ယောက်ကို ခိုင်းပြီး သူ(မ)ကို ကူညီခိုင်းလို့ ရတာပဲ။ ဒါပေမဲ့ ရှန်ကိုယ်လုပ်တော်အတွက် အနှောင့်အယှက်ဖြစ်အောင်လို့ သူ(မ)ကို ယောင်ယွဲ့နန်းဆောင်မှာ သွားထားလိုက်တယ်။ ဒါ့အပြင် ရှန်ကိုယ်လုပ်တော် တစ်ယောက်တည်းဆိုရင်တော့ ဘယ်သူ့ကိုမှ မမှီခိုတဲ့ပုံပေါ်ပေမဲ့ အခု မယ်တော်ကြီးက အတိအလင်းကြီး သူ(မ)က မယ်တော်ကြီးဘက်ကဆိုတာ သိအောင် လုပ်လိုက်တဲ့အပြင် ပေါ်တင်ကို ဧကရီမိဖုရားခေါင်ရာထူးအတွက် ကူညီပေးနေတယ်။ အဲ့တာက မြှားလာရင် ကာဖို့ ဒိုင်းအနေနဲ့ ရှန်ကိုယ်လုပ်တော်ကို အသုံးချနေသလိုပဲ။

ယဲ့ကျန်းကျန်း သမ်းဝေရင်း တွေးလိုက်မိတယ်။ ရှီမိသားစုက ဒီလောက်ပဲ တွေးတတ်တယ်ဆိုရင် ... သူတို့မိသားစုက ခန့်မှန်းရလွယ်သားပဲ။ သူ(မ)အဖိုး လုပ်ခဲ့တာတွေကို အပြစ်ဆိုလို့ မရပေ။

“ အရှင်မင်းကြီး ကြွချီလာပါပြီ ! ”
ခွန်းနင်နန်းဆောင်ဝကနေ ဝမ်ရိုးချိုင်က ခပ်ကျယ်ကျယ် အသိပေးလာတယ်။ ဒါပေမဲ့ ဒီလိုအလုပ်မျိုးကို သူ အရင်က တခါမှ မလုပ်ဖူးတာကြာင့် သူ့အသံက အသားမကျဘဲ နောက်ဆုံးတစ်ခွန်းမှာ အသံက ကျီးကန်းသံလို အက်နေတယ်။

ဝမ်ရိုးချိုင်ရဲ့ အသံကို ကြားတဲ့အခါ ကျီဝူကျိုး မျက်မှောင်ကျုံ့လိုက်တယ်။

ဒီဝမ်ရိုးချိုင်က ဝမ်ရှောင်းဟူပဲ ဖြစ်တယ်။ ယဲ့ကျန်းကျန်းက သူ့အတွက် ကျီဝူကျိုးဆီမှာ ကိုယ်တိုင် တောင်းဆိုခဲ့တယ်။ ဝမ်ရှောင်းဟူက အပြစ်သားဖြစ်တာကြောင့် သေဒဏ်ချသင့်ပေမဲ့ ဟွေ့ဖေးကို လျှော့လျှော့ပေါ့ပေါ့ အပြစ်ဒဏ်ချခဲ့တဲ့အခါ ယဲ့ကျန်းကျန်းက ဘာမှစောဒက မတက်ခဲ့ဘူး။ ဒါ့ကြောင့် ကျီဝူကျိုးအနေနဲ့ ယဲ့ကျန်းကျန်းကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီကုန်းကုန်းလေးကို သူ(မ)ဆီ ပေးလိုက်တယ်။

ဝမ်ရှောင်းဟူရဲ့နာမည်က သိပ်မကောင်းတဲ့အတွက် ခွန်းနင်နန်းဆောင်နဲ့ မသင့်တော်ဘူးလို့ ယဲ့ကျန်းကျန်း တွေးမိတယ်။ ဒါကြောင့်မို့ ဖုန့်ရိုးတျယ်ရဲ့ နာမည်ကို လိုက်ပြီး သူ့နာမည်ကိုလည်း (ရိုးချိုင် =။ ရိုး = ရှိစေ ၊ ချိုင် = ကြွယ်ဝခြင်း ) လို့ ပြောင်းပေးခဲ့တယ်။

ဒီနာမည်က ကျက်သရေရှိတယ်လို့ ယဲ့ကျန်းကျန်း တွေးတာကို ကျီဝူကျိုး ယုံတောင်မယုံနိုင်ဘူး။

ဝမ်ရိုးချိုင်ရဲ့ အသိပေးတဲ့အသံက လူတွေကို ကြက်သီးထသွားစေပြီး ငှက်တွေတောင် လန့်ဖြန့်ပြီး ထပြန်သွားကြပေမဲ့ ယဲ့ကျန်းကျန်းကတော့ မြင်လိုက်တဲ့ပုံ မရ။

ဒါ့ကြောင့်မို့ ကျီဝူကျိုး ဝင်လာတဲ့အခါ ယဲ့ကျန်းကျန်း ထိုင်နေရင်း အတွေးထဲနစ်နေတာကို တွေ့လိုက်ရတယ်။ သူ(မ) ဘေးနားကို ဖြေးဖြေးချင်း လျှောက်သွားလိုက်တယ်။ ယဲ့ကျန်းကျန်းရှေ့မှာ ကိုးကွက်ကျားခုံတစ်ခု ရှိနေတာ တွေ့လိုက်ရတယ်။ ကျားခုံပေါ်မှာ နံပါတ်တပ်ထားတဲ့ ကျားစေ့တွေက ဗြောက်သောက်ဖြစ်နေတယ်။ ဒီကျားခုံက သာမန်ကျားခုံနဲ့ မတူဘဲ ၉အလီကို အခြေခံပြီး ၈၁ကွက်ရှိတဲ့ ကျားခုံဖြစ်တယ်။ အကွက်‌လေးတစ်ခုစီမှာ နံပါတ်တပ်ထားတဲ့ ကျားစေ့ကို ချ၍ ဆော့ကစားရတယ်။ (T/N : Sudoku ကစားနည်းကို ပြောတာပါ )

ယဲ့ကျန်းကျန်းကတော့ အတွေးထဲ နစ်နေပြီး မျက်မှောင်ကျုံ့လျက် ရှိတယ်။ ကျီဝူကျိုး ရောက်နေတာကိုတောင် သတိမထားမိသေးဘူး။

ကျီဝူကျိုးကလည်း သူ(မ)ဖာသာ သတိထားမိလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။

“ မင်း ဘာလုပ်နေတာလဲ ”

ယဲ့ကျန်းကျန်း အံ့ဩသွားပြီး ချက်ချင်း ကျီဝူကျိုးဘက်ကို လှည့်ကာ အရိုအသေပေး နှုတ်ဆက်လိုက်တယ်။ ကျီဝူကျိုးကတော့ မျက်မှောင်ကျုံ့ထားဆဲ။

“ အရှင်မင်းကြီးရောက်လာတာ ကုန်းကုန်းက ဘာလို့ အသိမပေးတာပါလိမ့် ”

“ လေးစားမှုမရှိလိုက်တာ ”

ကျီဝူကျိုးက လက်နှစ်‌ချောင်းထောင်ပြလိုက်ရင်း ပြောလိုက်တယ်။ ဒါက သူ့စာအုပ်ထဲ ယဲ့ကျန်းကျန်းရဲ့ ဒုတိယအပြစ် ဖြစ်ပေတယ်။

ယဲ့ကျန်းကျန်းက လျှာထုတ်ပြလိုက်တယ်။

ကျီဝူကျိုးရဲ့အကြည့်က ကျားခုံပေါ် ပြန်ရောက်သွားပြီး

“ ဒါက ကိုးကွက်ကျားခုံလား ဒါပေမဲ့ အဲ့လိုပုံလည်း မပေါ်ဘူး ”

“ ဒါက Sudoku လို့ခေါ်တဲ့ ကစားနည်းမလား။ ဒါကို ရှီထန်းချန်ဆိုတဲ့သူက တီထွင်ခဲ့တယ်။ ဒီအကွက်ကလေးတွေက ဒေါင်လိုက်မှာ ၁ကနေ ၉အထိ ရှိပြီး ဂဏန်းထပ်လို့ မရဘူး။ ထိုနည်းတူ အလျားလိုက် ကိုးကွက်မှာလည်း ဂဏန်းထပ်လို့ မရဘူး ”

စိတ်ဝင်စားဖို့ ကောင်းတာကြောင့် ကျီဝူကျိုး ကျားခုံအနား တိုးသွားပြီး ကျားစေ့တစ်‌စေ့ကို ယူကာ စတွေးတော့တယ်။

ယဲ့ကျန်းကျန်းက သူ့ကို အကြံပေးလာတယ်။

“ ဒီကစားနည်းမှာ အဆင့်အမျိုးမျိုး ရှိတယ်။ ဒါက အရှင်မင်းကြီးရဲ့ ပထမဆုံးအကြိမ်ကစားတာ ဆိုတော့ လက်သင်အဆင့်ကနေ စကစားရင်ကော ဘယ်လိုလဲ။ ကျွန်တော်မျိုးမမှာ ကစားနည်းလမ်းညွှန်စာအုပ် ရှိတယ်။ အဲ့မှာ အဆင့်အကုန်လုံးပါတယ် ”

“ မင်း သိပ်စကားများတာပဲ ”
ကျီဝူကျိုး ကျားစေ့ကို ကျားကွက်ပေါ် ချလိုက်တယ်။

ငါတောင် နေ့ဝက်လောက် စဉ်းစားနေရတာကို သူ ဘယ်လိုမှ ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ယဲ့ကျန်းကျန်း တွေးလိုက်တယ်။

ကျီဝူကျိုးက ဆက်တိုက် ကျားစေ့ တစ်စေ့ပြီး တစ်စေ့ကို ကျားခုံပေါ် ချလိုက်တယ်။ ခဏလေးအတွင်းမှာတင် ကျားခုံတစ်ခုလုံးက ပြည့်သွားခဲ့ပြီ။

“ လွယ်သားပဲ ”
ကျီဝူကျိုး မှတ်ချက်ပေးလိုက်တယ်။

သူ ခေါင်းလှည့်ကြည့်လိုက်တော့ ယဲ့ကျန်းကျန်းရဲ့ အံ့ဩလေးစားသွားတဲ့ မျက်နှာလေးကို တွေ့လိုက်ရတယ်။ ပန်းလေးတစ်ပွင့်လို လှပပြီး မျက်ဝန်းတွေက တောက်ပနေတယ်။ ယဲ့ကျန်းကျန်းကိုယ်တိုင်ကတော့ ဘယ်လို လှအောင်နေရမလဲ သိပ်မသိဘူး။ သူ(မ)စိတ်ထဲ လှတယ်ထင်တာကို ခေါင်းပေါ် စိုက်လိုက်တာပဲ။ ဖြူစင်သန့်ရှင်းတဲ့ ကျောက်စိမ်းဆံထိုးတွေ၊ ရောင်စုံတောက်ပနေတဲ့ ကျောက်မျက်ရတနာတွေ၊ လှပပြီး အဖိုးထိုက်တန်တဲ့ လက်ရာတွေ အကုန်လုံးက သူ(မ) ဖာသာရွေးပြီး ပန်ထားတာတွေပဲ ဖြစ်တယ်။ သာမန်သူတွေသာ သူ(မ)လို ပန်ထားရင် အခုမှ ထချမ်းသာလာပြီး ကြွားဝါချင်နေတဲ့ မိန်းမမျိုးနဲ့ တူသွားလိမ့်မယ်။ ဒါပေမဲ့ ယဲ့ကျန်းကျန်းကတော့ သိပ်ကို လှပပြီး သိမ်မွေ့တဲ့ မျက်နှာပေါက်လေး ရှိတာကြောင့် ဒါတွေ ပန်ထားတဲ့အခါ တစက်ကလေးမှ ထူးဆန်းတဲ့ပုံမပေါ်ဘဲ ဆန့်ကျင်ဘက်အနေနဲ့ သူ(မ)နဲ့တောင် ပိုလိုက်ဖက်နေသေးတယ်။

ရုတ်တရက် ယဲ့ကျန်းကျန်း တစ်ခါတုန်းက ပြောဖူးတာကို ကျီဝူကျိုး သတိရသွားတယ်။

“ ဒီတန်ဖိုးကြီးတဲ့ အဆင်တန်ဆာတွေက ကျွန်မအတွက် သီးသန့်ရည်ရွယ်ပြီး လုပ်ထားပေးသလိုပဲ ....”

“ အရှင်မင်းကြီး အရှင်မင်းကြီး အဲ့တာက ၂ ဖြစ်ရမှာလေ ”

ယဲ့ကျန်းကျန်းက ကျားကွက်လေးကို လက်ညိုးထိုးပြရင်း လှမ်းသတိပေးလိုက်တယ်။

ကျီဝူကျိုး သတိပြန်ဝင်လာပြီး နံပါတ် ၂ကို ကျားကွက်လေးပေါ် တင်လိုက်တယ်။ ထို့နောက် နည်းနည်း တွေးလိုက်ပြီး သူ့ကိုယ်ကို ဘေးကို ရွေ့သွားတယ်။ အခုထိ သူ့စိတ်ထဲ ယဲ့ကျန်းကျန်းနဲ့ ကိုယ်ချင်း နီးနီးနေရတာကို အသားမကျသေးပေ။

ကစားရင်းနဲ့ အချိန်ကုန်မှန်းမသိ ကုန်သွားပြီး ညစာစားချိန်ကိုတောင် ရောက်လာတယ်။ ကျီဝူကျိုးလည်း ဟိုသွားဒီသွား မသွားချင်တော့တာကြောင့် ခွန်းနင်နန်းဆောင်မှာပဲ ညစာစားဖို့ ဆုံးဖြတ်လိုက်တယ်။ အခုလို လုပ်စရာတွေကို ပစ်ပြီး ခွန်းနင်နန်းဆောင်မှာ ကိုးကွက်ကျားထိုးတမ်း လာဆော့နေမိတာ နည်းနည်းတော့ ရှက်ဖို့ကောင်းမှန်း အခုမှ ပြန်တွေးမိတယ်။ ဒါပေမဲ့ ဒီဟာက ယဲ့ကျန်းကျန်း ဆော့လက်စပွဲဆိုတော့ ဒါ သူ(မ)က သူ့ကို ကစားဖို့ ဆွဲဆောင်လိုက်တာကြောင့်ပဲ။ ဆိုတော့ကာ ဒီကိစ္စမှာ ယဲ့ကျန်းကျန်း စနက်လည်း မကင်းတဲ့အတွက် သူ့ရဲ့ စာအုပ်လေးထဲမှာ ယဲ့ကျန်းကျန်းရဲ့ အပြစ်ကို နောက်တစ်ခု ထပ်တိုးလိုက်တယ်။

ယဲ့ကျန်းကျန်းကတော့ ကျီဝူကျိုး ဘာတွေတွေးနေမှန်းလည်း မသိသလို သိအောင်လည်း ကြိုးစားမနေချင်ဘူး။ ထမင်းစားတာက အရေးကြီးတဲ့ကိစ္စပဲ စားတာကိုပဲ အာရုံစိုက်ထားရမယ်။ ယဲ့ကျန်းကျန်းက သူ(မ)အတွက်ဆိုပြီး ဟင်းတွေကို တသီးတသန့် အဆန်းဆန်း အထွေထွေ ချက်တာမျိုးကို သဘောမကျဘူး။ အဲ့ဒါမျိုးက အစားချေးများတဲ့သူတွေအတွက်သာ ချက်ပေးရတာ။ ဒါ့အပြင် ပုံမှန်ဆို လူတွေက မီနူးမှာ ရှိရှိသမျှ ဟင်းတွေ အကုန် လာချပေးပြီး တစ်ပွဲချင်းစီကို စားဖို့ လာကူလုပ်ပေးနေတာကို မကြိုက်ကြဘူး။ ဒါ့ကြောင်မို့ သူတို့နှစ်ယောက်စလုံး ကိုယ့်တူကိုယ်ကိုင်ပြီးသာ ကိုယ့်ဖာသာကိုယ်ပဲ စားနေကြတယ်။ ယဲ့ကျန်းကျန်းက အသားဟင်းကို ကြိုက်တဲ့အတွက် စားတော်ကဲကို အသားစတူးချက်ဖို့ မှာခဲ့တယ်။ စားတော်ကဲက ဘယ်လိုချက်ထားလဲမသိပေမဲ့ အသားလေးက မွှေးကြိုင်နူးညံ့နေပြီး စားလိုက်တာနဲ့တင် လျှာမှာ ပျော်ဝင်သွားတယ်။

ဒါကြောင့်မို့ အစားကောင်းစားရတဲ့အခါ ယဲ့ကျန်းကျန်းတစ်ယောက် ပျော်ရွှင်နေတတ်တယ်။ သူ(မ) တစ်ယောက်တည်း စားတဲ့အခါမျိုးမှာတောင်မှ ဘေးကသူတွေကို ဗိုက်ဆာလာအောင် လုပ်နိုင်တဲ့ သူမျိုးပင် ဖြစ်တယ်။ ကျီဝူကျိုးလည်း ပုံမှန်ထက် နည်းနည်းပိုစားဖြစ်သွားတယ်။ သူလည်း အသားစတူးကို ကြိုက်တဲ့အတွက် အတုံး နည်းနည်း ယူစားလိုက်တယ်။ ယဲ့ကျန်းကျန်းက သူ(မ) စားစရာကို သူများနဲ့ ဝေစားရတာ ကြိုက်တဲ့သူ မဟုတ်တာကြောင့် အမြန်ပဲ ကျန်တဲ့ အသားတုံးတွေကို သူ(မ)ပန်းကန်ထဲ ဆွဲထည့်လိုက်တယ်။ အသားတွေက သူ(မ) ထမင်းကန်ထဲ ပုံတောင်နေပြီ။

စူးယွဲ့  မြင်တဲ့အခါ မြန်မြန် အမိန့်ပေးပြီး နောက်ထပ် တစ်ပန်းကန်ကို ထပ်ဆက်သခိုင်းလိုက်တယ်။

သူတို့နှစ်‌ယောက် မြိန်ရေယှက်ရေနဲ့ ထမင်းကို အားပါးတရစားနေချိန် အပြင်မှာ ရပ်နေတဲ့ ဖုန့်ရိုးတျယ်ကတော့ အကျပ်ရိုက်နေပြီ။ အရှင်မင်းကြီးရဲ့ စိတ်ကို သူ မခန့်မှန်းတတ်တော့ပေ။ ဒါ့ကြောင့်မို့ နာမည်ကဒ်ပြား လှန်ဖို့လည်း သွားမမေးရဲသလို သူ ထင်နေသလို အရှင်မင်းကြီးတွေးနေတာများလားလည်း မသေချာပေ။

ညစာစားပြီးတဲ့နောက်မှာတော့ ကျီဝူကျိုးကော ယဲ့ကျန်းကျန်းကော စတင်ပြီး အနေရခက်လာကြတယ်။ တကယ်လို့ ညစာစားချိန်မှာ ကျီဝူကျိုးက နာမည်ကဒ်ပြားကို မလှန်ခဲ့ဘဲ ခွန်းနင်နန်း‌ဆောင်မှာ ညစာစားခဲ့တာ‌ဆိုရင် သဘောက မိဖုရားခေါင်ရဲ့နန်းဆောင်မှာ ညအိပ်မယ်ဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ ကျီဝူကျိုးက အဲ့သဘောမျိုး လုပ်ခဲ့တာ မဟုတ်ဘူး။ ယဲ့ကျန်းကျန်းလည်း အဲ့လိုမဟုတ်ဖို့သာ ဆုတောင်းနေမိတယ်။ အဲ့ဒီနေ့ မင်္ဂလာဦးညက သူ(မ)အတွက် နာကျင်နေဆဲဖြစ်တယ်။ အဲ့ဒါကို တွေးမိတဲ့အခါ ယဲ့ကျန်းကျန်း ကျီဝူကျိုးကို လှမ်းကြည့်လိုက်တယ်။

ကျီဝူကျိုး : ”….”

“ အရှင်မင်းကြီး ရှန်ကိုယ်လုပ်တော် နေသိပ်မကောင်းဘူးလို့ ကျွန်တော်မျိုးမ ကြား‌တယ်။ အရှင်မင်းကြီး သူ(မ)ဆီ သွားမလည်ဘူးလား ”

မြန်မြန် သွားစမ်းပါ .... ( ယဲ့ကျန်းကျန်းစိတ်ထဲမှ စကားသံ)

ကျီဝူကျိုးက သူ(မ)အမေးကို ပြန်မဖြေဘဲ မေးခွန်းတစ်ခု ပြန်မေးလာတယ်။

“ အနောက်နန်းဆောင်ထဲမှာ ဘယ်သူ့ကို မင်း အမုန်းဆုံးလဲ ”

ယဲ့ကျန်းကျန်း အဓိပ္ပါယ်ပါတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို လှမ်းကြည့်လိုက်တယ်။ အဖြေက အသိသာကြီးကို။

ကျီဝူကျိုး ကိုယ့်ကိုကိုယ် ဒေါသမထွက်‌အောင် စိတ်ထိန်းလိုက်ရင်း

“ ကိုယ်တော်ဆိုလို‌တာက ဘယ်မိန်းကလေးကို အမုန်းဆုံးလဲ ”

“ ကျွမ်းဖေး ”

သူ(မ)က မြန်မြန်ပဲ ပြန်ဖြေလာတယ်။

“ ဘာလို့လဲ”

“ သူ(မ)က နှုတ်စလျှာစကောင်းလွန်းတယ်။ ကျွန်မ သူ့ကို ပြိုင်မငြင်းနိုင်ဘူး ”

ကျီဝူကျိုး ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်တယ်။ ထို့နောက် ခွန်းနင်နန်းဆောင်ကနေ ထွက်ခွာသွားတော့တယ်။

အဲ့ဒီ့နေ့ညမှာ အရှင်မင်းကြီးက နာမည်ကဒ်ပြားတွေကို မလှန်ခဲ့ဘဲ ဟန်ကွမ်းနန်းဆောင်ကို တိုက်ရိုက်သွားခဲ့တယ်။ ကျွမ်းဖေးတစ်ယောက် အံ့ဩဝမ်းသာ ဖြစ်သွားတယ်။ အရှင်မင်းကြီး သူ(မ)ဆီ လာမလည်တာ အချိန်အတော်ကြာပြီ။ ရွေးချယ်စရာတွေကြားမှာ သူ(မ)က မှုံနေအောင် ချောတဲ့ မိန်းမလှလေးလည်း မဟုတ်၊ စွမ်းရည်တွေကလည်း သာမန် လောက်ပဲ ရှိတယ်။ ဘယ်အချိန် ဘယ်လိုစကားမျိုး ပြောရမလဲသိပေမဲ့ များသောအားဖြင့် သူများကို ချွန်တွန်းလုပ်ဖို့သာ မကြာခဏ သုံးတတ်တာကြောင့် သူ(မ)က အရှင်မင်းကြီးရဲ့ နှစ်သက်မှုကို သိပ်မရခဲ့ပေ။

အရှင်မင်းကြီးက အဲ့နေ့ညမှာ သူ(မ) နန်းဆောင်မှာ အိပ်ခဲ့ရုံတင်မကဘူး သူ(မ)ကိုလည်း ကိုယ်လုပ်တော်အဆင့်ကို တိုးပေးခဲ့တယ်။ အခုဆို ကျွမ်းကိုယ်လုပ်တော်က လီကိုယ်လုပ်တော် ရှန်ကိုယ်လုပ်တော်တို့နဲ့ အဆင့်အတန်းတူသွားပြီ ဖြစ်တယ်။

ဒါပေမဲ့ အရှင်မင်းကြီးရဲ့ စကားအတိုင်းဆို သူ(မ)ကို ရာထူးတိုးပေးတာက မိဖုရားခေါင်ကြီးကြောင့်လို့ ပြောခဲ့တယ်။ ဒီအချက်က ကျွမ်းကိုယ်လုပ်‌တော်ကို ဝေခွဲရခက်အောင် လုပ်နေတယ်။

ဒီကိစ္စကို ကြားပြီးတဲ့နောက် လီကိုယ်လုပ်တော်က ကျွမ်းကိုယ်လုပ်တော်ကို အရင်လို မဆက်ဆံတော့ပေ။ သူ(မ)နဲ့ စကားပြောတဲ့အခါ ထူးဆန်းလို့နေတယ်။

ကျွမ်းကိုယ်လုပ်တော်လည်း မပျော်ရွှင်ပေ။ သူ(မ) ဘာမှအမှားမလုပ်ခဲ့ဘူးလို့ ထင်တာပဲ။ နောက်ဆုံးတစ်ခေါက် လီကိုယ်လုပ်တော်ဘက်က ဝင်ကူညီပေးခဲ့တုန်းကတောင်မှ သူတို့ကြား ဆက်ဆံရေးက ကောင်းခဲ့တာကို။ လီကိုယ်လုပ်တော်က ကျွမ်းဖေးကို နန်းတွင်းသူအစေခံသာသာလောက်ပဲ ဆက်ဆံခဲ့တယ်။ အခုကျ ကောလဟလတွေကိုကြောင့် လီကိုယ်လုပ်တော် ဆက်ဆံပုံက လုံးဝပြောင်းလဲသွားတယ်။ အခုဆို သူတို့နှစ်ယောက်လုံးက အဆင့်အတန်းတူတွေ ဖြစ်သွားပြီဆိုတော့ သူ(မ) ဘယ်လိုလုပ် ငါ့ရှေ့မှာ အာဏာပြရဲတော့မှာလဲ။

ဒါ့ကြောင့်မို့ ကျွမ်းကိုယ်လုပ်တော်က လီကိုယ်လုပ်တော် စကားကို နားမထောင်တော့ပေ။

သူတို့နှစ်ယောက် အတွင်းထဲ ကြိတ်ရန်ဖြစ်နေကြတာကို တွေ့အခါ ယဲ့ကျန်းကျန်းကတော့ ပွဲကောင်းကို ပျော်ပျော်ကြီး ထိုင်ကြည့်ပေးနေလိုက်တယ်။

နောက်ပြီး အစက လီကိုယ်လုပ်တော်ကို ပေးဖို့ ရည်ရွယ်ထားတဲ့ အကြီး ၁ခု အသေး ၁၂ခု ဖားပြုတ်အစုံလိုက်ကိုလည်း တခြားတစ်ယောက်ကိုသာ လက်ဆောင်ပေးလိုက်ရတော့တယ်။ လင်ဗန်းနှစ်ခုထဲ သူတို့ကို ထည့်ပြီး လာဆက်သတဲ့အချိန် ကျွမ်းကိုယ်လုပ်တော်ရဲ့ မျက်နှာက ဖြူဖျော့နေပြီ။

ဒီလိုမြင်မကောင်းတဲ့ ကိစ္စကို တွေ့ပြီးတဲ့အခါ ကျန်တဲ့ ကိုယ်လုပ်တော်တွေ ကြင်ယာတော်တွေ အကုန်လုံး ကြောက်လန့်‌ကုန်ပြီး အရှင်မင်းကြီးဆီ အပြေးတိုင်ချင်သွားတယ်။
(စာလုံးရေ ၁၈၄၉လုံး)

ရွှေနန်းထက်က ဧကရီWhere stories live. Discover now