Chapter 29

1.9K 206 2
                                    

Empress with no Virtue
Chapter 29
Translator – Utopia

ခွန်းနင်နန်းဆောင်ရှေ့မှာ ဒူးထောက်အပြစ်ပေးခံလိုက်ရကတည်းက သူမ အအေးမိသွားခဲ့ပြီး ရက်အနည်းငယ်လောက် နားလိုက်ရတယ်။ သူမ ယဲ့ကျန်းကျန်းကို တွေ့တဲ့အခါ ပိုယဉ်ကျေးလာပြီး ရန်ငြိုးလိုဟာမျိုး နည်းနည်းမှတောင် မခံစားရဘူး။

ပွဲကြည့်ဖို့ စောင့်နေတဲ့သူတွေကို စိတ်ပျက်‌စေခဲ့တယ်။ ဒါပေမဲ့လည်း ပြန်ပြောရရင် ရွှီချိုင်ရန်ရဲ့ ကျောထောက်နောက်ခံက တောင့်တယ်ဆိုပေမဲ့ ရာထူးသတ်မှတ်ချက်အရဆို သူမ ဘယ်လိုမှ ယဲ့ကျန်းကျန်းကို မဆန့်ကျင်နိုင်ချေ။

ဒီကိစ္စကြောင့် နေမထိထိုင်မသာ အဖြစ်ရဆုံးသူကတော့ မယ်တော်ကြီးကလွဲရင် ဘယ်သူဖြစ်နိုင်ဦးမလဲ။ သူမဘက်ကကြည့်ရင် ယဲ့ကျန်းကျန်း ရွှီချိုင်ရန်ကို အပြစ်ပေးလိုက်တာက သူမကို ပါးဖြတ်ရိုက်လိုက်သလိုပဲ။ အဆိုးဆုံးက ကျီဝူကျိုးက ရွှီချိုင်ရန်ဘက်က ရပ်တည်ပြီး မကူညီပေးတာပဲ။ မယ်တော်ကြီး သူမသားရဲ့ အပြုအမူတွေကို အသေးစိတ်ကြည့်ဖို့ ကြိုးစားတွေးကြည့်နေပေမဲ့ အခုတလော ကျီဝူကျိုးက ထူးဆန်းနေတဲ့အတွက် သူမ သူ့ကို တဖြေးဖြေး နားမလည်နိုင်ဖြစ်လာတယ်။

တကယ်တော့ နားလည်လို့ ရပါတယ်။ ကျီဝူကျိုးက အသက် ၁၈နှစ်မှာတင် အိမ်ရှေ့စံနေရာကို ပေးအပ်ခြင်းခံခဲ့ရပြီး အရှေ့နန်းဆောင်မှာ နေဖို့ အပို့ခံရတယ်။ ကျီဝူကျိုးက အိမ်ရှေ့စံနေရာကို ယူနိုင်တဲ့ တစ်ဦးတည်းသောသူပဲ။ တခြားပြိုင်စရာလည်း မရှိဘူး။ သူ့အထက်မှာ ဧကရာဇ်နဲ့မယ်တော်၊ အောက်မှာကျ မှူးမတ်တွေ။ သာမန်ပြည်သူတွေတောင်မှ ကျီဝူကျိုးအပေါ် မျှော်လင့်ချက် ကြီးကြတယ်။ ဒါ့ကြောင့်မို့ သူ နေ့တိုင်း ခွေးလို အပတ်တကုတ်ကြိုးစားခဲ့ပြီး သာမန် အမေနဲ့သား ဆက်ဆံရေးနဲ့ ယှဉ်လိုက်ရင် သူ့မယ်တော်နဲ့ နေရတဲ့အချိန်က နည်းသထက် နည်းလာတယ်။

မယ်တော်ကြီး စိတ်မအေးနိုင် ဖြစ်နေတယ်။

ရွှီချိုင်ရန်နဲ့ ရှန်ကိုယ်လုပ်တော်က ပေါင်းကြလိမ့်လို့ သူမ တွေးခဲ့မိတာ။ အခုလက်ရှိမှာ အရေးအကြီးဆုံးကိစ္စက ယဲ့ကျန်းကျန်းကို ဆွဲချဖို့ပဲ။ ရွှီချိုင်ရန်နဲ့ ရှန်ကိုယ်လုပ်တော်က သူမ စိတ်တိုင်းကျ မလှုပ်ရှားကြတဲ့အပြင် အလုပ်အတူတွဲလုပ်ဖို့ မပြောနဲ့ တစ်ယောက်နဲ့ တစ်ယောက်တောင် မရင်းနှီးကြဘူး။

ရှန်ကိုယ်လုပ်တော်က ရွှီချိုင်ရန်နဲ့ ဘာဆက်ဆံရေးမှာ မလုပ်ချင်ဘူး။ ထိုနည်းတူပဲ ရွှီချိုင်ရန်ကလည်း ရှန်ကိုယ်လုပ်တော်က သတိထားလွန်းပြီး ဆက်ဆံရမလွယ်ဘူးလို့ မြင်တယ်။ တကယ်တော့ သူမ နန်းတွင်းထဲ စဝင်ကတည်းက နန်းတော်ထဲရှိသမျှ အမျိုးသမီးတွေကို စူးစမ်းရှာဖွေနေခဲ့တာဖြစ်ပြီး နောက်ဆုံးတော့ သူမ အသုံးချလို့ရမယ့် ဓား ကောင်းကောင်း တစ်လက်ကို ရှာတွေ့သွားတယ်။

“ လီကိုယ်လုပ်တော်လို ရာထူးမြင့်တဲ့အပြင် အရှင်မင်းကြီးရဲ့ နှစ်သက်မှုကို ရထားတဲ့ တုံးအပြီး တည့်တိုးပဲ တွေးတတ်လုပ်တတ်တဲ့သူမျိုးက သေချာပေါက် ဓားကောင်းတစ်လက် ဖြစ်မှာပဲ”

ခွန်းနင်နန်းဆောင်ထဲ လက်သီးဆုပ်အရွယ် ဘူးလေးတစ်ခုကို ကိုင်ထားရင်း ယဲ့ကျန်းကျန်းက ဆိုလာတယ်။

ပဟေဠိတွေ လှည့်စားချက်တွေ အများကြီးပါတဲ့ ဘူးလေး ... တလောကမှ ဒီဘူးလေးကို ရလာပြီး ယဲ့ကျန်းကျန်း သိပ်သဘောကျနေတယ်။ သူမစကားကို ကြားတဲ့အခါ စူးယွဲ့က မျက်မှောင်ကျုံ့လိုက်ပြီး

“ မယ်မယ်ဆိုလိုတာက လီကိုယ်လုပ်တော်က ရွှီချိုင်ရန်နဲ့ လက်တွဲလိမ့်မယ်ပေါ့လား”

“ ၈၀% သေချာတယ်။ နှစ်ယောက်စလုံးက ငါ့အပေါ် ရန်ငြိုးရှိကြပြီး တစ်ယောက်က ရာထူးမြင့်တယ်၊ တစ်ယောက်ကကျ ဖုံးကွယ်ထားတဲ့ ကောက်ကျစ်တဲ့အတွေးရှိတယ်။ သူတို့နှစ်ယောက်က ပြစ်မှုတွေ ကျူးလွန်ဖို့ တကယ် လိုက်ဖက်တဲ့အတွဲပဲ”

“ ဒီလိုဆို မယ်မယ်ဖုရား ကျွန်တော်မျိုးမတို့ ဘာလုပ်သင့်လဲ”

စူးဖုန့် နည်းနည်း စိတ်ပူပန်နေမိတယ်။

“ ဘာလုပ်ရမလဲ သူတို့တိုက်ခိုက်လာတဲ့အခါကျ ငါတို့ကလည်း ပြန်ခုခံရမှာပေါ့။ အရှင်မင်းကြီးက သူတို့ဘက်က မပါသ၍ ငါ ဖြေရှင်းနိုင်တယ်”

တစ်ခုခုသာ ဖြစ်ခဲ့ရင် ကျီဝူကျိုးကပါ ရေနစ်သူဝါးကူထိုးမှာ ကြောက်ရတာ။ ကျီဝူကျိုးနဲ့ သူမတို့ကြား ဆက်ဆံရေးကလည်း အခုအချိန်မှာ ကောင်းမနေဘူး။ ဒါတွေကို တွေးမိတဲ့အခါ ကိစ္စက ထင်သလောက် မရိုးရှင်းမှာကို စဉ်းစားမိတယ်။

အရှင်မင်းကြီးဆိုတော့မှ စူးယွဲ့က မျက်မှောင်ကျုံ့ကာ

“ မယ်မယ် အရှင်မင်းကြီးက ကျွန်တော်မျိုးမတို့ နန်းဆောင်ဆီ မလာတာ ရက်အတော်ကြာ ရှိနေပြီ ”

အရင်တစ်ခေါက်ကဆို အိပ်မသွားရင်တောင်မှ နှစ်ရက်တစ်ခါလောက် လမ်းလျှောက်ရင်း ရောက်လာတတ်တယ်။

“ သူ မလာရင် ပိုတောင်ကောင်းတာပေါ့။ ငါက တိတ်တိတ်ဆိတ်ဆိတ် နေရတာ ကြိုက်တယ် ”

ရုတ်တရက် စူးဖုန့်က အသံကို တိုးလိုက်ပြီး

“ မယ်မယ် ကျွန်တော်မျိုးမ ကန်ချင်းနန်းဆောင် ယွီကျီဆီက ကြားလာတာ။ အရှင်မင်းကြီး ဒီနေ့ နန်းပြင်ထွက်သွားပြီး ပုံမှန်မဟုတ်တဲ့နေရာကို သွားတယ်ပြောတယ်။ အဲ့တာက သိပ်ထူးဆန်း‌တယ်။ သူ ဘယ်သွားမယ်လို့ မယ်မယ်ထင်လဲ”

ယဲ့ကျန်းကျန်း လက်လှုပ်နေတာကို ရပ်လိုက်ပြီး စူးဖုန့်ကို ကြည့်လိုက်တယ်။

“ အရှင်မင်းကြီး ဘယ်သွားလဲဆိုတာ ငါတို့က ဘယ်လိုလုပ် သိမှာလဲ။ တကယ်လို့ သိရင်တောင်မှ တခြားသူတွေကို မပြောပြရဘူး။ ငါ့စိတ်ထင် အဲ့ယွီကျီက လူကောင်းဟုတ်ပုံမရဘူး။ နောက် သူနဲ့ အဆက်အဆံ မလုပ်နဲ့တော့ ”

စူးဖုန့် ခေါင်းငြိမ့်လိုက်တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ သိချင်နေတုန်းပဲ။ ဘယ်ကိုများ အရှင်မင်းကြီး သွားတာပါလိမ့် ...

ဘဝဆိုတာ ခန့်မှန်းရခက်တာပဲ။ ဖုန့်ရိုးတျယ်တစ်ယောက် ချွေ့ဖန်းလော့ရှေ့မှာ ရပ်နေရင်း ဘဝအကြောင်းကို တွေးမိတယ်။ ဆယ်စုနှစ်များစွာ သူ့အသက်ရှင်နေထိုင်ခဲ့ပြီးပြီ။ ဒါပေမဲ့ တစ်ခါမှတော့ သူ ဆောင်ကြာမြိုင်ကို လာဖြစ်မယ်လို့ မတွေးခဲ့ဖူးဘူး။

ဟုတ်တာပေါ့ သူ ဒီနေရာကို အရှင်မင်းကြီးနဲ့အတူ ရောက်လာခဲ့တာ။

အစောတုန်းကတော့ အပြန်ပြန်အလှန်လှန် တွေးဆပြီးတဲ့နောက် နောက်ဆုံးမှ ရှက်ရှက်နဲ့ပဲ အရှင်မင်းကြီးကို ဒီကိစ္စနဲ့ ပတ်သက်ပြီး လျှောက်တင်ခဲ့တယ်။ နောက်ပြီး အရှင်မင်းကြီးကလည်း သဘောတူလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးဘူး။

ဧကရာဇ်တစ်ပါးအတွက်တော့ ဒီလိုနေရာမျိုးမှာ သွားလာနေတယ်ဆိုတာက ဂုဏ်ယူစရာကိစ္စ မဟုတ်ဘူး။ ဒါ့ကြောင့်မို့ ကျီဝူကျိုး ကိုယ်ရံတော် တစ်ယောက်မှတောင် မခေါ်ဘဲ ဖုန့်ရိုးတျယ်နဲ့သာ ထွက်လာခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ ကိုယ်ရံတော်တွေအတွက်တော့ ဘာကိစ္စပဲဖြစ်ပါစေ အရှင်မင်းကြီးရဲ့လုံခြုံရေးက ဦးစားပေးဖြစ်တာကြောင့် တိတ်တိတ်လေး သူ့နောက်ကနေ လိုက်လာကြတယ်။ ကိုယ်ရံတော်တွေဆိုတာ လူအုပ်ကြားထဲ ကိုယ်ယောင်ဖျောက်တဲ့နေရာမှာ အတော်ဆုံးဆိုတော့ ကိုယ့်အတွေးနဲ့ကိုယ်ဖြစ်နေတဲ့ ကျီဝူကျိုးတစ်ယောက် သူတို့ကို သတိမထားမိလိုက်ဘူး။

ဒါ့ကြောင့်မို့ အခု ချွေးဖန်းလော့ရှေ့ အရှင်မင်းကြီးနဲ့ ကုန်းကုန်းတစ်ယောက်သာ ရပ်နေတာဖြစ်တယ်။

ကျီဝူကျိုးမှာ ဘဝအတွေ့အကြုံရယ်လို့ သိပ်မရှိဘူး။ ဒါက သူ့အတွက် ပထမဆုံးအကြိမ် ဆောင်ကြာမြိုင်ကို ရောက်ဖူးတာပဲ။ သူ့အတွက် ဘယ်တုန်းကမှ မိန်းကလေးဆိုတာ မရှားခဲ့ဖူးဘူး။ တစ်ခုပဲ နန်းတော်ထဲမှာရှိတဲ့ မိန်းကလေးတွေကို မေးလို့မရတဲ့ စကားတစ်ချို့အတွက် သူ ဒီနေရာမှာ မေးဖို့ ရောက်နေတာဖြစ်တယ်။

မျက်နှာသေကြီးနဲ့ အထဲကို ဝင်လိုက်တယ်။ သူ ပင်မခန်းဆောင်ကို ရောက်ရုံရှိသေး မိန်းကလေးတစ်‌သိုက်က သူ့အနား ပြုံတိုးလာကြပြီး လက်ကို ဖက်တဲ့သူက ဖက်၊ ပုခုံးကိုင်တဲ့သူက ကိုင်၊ တချို့သတ္တိရှိတဲ့သူတွေဆို သူ့ရင်ဘတ်ပါ လာကိုင်‌နေကြတယ်။ ဖုန့်ရိုးတျယ် အမြန်ပဲ မိန်းကလေးတွေကို ဆွဲဖယ်လိုက်တယ်။ ဒါပေမဲ့ အားလုံးကို ထွက်သွားအောင်တော့ မလုပ်နိုင်ဘူး။ ကျီဝူကျိုးမှာ မိန်းကလေးတွေကို ညှို့ယူဖမ်းစားနိုင်တဲ့ ဆွဲဆောင်မှုတစ်မျိုး ရှိတယ်။

ဒီအပျော်မယ်တွေက အရမ်းဆာနေလို့ရယ် မဟုတ်ဘူး။ ဒီအတိုင်းကို ကျီဝူကျိုးက တကယ်ကြီး ဆွဲဆောင်မှုရှိနေတာ။ သူ့ဩဇာအပြည့်နဲ့မာန်က သူတို့ကို ဆွဲဆောင်နေတယ်။ သူတို့ကို အခကြေးငွေပေးဖို့ မပြောနဲ့ ကျီဝူကျိုးနဲ့နေရဖို့ သူတို့က အခကြေးငွေပေးရမယ်ဆိုရင်တောင်မှ ပျော်ပျော်ကြီး ပေးကြလိမ့်မယ်။

ဒါ့ကြောင့်မို့ မိန်းကလေးတွေဆီက ရနံ့ပေါင်းစုံက သူ့နှာခေါင်းထဲ စုပြုံဝင်လာတယ်။ အံ့အားသင့်သွားတဲ့ ကျီဝူကျိုးတစ်ယောက် နောက်ဆုံးမှ အသိပြန်ဝင်လာပြီး သူ့ကို ကပ်နေတဲ့ မိန်းကလေးတွေကို ခွာထုတ်လိုက်တယ်။

အဖယ်ခံလိုက်ရတဲ့အတွက် မိန်းကလေးတွေအကုန်လုံးက ဘေးတစ်ဖက်မှာ ငြီးငြူနေကြတယ်။

ဆောင်ကြာမြိုင်ရဲ့အမျိုးသမီးက အမြန်ပဲ သူ့အနား ရောက်လာပြီး

“ ဒီကလူကြီးမင်း ကြည့်ရတာ ဒီမိန်းကလေးတွေလောက်ကို မျက်စိထဲ မထည့်ဘူးထင်ပါရဲ့။ ဘယ်လိုမိန်းကလေးမျိုးကိုများ ရှာနေတာလဲမသိဘူး”

ဖုန့်ရိုးတျယ်က ပြန်ဖြေလိုက်တယ်။

“ ဒီနေရာမှာ အကောင်းဆုံးတစ်ယောက်က သင့်တော်လိမ့်မယ်”

“ တိုက်ဆိုင်လိုက်တာ ဒီနေ့ ချွေးဖန်းလော့ရဲ့ အကောင်းဆုံးမိန်းမပျိုလေးက ကြင်ဖော်ကို ရှာနေတာ။ ကြည့်ကြည့်ဦးမလား”

ဆောင်ကြာမြိုင်ကို တစ်ခါမှ မရောက်ဖူးပေမဲ့လည်း အကောင်းဆုံးမိန်းမပျိုလေးက ဘာကိုဆိုလိုတယ်ဆိုတာ ကျီဝူကျိုးလည်း သဘောပေါက်တယ်။ ဒါ့ကြောင့်မို့ ခေါင်းငြိမ့်လိုက်တယ်။ အမျိုးသမီးက သူတို့ကို အနောက်ဘက်ဉယျာဉ်ထဲ ခေါ်သွားပြီး စောင့်ခိုင်းထားတယ်။ ဉယျာဥ်ထဲ အကောင်းဆုံးမိန်းမပျိုလေး ထွက်ပေါ်လာဖို့ကို စောင့်နေကြတဲ့သူတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

တကယ်တော့ ဒီလျှိုယွဲ့ဆိုတဲ့ မိန်းကလေးက အစက ဂီတပညာရှင်ပဲ။ သူမက သိပ်ကို ပါရမီထူးပြီး လူချမ်းသာတွေက သူမကို ငွေပုံပေးကာ ဖျော်ဖြေစေတယ်။ ဒါ့ကြောင့်မို့ အမျိုးသမီးက သူမကို ဧည့်သည်လည်း လက်ခံဖို့ ဖိအားပေးခဲ့တယ်။ ဒီလိုနဲ့ သူမလည်း ဒေါသထွက်သွားပြီး သူမအတွက် ပထမဆုံးယောကျာ်းက သူမသဘောကျတဲ့သူမှ ရမယ်ဆိုပြီး ပြန်ပြောလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောင်မှာလည်း ဒီမိန်းကလေးက သူမလက်အောက်မှာပဲ ဖြစ်ဦးမှာဆိုတော့ အမျိုးသမီးလည်း သူမသဘောကျ လုပ်ခွင့်ပြုလိုက်တယ်။

ဒါကြောင့်မို့ ဒီနေ့လိုမြင်ကွင်းမျိုး မြင်နေရတာ ဖြစ်တယ်။

ကျီဝူကျိုးထိုင်ပြီး သိပ်မကြာဘူး လျှိုယွဲ့မိန်းကလေးက ထွက်လာတယ်။ ထို့နောက် ကျီဝူကျိုးကို ချက်ချင်းပဲ တန်းမြင်သွားတယ်။ ယဉ်ယဉ်ကျေးကျေးနဲ့ စကားစမြည် ခဏပြောပြီးနောက် သူမအကြည့်က ကျီဝူကျိုးဆီမှာ ရပ်တန့်သွားတယ်။ မိန်းမလှလေးရဲ့ အကြည့်အောက်မှာ ယောင်္ကျားလေးတွေ အားလုံး အရည်ပျော်ကျသွားပေမဲ့ ကျီဝူကျိုးတစ်ယောက်သာ အေးအေးဆေးဆေး ရှိနေတယ်။ ထို့နောက် သူ့ကို မိန်းကလေးရဲ့အခန်းဆီ လာခဲ့ဖို့ ဖိတ်ခေါ်ခံလိုက်ရတယ်။

ပုံမှန်အတိုင်းပြောရရင်တော့ လျှိုယွဲ့မိန်းကလေးက တကယ်ကို လှတယ်။ ဒါပေမဲ့လည်း ကျီဝူကျိုးဘဝမှာ မိန်းမလှလေးတွေဆိုတာ မရှားဘူး။ သူ အခန်းထဲ ရောက်တာနဲ့ ငွေထုပ်ကို ချလိုက်ပြီး

“ငါ မင်းကို မေးခွန်းတချို့ မေးချင်တယ်”

ပိုက်ဆံကို မြင်တဲ့အခါ လျှိုယွဲ့ရဲ့မျက်နှာက မည်းမှောင်သွားတယ်။

“လူကြီးမင်း ကျွန်မက ပိုက်ဆံကို အဓိကထားတဲ့သူ မဟုတ်ပါဘူး။ အစတုန်းကတော့ ရှင့်ကို တခြားသူတွေနဲ့ ကွာမယ်လို့ ထင်ထားခဲ့တာ ဘယ်သူက သိမလဲ ....”

“ ငါ မင်းကို မေးမယ်။ ဘယ်လိုလုပ်မှ မိန်းကလေးတစ်ယောက်က သူမရဲ့အကုန်လုံးကို ယောကျာ်းလေးတစ်ယောက်ဆီ ပုံအပ်မှာလဲ”

ဒီလိုမေးခွန်းမျိုးကို အပျော်မယ်တစ်ယောက်ကို မေးတယ်ဆိုတော့ တစ်ဖက်က သေချာပေါက် စကားရိပ်ဖမ်းသွားမှာပဲ။ လျှိုယွဲ့က ကျီဝူကျိုးအတွက် သေရည်တစ်ခွက် ငှဲ့ပေးရင်း

“ အမှန်အတိုင်း ပြောရရင် ကျွန်မ ဒီနေရာမှာ အရောင်းစားခံခဲ့ရပေမဲ့လည်း ဘယ်ယောကျာ်းနဲ့မှ ကျွမ်းဝင်ခဲ့တာမျိုး မရှိဖူးပါဘူး”

သူမပြောချင်တဲ့အဓိပ္ပါယ်က သိသာပါတယ်။ သူမက အပျိုစင် ဖြစ်နေတုန်းပဲ။

ပုံမှန်ယောကျာ်းလေးတွေ အများစုဆိုရင်တော့ ဒီစကားကြားတဲ့အခါ သိပ်ပျော်သွားမှာ ဖြစ်ပေမဲ့ ကျီဝူကျိုးကတော့ မပျော်တော့ချေ။ လျှိုယွဲ့ကို အဖက်မတန်နဲ့ပုံနဲ့ ပြန်ကြည့်နေတယ်။

လျှိုယွဲ့ : “....”

ကြည့်ရတာ ဖြစ်ရမယ့်ဟာနဲ့ နည်းနည်း လွဲသွားတဲ့ပုံပဲဆိုတာ ကျီဝူကျိုး သိလိုက်တယ်။ ဒါကို သူ ပြန်ပြင်ချင်တယ်။

ထို့နောက် အမျိုးသမီးက ဟင်းပွဲတွေသယ်လာ‌တဲ့ မိန်းကလေးတွေကို ဦးဆောင်ပြီး ဝင်လာတယ်။ ထို့နောက် ကျီဝူကျိုးကို ပျော်ပျော်ရွှင်ရွှင်ပဲ ဧည့်ခံပေးနေတယ်။ ဒီလိုနေရာမျိုးမှာ နှစ်ပေါင်းများစွာ ကျင်လည်ရင်း စီးပွားလုပ်စားလာတဲ့သူဆိုတော့ သူမရဲ့ လူကဲခတ်စွမ်းရည်က သိပ်ကောင်းတယ်။ ဒီလူကြီးမင်းက နောက်ခံကောင်းတဲ့သူပဲ။ ချမ်းသာတဲ့ဟုတ်ရင်ဟုတ် မဟုတ်ရင် မျိုးရိုးမြင့်ထဲကပဲ။

လျှိုယွဲ့ရဲ့မျက်နှာထားက အတော်လေး အရုပ်ဆိုးနေပြီ။

အမိုးပေါ်မှာ ပုန်းနေတဲ့ ကိုယ်ရံတော်တွေ ကျီဝူကျိုးပြောတာကို ကြားတဲ့အခါ စိတ်ထဲ တွေးမိလိုက်တယ်။ အရှင်မင်းကြီးရဲ့အကြိုက်က တကယ် ပြင်းတာပဲ။

အတွေ့အကြုံရှိတဲ့ မိန်းကလေးတစ်ယောက်က သိပ်မကြာခင်မှာပဲ အခန်းထဲ ရောက်လာတယ်။ သူမနာမည်က ဟုန်ယွင်ဖြစ်ပြီး လျှိုယွဲ့ထက် အသက်နည်းနည်းလေး ပိုကြီးပုံရတယ်။ မက်မွန်ရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး မိတ်ကပ်ထူထူနဲ့ လမ်းလျှောက်ရင် တင်ပါးကို ဘယ်ညာလွှဲကာ လျှောက်လာတယ်။ သူမ ဝင်လာတာနဲ့ ကျီဝူကျိုးဆီ ပစ်ဝင်ချင်ပေမဲ့ ချက်ချင်းပဲ ကျီဝူကျိုးက သူမကို မလာဖို့ တားလိုက်တယ်။ တစ်ဖက်ထိုင်ခုံမှာ ထိုင်ဖို့ တွန်းလွှတ်လိုက်ပြီး

“သေချာထိုင်ပြီး ငါမေးတာဖြေ။ ဒီပိုက်ဆံအကုန် မင်းဟာပဲ”

စားပွဲခုံပေါ်က ပိုက်ဆံတွေကို ဟုန်ယွင် ကြည့်လိုက်တယ်။ ပျော်လွန်းလို့ သူမ ပါးစပ်တောင် မစေ့နိုင်တော့ဘူး။

“ မေးပါ။ ကျွန်မ ချက်ချင်းကို ပြန်ဖြေပေးမှာ ”

“ဘယ်လိုလုပ်မှ မိန်းကလေးတစ်ယောက်က သူမရဲ့အကုန်လုံးကို ငါ့ဆီ ပုံအပ်မှာလဲ”

ခဏလောက် ကြောင်သွားပြီးတဲ့နောက် သူမ ရယ်လိုက်ရင်း

“ အားယိုး ဘာတွေပြောနေတာလဲ။ ဘယ်လိုမိန်းကလေးမျိုးက ရှင့်လိုလူမျိုးကို အကုန် ပုံမအပ်မှာလဲ"

သူဘယ်သူဆိုတာ ပေါ်သွားတာလား။ ကျီဝူကျိုးအကြည့်တွေက အရေးတကြီးပုံ ဖြစ်သွားတယ်။

“ လူကြီးမင်း ရှင်က ဒီလောက်ခန့်ညားတာ ရှင့်ကို မကြိုက်တဲ့မိန်းကလေးမျိုး ရှိမယ်လို့ ကျွန်မတကယ် မတွေးနိုင်ဘူးရယ်”

“....”

ဆိုတော့ ဒီလိုပေါ့။

ကျီဝူကျိုး ကုလားထိုင်ပေါ် ထိုင်လိုက်ရင်း ငုံ့ကြည့်ကာ ပြောလာတယ်။

“ မိန်းကလေးတစ်ယောက် ရှိတယ် .... သူမက ငါ သူမကို ထိတာတောင် ကြိုက်တဲ့ပုံ မပေါ်ဘူး”

“ ဖြစ်နိုင်တာက မိန်းကလေးဆိုတော့ ရှက်နေလို့ များလား”

“သူမက လက်ထပ်ပြီးနေပြီ”

အဲ့သူမဆိုတာက သူ့မိန်းမပဲဆိုတာ ပြောရမှာကို ရှက်နေမိတယ်။

ဟုန်ယွင်ရဲ့စိတ်ထဲမှာတော့ ဒီလူက သူ့ဘေးမှာ အရိပ်အငွေ့‌ကောင်း ရှိတာတောင်မှ ဘယ်လိုလူဆိုတာ မသိနိုင်ဘူးပဲ။ တကယ်တမ်းက သူများသားမယားကို ကြာခိုချင်နေတဲ့ ကြာကူလီပဲကိုး။ သူမ ဘာတွေးနေလဲဆိုတာ မျက်နှာမှာ တစ်ချက်မပေါ်စေဘဲ ပြုံးရင်း

“ အဲ့လိုဆို ဖြစ်နိုင်တာက သူမနှလုံးသားထဲ တစ်ယောက်ယောက် ရှိနေလို့နေမယ်”

“တိတ်စမ်း”

ရုတ်တရက်ဆိုသလို ကျီဝူကျိုး စားပွဲကို ပိတ်ရိုက်လိုက်ပြီး အော်လိုက်တယ်။ စားပွဲက တုန်ခါသွားပြီး ရေနွေးခွက်တွေဆီကနေ တောင်တောင်တောင် အသံတွေ ထွက်လာတယ်။

ရုတ်တရက် သူ့လုပ်ရပ်ကြောင့် ဟုန်ယွင်လည်း လန့်ဖျပ်သွားပြီး လက်ကိုင်ပုဝါလေးနဲ့ ကွယ်ကာ တောင်းပန်ဟန် လုပ်ပြပေမဲ့ သူမ မလုပ်နိုင်ဘူး ဖြစ်နေတယ်။ အခု တစ်ဖက်သူက မျက်နှာအတော်ပျက်နေတာ။ သူ့အကြည်က ဓားသွားလိုပဲ လူတွေကို တုန်ယင်စေတယ်။ သူ့ပုံစံက လူသတ်တော့မယ့်အတိုင်း ဖြစ်နေပြီး အဲ့တာက သူ့အတွက် ဘာကိစ္စလေးမှ မဟုတ်သလိုပဲလို့ သူမ တွေးမိတယ်။

မဟုတ်ဘူး ဒေါသထွက်ရုံပဲ မဟုတ်ဘူး။ ကျီဝူကျိုးရဲ့ ပုခုံးတွေက တုန်ယင်လို့နေတယ်။ သူ မယုံချင်ဘူး။ သူ မသိသလို လျစ်လျူရှုထားချင်တယ်။ သူ ရည်ရွယ်ချက်ရှိရှိနဲ့ကို ရှောင်နေခဲ့ပေမဲ့ အခုလို တစ်ယောက်ယောက်က တည့်ပြောချလိုက်တဲ့အခါ သူ ဆောက်ထားတဲ့တံတိုင်းမှာ အက်ရာအကြီးကြီး ဖြစ်သွားခဲ့တယ်။ သူ ဘာဆက်လုပ်ရမလဲမသိဘူး။ ဒီလိုစိတ်ပျက်ရမှုမျိုး၊ ဒေါသမျိုး၊ အံ့အားသင့်မှုမျိုး ... ဘာဆက်လုပ်ရမလဲ မသိတော့ဘူး ...











ရွှေနန်းထက်က ဧကရီWhere stories live. Discover now