Chapter 36

1.8K 194 1
                                    

Empress with no Virtue
Chapter 36

ဒီလိုနဲ့ ကျီဝူကျိုးတစ်ယောက် မျက်နှာအရေထူထူနဲ့ပဲ ယဲ့ကျန်းကျန်းနဲ့အတူ ခွန်းနင်နန်းဆောင်ထိ လိုက်လာတယ်။
 
သူ မိန်းကလေးတွေကို ချော့တဲ့နေရာမှာ မတော်ဘူးရယ်။ များသောအားဖြင့် သူ တကယ် ချော့ဖို့လိုလာတဲ့အခါမျိုးမှသာ ချိုချိုသာသာ ပျားရည်လိုစကားမျိုးတွေ ပြောတတ်တယ်။ အခုလို ဒေါသထွက်နေတဲ့ ယဲ့ကျန်းကျန်းနဲ့ကျ သူ တကယ် ဘာလုပ်လို့ လုပ်ရမလဲ မသိတော့ဘူး။ ရှင်းပြဆိုရင်လည်း သူ ရှင်းပြပြီးပြီပဲဟာ။ နောက်ပြီး ပုံမှန်ဆိုရင်လည်း ကျီဝူကျိုးက စကားများများ ပြောတတ်တဲ့သူ မဟုတ်တာကြာင့် ဒီစကားတစ်ခွန်းကိုပဲ ထပ်ခါထပ်ခါ ပြောရတာကို မကြိုက်ဘူး။
 
ဒါ့ကြောင့်မို့ လေထုက တကယ်ကို ကိုးရိုးကားရားနိုင်နေခဲ့တယ်။
 
ယဲ့ကျန်းကျန်းကတော့ တော်တော်လေး ပင်ပန်းနေပြီမို့ အိပ်ရာပေါ်တက်ပြီး အိပ်နှင့်သွားပြီ။ ကျီဝူကျိုးတစ်ယောက်တည်း သူမဘေး အတွေးထဲနစ်ရင်း ကျန်ခဲ့တယ်။
 
ဒီနေ့ကိစ္စက တစ်ခုခုတော့ ရှိကိုရှိရမယ်။ ပထမအချက်အနေနဲ့ ဘာလို့ မယ်တော်ကြီးက ယင်းဟွာခန်းမဆောင်မှာ အချိန်ကိုက်ပေါ်လာတာလဲ။ ဒုတိယတစ်ချက်က ဘယ်သူက ကျောက်စိမ်းပြားနဲ့ အမိန့်အတုပေးပြီး လုလီကို ဒီကို လာခိုင်းတာလဲ။
ပထမတစ်ခုကတော့ ရှင်းပါတယ်။ ဒီစွပ်စွဲချက်က မယ်တော်ကြီးလက်ချက်ပဲ။ ဒါဆိုရင် ကျောက်စိမ်းပြားကို ခိုးပြီး အမိန့်အတုပေးခဲ့တဲ့သူက သူမလား? ဒါလည်း မဖြစ်နိုင်ပြန်ဘူး။ လုလီ ကျောက်စိမ်းပြားကို ထုတ်ပြနိုင်သ၍ ဒီကိစ္စက ရှင်းရလွယ်သွားပြီ။ တစ်ယောက်ယောက်က ဒါကို ‌ထောင်ချောက်ဆင်ဖို့ သုံးခဲ့တဲ့ပုံတော့ မပေါ်ဘူး။
နောက်ပြီး မယ်တော်ကြီး လုလီကို စစ်ဆေးခိုင်းတဲ့အခါ မသိရင် သေချာပေါက် သက်သေတစ်ခုခု ရှာတွေ့မယ်လို့ အတပ်သိနေတဲ့ပုံမျိုးပေါ်တယ်။
 
အတွေးတွေအားလုံးကို အကျဉ်းချုပ်လိုက်တဲ့အခါ ကျီဝူကျိုး တစ်ခုခုကို သိလိုက်ရတယ်။ အဖြစ်နိုင်ဆုံးက မယ်တော်ကြီးက လူလွှတ်ပြီး အမိန့်ကို အတုလုပ်ခဲ့ဝာာပဲ။ ဒါပေမဲ့ ကျောက်စိမ်းပြားမဟုတ်ဘဲ ဧကရီရဲ့ပစ္စည်းတစ်ခုခုနဲ့ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒီအစီအစဉ်တစ်ခုလုံးကို လုလီက ရိပ်မိပြီး ယဲ့ကျန်းကျန်းဟာနဲ့ ကျောက်စိမ်းကို လဲပစ်လိုက်ပြီး အစီအစဉ်ကို ပြောင်းပြန်လှန်ပစ်လိုက်တယ်ဆိုတာ သူ တွေးကြည့်စရာတောင် မလိုဘူး။
 
ဒီတော့ကာ ကျောက်စိမ်းပြားက လုလီကိုယ်တိုင်ခိုးတာ ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် ကန်ချင်းနန်းဆောင်က တစ်ယောက်ယောက်က ခိုးယူပြီး လုလီကို ပေးလိုက်တာပဲ။ ဘယ်တစ်ခုပဲဖြစ်စေ ကန်ချင်းနန်းဆောင်ကလူတွေကို ပြန်လေ့ကျင့်ပေးဖို့ လိုနေပြီ။
လုလီ ကျောက်စိမ်းပြားကို ခိုးခဲ့တယ်ဆိုတာကို သူတွေးမိတဲ့အချိန်မှာ ဒါက လိမ်ညာမှုကြီးတစ်ခု ‌ဖြစ်ပေမဲ့လည်း ကျီဝူကျိုးရဲ့ ပထမဆုံးတုံ့ပြန်မှုက ဒေါသထွက်ရမယ့်အစား တော်သေးတာပေါ့လို့ ခံစားလိုက်ရတယ်။ သူ့ရင်ထဲက ဒေါသတွေလည်း အတော်အတန် ပြေသွားပြီး ဒီတစ်ခေါက်တော့ တုံးအချင်ယောင် ဆောင်ပေးလိုက်ပြီး လုလီကို အပြစ်မပေးတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ထို့နောက် မယ်တော်ကြီးက ချွေးမကို အပြစ်ပေးချင်တာနဲ့ပဲ ကိုယ့်သားအရင်းကိုတောင် ဦးထုပ်စိမ်းဆောင်းပေးတာကို တွေးမိတဲ့အခါ ကျီဝူကျိုး ဒေါသထွက်ပြီး စားပွဲခုံကို ဘမ်းကနဲ ရိုက်လိုက်တယ်။
စိတ်အေးချမ်းရမှုက ရုတ်တရက် ရောက်ရှိလာသလိုမျိုး သူ သက်ပြင်းချလိုက်ရင်း မေးစေ့ကို သူမညှပ်ရိုးပေါ် တင်ကာ နားအနား တိုးတိုးလေး ကပ်ပြောလိုက်တယ်။
 
“မင်းသိရဲ့လား၊ အဲ့တာ တကယ်ဖြစ်နေမှာကို ကိုယ် သိပ်ကြောက်နေခဲ့တာ”
 
သူ့ကို ပြန်ဖြေလာတာကတော့ တစ်ဖက်သူရဲ့ အိပ်မောကျနေတဲ့ ခပ်မှန်မှန်အသက်ရှုသံပဲ ဖြစ်တယ်။
 
နောက်နေ့ နေ့လယ်ခင်းမှာ ဆီးပန်းဥယျာဉ်ထဲ ကုန်းကုန်းတစ်ယောက် သတ်သေသွားတယ်လို့ ယဲ့ကျန်းကျန်း ကြားလိုက်ရတယ်။ မယ်တော်ကြီးက ဗိုလ်ကြီးလုကို အဲ့ကုန်းကုန်းနဲ့ အမိန့်တော်ကို အတုလုပ်ခဲ့တဲ့ကုန်းကုန်းက အတူတူပဲလား လာစစ်ဆေးခိုင်းခဲ့တယ်။
 
ယဲ့ကျန်းကျန်း စူးယွဲ့ကို မေးလိုက်တယ်။ သူမ အဲ့နေရာကို မသွားခဲ့ပေမဲ့လည်း ဝမ်ရိုးချိုင်က ‌သွားကြည့်ခဲ့ပြီး လုလီနဲ့ပါ တွေ့ခဲ့သေးတယ်။
 
“ဟုတ်လည်း ဟုတ်သလို ဟုတ်လည်း မဟုတ်ပါဘူး”
 
ဝမ်ရိုးချိုင်က ဖြေလာတယ်။
“ဘယ်လိုဖြစ်လို့လဲ”
ဝမ်ရိုးချိုင် အသံကို နိမ့်လိုက်ပြီး
“ဗိုလ်ကြီးလုက မေးလိုက်ပါတယ်။ မယ်မယ် ရှင်းပစ်ချင်တဲ့သူများ ရှိလားတဲ့”
 
ယဲ့ကျန်းကျန်း မျက်လုံးကို ပင့်လိုက်ပြီး ပြုံးလိုက်တယ်။
မယ်တော်ကြီးက သူမကို တိုင်ပတ်လာမှာ စိုးတာကြောင့် အဲ့တစ်ယောက်ကို သတ်ပစ်လိုက်တာပဲ။ ဆိုတော့ကာ သတ်သေသွားတဲ့ ကုန်းကုန်းက အမိန့်အတုလုပ်ခဲ့တဲ့သူ ဖြစ်ဖို့များတယ်။ မျက်မြင်သက်သေဆိုလို့ လုလီပဲ ရှိတာကြောင့် သူက ဟုတ်တယ်လို့ပြောရင် အဲ့လူ ဟုတ်တယ်၊ မဟုတ်ဘူးဆိုရင်တော့ အဲ့လူ မဟုတ်ဘူးပေါ့။
 
သူသာ မဟုတ်ဘူးပြောလိုက်ရင် နောက်တစ်ယောက်ကို ဖမ်းပြီး စုံစမ်းစစ်ဆေးရလိမ့်မယ်။
လုလီက နန်းတော်ထဲ နေတာ နှစ်အနည်းငယ် ရှိပြီဆိုတော့ကာ တချို့ကိစ္စတွေကို ယဲ့ကျန်းကျန်းထက် ပိုပြီး ကောင်းကောင်း ရှင်းရှင်းလင်းလင်း မြင်တယ်ရယ်။ အနောက်နန်းဆောင်က တိုက်ပွဲတွေ၊ သူတို့ရဲ့ စွပ်စွဲပုတ်ခတ်မှုတွေနဲ့ အကြံအစည်တွေက လွှတ်တော်ထဲကနဲ့ ဘာမှမကွာဘူး။ အနောက်နန်းဆောင်မှာ ရှိနေတဲ့ အမျိုးသမီးတွေထဲ ဘယ်သူမှ အကြံအစည်ထောင်ချောက်တွေ လုပ်တာနဲ့ မကင်းသလို ဘယ်သူမှလည်း တုံးအ ဖြူစင်ရိုးသား မနေကြဘူး။ သူတို့ရဲ့အကြံအစည်အောင် ပျောက်သွားကြတဲ့၊ သေသွားကြတဲ့ အစေခံတွေဆိုတာလည်း ဒုနဲ့ဒေးပဲ။ သနားလို့တောင် လောက်မှာ မဟုတ်ဘူး။ လုလီအနေနဲ့ အနောက်နန်းဆောင်ကိစ္စတွေထဲ ဝင်မပတ်သက်မိအောင် နေပေမဲ့ အခုက ကျန်းကျန်းအတွက်ဆိုတော့ကာ ဒီတစ်ခါတော့ သူ ဝင်လုပ်ပေး ဖို့ ဆန္ဒရှိနေတယ်။
ဒီလိုအတွေးမျိုးတွေက သူမ ဒီအနောက်နန်းဆောင်ကို တကယ် မကြိုက်ဘူးဆိုတာကို ခံစားမိစေတယ်။
ဒါပေမဲ့ မကြိုက်တာက မကြိုက်တာပဲ၊ သူမ အမှန်တရားကို ရင်ဆိုင်ဖို့ လိုအပ်တယ်။ သူမ သေလို့လည်း မရသလို ရာထူးအချခံရလို့လည်း မဖြစ်ဘူး။ သူမ ပိုပြီး ဂရုစိုက်ဖို့ လိုတယ်၊ ပိုပြီး အစီအစဉ်ချဖို့ လိုတယ်၊ နောက်ပြီး သူမရာထူးမှာ မြဲအောင်နေပြီး ကောင်းကောင်း အသက်ရှင်သွားရမယ်။ သူမစိတ်ထဲ သူမဘဝတစ်လျှောက်လုံး ဒီနန်းတော်ထဲကနေ ထွက်သွားလို့ ရပါတော့မလားတောင် တွေးမိတယ်။ ဒါပေမဲ့ ဒီဆန္ဒက ဖြစ်နိုင်ဖို့ရာ သိပ်ကို ခက်ခဲလွန်းတယ်။
“ဗိုလ်ကြီးလုကို သွားပြောလိုက်ချေ။ စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့၊ ဒါပေမဲ့ ငါရှင်းပစ်ချင်တဲ့သူတွေကို ငါ့ဖာသာငါ ကိုင်တွယ်နိုင်လို့။ နောက်ပြီး သူ ဘာမှမလုပ်တာ သေချာပါစေ”
လုလီက နန်းစောင့်တပ်ခေါင်းဆောင်အဆင့်ပဲ ရှိတာ။ တကယ်လို့သူသာ အနောက်နန်းဆောင်ကိစ္စတွေထဲ ဝင်ပါမိရင် လူတွေက ဒါကို ဆင်ခြေပေးပြီး ပြဿနာတွေ ပိုဖန်တီးလာကြလိမ့်မယ်။ ယဲ့ကျန်းကျန်း သူ့ကို ဒုက္ခမပေးချင်ဘူး။
 
ဒီကိစ္စကို သူမ သေချာပေါက် လက်စားပြန်ချေပြမယ်။ သူမ အခုချက်ချင်း မယ်တော်ကြီးကို ဘာမှပြန်မတုံ့ပြန်နိုင်ပေမဲ့လည်း သူမလက်အောက်က ပုစွန်လေးကို နည်းနည်း အသိဝင်သွားအောင် သတိပေးလို့တော့ ရတယ်။
ညဘက်မှာ ကျီဝူကျိုး ပုံမှန်ထက် စောပြီး ရောက်လာတယ်။ ကြွချီလာကြောင်း ကြော်ငြာတာကို ရပ်ခိုင်းလိုက်ပြီး နန်းဆောင်ထဲ တန်းဝင်သွားလိုက်တယ်။ ယဲ့ကျန်းကျန်းတစ်ယောက် မီးရောင်ရှေ့မှာ အတွေးထဲ နစ်နေတာကို တွေ့လိုက်ရတယ်။
“ဘာတွေတွေးနေတာလဲ”
 
ယဲ့ကျန်းကျန်း သူ့ကို မြင်တော့ မျက်နှာသေနဲ့ နှုတ်ဆက်လိုက်တယ်။
“အရှင်မင်းကြီး”
 
သူမစိတ်ထဲ မနေ့ကိစ္စနဲ့ပတ်သက်ပြီး စိတ်ခုနေတုန်းပဲဆိုတာ ကျီဝူကျိုး သိနေတယ်။ သူမကို ဘယ်လိုပြန်ချော့ရမှန်းလည်း မသိဘူး။ သူမ သူ့ကို အခုထိ ဒေါသထွက်နေသေးတဲ့အတွက် သူ့ကိုယ်သူလည်း ဒေါသထွက်မိတယ်။
 
ကျီဝူကျိုး ထိုင်လိုက်ပြီး ယင်းယန်ကျင်းစာအုပ်ကို ဖတ်ကြည့်လိုက်တယ်။ စာအုပ်ထဲမှာ ပြောထားတဲ့ အတွင်းအားကွန်ဖူးဆိုတာက တော်တော်လေး သာမန်လောက်ပဲရှိတယ်။ ဖြစ်နိုင်တာ နန်းပြင်က စာအုပ်ဆိုင်ကနေ ဝယ်လာတာ ဖြစ်မယ်။ ဒီစာအုပ်မျိုးက အများဆုံးတန်လှ လျန်အနည်းငယ်ပေါ့။ ဒီကောင်မလေးတော့ အနှပ်ခံလိုက်ရပြီနဲ့ တူတယ်။
 
ယဲ့ကျန်းကျန်းက ရုတ်တရက် ထမေးလာတယ်။
 
“အရှင်မင်းကြီး ပြောပါဦး မနေ့ကိစ္စမှာ မယ်တော်ကြီးအပြင် တခြားဘယ်သူပါသေးလဲ”
 
ကျီဝူကျိုးက နှစ်ခါတောင် စဉ်းစားမနေဘဲ ရွှီချိုင်ရန်ကို ရောင်းပစ်လိုက်တော့တယ်။
 
“ရွှီချိုင်ရန် ရှိသေးတယ်။ သူမနဲ့ မယ်တော်နဲ့ပေါင်းပြီး ကိုယ့်ရှေ့မှာ ဟန်ဆောင်ပြခဲ့ကြတာ။ ဒါ့ကြောင့်မို့ ကိုယ်လည်း သူတို့ပြောတဲ့ကောလဟလကို မှားပြီး အတည်ယူမိခဲ့တာ”
 
တချိန်တည်းမှာပဲ ဒီကိစ္စမှာ သူ မပါကြောင်း သွယ်ဝိုက်ပြောလိုက်တဲ့သဘောပဲ။
 
 
တကယ်တော့ ယဲ့ကျန်းကျန်း ရွှီချိုင်ရန်ကို ဘာမှမလုပ်ရင်တောင်မှ သူကိုယ်တိုင် ရွှီချိုင်ရန်ကို အပြစ်ပေးဖို့ ဆုံးဖြတ်ထားပြီးပြီ။ အရင်တုန်းကတော့ သူတို့ကြား မောင်နှမသံယောဇဉ်ကလည်း ရှိသေးတော့ သူမခန္ဓာကိုယ်ကို မထိပေမဲ့လည်း တဖြေးဖြေး ရာထူး‌တိုးပေးပြီး နန်းတော်ထဲ ငြိမ်းငြိမ်းချမ်းချမ်း နေရစေချင်ခဲ့တာ။ ဒါပေမဲ့ ဒီတစ်ခေါက်ကိစ္စမှာ ဧကရီကို စွပ်စွဲပြီး ဧကရာဇ်ကို ဦးထုပ်စိမ်းဆောင်းပေးဖို့ မယ်တော်ကြီးကိုတောင် အပါသွေးဆောင်ခဲ့သေးတယ်။ ဒီနန်းတော်ထဲ သူမတစ်ယောက်ပဲ ကျိတ်ကြံစည်တတ်ပြီး ကျန်တဲ့သူတွေအကုန်လုံးကို ငတုံးလို့များ ထင်နေတာလား။
ကျီဝူကျိုးမျက်နှာက တဖြေးဖြေး ဒေါသထွက်လာတဲ့ပုံနဲ့ သူ့စိတ်ထဲ ဘာတွေတွေးနေတာလဲဆိုတာ ယဲ့ကျန်းကျန်း မစဉ်းစားတတ်တော့ဘူး။ အခုအချိန် သူနဲ့ စကားပြိုင်ပြောဖို့က သိပ်ပျင်းဖို့ကောင်းတယ်။အဲ့ ဒါနဲ့ သူမလည်း သူ့ကို နှောင့်ယှက်မနေတော့ဘဲ အိပ်ရာထဲပဲ ဝင်အိပ်လိုက်တော့တယ်။
ဘယ်သူက သိမှာလဲ၊ ကျီဝူကျိုးကပါ အမြန် လိုက်ဝင်လာပြီး သူမကို ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ဖက်ထားကာ ‌ခြေထောက်နဲ့ပါ ခွထားလိုက်သေး။
 
ယဲ့ကျန်းကျန်း ပြောစရာစကားတောင် ပျောက်သွားတယ်။ ဒါပေမဲ့ သူမ မရှောင်နိုင်ဘူးဆိုမှတော့လည်း တဖြေးဖြေးနဲ့ပဲ လက်ခံပေးလိုက်ပြီး မြန်မြန် အိပ်မောကျသွားတော့တယ်။ ကျီဝူကျိုးက သူမကို တင်းတင်းဖက်အိပ်နေတော့ သူမ ကောင်းကောင်း အိပ်မပျော်ဘူးဖြစ်နေတယ်။ သူမကို ကြိုးတွေနဲ့ ချည်ထားသလိုမျိုးပဲ။ အိပ်တဝက်နိုးတဝက်လို ဖြစ်နေတုန်း သူမခြေထောက်ပေါ် ခပ်မာမာ တစ်ခုခုရှိနေသလို ခံစားနေရပြီး အဲ့တာက သူမကို နေရအဆင်မပြေဖြစ်စေတယ်။ အိပ်ချင်မူးတူးနဲ့ သူမ ဆွဲဖယ်လိုက်ပေမဲ့ အဲ့ဟာကို ရွေ့ကို မရွေ့ဘူး။ အဲ့ဒါနဲ့ နောက်ဆုံး ကျ သူမ အားပြင်းပြင်းနဲ့ ဆွဲပစ်လိုက်တယ်။
 
သူမနားထဲ ရုတ်တရက် ကျီဝူကျိုးဆီက နာနာကျင်ကျင် အော်လိုက်တဲ့အသံကို ကြားလိုက်ရတယ်။
အစက သူမ အိပ်မက်မက်နေတယ်ထင်တာကြောင့် အိပ်ရာကနေ ထဖို့ အချိန်အတော်ယူလိုက်ရတယ်။ ပြီးမှ အိပ်နေရာက ထလာပြီး သူမမျက်လုံးတွေကို ပွတ်လိုက်တယ်။ ကျီဝူကျိုးက တခြားဘက်မှာ ကွေးကွေးလေး လှဲနေတာကို တွေ့လိုက်ရတယ်။ သူ့လက်တွေက ပေါင်ကြားရောက်နေပြီး တော်တော်နာနေတဲ့ပုံပေါ်တယ်။
 
 
 
 
လေအေးတွေတိုက်နေတဲ့ကြားကတောင် တာဝန်ရှိသမားတော်က အမြန်ပဲ ခွန်းနင်နန်းဆောင်ကို နိုးနိုးကြားကြားနဲ့ ရောက်ချလာတယ်။ ကျီဝူကျိုး နာနေတာကို တွေ့တဲ့အခါ သူ ငုံကြည့်လိုက်ပြီး အံ့အားသင့်သွားတယ်။ သူ့မျက်လုံးတွေက အပေါ်ကို ပင့်လိုက်ပေမဲ့ စိတ်ထဲတော့ တော်တော်လေး သိချင်နေတယ်။ အရှင်မင်းကြီးနဲ့ မယ်မယ် ဘယ်လိုတွေတောင် လုပ်လိုက်ကြတာလဲ ...
 
သူ့သိချင်စိတ်ကို မမြင်သာအောင် ချိုးနှိမ်ရင်း မျက်နှာသေနဲ့ ကျီဝူကျိုး ခိုက်မိသွားတဲ့နေရာကို စစ်ဆေးပေးနေတယ်။ ဆေးညွှန်းဖွင့်ပေးခဲ့ပြီးတဲ့နောက် ယဲ့ကျန်းကျန်းကို ခေါ်ကာ သူတို့နှစ်ယောက်ကို ကြည့်လိုက်ရင်း
 
“အရှင်မင်းကြီးနဲ့ မယ်မယ် တို့နှစ်ယောက်ကို ရက်အနည်းငယ်လောက် အနားယူစေချင်ပါတယ်။ အိပ်ရာပေါ်က ကိစ္စတွေကိုလည်း ဒီရက်အနည်းငယ်အတွင်း အနားယူသင့်ပါတယ်။ နောက်ပြီး ... နောက်အခါတွေကျ ကျေးဇူးပြုပြီး ညင်ညင်သာသာ လုပ်စေချင်ပါတယ်”
သမားတော် ထွက်သွားပြီးတဲ့နောက် သူ့နာကျင်မှုကလည်း အတော်လေး သက်သာသွားတယ်။ သူ့တစ်ကိုယ်လုံးလည်း ချွေးတွေ ရွှဲနစ်နေပြီ။ အစောနက နာကျင်မှုကြောင့် နဖူးမှာ ချွေးသီးတွေ ရှိနေတုန်းပဲ။ ယဲ့ကျန်းကျန်း စိတ်လည်းပူ အားလည်း နာသွားတာကြောင့် အိပ်ရာဘေး ဒူးထောက်ချလိုက်ပြီး သူ့ကို ချွေးတွေ သုတ်ပေးလိုက်တယ်။
 
ယဲ့ကျန်းကျန်း သူ့ကို လုပ်ပေးနေတာ မြင်ရတဲ့အခါ ကျီဝူကျိုးနှလုံးသားထဲ ရေနွေးနွေးလေးနဲ့ မျောသွားသလိုမျိုး ခံစားရတယ်။ နွေးထွေးပြီး သက်တောင့်သက်သာ ရှိလိုက်ဝာာ။
 
“နာနေတုန်းလားဟင်”
 
ယဲ့ကျန်းကျန်းက ဂရုတစိုက်နဲ့ မေးလာတယ်။
 
“နာတယ်”
 
ကျီဝူကျိုး ရည်ရွယ်ချက်ရှိရှိ နာကျင်နေတဲ့အသံနဲ့ ပြောလိုက်တယ်။ သူ့မျက်နှာကလည်း အဲ့လိုပဲ ထပ်တူ နာကျင်နေတဲ့အမူအရာကို ပြနေတယ်။
 
 
“ကျွန်တော်မျိုးမ တောင်းပန်ပါတယ် ... တမင်လုပ်လိုက်တာ မဟုတ်ပါဘူး”
 
ကျီဝူကျိုး မျက်လုံးကိုတစ်ဝက်မှိတ်ရင်း သူမကို ကြည့်လိုက်တယ်။ သူ မျက်လုံးတွေက တောက်ပနေပြီး နူးညံ့ပြီးအနည်းငယ်လည်း ပါနေတယ်။ ဒါပေမဲ့ ယဲ့ကျန်းကျန်းကတော့ အဲ့ဒါကို မတွေ့ဘူး။ သူ့နဖူးပေါ်က ချွေးတွေကိုပဲ သုတ်ပေးနေတယ်။
 
“ဘာဖြစ်လို့လဲ”
ယဲ့ကျန်းကျန်း သူမလက်ကို ပြန်ရုတ်ချင်ပေမဲ့ ရုတ်လို့မရဘူး။
 
ကျီဝူကျိုး အားအနည်းငယ်ထည့်လိုက်ပြီး ယဲ့ကျန်းကျန်းကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ သူမကို ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ်ဖက်ထားပြီး လှုပ်ခွင့်တောင် မပြုဘူး။
 
“ကျန်းကျန်း စိတ်မဆိုးပါနဲ့တော့ကွာ”
ယဲ့ကျန်းကျန်း သူ့ရင်ခွင်ထဲ မှီနေရင်း ပြန်တော့မဖြေပေမဲ့ ခေါင်းကို သဲ့သဲ့ ညိတ်လိုက်တယ်။ သူမမေးစေ့က သူ့ရင်ဘက်ကို နှစ်ခါလာထိတယ်။ သူ့နှလုံးသားတစ်ခုလုံး ခုန်ထွက်တော့မလိုပဲ။
 
 

ရွှေနန်းထက်က ဧကရီWhere stories live. Discover now