Chapter 56.1

1K 94 1
                                    

Empress with no Virtue
Chapter- 56.1
Translator – Utopia

ယဲ့ကျန်းကျန်းတစ်ယောက် ရှုမျှော်ဆောင်မှာ ထိုင်ရင်း သမ်းဝေနေတယ်။

ဒီနေ့ သူမ ကွမ်းနင်မြို့ကို အလည်ထွက်လာရင်း လမ်းမှာ လီယို့နဲ သွားဆုံတယ်။ သူတို့နှစ်ယောက် စကားခဏ ပြောပြုပြီးတဲ့နောက် ထမင်းအတူစားဖို့ ထွက်လာကြတယ်။ အဲ့ဒီနောက် လီယို့က "ပန်းအဆင့်အကဲဖြတ်ပွဲ" ကို သွားကြည့်မလို့လို့ ပြောလာတဲ့အခါ သူမလည်း အတူပါသွားတော့တယ်။ ဒါပေမဲ့ သူပြောတဲ့ ပန်းအဆင့်အကဲဖြတ်ပွဲဆိုတာက ဆောင်ကြာမြိုင်က အလှပြပွဲဖြစ်နေမယ်လို့ ဘယ်သူထင်မှာလဲ။

အကယ်၍ ယဲ့ကျန်းကျန်းကသာ ယောကျာ်းလေးဖြစ်ပြီး တကယ်ကို မိန်းမလှလေးတွေရဲ့ အကအလှကို ကြည့်ချင်တယ်ဆိုရင်တောင်မှ အခု သူမရှေ့က သူတွေက ကြည့်ချင်စရာတောင် မရှိဘူး။

သူမရဲ့ တုံ့ပြန်ပုံကို တွေ့တဲ့အခါ လီယို့က ပြုံးလိုက်ပြီး

"ကျွန်တော်က ပန်းအဆင့်အကဲဖြတ်ပွဲကို ညီနောင်ကျန်း သိပြီးသားမို့ ကျွန်တော့်နောက် လိုက်လာတယ် ထင်နေတာ။ အဲ့တာနဲ့ကျွန်တော်လည်း ခေါ်လာလိုက်တာ။ ကြည့်ရတာ ဒီလိုနေရာမျိုးကို ခေါ်လာမိတာ ကျွန်တော် အမှားလုပ်လိုက်မိပြီနဲ့ တူတယ်"

ယဲ့ကျန်းကျန်းက လက်ကာပြရင်း

"ကျွန်တော် ခင်ဗျားကို အပြစ်မတင်ပါဘူး၊ ကျွန်တော့်ဘက်က အရင် သေချာမေးကြည့်လိုက်ရမှာပါ"

"ဒီတစ်ခါကော အစ်ကိုဝူ ကျွန်တော့်ကို ဘယ်လိုအပြစ်ပေးဦးမလဲ မသိဘူး"

"ဒီတစ်ခါကော? အရင်တစ်ခါလာတုန်းကလည်း ဖြစ်ခဲ့တယ်လို့တော့ မပြောနဲ့နော်"



လီယို့ က ပြောရမလား မပြောရဘူးလားပုံစံနဲ့ တွေဝေနေပုံပေါ်တယ်။ သူ အဲ့လိုဖြစ်နေတာမြင်တော့ ယဲ့ကျန်းကျန်းက ပြောလာတယ်။

"တကယ်ပဲ သူ ဘာလုပ်ခဲ့တာလဲ"

"ညီနောင်ကျန်း ကျွန်တော့်ကို အမှန်အတိုင်းပြော၊ အစ်ကိုဝူ ကျွန်တော့်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားတာ ခင်ဗျားလည်း သိတယ်မလား"

ယဲ့ကျန်းကျန်း အံ့အားသင့်သွားတယ်။

"သူက ဘာလို့ ခင်ဗျားကို စောင့်ကြည့်နေတာလဲ"

လီယို့က ခေါင်းခါလိုက်ရင်း

"အဲ့ဒါတော့ ကျွန်တော်လည်း မပြောတတ်ဘူး၊ အစကတော့ ခင်ဗျားလည်း ပါတယ်ထင်ပြီး တော်တော် စိတ်မကောင်းဖြစ်သွားတာ။ ဒါပေမဲ့ ကြည့်ရတာ ခင်ဗျား ဘာမှ မသိထားတဲ့ပုံပဲ"

ယဲ့ကျန်းကျန်း ရုတ်တရက် ကျီဝူကျိုး ထားပစ်ခဲ့တဲ့ လျှို့ဝှက်ကိုယ်ရံတော် ၄ယောက်ကို သတိရသွားတယ်။ အခုမှ သူ့အဖြေကို သူမ နားလည်တော့တယ်။ ကျီဝူကျိုးက သိပ်သတိထားတတ်တဲ့သူပဲ၊ အခုကိစ္စမှာ သူ လီယို့ကို ဘာကြောင့် သံသယထားနေလဲ သူမ မသိပေမဲ့ အဲ့ဒါက ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူမ ဝင်ပါဖို့ မသင့်တော်ဘူး။ တကယ်လို့ လီယို့သာ ရိုးသားတယ်၊ ကျီဝူကျိုး သံသယဖြစ်စရာ ဘာမှမတွေ့ဘူးဆိုရင် သူ စောင့်ကြည့်တာကို ရပ်လိုက်မှာပဲ။ သူမ မဖြစ်မနေ သိရဖို့ မလိုဘူး။ ဒါ့အပြင် လက်ထပ်ပြီးသားစုံတွဲက တစိတ်တဝမ်းတည်း ဖြစ်သွားပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျီဝူကျိုးက သူမကို အသိမပေးထားပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လီယို့က အပြင်လူပဲလေ၊ အပြင်လူတစ်ယောက်အတွက်နဲ့ သူမ ကျီဝူကျိုးကို ဒေါသဖြစ်စရာမှ မလိုတာ။ အခုနောက်ပိုင်း ကျီဝူကျိုးက အရင်ကလောက် မုန်းစရာ မကောင်းတော့ဘူး။ သူမမျက်လုံးထဲ ကျီဝူကျိုးက တဖြေးဖြေး ပိုကြည့်ကောင်းလာတယ်။ သူမလည်း သူနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ချင်တာမို့ ဘယ်သူ့ကြောင့်နဲ့မှ အဲ့ဒါကို မဖျက်စီးပစ်လိုက်ချင်ဘူး။

ဒါကြောင့်မို့ ယဲ့ကျန်းကျန်း စကားလမ်းကြောင်းလွှဲပစ်လိုက်တယ်။

"ညီနောင်လီ စင်မြင့်ပေါ် မိန်းကလေးတွေက အားလုံး လှကြတာပဲ၊ ခင်ဗျား ဘယ်တစ်ယောက်ကို သဘောကျလဲ"

သူမ ဒီကိစ္စထဲ ဝင်မပါချင်ဘူးဆိုတာ လီယို့ နားလည်လိုက်တယ်။ သူ့စိတ်ထဲ ဒီလူနှစ်ယောက်ရဲ့ ဇစ်မြစ်က ပိုပြီး သေချာလာတယ်။ သူ ရှက်ရှက်နဲ့ ရယ်လိုက်ရင်း

"ညီနောင်ကျန်း မစပါနဲ့ဗျာ၊ ကျွန်တော် မျက်စိရှုစားဖို့ပဲ လာတာပါ"

"တကယ်တော့ ကျွန်တော် သိပ်နားမလည်တဲ့ဟာ ရှိတယ်၊ ဘာလို့ ယောကျာ်းလေးတွေက ဒီလိုနေရာမျိုးကို လာကြတာလဲ။ ညစ်ပတ်တယ်လို့ မထင်ကြဘူးလား"

လီယို့က အသံကို နိမ့်ရင်း ပြုံးလိုက်ပြီး

"အဲ့တာ ဘာလို့ဆို ခင်ဗျားက ယောကျာ်းလေး မဟုတ်လို့လေ၊ ဒါ‌ပေါ့ ယောကျာ်းလေးတွေ ဘယ်လိုတွေးလဲဆိုတာ ခင်ဗျား ဘယ်နားလည်ပါ့မလဲ။ ဆောင်ကြာမြိုင်တွေမှာလည်း သူ့ဆွဲဆောင်မှုနဲ့သူ ရှိတယ်"

သူ့အသံကို ပိုနှိမ့်လိုက်ရင်း

"ကျွန်တော်ကြားတာတော့ အရှင်မင်းကြီးတောင်မှ ဒီလိုနေရာမျိုးတွေကို လာရတာ သဘောကျတယ်တဲ့"

ယဲ့ကျန်းကျန်း မျက်လုံးကို မှိတ်လိုက်ပြီး သူမအမူအရာက ချက်ချင်းကို အေးစက်သွားတယ်။

"ဘယ်သူ့ဆီက ကြားလာတာလဲ"

"မြို့တော်က အမတ်တစ်ယောက်ဆီက။ သူ ဆောင်ကြာမြိုင်ကို ရောက်တုန်းက အဲ့မှာ အရှင်မင်းကြီးကို တကယ်ကြီး တွေ့ခဲ့တာတဲ့"

ယဲ့ကျန်းကျန်းရဲ့နှလုံးသားက လေးလံသွားတယ်။ သူမ စကားဆက်မပြောတော့ဘူး။ လီယို့ သူမအမူအရာကို စောင့်ကြည့်ရင်း စိတ်ထဲမှာ ပြောလိုက်တယ်။ 'တကယ်ပဲကိုး!'

ခဏကြာတဲ့နောက် ယဲ့ကျန်းကျန်း တဖြေးဖြေး မီးပြင်းဖိုကြီးလို ဖြစ်လာနေတာကို လီယို့ သတိထားမိတယ်၊ အဲ့ဒါနဲ့ မီးလောင်ရာလေပင့်လုပ်ဖို့ သူ ဆုံးဖြတ်လိုက်တော့တယ်။ ဒါပေမဲ့ ရုတ်တရက် အပြင်ဘက်ကနေ လူတစ်ခုပေါ်လာပြီး သူတို့လှုပ်ရှားမှုက သိပ်မြန်လွန်းတာကြောင့် လီယို့ ထတုန်းပဲ ရှိသေး သူ့လည်ပင်းပေါ် ဓားတွေနဲ့ ဝိုင်းထောက်ထားကြပြီ။

မျက်နှာတချက်မပျက်ဘဲ လီယို့ ကျီဝူကျိုးကို ကြည့်ရင်း ပြုံးလိုက်ပြီး

"မတွေ့တာတောင် ကြာပြီနော် အစ်ကိုဝူ"

ကျီဝူကျိုးရဲ့မျက်နှာက လူကို ဝါးစားတော့မတတ် ဖြစ်နေပြီ။ သူ့ဘယ်ဘက်လက်က ယဲ့ကျန်းကျန်းကို ကာထားတယ်။ သူမကလည်း မျက်နှာကြောကို တစ်ချက်မှ မလျှော့ဘူး။ မသိရင် မိန်းကလေးတစ်ယောက်အနေနဲ့ ဆောင်ကြာမြိုင်ကို သွားလည်တာ ဘာမှရေးကြီးခွင်ကျယ်ကိစ္စ မဟုတ်သလိုမျိုး။

ဘေးက ဧည့်သည်တွေလို ဒီလို ပေါ်ပေါ်ထင်ထင်ကြီး လက်စားလာချေတာမျိုးကို တစ်ခါမှ မမြင်ဖူးတာကြောင့် လန့်ဖြန့်ပြီး ထပြေးကုန်ကြတယ်။ စားပွဲထိုးတချို့က သစ်သားတုတ်တွေကိုင်ရင်း ရန်ပွဲကို ရပ်ဖို့ ‌ရောက်လာပေမဲ့ လျှို့ဝှက်ကိုယ်ရံတော်တွေ တားတာကို ခံလိုက်ရပြီး အဝေးကိုပဲ ကန်ထုတ်ခံလိုက်ရတယ်။

လေထုက အတော်လေးကို တင်းမာနေတယ်။ ထို့နောက် ယဲ့ကျန်းကျန်း ထလာပြီး ကျီဝူကျိုးရှေ့ကို လျှောက်လာတယ်။

"ရှင် တကယ်ပဲ ဒီနေရာမှာ လူသတ်မလို့လား"

ကျီဝူကျိုး ဘေးကလူတွေကို တစ်ချက်ကလေးတောင် ဂရုမစိုက်ဘဲ ယဲ့ကျန်းကျန်းကိုပဲ ဆွဲခေါ်လာခဲ့တယ်။ လမ်းတလျှောက်လုံး စကားတစ်ခွန်းမှတောင် မပြောဘူး။ သူ့ရင်ဘတ်က ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေတယ်။

ဆောင်ကြာမြိုင်ကနေ ခပ်လှမ်းလှမ်း ရောက်တဲ့အခါ ယဲ့ကျန်းကျန်း ရုတ်တရက် သူ့လက်ကို ခါထုတ်ပြီး နာနေတဲ့ သူမလက်ကို ဖြေးဖြေးချင်း နှိပ်နေတယ်။

"ယဲ့ကျန်းကျန်း!"

"ဘာလဲ"

"မင်း အခုသွားတဲ့နေရာက ဘယ်နေရာမှန်း မင်း သိရဲ့လား"

"သိတယ်လေ။ မသိပဲ နေပါ့မလား"

လီယို့ပြောခဲ့တဲ့စကားကို ပြန်ကြားယောင်မိတော့ ယဲ့ကျန်းကျန်းစိတ်ထဲ ဒေါသက တဖြေးဖြေး ထွက်လာတယ်။

"မင်း ....!"

ကျီဝူကျိုး ဘာဆက်လုပ်ရမလဲကို မသိတော့ဘူး။

"မင်းက ဧကရီမိဖုရားခေါင်လေ၊ ဘယ်လိုလုပ်ပြီး အဲ့လိုနေရာမျိုးကို မင်း သွားရတာလဲ!"

ယဲ့ကျန်းကျန်းက နှာခေါင်းရှုံ့လိုက်ပြီး

"ဧကရာဇ်တောင် သွားလို့ရသေးတာ ဧကရီက ဘာလို့ သွားလို့ မရရမှာလဲ"

ဒီစကားက ကျီဝူကျိုးကို မိုးကြိုးပစ်ချလိုက်သလိုပဲ ချက်ချင်း သူ့မျက်နှာက ဖျော့တော့သွားတော့တယ်။

သူ့မျက်နှာကို မြင်တော့ လီယို့ပြောတာ မှန်နေတာပဲဆိုတာ ပိုသေချာသွားတယ်။ ဒါကြောင့်မို့ သူမ နှုတ်ဆိတ်နေလိုက်ပြီး သူ့ကို စိတ်ထဲက အေးစက်စက် ရယ်ပစ်လိုက်တယ်။

သူမဆီက မနှစ်မြို့တဲ့ အမူအရာက သူမမျက်နှာမှာ အတိုင်းသား ပေါ်နေတယ်။ အဲ့ဒါက ကျီဝူကျိုးရဲ့ မျက်လုံးတွေတင်မကဘူး နှလုံးသားတစ်ခုလုံးကိုပါ နာကျင်စေတယ်။

နောက်ဆုံးတော့ သူ နားလည်သွားပြီ။ သူ ကြိုးစားခဲ့သမျှက သူမမျက်လုံးထဲမှာ အရာမထင်ဘူးပဲ။ ဘာမှမဟုတ်တဲ့ နားလည်မှုလွဲတာ‌လေးတစ်ခုနဲ့တင် သူတို့နှစ်ယောက်ကြားက ယုံကြည်မှုကို ပြိုလဲအောင်လုပ်ဖို့ လွယ်ကူလိုက်တာ။ သူမ သူ့ခံစားချက်တွေကို မမြင်နိုင်တာ မဟုတ်ဘူး၊ အစကတည်းက သူမက သူ့ကို မယုံကြည်ခဲ့ဖူးဘူးဆိုတာပဲ။ သူ့နူးညံ့မှုတွေ၊ ကြိုးစားမှုတွေ အားလုံး သဲထဲရေသွန် ဖြစ်သွားပြီကိုး။ သူမက အမြဲတမ်း သူ့ကို စည်းတားထားတယ်၊ သူ့ကို သူမရဲ့ ကိစ္စမဟုတ်သလိုပဲ ကြည့်နေတာ၊ ခံစားချက်ရှိဖို့ မပြောနဲ့ သူမမှာ သူ့အတွက် ယုံကြည်မှုလေးတောင် မရှိဘူးပဲ။

ကျီဝူကျိုးရဲ့နှလုံးသားက တွေးလေ တွေးလေ အေးစက်လာလေပဲ။ အခု သူ ဒေါသထွက်ရုံတင်မကဘူး စိတ်လည်း ပျက်မိတယ်၊ ဝမ်းလည်း နည်းတယ်၊ သူ ဘာတွေများ မှားခဲ့မိလို့လဲ ..... ခံစားချက်တွေက မြစ်တစ်စင်းလို့ သူ့ခေါင်းထဲ ရောပြွမ်းနေပြီး သွေးတွေက အထက်အောက် ပြောင်းပြန်စီးနေသလိုတောင် ခံစားလာရတယ်။ သူ့ရင်ဘတ်တစ်ခုလုံး နှစ်ခြမ်းအခွဲခံလိုက်ရသလိုပဲ။

သူ့ရင်ဘတ်သူ ဆုပ်ကိုင်ရင်း ကျီဝူကျိုး နောက်ကို ဆုတ်လိုက်တယ်။ သူ့မျက်လုံးတွေက နီရဲနေပြီး ယဲ့ကျန်းကျန်းကို ကြည့်ကာ တုန်ယင်နေတဲ့အသံနဲ့

"ယဲ့ကျန်းကျန်း မင်းမှာ နှလုံးသား မရှိဘူးပဲ"

သူ နာကျင်သွားတာကို ယဲ့ကျန်းကျန်း မြင်တော့ သူမနှလုံးသားလည်း ဆွဲခါယမ်းခံလိုက်ရသလိုပဲ။

"ကျွန်မ ... "

ကျီဝူကျိုး နောက်ကို လှည့်ပြီး သူမကို ထားခဲ့တာ ထွက်သွားတော့တယ်။ သူ့နောက်ကျောက မတ်နေဆဲဆိုပေမဲ့ သူ့ခြေလှမ်းတွေကတော့ သိပ်ကို မြန်ဆန်နေတယ်။

လမ်း၂လမ်းစာလောက် ကျော်တဲ့အခါ ကျီဝူကျိုး ရုတ်တရက် ရပ်လိုက်တယ်။

"ထွက်လာခဲ့"

ဘယ်ကမှန်းမသိ ရုတ်ချည်းဆိုသလို လူတစ်ယောက် သူ့ရှေ့ ပေါ်လာတယ်။ လက်ဟန်နဲ့ အလေးအညွတ်ပြုပြီးနောက်

"လူကြီးမင်း"

"လီယို့ကို မသတ်နဲ့ဦး။ ဆက်ပြီး စုံစမ်းထား။ နောက်ထပ်နှစ်ယောက်ကိုပါ ခေါ်ပြီး မြို့တော်မှာ  သူ့အကြောင်း ပြန်စုံစမ်းချေ။ သူနဲ့ ချွေ့ဖန်းလော် ဘာပတ်သက်မှုရှိလဲ၊ အထူးသဖြင့် လျှိုယွဲ့ဆိုတဲ့တစ်ယောက်နဲ့"

"လူကြီးမင်း"

ထိုလူက တုံ့ဆိုင်းနေတယ်။

"အဲ့လိုဆို လူကြီးမင်းဘက်မှာ လူ ၃ ယောက်ပဲ ကျန်တော့မှာ"

"မင်း စိတ်ပူစရာ မလိုဘူး။ ၃ ယောက်ဆို ငါ့အသက်ကို ကာကွယ်ဖို့ လုံလောက်ပြီ"

"နားလည်ပါပြီ"

ကျီဝူကျိုး ဒေါသကို မြိုသိပ်ရင်း မျက်လုံးမှိတ်လိုက်တယ်။ သူ့ဆီက အံကြိတ်လိုက်တဲ့အသံကို ဘေးကလူတွေတောင် ကြားနိုင်တယ်။ 'ငါ့ရှေ့မှာ လာပြီး ဉာဏ်နီဉာဏ်နက်တွေ သုံးရဲတယ်‌ပေါ့။ မင်း တကယ် အသက်မရှင်ချင်တော့ဘူးကိုး'

စစ်စခန်းကို ပြန်ရောက်တဲ့အထိ ကျီဝူကျိုးရဲ့ ဒေါသက မပြေသေးဘူး။ ယဲ့ကျန်းကျန်းလည်း စိတ်ရှုပ်နေမိတယ်။ စစ်စခန်းပြန်ရောက်ကတည်းက သူမတို့နှစ်ယောက် မတွေ့ဖြစ်ကြပေမဲ့ စိတ်ပြေရာပြေကြောင်း လုပ်တဲ့နည်းလမ်းကတော့ အတူတူပဲ ဖြစ်နေတယ်။

အဲ့ဒီ့ညမှာ ယဲ့လိန်ထင်က စစ်သည် ၁ သောင်းခွဲကို ဦးဆောင်ပြီး ရှေ့တန်းစစ်မြေပြင်ကို စစ်ချီထွက်လာခဲ့တယ်။ လုလီကတော့ စစ်သည် ၃ ထောင်ကို ဦးဆောင်ပြီး တောင်ပံကနေ ညှပ်တိုက်ဖို့ နောက်ကနေ လိုက်ပါလာတယ်။ နောက်ထပ် စစ်သည် ၂ ထောင်က မြေမြုပ်မိုင်းတွေ ဆင်ဖို့ လိုက်ပါလာတယ်။

အားခဲ့သွမ့်နဲ့ တိုက်ခိုက်ဖို့ သူတို့တွေအကုန် ညတွင်းချင်း စစ်ချီလာကြတာပဲဖြစ်တယ်။ ကျီဝူကျိုး ရုပ်ဖျက်ပြီး ပထမအသုတ် ရှေ့တန်းစစ်သားတွေထဲ ခိုးလိုက်လာခဲ့တယ်။ ဒါပေမဲ့ သူ အဲ့ကို ရောက်တဲ့အချိန်မှာပဲ ရင်းနှီးနေတဲ့လူတစ်ယောက်ကို တွေ့လိုက်ရတော့တယ်။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now