Chapter 68

1K 98 1
                                    

Empress with no Virtue
Chapter 68
Translator – Utopia

သာလိကာလေးက ထပ်ကာ ထပ်ခါ အော်နေတယ်။

"ဧကရီမိဖုရားခေါင် ကိုယ်ဝန်ရှိနေပြီ"

ယဲ့ကျန်းကျန်းကတော့ သူ စကားအသစ်တစ်ခုတတ်လာတာပဲလို့ သဘောထားလိုက်ပြီး ဘာမှထွေထွေထူးထူး မဖြစ်ချေ။ ဒါပေမဲ့ ကျီဝူကျိုးကတော့ ချက်ချင်းပဲ သူမကို စစ်ဆေးဖို့ တော်ဝင်သမားတော်ကို ခေါ်လိုက်တော့တယ်။ ရှေ့ရက်တွေတုန်းက သမားတော်တွေ သူမကို ပုံမှန်စစ်ဆေးနေကြအတိုင်း စစ်ဆေးပေးပြီးပြီဖြစ်ပြီး အားလုံးပုံမှန်ပါပဲဆိုတာကို သူမ ပြောပြမလို့ လုပ်လိုက်ပေမဲ့ ကျီဝူကျိုး အရမ်းစိတ်လှုပ်ရှားနေတာကို တွေ့တော့ သူမလည်း ဘာမှမပြောတော့ဘဲ ဒီအတိုင်းငြိမ်ငြိမ်လေးပဲစောင့်နေလိုက်တော့တယ်။

သူမကို စစ်ဆေးပြီးတဲ့နောက် သမားတော်က ပျော်ရွှင်သွားတဲ့မျက်နှာနဲ့ ဒူးထောက်လိုက်ရင်း

"ဂုဏ်ယူပါတယ် အရှင်မင်းကြီး၊ မယ်မယ့်မှာ ကိုယ်ဝန်ရှိနေပါပြီ"

သမားတော်ပြောတာကို ကြားလိုက်တဲ့ အစေခံ‌တွေ ကုန်းကုန်းတွေလည်း ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ပြီး

"အရှင်မင်းကြီးနဲ့ ဧကရီမိဖုရားခေါင်မယ်မယ်တို့အတွက် ဂုဏ်ယူပါတယ်"

ယဲ့ကျန်းကျန်း အံ့အားသင့်သွားပြီး ကျီဝူကျိုးကို လှမ်းကြည့်လိုက်တယ်။ သူ့မျက်နှာက အစောနကလို စိုးရိမ်ပူပန်မှုတွေ မရှိတော့ဘဲ ထွက်ခါစ နေမင်းလို တောက်ပနေတော့တယ်။

"အရှင်မင်းကြီး ..."

အခန်းထဲကသူတွေအားလုံး ဒူးထောက်နေကြတာဖြစ်တယ်။ ဒီတော့မှ ကျီဝူကျိုးလည်း သတိရသွားပြီး

"ဆုချီးမြှင့်စေ"

အားလုံးလည်း ပျော်ရွှင်သွားကြတယ်။

ကျီဝူကျိုးတစ်ယောက် လက်နောက်ပစ်ရင်း ရှေ့လျှောက် နောက်လျှောက် ခေါက်တုန့်ခေါက်ပြန် လျှောက်နေတော့တယ်။ ယဲ့ကျန်းကျန်း သူ့ကို ကြည့်ရင်း မူးတောင်လာတယ်။

တော်ဝင်သမားတော်က စူးယွဲ့ကို ဆောင်ရန်ရှောင်ရန်တွေကို ပြောပြနေတယ်။ ထို့နောက် ကျီဝူကျိုးဘက် လှည့်ပြီး

"ဧကရီမိဖုရား‌ခေါင်ရဲ့ကိုယ်ခန္ဓာက သန်စွမ်းကျန်းမာတာမို့ သေချာဂရုစိုက်ပေးမယ်ဆို မိခင်ရောကလေးရော ကျန်းကျန်းမာမာနဲ့ မီးဖွားနိုင်ပါလိမ့်မယ်"

ဒီလိုပဲ ဖြစ်ရမှာပေါ့။ ကျီဝူကျိုး လမ်းလျှောက်တာ ရပ်လိုက်ပြီး ငေးမောနေတဲ့ယဲ့ကျန်းကျန်းကို လှမ်းကြည့်လိုက်တယ်။ ထို့နောက် အားလုံးကို အရင် ထွက်သွားခိုင်းလိုက်တယ်။ ဒါပေမဲ့ သမားတော် မထွက်သွားခင်မှာ ကျီဝူကျိုးက

"ဧကရီကိုယ်ဝန်ရှိနေတဲ့ကိစ္စ ဘယ်သူမှ မသိစေနဲ့"

"နားလည်ပါပြီ"

ထို့နောက် ကျန်တဲ့သူတွေကိုလည်း ကြည့်လိုက်ပြီး

"မင်းတို့ကောပဲ၊ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောရဘူး"

ကျန်းကျန်းနဲ့ပတ်သက်ပြီး ကောလာဟလတွေက ထွက်ထားတာဆိုတော့ အခုနေ ကိုယ်ဝန်ရှိတဲ့သတင်းသာ ပျံ့သွားရင် ဘာတွေဖြစ်လာမလဲ ဘယ်သူသိနိုင်မလဲ။

ရှေ့ကပြဿနာကို ဖြေရှင်းပြီးမှပဲ ဒီသတင်းကြီးကို ကြေညာတော့တယ်။ အဲ့အခါကျမှ ဂုဏ်ပြုခံတာက ကောင်းလိမ့်မယ်။ သမားတော်ထွက်သွားပြီးနောက် ကျီဝူကျိုး အားလုံးကို ထွက်သွားခိုင်းလိုက်ပြီး ယဲ့ကျန်းကျန်း တစ်ယောက်တည်းသာ ကျန်ခဲ့တော့တယ်။ သူ အိပ်ရာပေါ် ထိုင်လိုက်ရင်း သူမဗိုက်ပေါ် လက်ကို အသာအယာတင်လိုက်တယ်။ အဝတ်အစားတွေကြားကနေ နွေးထွေးတဲ့ခံစားချက်ကို ခံစားနိုင်တယ်။ ဒီခံစားချက်က သိပ်ကို ဆန်းကြယ်တယ်၊ မသိရင် ဗိုက်ထဲက ကလေးလေးနဲ့ သူ့ကြား နှောင်ကြိုးတစ်ခုဖြစ်တည်နေသိလိုမျိုးပဲ။

"ကျန်းကျန်း မင်းက တကယ် ချီးကျူးလောက်စရာပဲ"

ကျီဝူကျိုး ရယ်လိုက်တယ်။ ပုခုံးချင်းမှီရင် ယဲ့ကျန်းကျန်း သူမလက်ကို ဗိုက်ပေါ်တင်ထားတဲ့ ကျီဝူကျိုးလက်ပေါ် တင်လိုက်တယ်။

"အရှင်မင်းကြီး ကလေးချစ်လား"

"ဒါပေါ့ ချစ်တာပေါ့"

ကျီဝူကျိုး ပြောရင်း သူ့လက်ကို သူမလက်ပေါ် တင်လိုက်တယ်။

"ဒါပေမဲ့ ကျွန်တ်ောမျိုးမစိတ်ထဲ အရှင်မင်းကြီးက ကလေးမချစ်သလိုပဲ။ ဝမ်ကျောင်းရိကလေးပျက်ကျတုန်းက အရှင်မင်းကြီးက ဝမ်းနည်းပုံမပေါ်ဘူး"

"မင်း အခုထိ နားမလည်သေးဘူးလား။ ဝမ်ကျောင်းရိက ဝမ်‌ကျောင်းရိ၊ မင်းက မင်းလေကွာ။ မင်းဆီက ရင်သွေးလေးကို ကိုယ်က မလိုချင်ဘဲ ရှိပါ့မလား"

"ဒါဆို ဒီတစ်လျှောက်လုံး အရှင်မင်းကြီးမှာ ဘာလို့ ကလေးမရှိသေးရတာလဲ"

ဧကရာဇ်တစ်ပါးအနေနဲ့ မောင်းမမိဿံတွေ အမျာကြီး ရှိပေမဲ့ ကလေးတစ်ယောက်မှ မရှိသေးတာက သဘာဝမကျဘူး။ ကျီဝူကျိုး သက်ပြင်းချလိုက်တယ်။

"ကျန်းကျန်း မင်း မသိသေးလို့ပါ .... တော်ဝင်မိသားစုထဲမှာ မွေးဖွားလာတာက အမြင်မှာတော့ သိပ်ကို ကြီးကျယ်ခမ်းနားပေမဲ့ တကယ်တမ်းကျ ပြဿနာတွေ အများကြီး ရှိတယ်။ မင်းသမီးဆိုရင်တော့ ကိစ္စမရှိဘူး၊ သူမ အရွယ်ရောက်လာတဲ့အခါကျ ယောက်ျားကောင်းတစ်ယောက်ကို ရွေးချယ်ပြီး အိမ်ထောင်ပြုသွားလို့ရတယ်။ ဒါပေမဲ့ မင်းသားဆိုရင်တော့ ညီအစ်ကိုတွေ အများကြီး ရှိနေမယ်ဆို သူတို့ကြားဆက်ဆံ‌ရေးက သာမန်လူတွေလို ကောင်းမွန်မှာ မဟုတ်ဘူး"

သူ တိတိကျကျကြီးတော့ မပြောပေမဲ့ ဘာကိုဆိုလိုလဲ ယဲ့ကျန်းကျန်း နားလည်ပါတယ်။ မင်းသားတွေက အများကြီးရှိပြီး ဧကရာဇ်ကတော့ တစ်ယောက်ပဲ ဖြစ်နိုင်တယ်။ ဒီတော့ကာ သူတို့တွေ အရွယ်ရောက်လာတဲ့အခါကျ ထီးနန်းအတွက် ပြိုင်ဆိုင်မှုတွေက ရှိလာမှာပဲဖြစ်တယ်။ မင်းသားတွေကြား ထီးနန်းလုပွဲမှာ အသေရှင်းပစ်ကြတာက မထူးဆန်းတဲ့ကိစ္စပဲ။ ကျီဝူကျိုးရဲ့ခမည်းတော်က အနီးစပ်ဆုံး ဥပမာပဲ။

"ဒါကြောင့်မို့ ကိုယ် အဲ့တာကို စိတ်မပူတာမဟုတ်ဘူး၊ စိတ်မပူရဲတာ။ ခမည်းတော်မှာ ကိုယ်လုပ်တော်တွေ အများကြီးရှိပေမဲ့ ကလေးကတော့ တစ်ယောက်ပဲရှိတာ ဒါ့ကြောင့်နဲ့ တူပါတယ်"

ကျီဝူကျိုးရဲ့ခမည်းတော်က သူ့ညီအစ်ကိုတွေကို သတ်ခဲ့ပေမဲ့ သူ့သားကိုတော့ အဲ့လိုမဖြစ်စေချင်ခဲ့ဘူးနဲ့ တူတယ်။  ဒါပေမဲ့ အခုလိုလုပ်တာက သိပ်ယုံကြည်ချက်ပြင်းထန်လွန်းတယ်‌တော့ ပြောရမယ်။ တကယ်လို့ သူလည်း အသက်တွေကြီးပြီး သူ့သားသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ..... ။ ယဲ့ကျန်းကျန်း သက်ပြင်းချလိုက်တယ်။

"ဒီတော့ အရှင်မင်းကြီး ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ"

"ကိုယ့်ပဏာမဇနီးဆီနေပဲ ကလေးလိုချင်တယ်၊ ဒီလိုဆို ရာထူးအဆင့် အနိမ့်အမြင့် မရှိတော့ဘူး။ သားတစ်ယောက်နဲ့ သမီးတွေအများကြီးပေါ့"

ကျီဝူကျိုး ပြန်ဖြေရင်း သူမ ပါးလေးကို ညှစ်လိုက်တယ်။

"မင်းနဲ့တူတဲ့သမီးတွေ အများကြီး မွေးပေးနော်"

ယဲ့ကျန်းကျန်း ခေါင်းငုံ့လိုက်တယ်။ သူမ ဘာပြောရမှန်းမသိ ဖြစ်သွားတယ်။

"ဒါက ကျွန်တော်မျိုးမ ဘယ်လိုလုပ် ထိန်းချုပ်လို့ ရမှာလဲ။ တကယ်လို့ မတော်တဆ ကျွန်တော်မျိုးမသာ သား ၂ယောက် မွေးခဲ့ရင် ဘယ်လိုလုပ်မလဲ"

"ဒါဆိုလည်း ကိုယ် သေတမ်းစာရေးခဲ့ပြီး အစောကြီးကတည်း ထီးနန်းအတွက် ပြိုင်ဆိုင်တာတွေမဖြစ်အောင် လုပ်ခဲ့မယ်"


ယဲ့ကျန်းကျန်း သူ့လက်ချောင်းလေးတွေကို ဆော့ကစားနေတယ်။

"ဒါပေမဲ့လေ ဒီနေ့ဖြစ်သွားတဲ့ကိစ္စတွေကို စိတ်ထဲ တစ်မျိုးထူးဆန်းနေသလိုပဲ"

ကျီဝူကျိုး သူမကို ဆက်ကစားခွင့်ပြုထားပြီး ရယ်မောရင်း

"အို ကိုယ်တို့ကျန်းကျန်းက မိခင်ဖြစ်တော့မှာဆိုတော့ အခုကတည်းက စိုးရိမ်နေပြီလား။ မကြောက်ပါနဲ့ကွာ ကိုယ်လည်း မင်းလိုပါပဲ"

"မဟုတ်ဘူး" သူမ ခေါင်းခါလိုက်ရင်း "ကိုယ်ဝန်ရှိနေတယ်ဆိုတာကို သာလိကာက ဘယ်လိုသိနေတာလဲကို စိတ်ထဲ ထူးဆန်းနေတာ။ သမားတော်တောင်မှ ကျွန်တော်မျိုးမကို သွေးခုန်နှုန်းစမ်းပေးပြီးမှ အတည်ပြုပေးနိုင်တာ။ သူက ဘယ်လိုလုပ် ပါးစပ်ဟလိုက်တာနဲ့ တန်းသိနေရတာလဲ"

"ဖြစ်နိုင်တာက ဒီအတိုင်း လျှောက်ပြောလိုက်တာ နေမှာပါ။ မင်းက ကောင်းခြင်းတွေနဲ့ ပြည့်စုံနေတော့ မင်းပိုင်တဲ့တိရစ္ဆာန်လေးတွေကလည်း ဒီလိုပဲ နေမှာပါ။ မင်းကို အစောကြီး ပြောပြတာ ထူးတော့ မထူးဆန်းပါဘူး"

"ဒါပေမဲ့ တစ်ခုခုက မှားနေသလိုပဲ"

ကျီဝူကျိုး သူမခေါင်းကို ဖွဖွ ပွတ်သပ်ပေးရင်း

"အဲ့တော့လည်း ဘာဖြစ်လဲ။ သမားတော်က အတည်ပြုပေးပြီးပြီပဲဟာ။ ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်ချေ"

ထိုခဏပါပဲ ကျန်းကျန်းနဲ့ သူ အတူနေလို့မရတော့ဘူးဆိုတာ တွေးမိပြန်တော့ ချက်ချင်းပဲ စိတ်ဓာတ်ကျသွားတော့တယ်။

"အရှင်မင်းကြီး"

"အွန်း"

သူမ ပြန်မပြောရသေးခင်မှာပဲ ပြတင်းပေါက်ကနေ သာလိကာက ရုတ်တရက် ဝင်လာပြီး

"အရှင်မင်းကြီးက အိပ်ရာပေါ်မှာ မစွမ်းဆောင်နိုင်ဘူး! အရှင်မင်းကြီးက အိပ်ရာပေါ်မှာ မစွမ်းဆောင်နိုင်ဘူး!"

ကျီဝူကျိုး မတ်တတ်ထရပ်ပြီး သာလိကာကို ခြေ‌ထောက်က ကိုင်ကာ ပြတင်းပေါက်အပြင်ဘက်ကို လွှင့်ပစ်လိုက်တယ်။ ယဲ့ကျန်းကျန်း ရယ်ချင်စိတ်ကို ထိန်းရင်း

"ဒီဟာလေးကတော့ ကြည့်ရတာ နန်းတော်တစ်ပတ် ပတ်လိုက်တာ စကားအစုံ ကြားလာခဲ့တယ်နဲ့တူတယ်"

ကျီဝူကျိုး စကားတောင် မပြောနိုင်တော့ဘူး။

နန်းတော်တစ်ခုလုံးကလူတွေက သူ့အကြောင်းကို ဘယ်လိုပြောကြလဲ ကျီဝူကျိုးလည်း သိတယ်။ ဒါပေမဲ့ သူ့ကို မစွမ်းဆောင်နိုင်ဘူးလို့ ပြောတာက တကယ်ကို လူသားမဆန်တာပဲ၊ အခုဆို ငှက်တောင်မှ သိကုန်ပြီ။ ဒါပေမဲ့ စွမ်းဆောင်နိုင်လား စွမ်းမဆောင်နိုင်ဘူးလားဆိုတာကိုက သက်သေပြဖို့ကလည်း ခက်သား။ တကယ်ပဲ အနောက်နန်းဆောင်က ရှိသမျှကိုယ်လုပ်တော်တွေနဲ့ လိုက်အိပ်ပြရမှာလား?? အဲ့လိုသာလုပ်ရင် ကျန်းကျန်းကတော့ သူ့ကို သတ်မှာသေချာတယ်။ သူမမျက်နှာလေး နည်းနည်းညှိုးငယ်နေတာတွေ့တော့ သူမ ဆီလျှောက်လာလိုက်တယ်။

"ကိုယ် စွမ်းဆောင်နိုင်လား မစွမ်းဆောင်နိုင်လား သူများတွေ မသိရင်တောင် မင်းကတော့ သိမှာပါ။ ဟုတ်တယ်မလား"

ယဲ့ကျန်းကျန်း ပါးလေးတွေ နီမြန်းသွားပြီး သူ့ကို ပြန်မဖြေလာတော့ဘူး။ သူမ ရှက်နေတာလေးကို တွေ့တော့ ကျီဝူကျိုး အသည်းယားလာပြီး သူမဗိုက်ပေါ် လက်ကလေး တင်လိုက်တယ်။

"ဒါက သက်သေပဲလေ။ မင်း ဝန်မခံချင်ဘူးလို့တော့မပြောနဲ့နော်"

ယဲ့ကျန်းကျန်း ရှက်ရှက်နဲ့ ကျီဝူကျိုးရဲ့လက်ကိုပဲ ကြည့်နေတော့တယ်။ ကျီဝူကျိုး ခေါင်းငုံ့လိုက်ပြီး သူမပါးလေးကို နမ်းလိုက်တယ်။ ထို့နောက် ပါးလေးကို နမ်းရတာ အားမရတော့ နှုတ်ခမ်းလေးကိုပါ နမ်းလိုက်တယ်။ မြင်သာမြင်ရ မကြင်ရ ... ဒါက ချိုမြိန်တဲ့ခံစားချက်လား ဝမ်းနည်းတာလားတောင် မသိတော့ဘူး။

နောက်နေ့ကျ ကောလာဟလနဲ့ ပတ်သက်ပြီး ကျီဝူကျိုးလွှတ်ထားတဲ့ သူလျှိုက အသုံးဝင်တဲ့သတင်းနဲ့အတူ ပြန်ရောက်လာတယ်။ ရွှီမိသားစုနဲ့ ဖန့်မိသားစုက သံသယစာရင်းထဲမှာ ပါပေမဲ့ ဖန့်မိသားစုကိုတော့ ကျီဝူကျိုး ဖယ်ထုတ်လိုက်တယ်။ ဖန့်ရှိုးချင်းက သွားရှုပ်လို့ရတဲ့သူမဟုတ်ဘူး။ သူ ရှိနေသ၍ ဖန့်မိသားစုက အဆင်အခြင်မဲ့တော့ လုပ်ရဲမှာ မဟုတ်ဘူး။ ရှန်ကိုယ်လုပ်တော်က ထက်မြက်ပေမဲ့ မယ်တော်ကြီးနဲ့ ပေါင်းနေတာဆိုတော့ တစ်ခုခုလုပ်ရင်တောင်  သူ့လက် အပေမခံဘဲ မယ်တော်ကြီးလက်နဲ့ပဲ လုပ်ခိုင်းမယ့်သူမျိုး။ ဒီတော့ကာ အခုကိစ္စကို လုပ်တဲ့သူက ရွှီမိသားစုကပဲ ဖြစ်လိမ့်မယ်။ နန်းတော်ထဲကလူက အပြင်ကို ကောလာဟလဖြန့်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ဆိုတော့ကာ ဒီတစ်ခေါက်မှာ မယ်တော်ကြီး ပါပါ မပါပါ ရွှီမိသားစုကတော့ ပတ်သက်နေဆဲပဲ။

မျိုးရိုးမြင့်မိသားစုတွေကတော့ သိက္ခာအကျခံပြီး ကိုယ်တိုင် ကောလာဟလတွေ စဖြန့်ကြမှာမဟုတ်ချေ။ ဆိုတော့ သူတို့ ကောလာဟလဖြန့်ဖို့အတွက် ကြားခံလူလိုတယ်။ သေချာအလုပ်ပြီးဖို့ဆို သူတို့နဲ့အနီးစပ်ဆုံးသူကိုပဲ ခိုင်းလိမ့်မယ်။ ဒီလိုနဲ့ သံသယရှိစာရင်းကို စစ်ထုတ်လိုက်တော့ တရားခံက ရွှီမိသားစုရဲ့ အိမ်တော်ထိန်းကြီးဖြစ်နေတယ်။ အမှုကို မရှည်ကြာစေချင်တာကြောင့် ကျီဝူကျိုး ချက်ချင်းပဲ သူ့ကို ဖမ်းမိန့်ထုတ်ပြီး စစ်ဆေးစေတယ်။ လိုအပ်ရင် တစ်မိသားစုလုံးပါ ခေါ်ယူစစ်ဆေးနိုင်တယ်။ တစ်ညတည်းနဲ့ ဝန်ခံလာအောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ။ ဒီကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို သိနိုင်လိမ့်မယ်။

ကျီဝူကျိုး အမိန့်ပေးပြီးတဲ့နောက် တော်ဝင်သမားတော်တစ်ယောက်က ကျန်းမာရေးစစ်ဆေးပေးဖို့ အခစားဝင်လာတယ်။ ဒီတစ်ခေါက်ရောက်လာတဲ့ သမားတော်က သမားတော်ထိုက်ရဲ့ တပည့် ဖြစ်ပြီး အသက် ၂၀ ကျော်ပဲ ရှိသေးတဲ့ သမားတော်စွန်း ဖြစ်တယ်။ သမားတော်ထိုက်ရဲ့အဆိုအရ သမားတော်စွန်းက နှေးကွေးပေမဲ့လည်း ရိုးသားဖြောင့်မတ်တယ်။ သူ့အကြောင်းကို ကျီဝူကျိုး အရင်က ကြားဖူးတယ်။ သမားတော်ထိုက်က သူ့တပည့်ကို နေရာပေးချင်လို့ တမင် အရှင်မင်းကြီးဆီ သူ့အစား လွှတ်ပြီး စစ်ဆေးစေတာဖြစ်တယ်။ 

သမားတော်စွန်းက စကားနည်းတဲ့သူဖြစ်တယ်။ ကျီဝူကျိုးကို အရိုအသေပြုပြီးနောက် သူ့လက်ကို ကျီဝူကျိုးလက်ကောက်ဝတ်ပေါ်တင်ပြီး သူလုပ်ရမယ့်ဟာကို စတင်လုပ်တော့တယ်။ ရုတ်တရက် သူ့မျက်နှာက ပြောင်းသွားတယ်။ ထို့နောက် ကျီဝူကျိုးကို ထူးထူးဆန်းဆန်း ကြည့်နေတယ်။ ကျီဝူကျိုးလည်း သူ့လက်သူ ပြန်ရုတ်လိုက်ပြီး

"ဒီတော့ အခြေအနေ ဘယ်လိုလဲ"

သမားတော်စွန်း ပါးစပ်ဟလိုက်ပေမဲ့ အသံက ထွက်မလာချေ။ ကြိုးစားပြီး ပြောပြသော်ငြား အသံကို ထွက်မလာတော့။ ကျီဝူကျိုး မျက်မှောင်ကျုံ့သွားတယ်။

"ဒီတော့ ကိုယ်တော့်သွေးခုန်နှုန်းက အခြေအနေ ဘယ်လိုလဲ"

"ကျွန် ... ကျွန်တော်မျိုး မပြောရဲကြောင်းပါ"

"အမှန်အတိုင်းပဲပြော။ ကိုယ်တော် မင်းကို အပြစ်မပေးဘူး"

သမားတော်စွန်း တွန့်ဆုတ်နေတာမြင်တော့ ကျီဝူကျိုးလည်း စိတ်ပူလာတယ်။ သူ ကုမရတဲ့ရောဂါမျိုး ရနေတာတော့ မဟုတ်ဘူးမလား။ စိတ်အေးအေးထား စိတ်အေးအေးထား။ ကျီဝူကျိုး သူ့ကိုယ်သူ ပြန်အားပေးနေရတယ်။ သမားတော်စွန်းလည်း အံကိုကြိတ်ရင်း

"အရှင်မင်းကြီး အရှင်မင်းကြီးဆီမှာ ....." ပြန်တွေးကြည့်လိုက်တော့ ဒါက သတင်းကောင်း မဖြစ်နိုင်ချေ။

"အရှင်မင်းကြီးဆီမှာ ကိုယ်ဝန်ရှိနေနိုင်ကြောင်းပါ"




ရွှေနန်းထက်က ဧကရီWhere stories live. Discover now