Chapter 15

2.3K 223 1
                                    

Empress with No Virtue
Chapter 15
Translator – Utopia

လီကိုယ်လုပ်တော် အကျယ်ချုပ် အပြစ်ပေးခံရကတည်းက ယဲ့ကျန်းကျန်းတစ်ယောက် လီကိုယ်လုပ်တော်နဲ့ ရှီးဖေးတို့ ရန်စောင်ရင်း စကားနာထိုးကြတာကို မမြင်ရတော့တဲ့အတွက် အတော်‌လေး ပျင်းနေပြီ ဖြစ်တယ်။

ဧကရီမိဖုရားခေါင်က လီကိုယ်လုပ်တော်ထက် ပိုအင်အားကြီးပြီး တစ်ဖက်မှာ ရှီးဖေးကလည်း အရှင်မင်းကြီးရဲ့ နှစ်သက်ခြင်းကို ခံရတယ်ဆိုတော့ကာ လူတော်တော်များများက လီကိုယ်လုပ်တော်တစ်ယောက် အရင်လို ပြန်မလာနိုင်တော့ဘူးလို့ပဲ ယူဆလိုက်ကြတယ်။ အနောက်နန်းဆောင်က လူတွေကြားထဲ သိသိသာသာကို ဧကရီမိဖုရားခေါင်ဘက်ကလား ရှန်ကိုယ်လုပ်တော်ဘက်ကလားဆိုပြီး အာဏာက နှစ်ဖက်ကွဲနေတယ်။

ဒီနေ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမရဲ့ မြှားပစ်စွမ်းရည်ကို လေ့ကျင့်ဖို့အတွက် နန်းဆောင်လွတ်တစ်ခုကို ရှာရင်း အနောက်နန်းဆောင်ထဲ လမ်းထွက်လျှောက်နေခဲ့တယ်။ ဟန်ကွမ်းနန်းဆောင်ရှေ့ ဖြတ်သွားတဲ့အချိန်မှာ သူမ နာမည်ကမ္ပည်းပြားကို မော့ကြည့်လိုက်တယ်။ ဟိုးရှေးနှစ်ရာချီလောက်တုန်းက လက်ရေးသိပ်လှတဲ့ ဧကရာဇ်တစ်ပါး ရှိခဲ့ဖူးတယ်။ သူက အနောက်နန်းဆောင်မှာရှိတဲ့ နာမည်ကမ္ပည်းပြားတိုင်းကို သူကိုယ်တိုင် ရေးဖို့ ဆုံးဖြတ်ခဲ့တယ်။ သူမ ရှေ့က နာမည်ကမ္ပည်းပြားက တကယ် အံ့ဩဘနန်းပဲ။ ယဲ့ကျန်းကျန်း နာမည်ကမ္ပည်းပြားကို ကြည့်ရင်း ခေါင်းငြိမ့်လိုက်တယ်။

ဟန်ကွမ်းနန်းဆောင်ရဲ့ အပြင်ဘက်မှာ ကုန်းကုန်း တစ်ယောက်က ယဲ့ကျန်းကျန်းကို လှမ်းမြင်လိုက်တယ်။ ကြည့်ရတာ သူ အကြောက်လွန်သွားလို့နဲ့တူတယ် ဧကရီမိဖုရားခေါင်ကို နှုတ်ခွန်းဆက်ရမယ့်အစား “ ဧကရီမိဖုရားခေါင် ကြွချီလာပါပြီ ” လို့ အော်မိသွားတယ်။

ကျွမ်းကိုယ်လုပ်တော်လည်း ကြားတဲ့အခါ ကတိုက်ကရိုက် ထလာပြီး သူမအစေခံတွေနဲ့အတူ ဧကရီမိဖုရားခေါင်ကို နှုတ်ဆက်လိုက်တယ်။

ယဲ့ကျန်းကျန်း : “….”
ငါက ဒီရှေ့ကနေ ဖြတ်သွားရုံ‌ပဲလေ ??

ဒါပေမဲ့ အခုတော့ ယဲ့ကျန်းကျန်းတစ်ယောက် တခြား ရွေးစရာမရှိတော့ဘဲ ဟန်ကွမ်းနန်းဆောင်မှာ ခဏဝင်ထိုင်ရတော့တယ်။ ကျွမ်းကိုယ်လုပ်တော်က အလျင်အမြန်ပဲ ဌာပနာမုန့် (အစာသွတ်မုန့်) တွေနဲ့ ဧည့်ခံလာတယ်။ ယဲ့ကျန်းကျန်း တစ်ကိုက်စားကြည့်လိုက်တယ်။ အရသာက ကောင်းသားပဲ။

“ ဒီဌာပနာမုန့်ကို ဒီနှစ်ပွင့်တဲ့ ကွေ့ဟွားနဲ့ လုပ်ထားတာပါ။ ကျွန်တော်မျိုးမက သိပ်တော့ မကျွမ်းကျင်တဲ့အတွက် မယ်မယ် ကြိုက်ပါ့မလားမသိဘူး ”

ယဲ့ကျန်းကျန်း နည်းနည်း အံ့ဩသွားတယ် ။

“ နင် လုပ်ထားတာလား ”

ကျွမ်းးကိုယ်လုပ်တော်က ခေါင်းငြိမ့်လိုက်ပြီး

“ ကျွန်တော်မျိုးမကိုယ်တိုင် လုပ်ထားတာပါ ”

“ သိပ်ကောင်းတာပဲ ”

“ ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မယ်မယ်။ ဒါပေမဲ့ တကယ်က ပန်းတွေက လတ်ဆတ်တာကြောင့်ရယ်ပါ ”

ဒီဌာပနာမုန့်က တကယ်တော့ ကျီဝူကျိုးအတွက် လုပ်ထားတာ။ ဌာပနာမုန့်က လုပ်ရတာ ခက်တာတော့ မဟုတ်ပေမဲ့ အချိန်အကြာပြီး အားစိုက်ထုတ်ပြီး လုပ်ရတဲ့အတွက်‌ကြောင့် ဖြစ်တယ်။ ဒါ့ကြောင့်မို့ ဩဂုတ်လမှာ ပန်းတွေပွင့်ကတည်းက ခူးထားတာတောင်မှ တစ်လကျော်လောက်မှ သူမ ဒီမုန့်တစ်ပွဲစာလောက်ပဲ လုပ်လို့ရတယ်။ ကျီဝူကျိုးက ကျွမ်းကိုယ်လုပ်တော်ရဲ့ ကြိုးစားမှုကို ဘယ်တုန်းကမှ အသိအမှတ်မပြုပေးခဲ့ဘူး။ ဒါပေမဲ့ ဒီမုန့်ကို သူ စားရတာတော့ ကြိုက်မှန်း သိတယ်။ နှစ်တိုင်း သူမ ဒီမုန့်ပွဲကို ဆက်သတဲ့အခါ ကျီဝူကျိုးက အကုန်ကုန်အောင် စားတတ်တယ်။

အစားကောင်း အသောက်ကောင်းစားရတဲ့အခါ ယဲ့ကျန်းကျန်းတစ်ယောက် စိတ်ပျော်လာပြီး ကျွမ်းကိုယ်လုပ်တော်နဲ့ စကားစမြည် ထိုင်ပြောလာတယ်။ ကျွမ်းကိုယ်လုပ်‌တော် ထိတ်လန့်သွားတယ်။ ဧကရီမိဖုရားခေါင်က စက္ကူနဲ့လုပ်ထားတဲ့ ကျားရုပ်မဟုတ်ဘူးဆိုတာ သိသင့်တယ်။ ပုံမှန်ဆို ဧကရီမိဖုရားခေါင်က ဘယ်သူနဲ့မှ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဒီနေ့ကျ ဧကရီမိဖုရားခေါင်ကိုယ်တိုင် သူမရဲ့ နန်းဆောင်ကို ကြွလာတယ်ဆိုတော့ မဟုတ်မှလွဲရော ....

“လီကိုယ်လုပ်တော်က မယ်မယ့်ကို အမျက်ထွက်အောင် လုပ်ခဲ့ပြီး ထိတ်လန့်‌စေခဲ့တယ်လို့ ကျွန်တော်မျိုးမ ကြားတယ်။ မယ်မယ် အခု အဆင်ပြေသွားပြီလား ”

ကျွမ်းကိုယ်လုပ်‌တော်က ရုတ်တရက် တခြားအကြောင်းကို စကားစလာတယ်။

“ စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါပဲ။ ငါ အဆင်ပြေတယ် ”

ကြားခဲ့တယ်ဆိုတာက ဘာလဲ နင် ကိုယ်တိုင် မြင်ခဲ့တာပဲဟာ။ ယဲ့ကျန်းကျန်း စိတ်ထဲက တွေးလိုက်တယ်။

ကျွမ်းကိုယ်လုပ်‌တော်က သက်ပြင်းချလိုက်ရင်း

“ လီကိုယ်လုပ်တော်က သိပ်စိတ်ဆတ်တာပဲ။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော်မျိုးမလည်း သူမကို ပြောပြခဲ့ဖူးပေမဲ့ သူမက ဘယ်တော့မှ နားမထောင်ဘူး။ မယ်မယ် နန်းတော်ထဲ စဝင်လာပြီး အနောက်နန်းဆောင်ကို တည်ငြိမ်အောင် လုပ်ခဲ့တဲ့အချိန်လောက်မှာကတည်းက သူမက ပြောရရင် ပိုအာဏာရှိနေခဲ့တာ။ နောက်ဆုံးတစ်ခေါက်တုန်းကဆို လီကိုယ်လုပ်တော်က အခုထက်တောင် ပိုဆိုးသေးတယ် ”

ယဲ့ကျန်းကျန်းကတော့ ဌာပနာမုန့်ကို စားရင်း ဘာမှမပြောဘဲ နှုတ်ဆိတ်နေလိုက်တယ်။ ကျွမ်းကိုယ်လုပ်တော်က လီကိုယ်လုပ်တော်ရဲ့ နောက်ကြောင်းကို သုံးပြီး သူမဆီ အညံ့လာခံနေတာပဲ။ ယဲ့ကျန်းကျန်းသာ ဆက်မေးမယ်ဆို သူမက လီကိုယ်လုပ်တော်ရဲ့ ထိတ်လန့်စရာ နောက်ကြောင်းဆိုးတွေ အကုန်လုံးကိုပါ ထုတ်ပြောလာလိမ့်မယ်။ အဲ့တာက လီကိုယ်လုပ်တော်ကို ဘယ်တော့မှ ခေါင်းမထောင်နိုင်တော့အောင် ဆွဲချသွားမယ့်အကြောင်းတွေပေါ့။

အစကတည်းက ကျွမ်းကိုယ်လုပ်တော်က ဒီလိုမျိုး လုပ်လိမ့်မယ်ဆိုတာ ယဲ့ကျန်းကျန်း သိနေပြီးသား။ ပြောရရင် အာဏာရှိတဲ့မိသားစုက ဆင်းသက်လာတာလည်း မဟုတ်၊ အရှင်မင်းကြီးရဲ့ နှစ်သက်ခြင်းကိုလည်း အဲ့လောက် မခံရတဲ့ ကြင်ယာတော်တစ်ပါးအနေနဲ့ ဒီအနောက်နန်းဆောင်ထဲ နည်းနည်းပိုပြီး သက်တောင့်သက်သာ ဘဝနဲ့ နေချင်တယ်ဆိုရင် သူမအနေနဲ့ အာဏာရှိတဲ့ ကျောထောက်နောက်ခံ တစ်ခုခုကိုတော့ လိုအပ်လာပြီ။

မျှော်လင့်တကြီးနဲ့ ကြည့်နေတဲ့ ကျွမ်းကိုယ်လုပ်တော်ရဲ့ အကြည့်တွေ အောက်မှာပဲ ယဲ့ကျန်းကျန်းက ဖြေးဖြေးချင်း ပြောလာတယ်။

“ နင့်ဌာပနာမုန့်တွေက သိပ်ကောင်းတာပဲ။ ကျန်တဲ့ဟာတွေပါ ပေးလိုက်လို့ရမလား ”

အနောက်နန်းဆောင်မှာ ရှင်ကျန်ဖို့ပဲ မဟာမိတ်လိုက်ရှာကြတာက ပုံမှန်ပါပဲ။ ဒါပေမဲ့ ဘယ်သူဘယ်ဝါ မရွေးဘဲ တွေ့တဲ့သူကို မဟာမိတ် ကောက်လုပ်လိုက်ရင် အဲ့လူက ကိုယ့်ကို ပြန်ဆွဲချသွားမယ့်သူလည်း ဖြစ်နိုင်တယ်။ လီကိုယ်လုပ်တော် အပြစ်ပေးခံရတဲ့အချိန်မှာ ကျွမ်းကိုယ်လုပ်တော်က အလျင်အမြန်ပဲ ဘက်ပြောင်းဖို့ လုပ်လာတယ်။ ဒီလူရဲ့ သစ္စာရှိမှုက အကန့်အသတ်နဲ့ပဲ။ နောက်ပြီး သူမရဲ့ အင်အားနဲ့ အားသာချက်တွေကိုလည်း ယဲ့ကျန်းကျန်း အများကြီး မသိသေးဘူးလေ။

ကျွမ်းကိုယ်လုပ်တော်အပြင် ယဲ့ကျန်းကျန်းရဲ့ အာရုံစိုက်မှုကို ရဖို့ ကြိုးစားနေကြတဲ့သူတွေကလည်း အများကြီးပဲ။

တကယ်လို့ သူမသာ သူမဘက်က ပါမယ့်လူတွေကို ပြောင်ပြောင်တင်းတင်း စုမယ်ဆိုရင် ကျီဝူကျိုးက သူမကို ပိုမကြိုက်လေဖြစ်လာပြီး ပြဿနာအသေးလေးတွေ ရှာရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူးဆိုတာ ယဲ့ကျန်းကျန်း သိနေတယ်။ နောက်ပြီး သူမကိုယ်တိုင်ကလည်း အနောက်နန်းဆောင်ရဲ့ တိုက်ပွဲတွေကြား မပါချင်ဘူး။ အနောက်နန်းဆောင်မှာ တိုက်ပွဲတွေ ဖြစ်ရတဲ့ အဓိက အကြောင်းက အာဏာနဲ့ အရှင်မင်းကြီးရဲ့ နှစ်သက်မှုကို လိုချင်ကြလို့ပဲ။ အာဏာဆိုရင်တော့ သူမက တိုက်ခိုက်နေစရာ မလိုဘူး။ သူမမှာ ရှိနေပြီးသားပဲလေ။ အရှင်မင်းကြီးရဲ့ နှစ်သက်မှုဆိုရင်တော့ သူမကတောင် လိုတောင် လိုချင်တာ မဟုတ်ဘူး။ ဒီမယားအငယ်လေးတွေ သူမဆီ ပြဿနာတွေ သယ်မလာသ၍ သူမကတော့ သူတို့ကို ခပ်ဝေးဝေးကနေပဲ ပျော်ပျော်ကြီး ပွဲကြည့်နေပေးမှာ။

ဒါ့ကြောင့်မို့ သူမနဲ့ မဟာမိတ်လုပ်ချင်တဲ့သူတိုင်းကို ယဲ့ကျန်းကျန်းက အေးစက်စက် ဆက်ဆံလေ့ရှိတယ်။

“ မယ်မယ် ဧကရီမိဖုရားခေါင်က လီကိုယ်လုပ်တော်ကို အပြစ်ပေးပြီးကတည်းက ဘာမှလုပ်တာ မတွေ့တော့သလိုပဲ ”

ချိုးဖုန့်က ရှန်ကိုယ်လုပ်တော်အတွက် လက်ဖက်ရည်ခွက်ကို ကိုင်ရင်း မေးလာတယ်။

“ သူမက ဧကရီမိဖုရားခေါင်ပဲလေ။ ဘာမှမလုပ်ဘဲ ထိုင်နေပြီး တစ်ခုခု ဖြစ်လာမှသာ သူမက ဝင်ကိုင်တွယ်ဖြေရှင်းလည်း ရတာပေါ့ ”

ရှန်ကိုယ်လုပ်တော်က ပြောရင်း သူမခေါင်းကို ယမ်းမိတယ်။ တကယ်လို့ ယဲ့ကျန်းကျန်းသာ အရင် စမလုပ်ဘူးဆို သူမကလည်း ဘယ်လိုလုပ် အရင် လုပ်ယူလို့ ရမှာလဲ။ ကျီဝူကျိုးက နာခံတတ်တဲ့ မိန်းကလေးမျိုးကိုပဲ သဘောကျတာလေ။

“ အဲ့လိုဆိုရင်တောင်မှ မယ်မယ်က အရှင်မင်းကြီးရဲ့နှလုံးသားထဲမှာ အရေးပါနေတုန်းပါပဲ။ မနေ့ကတည်းက အရှင်မင်းကြီးက လူလွှတ်ပြီး မယ်မယ် အမဲလိုက်ပွဲကို လိုက်ချင်လားလို့ မေးလာတယ်။ အရှင်မင်းကြီးက ဘာပဲလုပ်လုပ် မယ်မယ့်ကို သတိရတတ်တာပဲ ”

ချိုးဖုန့်က နှုတ်ချိုချိုနဲ့ ပြောလာတယ်။

အဲ့လိုဆိုတော့ကာ ဘာလုပ်ရမှာလဲ။ အရှင်မင်းကြီးက ရှန်ကိုယ်လုပ်တော်အစား ဝမ်ကျဲယွီရဲ့ နာမည်ကတ်ပြားကို လှန်သွားတယ်။ ကျီဝူကျိုး ... သူက တစ်ခါတလေ ရိုမန့်တစ်ဆန်ပြီး ချိုသာပေမဲ့ တစ်ခါတလေကျ ရေခဲတုန်းလိုပဲ အေးစက်နေတတ်တယ်။ သူ့ကို ဘယ်လို ပျော်အောင် လုပ်ပေးရမလဲ သူမ နားမလည်တော့ဘူး။

ရှန်ကိုယ်လုပ်တော် ဘာတွေးနေတယ်ဆိုတာ ချိုးဖုန့်လည်း သိတာပေါ့။ ဒါ့ကြောင့်မို့ သူမ နှစ်သိမ့်ပေးရင်း

“ မယ်မယ့်ကို အကြံပေးရဲမိပါတယ်။ မယ်မယ် အများကြီး တွေးစရာ မလိုပါဘူး။ သာမန်အရပ်သားတွေတောင်မှ မိန်းမတွေ အနည်းနဲ့အများ ရှိကြတာပဲလေ။ အရှင်မင်းကြီးက ဧကရာဇ်တစ်ပါးလေ။ ဘယ်လိုလုပ် သူက လူတစ်ယောက်တည်းကိုပဲ နှစ်သက်ပေးလို့ ရမလဲ။ အရှင်မင်းကြီးရင်ထဲ မယ်မယ်ရှိနေပြီး မယ်မယ့်ကို သတိရနေပြီး တစ်ခုခုဖြစ်တဲ့အခါ မယ်မယ့်ဘက်က ဝင်ကူညီပေးတယ်ဆိုရင် အဲ့တာနဲ့တင် လုံလောက်နေပါပြီ။

ရှန်ကိုယ်လုပ်တော် ခေါင်းငြိမ့်လိုက်ပေမဲ့ သက်ပြင်းကတော့ ချမိတုန်းပဲ။

အနောက်နန်းဆောင်ရဲ့ အဓိက အင်အားကြီး နှစ်ယောက်လုံးက ဘာမှမလှုပ်ရှားတဲ့အခါ ကျန်တဲ့သူတွေလည်း ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေတယ်။

ယဲ့ကျန်းကျန်းတစ်ယောက် နောက်ဆုံးမှပဲ မြှားပစ်လေ့ကျင့်ဖို့ နေရာကို ရှာတွေ့တော့တယ်။ ကျင်းယွင်ဂိတ်ရဲ့ ဘေး၊ ချန်ကျိုးစန်းခန်းမဆောင်နဲ့ အိမ်ရှေ့စံရဲ့ အရှေ့နန်းတော်ကြားမှာ မြေကွက်လပ်တစ်ခုရှိတယ်။ အဲ့နေရာက တော်တော်လေး ကျယ်တယ်။ မြှားပစ်လေ့ကျင့်လို့ ရရုံတင်မကဘူး မြင်းစီးပါ လေ့ကျင့်လို့ ရတယ်။ ဒီနေ့ရာက အရှေ့နန်းတော်ရဲ့ ပိုင်နက်ထဲက တစ်ခုဖြစ်တဲ့အတွက် အနောက်နန်းဆောင်ကသူတွေက ဒီနေရာကို သိပ်မလာကြဘူး။ နောက်ပြီး အိမ်ရှေ့စံရဲ့ အရှေ့နန်းတော်ကလည်း အခုလောလောဆယ် လစ်လပ်နေတယ်။ ဒါ့အပြင် ကျင်းယွင်ဂိတ်ကလည်း ပိတ်ထားတယ်။ အဆင့် ၂နဲ့ သူ့အောက်က အရာရှိတွေက ဒီနေရာကို ဖြတ်သန်းသွားလာခွင့် မရှိဘူး။ ဆိုတော့ကာ ဖြတ်သွားတဲ့သူ နည်းနည်းပဲ ရှိတဲ့ ဒီနေရာလေးက သူမအတွက် မြှားပစ်လေ့ကျင့်ဖို့ရာ အကောင်းဆုံး ဖြစ်နေတယ်။

ယဲ့ကျန်းကျန်းက ဝမ်ရိုးချိုင်ကို ခပ်ဝေးဝေးမှာ ရပ်ခိုင်းပြီး လေးကို တင်ကာ ရွယ်လိုက်တယ်။ မြှားက ထွက်လာပြီး ဝမ်ရိုးချိုင်ရဲ့ ဦးထုပ်ကို သွားထိတယ်။ ဝမ်ရိုးချိုင်ကတော့ တစ်ကိုယ်လုံး တုန်ယင်နေပြီ။ စူးယွဲ့နဲ့ ကျန်‌တဲ့သူတွေက လက်ခုပ်တွေ တီးရင်း သူမကို အားပေးနေကြတယ်။

အဲ့ဒီနောက်မှာတော့ ဒီလောက်က ပျော်တယ်ဆိုရုံလောက်လေးပဲ ရှိတယ်လို့ ယဲ့ကျန်းကျန်း တွေးမိတယ်။ ဒါ့ကြောင့် ခွန်းနင်နန်းဆောင်က ကုန်းကုန်း သုံးယောက်ကို အတန်းလိုက် စီခိုင်းပြီး မြှားသုံးချောင်းယူကာ တစ်ခေါက်တည်းနဲ့ ပစ်လိုက်တယ်။ ကုန်းကုန်း သုံးယောက်လုံးရဲ့ ဦးထုပ်တွေဆီ မြှားက မှန်သွားတယ်။

နောက်တစ်ဖန် ထပ်ချီးကျုးတဲ့ လက်ခုပ်သံတွေနဲ့ စကားသံတွေက အပြင်ဘက်ကတောင် ကြားနိုင်တယ်။

အရှေ့နန်းတော်ရဲ့ ဘေးဘက် ခန်းမဆောင်အတွင်း၌ ...

ကျီဝူကျိုးတစ်ယောက် ခန်းမဆောင်ထဲ လမ်းလျှောက်ရင်း ပန်းချီကားတစ်ခုရှေ့ရောက်တဲ့အခါ ရပ်လိုက်တယ်။ အဲ့ပန်းချီကားထဲမှာ အနီရောင်ဦးထုပ်ဆောင်းထားတဲ့ မိန်းကလေးတစ်ယောက်က နှင်းတွေရဲ့ အလယ်မှာ ရပ်နေတယ်။ သူမရဲ့ လက်ထဲမှာ အဖြူရောင် ကြွေအိုးတစ်လုံး ရှိပြီး အဲ့အိုးထဲမှာတော့ ဇီးပန်းပွင့်တွေက ပွင့်လန်းနေတယ်။ ပန်းချီကားထဲက ကောင်မလေးက သူမရှေ့ကသူကို ပြုံးပြနေတယ်။

ပန်းချီကားအကြောင်းကို တွေးနေတုန်းမှာပဲ အပြင်ဘက်က ဆူဆူညံ့ညံ့အသံတွေကို ကျီဝူကျိုး ရုတ်တရက် ကြားလိုက်ရတယ်။

“ အပြင်က ဘယ်သူတွေလဲ ”

“ အရှင်မင်းကြီး ဧကရီမိဖုရားခေါင် မြှားပစ်လေ့ကျင့်နေတာပါ ”

ဒီနေရာမှာ လာပြီး ရုတ်ရုတ်သဲသဲလုပ်ရဲမှတော့ အဲ့တစ်ယောက်ပဲ နေမှာပေါ့။ ကျီဝူကျိုး ခေါင်းကို ယမ်းလိုက်တယ်။

“ အရှင်မင်းကြီး ကျွန်တော်မျိုး သွားရပ်ခိုင်းလိုက်ရမလား “

“ မလိုဘူး။ ဒီနေရာက ပုံမှန်ဆို တိတ်ဆိတ်နေတာဆိုတော့ နည်းနည်း ဆူဆူညံညံရှိတော့လည်း ကောင်းပါတယ် ”

ကျီဝူကျိုး ပြောရင်း ထိုင်လိုက်တယ်။ ဒီနေရာမှာ နေတဲ့သူ မရှိပေမဲ့ အစေခံတွေက နေ့တိုင်း သန့်ရှင်းရေး လုပ်ထားတဲ့အတွက် သန့်ရှင်းနေတယ်။ ဒီအရှေ့နန်းတော်မှာ နေခဲ့တဲ့ ၁၀နှစ်တာကို ပြန်တွေးမိတော့ အားလုံးကို သူ သေချာ ရှင်းရှင်းလင်းလင်းနဲ့ အသေးစိတ်ကျကျ မှတ်မိနေသေးတယ်။ အဲ့တုန်းကလည်း ကျီဝူကျိုးတစ်ယောက် နေ့တိုင်း အလုပ်များနေခဲ့တယ်။ နေ့တိုင်း ဝမ်ဟွားခန်းမဆောင်ကို သွားပြီး လွှတ်တော်အရေးကိစ္စတွေကို သင်ယူရင် သင်ယူ ဒါမှမဟုတ် အဲ့ဒီ လူအိုကြီး ယဲ့ရှိုးမင်ရဲ့ သင်ခန်းစာတွေကို သွား‌နားထောင်ရတယ်။ ယဲ့ရှိုးမင်နဲ့ ပတ်သက်တဲ့ အမုန်းတရားက အဲ့က စတယ်လို့ ပြောရမယ်။ ဘယ်သူပဲ ဖြစ်ဖြစ် အဲ့လူအိုကြီးဆီကသာ နေ့တိုင်း အဆူခံနေရရင် စိတ်ထဲ မကောင်းတဲ့ ခံစားချက်တွေ ရှိလာမှာပဲ။

ယဲ့ကျန်းကျန်းက သူ့မြေးမ ဖြစ်နေတာ တကယ် သနားဖို့ ကောင်းတာပဲ။

ကျီဝူကျိုး အတွေးတွေက ဟိုးအရင်အချိန်တွေဆီ ရောက်သွားတယ်။ ခဏကြာတဲ့အခါ အပြင်ဘက်က အသံတွေက နီးလာတယ်။

“ ဒါက အရှင်မင်းကြီး အရင်က နေခဲ့တဲ့ နေရာလေ ”

အဲ့ဒါက ယဲ့ကျန်းကျန်းရဲ့ အသံပဲ။

“ အရှင်မင်းကြီး အိမ်ရှေ့စံဘဝတုန်းက တွမ့်ကျင်းခန်းမဆောင်မှာ နေခဲ့တာ။ ဒီနေရာက ဘေးက ခန်းမဆောင်ပဲ။ ဒါက အစေခံတွေ နေခွင့်ရှိတဲ့ နန်းဆောင်ပဲ။ လီကိုယ်လုပ်တော်နဲ့ ရှီးဖေးလည်း ဒီနေရာမှာ အရင်က နေဖူးကြတယ် ”

ယဲ့ကျန်းကျန်း သူမ လေးကို ဘေးကို ကမ်းပေးတဲ့အခါ ဝမ်ရိုးချိုင်က အလျင်အမြန်ပဲ လှမ်းယူလာတယ်။ ယဲ့ကျန်းကျန်း ခန်းမဆောင်ထဲ ဝင်လာပြီး နာမည်ကမ္ပည်းပြားပေါ်က စာကို လှမ်းကြည့်လိုက်တယ်။ အဲ့ဒါက ဟိုး‌တုန်းက ဧကရာဇ်မင်းရဲ့ လက်ရေးမဟုတ်ဘူး ကြည့်ရတာ ကျီဝူကျိုးရဲ့ လက်ရေးဖြစ်မယ့်ပုံပဲ။

အပြင် ထွက်တော့မယ့် ဖုန့်ရိုးတျယ်ကို ရပ်ဖို့ ကျီဝူကျိုး လက်ဟန်ပြလိုက်တယ်။ သူ ပြတင်းပေါက်ရှေ့ထိုင်ရင်း ယဲ့ကျန်းကျန်းကို တိတ်တိတ်ဆိတ်ဆိတ် လှမ်းကြည့်နေလိုက်တယ်။ သူမရဲ့ ဆံပင်တွေကို စုစည်းထားတာကြောင့် သူမရဲ့ ပုံစံလေးက သစ်ဆန်းနေတယ်။ အဝတ်အစားတွေကလည်း ချပ်ချပ်ရပ်ရပ် ဖြစ်အောင် ခပ်ကြပ်ကြပ် ဝတ်ထားတာမို့ သူမရဲ့ ကောက်ကြောင်းအလှကို ထင်ရှားစေတယ်။ လေ့ကျင့်ခန်းလုပ်ထားတာ မကြာသေးတဲ့အတွက် သူမ ရဲ့ အသက်ရှူနှုန်းက မြန်နေပြီး နဖူးမှာ ချွေးလေးတွေကလည်း စို့နေတယ်။ ပါးမို့မို့လေးက သဘာဝအတိုင်း ပန်းနုရောင် သန်းနေပြီး ဝိုင်းစက်ကြည်လင်တဲ့ မျက်ဝန်းတွေနဲ့ နာမည်ကတ်ပြားကို ကြည့်ရင်း အတွေးထဲ နစ်မျောနေတယ်။

“ ဧကရီ မင်း အဲ့လောက်ကြည့်နေတာ စာလုံးတွေကို မသိလို့များလား ”

ကျီဝူကျိုးက ပြတင်းပေါက်ကနေ ကျီစယ်ရင်း မေးလိုက်တယ်။

အဲ့အခါကျမှပဲ ကျီဝူကျိုး ဒီနေရာမှာ ရှိနေတာကို ယဲ့ကျန်းကျန်း သတိထားမိတော့တယ်။ နေ့လယ်ခင်းနေရောင်ခြည်က ပြတင်းပေါက်ကနေတဆင့် ကျီဝူကျိုးရဲ့ မျက်နှာပေါ် ဖြာကျနေတယ်။ အရင်လို သူ့ရဲ့ ခပ်တင်းတင်း မျက်နှာထားလည်း မရှိတာကြောင့် အဲ့အစား ရင်းနှီးဖော်ရွေပြီး ပေါင်းသင်းရလွယ်တဲ့သူပုံစံမျိုး ပေါ်တယ်။ ပန်းချီကားထဲက ထွက်လာတဲ့ ပန်းခူးနေတဲ့ လုလင်ပျိုလိုမျိုးပဲ။

ကျီဝူကျိုးကို ကြည့်ရင်း ယဲ့ကျန်းကျန်း ရုတ်တရက် ပြုံးမိသွားတယ်။ သူက တကယ် ပန်းခူးတဲ့သူပဲ။ ( မိန်းမတွေ အများကြီး ယူတာကို ပြောတာပါ )

“ တကယ် လိုက်ဖက်ပါပေတယ် ”

ဘာကြောင့်မှန်းတော့ မသိပေမဲ့ ကျီဝူကျိုး စိတ်ထဲ flirt နေသလို ခံစားလိုက်ရတယ် ....


ရွှေနန်းထက်က ဧကရီWhere stories live. Discover now