Chapter 56.2

1.1K 95 1
                                    

Empress with no Virtue
Chapter - 56.2
Translator – Utopia

ယဲ့ကျန်းကျန်းပဲ!

ယဲ့ကျန်းကျန်းလည်း သူ့ကို သတိထားမိသွားတယ်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ခဏလောက် ကြောင်ပြီး ကြည့်နေမိတယ်။ စိတ်ဆိုးနေကြတယ်ဆိုပေမဲ့ အခုအချိန်မှာတော့ ယာယီသဘောတူညီချက်တစ်ခု ယူထားလိုက်ကြတယ်။ တစ်ယောက်အကြောင်း တစ်ယောက် မဖော်ကြေး။

ဒါပေမဲ့ ကိစ္စတွေက ထင်သလောက်တော့ လွယ်ကူမနေဘူး။ စစ်ချီထွက်ဖို့ လုပ်ခါနီး အချိန်လေးမှာပဲ ယဲ့လိန်ထင် သူတို့နှစ်ယောက်ကို တွေ့သွားတယ်။ သူ နှစ်ယောက်လုံးကို ကြိုးနဲ့တုပ်ပြီး သူတို့တဲထဲက အိပ်ရာပေါ်  ပစ်တင်ပေးလိုက်တယ်။ ယဲ့လိန်ထင်လည်း ဖြစ်နိုင်ရင် အရှင်မင်းကြီးနဲ့မယ်မယ့်ကို ဒီလိုမျိုး ကြိုးနဲ့ မတုပ်ချင်ပါဘူး၊ ဒါပေမဲ့  တခြားရွေးချယ်စရာ မရှိတော့လို့ပါ။ သူတို့နှစ်ယောက်ဆီ တစ်ခုခုဖြစ်သွားလို့ မရဘူး။

ကျီဝူကျိုးနဲ့ ယဲ့ကျန်းကျန်းတို့ အိပ်ရာပေါ် မျက်နှာချင်းဆိုင် လှဲနေကြတယ်။ လက်ကော ခြေထောက်ကော တင်းတင်း ချည်ခံထားရတာမို့ တစ်ယောက်နဲ့တစ်ယောက် လှမ်းကြည့်နေရုံပဲ တတ်နိုင်တယ်။

ကျီဝူကျိုး : "............."

ယဲ့ကျန်းကျန်း : "............"

အခုအချိန်မှာ လေထုက အတော်လေး ထူးဆန်းနေတယ်။

တစ်ယောက်နဲ့တစ်ယောက် အတော်ကြာ စိုက်ကြည့်ပြီးတဲ့နောက် ကျီဝူကျိုး သူ့ခေါင်းကို ရှေ့တိုးလာပြီး သူမနှုတ်ခမ်းလေးကို နမ်းလိုက်တယ်။ နမ်းပြီးတဲ့နောက် သူကိုယ်တိုင်လည်း ကြောင်သွားတယ်၊ ဘာဖြစ်သွားမှန်းတောင် သူ့ကိုယ်သူ မသိတော့ဘူး။

ယဲ့ကျန်းကျန်းလည်း အရှေ့တိုးလာပြီး သူ့ကို ပြန်နမ်းလိုက်တယ်။

အရှက်မရှိစွာနဲ့ပဲ ကျီဝူကျိုးရဲ့နှလုံးသားလေးက ခုန်နေမိတယ်။ သူ့ကိုယ်သူ မထိန်းနိုင်တော့ပဲ နောက်တစ်ခါ ယဲ့ကျန်းကျန်းရဲ့ နှုတ်ခမ်းလေးကို သွားနမ်းမိပြန်တယ်၊ ဒီတစ်ခါတော့ ခပ်ဖွဖွလေး မဟုတ်ပဲ နက်နက်ရှိုင်းရှိုင်းနဲ့ ဖြစ်တယ်။ သူမရဲ့နှုတ်ခမ်းလေးကို ခပ်ဖွဖွလေးကိုက်ရင်း သူ့လျှာနဲ့ သူမနှုတ်ခမ်းလေးကို ယက်လိုက်တယ်။ ခဏကြာတဲ့နောက် သူမရဲ့ အသက်ရှုသံတွေ မတည်မငြိမ်ဖြစ်လာတယ်။ ကျီဝူကျိုး သူမနှုတ်ခမ်းလေးကို လွှတ်ပေးလိုက်တယ်။ ထို့နောက် ပြန်နမ်းရင်း ဆော့ကစားနေတော့တယ်။

ယဲ့ကျန်းကျန်း သူ့အနမ်းတွေအောက်မှာ ဝေဝေဝါးဝါး ဖြစ်လာတယ်။ သူမစိတ်ထဲက ဒေါသတွေလည်း ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ ဘာကြောင့်ရယ်မသိ ကျီဝူကျိုး သူမကို နမ်းနေတယ်ဆိုတဲ့ခံစားချက်က သိပ်ကောင်းမွန်တာပဲ၊ မသိရင် သူမက နတ်ဘုရားတစ်ပါးလိုမျိုးပဲ။ ယဲ့ကျန်းကျန်းက သူမရဲ့ခံစားချက်အတိုင်း လိုက်လုပ်တတ်တဲ့သူမို့ နောက်ဆုံးတော့ ပါးစပ်ဟပေးလိုက်ပြီး သူမလျှာကို သုံးပြီး သူ့ကို ပြန်နမ်းလာတယ်။ သူမဘက်ကစပြီး နမ်းလာတာမို့ ကျီဝူကျိုးတစ်ယောက် နှလုံးတောင် ရပ်သွားတော့မလိုပဲ။ ကျီဝူကျိုး မက်မက်မောမောနဲ့ သူမလျှာလေးကို ဆွဲယူနမ်းရှိုက်လိုက်ရင်း သူမကို ပိုလို့ ပိုလို့တောင် လိုချင်လာမိတယ်။ ကျီဝူကျိုး လူဖြစ်တဲ့ အနှစ်၂၀ကျော်လုံးမှာ ဒီခံစားချက်က သူ့ပါးစပ်ထဲ အကောင်းဆုံး ရောက်ဖူးတဲ့ လျှာလေးပဲ။ ဘယ်အရာနဲ့မှ မယှဉ်နိုင်ဘူး။

သူ့အနမ်းတွေက ပိုပြင်းထန်လာပြီး နွေးထွေးတဲ့ သူ့ထွက်သက်က သူမမျက်နှာက ထိတွေ့နေတယ်။ သူမရဲ့ မျက်နှာက ချက်ထားတဲ့ပုစွန်ထုပ်လို နီရဲတွတ်နေပြီ။

သူတို့နှစ်ယောက်လုံး ကြိုးတုပ်ခံထားရတာဆို‌တော့ အတော်ကြာ လူးလွန့်ပြီးတဲ့နောက် ဇက်ပိုး နာလာကြတော့တယ်။ မသိရင် ‌ရေဆာနေတဲ့ငါးနှစ်ကောင် တစ်ယောက်ပါးစပ်ကနေ တစ်ယောက် ရေစုပ်ဖို့ကြိုးစားနေသလိုမျိုးပဲ။

ကျီဝူကျိုး နောက်ဆုံးတော့ "အိပ်ရာပေါ်မှာက စတဲ့ရန်ပွဲ အိပ်ရာထဲပဲ အဆုံးသတ်တယ်"ဆိုတာ ဘာလဲ နားလည်သွားပြီ။ နောက်ပြီး "ဒီဘဝမှာတော့ သူ ယဲ့ကျန်းကျန်းရဲ့လက်ထဲမှာပဲ အဆုံးသတ်တော့မယ်"ဆိုတာကောပေါ့။

မနက်တုန်းက ဒေါသတွေလည်း အကုန် ပျောက်ကုန်ပြီ။ သူ့ရှေ့မှာရှိတဲ့အမျိုးသမီးလေးက ပါးလေးတွေနီရဲလို့ သူ့အနမ်းအောက်မှာ မျက်ဝန်းတွေကို မှိတ်ထားတယ်။ သူမဆီမှာ ရှိတဲ့ အားပြင်းတဲ့အရှိန်အဝါတွေအစား နူးညံ့ညင်သာတဲ့ အလှတရားက အစားထိုးနေရာယူထားတယ်။ အခု သူမပုံလေးကို သူ ဘယ်လိုတွေးတွေး စိတ်ဆိုးလို့ကို မရတာ၊ ဒေါသထွက်ဖို့ဆိုတာ ဝေးရော။ သူမကို ချစ်ပြီးဂရုစိုက်ပေးဖို့ပဲ သူ သိတယ်။

သူတို့နှစ်ယောက်လုံး အတော်လေး လူးလွန့်ပြီးတဲ့နောက် တစ်ယောက်ပေါ် တစ်ယောက်ထပ်ရင်း လှဲနေလိုက်ကြတယ်။ လက်ရှိသူတို့နှစ်ယောက်ပုံစံက အတော်လေး ကြောင်တောင်တောင်နိုင်တယ်ဆိုပေမဲ့ သူတို့နှလုံးသားတစ်စုံကို အေးချမ်းပြီး သက်တောင့်သက်သာ ရှိစေတယ်။ ကျီဝူကျိုး သူမရဲ့မျက်နှာကို မေးဖျားလေးနဲ့ ပွတ်ရင်း ပြုံးကာ မေးလိုက်တယ်။

"စိတ်ဆိုးနေတုန်းလား"

"ကျွန်တော်မျိုးမ စိတ်မဆိုးပါဘူး၊ စိတ်ဆိုးနေတာက အရှင်မင်းကြီး မဟုတ်ဘူးလား"

"ကိုယ်? ... ကိုယ် စိတ်မဆိုးပါဘူး"

"အဲ့တာက .. အွန်း ... ကျွန်တော်မျိုးမ အရှင်မင်းကြီးကို အထင်လွဲသွားခဲ့မိတာ ထင်တယ်"

"အို?"

"အရှင်မင်းကြီး ဆောင်ကြာမြိုင်ကို သွားတယ်ဆိုပေမဲ့ အရှင်မင်းကြီးမှာလည်း အကြောင်းအရင်းတော့ ရှိရမယ်"

ကျီဝူကျိုးရဲ့နှလုံးသားက နွေးထွေးသွားတယ်။

"ဘာလို့အဲ့လိုပြောတာလဲ"

"ကျွန်တော်မျိုးမလည်း မသိဘူးရယ်၊ ဒီအတိုင်းပဲ အရှင်မင်းကြီးက အဲ့လိုမိန်းကလေးမျိုးကို သွားရှာမယ်လို့ မထင်မိလို့"

ကျီဝူကျိုးအမူအရာက ဘယ်လောက်တောင် စိတ်ပျက်အားလျော့ပြီး နာကျင်သွားလဲဆိုတာ သူမ ပြန်တွေးမိတော့ စိတ်ထဲ အပြစ်ရှိသလို ခံစားလိုက်ရတယ်။

"မင်းပြောတာ မှန်တယ်၊ ကိုယ် အဲ့ကို သွားရတာ အကြောင်းအရင်းရှိတယ်။ ဒါပေမဲ့ အဲ့ကိစ္စတော့ မဟုတ်ဘူး ..."

"အဲ့ဒါကြောင့်ကိုး၊ ကျွန်တော်မျိုးမ တောင်းပန်ပါတယ်"

"ကိစ္စမရှိပါဘူး၊ နောင်ကျ မင်း ကိုယ့်ကို ယုံကြည်ပြီး သံသယမထားဘူးလို့ ကိုယ် မျှော်လင့်မိတာလေး တစ်ခုပါပဲ"

"အွန်း"

ယဲ့ကျန်းကျန်း ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီနောက် ရုတ်တရက် သူမ နောက်တစ်ခုကို သတိရသွားတယ်။

"အဲ့ဒါနဲ့ ... အရှင်မင်းကြီး ဘာလို့ လီယို့ကို စုံစမ်းနေတာလဲ"

ကျီဝူကျိုး သူမကို လှမ်းကြည့်လိုက်တယ်။

"မင်း ကိုယ့်ကို ရပ်ခိုင်းစေချင်လို့လား"

"မဟုတ်ပါဘူး၊ ဒီအတိုင်း သိချင်ရုံပါပဲ။ အရှင်မင်းကြီးမှာလည်း လုပ်ရတဲ့ အကြောင်းအရင်းရှိမှာ‌ပါပဲ၊ တကယ်လို့ ပြောပြလို့ မရဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး"

သူမဘက်က သဘောထားကို သိရတော့ ကျီဝူကျိုး စိတ်ထဲ ထိရှသွားတယ်။ ဒါကြောင့်မို့ ဘာမှ ဖုံးကွယ်မနေတော့ပဲ

"အစက သူ့ကို တဖက်တိုင်းပြည်က သူလျှိုလို့ ကိုယ် ထင်ခဲ့တာ။ ဒါပေမဲ့ အတော်ကြာ စုံစမ်းကြည့်ပြီးတဲ့နောက် သူက ထင်ထားသလောက် မရိုးရှင်းဘူး၊ သူ့နောက်ကြောင်းကိုလည်း ရှာလို့ မရသလောက်ပဲ"

ယဲ့ကျန်းကျန်း နည်းနည်း အံ့သြသွားတယ်။

"ထူးဆန်းလိုက်တာ၊ သူ့ကြည့်ရတာ လူဆိုးနဲ့တော့ မတူပါဘူး"

"လူဆိုးက နဖူးမှာ လူဆိုးဆိုပြီး စာကပ်ထားတာမှ မဟုတ်ပဲ"

"ကောင်းပါပြီ၊ ဒီအကြောင်း ဆက်မပြောပဲနေရအောင်။ အရှင်မင်းကြီးရဲ့ အသိအကြောင်းကို ပြောပြပါဦး"

"ဘယ်အသိလဲ"

"အဲ့တစ်ယောက်လေ ... ရှန်းရူကု"

"အွန်း အဲ့အချိန်တုန်းက ကိုယ်က အရှေ့နန်းတော် (အိမ်ရှေ့စံနန်းတော်) မှာပဲ ရှိသေးတယ်။ အဲ့မှာ ရှန်းရူဆိုတဲ့ ရံရွေတော်လေးတစ်ယောက် ရှိခဲ့ဖူးတယ်။ ဆိုင်ဆိုင်းဘုတ်ကို တွေ့တော့ သူမကို အမှတ်ရမိသွားတာ"

"နောက်တော့ ဘာဆက်ဖြစ်သွားလဲ"

"နောက်တော့ သူမ သေသွားတယ်"

"ဒါပဲလား??"

"ဒါပဲလေ"

ယဲ့ကျန်းကျန်း ဇာတ်ကြောင်းအစုံကို ကြားရတော့မယ်ထင်ပြီး သေချာတောင် နား‌ထောင်နေတာ၊ ဘယ်သူသိမှာလဲ စကားတစ်ခွန်းနှစ်ခွန်းနဲ့တင် ပြီးသွားပြီ။ ဒီတော့ သူမ ဆက်မေးလိုက်တယ်။

"သူမ ဘယ်လိုသေသွားတာလဲ"

"သူ့အဖေက ပြစ်မှုနဲ့ နယ်စပ်ကို အပို့ခံခဲ့ရတယ်၊ အဲ့တာကို အခွင့်ကောင်းယူပြီး မယ်တော်က သူမကို သတ်ခဲ့တယ်။ အဲ့အချိန်တုန်းက ကိုယ်က အိမ်ရှေ့စံပဲ ရှိသေးတယ်၊ ငယ်ရွယ်ပြီး သူမကို ကာကွယ်ပေးဖို့ မတတ်နိုင်ခဲ့ဘူး"

ကျီဝူကျိုး သက်ပြင်းချလိုက်တယ်။

"ဒါဆို အခု သူမကို သတိရသေးလား"

"ကိုယ့်နှလုံးသားမှာ ကိစ္စတွေ အများကြီး ရှိတယ်၊ သူမကို ထိုင်သတိရနေဖို့ အချိန်မရှိဘူး။ တစ်ခုပဲ သူမက ကိုယ့်လူ၊ ကိုယ့်အကြောင်းကို ကောင်းကောင်းနားလည်ပြီး အလုပ်ကိုလည်း စေ့စေ့စပ်စပ် လုပ်တတ်တယ်။ ဒါပေမဲ့ အဆုံးသတ်ကျ ကိုယ် သူမကို မကာကွယ်ပေးနိုင်ခဲ့ဘူး။ အခုချိန် ပြန်တွေးရင် နောင်တရမိတယ်"

ဒါက ယဲ့ကျန်းကျန်း ပထမဆုံးအကြိမ် ကျီဝူကျိုးစိတ်ထဲရှိတဲ့အတိုင်း သူမကို ထုတ်ပြောပြတာ ကြားရတာပဲ ဖြစ်တယ်။ အခုသူက ပုံမှန်တွေ့နေကျ သူ့ပုံစံနဲ့ မတူဘဲ ပေါင်းသင်းဆက်ဆံရ လွယ်တဲ့သူလို ခံစားရစေတယ်။ ဒါပေမဲ့ မယ်တော်ကြီး သူ့ဘေးက လူတွေကိုဆို ဘယ်လိုရှင်းပစ်လဲဆိုတာ တွေးမိတဲ့အခါ သူမကိုယ်သူမ မေးမိသွားတယ်။

"တကယ်လို့ .မယ်တော်ကြီးက ... ကျွန်တော်မျိုးမကိုလည်း ..."

ကျီဝူကျိုး သူမဆက်ပြောမယ့်စကားတွေကို မကြားချင်တာကြောင့် သူမနှုတ်ခမ်းလေးကို နမ်းလိုက်တယ်။ သူမ ကြောင်ပြီး ပြောစရာ ပျောက်ရှသွားတာမြင်တဲ့အခါ နှုတ်ခမ်းလေးကို နောက်တစ်ခါ ထပ်နမ်းလိုက်ပြီးမှ လွှတ်ပေးလိုက်တယ်။

"ဟင့်အင်း ကိုယ် အဲ့လို ဖြစ်ခွင့်ပြုမှာမဟုတ်ဘူး"

ယဲ့ကျန်းကျန်း ခေါင်းငြိမ့်လိုက်တယ်။ သူပြောတာကို ယုံရမလား မယုံရဘူးလား မသေချာဘူး ဖြစ်နေတယ်။ မယ်တော်ကြီးက သူ့ရဲ့ မွေးမိခင်ပဲဟာ သူမကို သူဘာလုပ်နိုင်မှာလဲ။

သူတို့နှစ်ယောက် စကားစမြည် အနည်းငယ် ပြောပြီးတဲ့နောက် အိပ်ပျော်သွားကြတယ်။ နောက်နေ့ မနက်အရုဏ်တက်လောက်မှာ အပြင်ကနေ ဆူညံသံတွေကြားရတော့ ကျီဝူကျိုး နိုးလာတယ်။ သူ မျက်လုံးဖွင့်လိုက်တဲ့အခါ ယဲ့လိန်ထင်က ရွက်ဖျင်တဲထဲ ဝင်လာပြီး သူကိုယ်တိုင် ကြိုးတွေကို ဖြည်ပေးလာတယ်။

ကျီဝူကျိုး ထုံနေတဲ့ သူ့လက်တွေကို နှိပ်ပြုပြီးတဲ့နောက် ယဲ့ကျန်းကျန်းကိုလည်း ကြိုးဖြည်ပေးလိုက်တယ်။ သူမ အိပ်မောကျနေတုန်းပဲဆိုတာ တွေ့တဲ့အခါ မနှိုးဘဲ သူမ လက်တွေ ခြေထောက်တွေကို နှိပ်ပေးနေတယ်။

"တိုက်ပွဲအခြေအနေ ဘယ်လိုရှိလဲ"

သူ့လက်က ယဲ့ကျန်းကျန်းကို နှိပ်ပေးနေလို့ မအားတာကြောင့် ယဲ့လိန်ထင်ကို မကြည့်ဘဲ ကျီဝူကျိုး မေးလိုက်တယ်။ သူ့အကြည့်တွေက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ယဲ့ကျန်းကျန်းကိုသာ နူးနူးညံ့ညံ့ ကြည့်နေတယ်။

"အရှင်မင်းကြီးဘုန်းတော်ကြောင့် ကျွန်တော်မျိုးတို့ အနိုင်ရခဲ့ပါတယ်"

အဲ့ဒါတင်မကသေးဘူး အားလုံးက ကျီဝူကျိုးရဲ့ အကြံအစည်အတိုင်း ဖြစ်သွားခဲ့တာပဲ ဖြစ်တယ်။ နွီကျန်းမျိုးနွယ်စုစစ်တပ်က တပ်ပျက်ပြီး ယုံချန်မြို့ကို ဖရိုဖရဲ ပြေးကြတယ်၊ သွားတဲ့လမ်းမှာ ထောင်ချောက် ၂ခု မိသွားပြီး ၃ခါမြောက်မှာတော့ နွီကျန်းစစ်သည် ၅ထောင်လုံး ကုန်သလောက်ကို ဖြစ်သွားတယ်။ အားခဲ့သွမ့်ရဲ့ ခေါင်းကို လုလီကိုယ်တိုင် ဖြတ်နိုင်ခဲ့တယ်။

လျှောက်တင်တာကို နားထောင်ပြီးတဲ့နောက် ကျီဝူကျိုး စိတ်အခြေအနေ အတော် ကောင်းနေတယ်။ ဒါပေမဲ့ နည်းနည်းတော့လည်း မနာလိုဖြစ်မိသား၊ သူကျ တိုက်ပွဲထဲ မပါရဘဲ ကြိုးနဲ့တုပ်ပြီး အိပ်ရာပေါ် ပစ်တင်ခံလိုက်ရတယ်။

နောက်ထပ်လုပ်စရာကတော့ ထိုက်သင့်တဲ့သူတွေကို ဆုလာဘ်တွေ ချီးမြှင့်ဖို့ပဲ ဖြစ်တယ်။ ဒါပေါ့ လုလီက ရန်သူ့ခေါင်းဆောင်ရဲ့ ခေါင်းကို ဖြတ်လာနိုင်ခဲ့တာမို့ သူ့ကို အမြင့်ဆုံး ဆုချရမှာပဲဖြစ်တယ်၊ ဒါပေမဲ့ ပြဿနာက အားခဲ့သွမ့်က ဘယ်လိုပုံရှိလဲ ဘယ်သူမှ မသိကြတာပဲ။ ဒီတော့ သူ ဖြတ်လာတဲ့ခေါင်းက အားခဲ့သွမ့် ဟုတ်မဟုတ် ဘယ်သူ သိမှာလဲ။

စစ်သူကြီးတွေ ဒီကိစ္စနဲ့ ခေါင်းချင်းဆိုင်နေကြတယ်ဆိုတာ ကြားတဲ့အခါ ကျီဝူကျိုး သူတို့ ရှိရာကို ရောက်လာတယ်။ ထို့နောက် ကတုံးပြောင်ကို ကိုင်ကြည့်လိုက်ပြီး

"ဒါက အားခဲ့သွမ့် အစစ်ပဲ"

"ဘယ်လိုသိတာလဲ"

"အားခဲ့သွမ့်က မွေးကတည်းက ဦးခေါင်းခွံက အနည်းငယ် ငေါထွက်နေတာ။ ဒီထူးဆန်းတဲ့အကြောင်းကို သူတို့ မျိုးနွယ်စုမှာ မသိတဲ့သူ မရှိဘူး။ ဆို‌တော့ ဒါက လျှို့ဝှက်ချက် တစ်ခုတော့ မဟုတ်ဘူး"

သူ့ဆီက ရှင်းပြချက်ကို ကြားတဲ့အခါ အဲ့မှာရှိတဲ့သူတွေ အားလုံး အံ့ဩသွားကြတယ်။ ဒီလိုအကြောင်းတောင် မသိတဲ့ သူတို့နဲ့ ယှဥ်လိုက်ရင် အရှင်မင်းကြီးက တကယ်ကို ကြိုတင်ပြင်ဆင်ထားတာပဲ။

နောက်ရက်တွေမှာတော့ အချိန်က ပုံမှန်အတိုင်းပဲ ကုန်ဆုံးနေတယ်။ အရှင်မင်းကြီးက ပါးနပ်ပြီး အရည်အချင်းရှိတယ်ဆိုတာ စစ်သူကြီးတွေ အားလုံး သိပေမဲ့ တိုက်ပွဲထဲ ဝင်တိုက်ဖို့ကတော့ ... လုံးဝပဲ မဖြစ်နိုင်ဘူး!

စစ်သူကြီးတွေ အားလုံး ခေါင်းပူမခံနိုင်ကြတာမို့ ယဲ့လိန်ထင် ဆုံးဖြတ်ချက် တစ်ခုချလိုက်တယ်။ တိုက်ပွဲကြီးကြီးငယ်ငယ် ဘယ်ဟာပဲဖြစ်ဖြစ် သူ ပထမဆုံး လုပ်ရမယ့်အလုပ်က သူတို့နှစ်ယောက်ကို ဘယ်လိုကြိုးနဲ့ချည်ထားရမလဲဆိုတာပဲ။

အားအာဟတု ပြောစရာစကားတောင် မရှိ ဖြစ်နေပြီ။ သူ့ကိုယ်သူ နတ်ဘုရားလို့ တင်စားပြီးပြောတာက ကိုယ်ရည်သွေးလွန်းရာကျတယ်ဆိုပေမဲ့ သူ့လက်အောက်မှာ တကယ် အရည်အချင်းရှိတဲ့ စစ်သူကြီးတွေ အများအပြား ရှိတယ်။ တဖက်ရန်သူကို မရင်ဆိုင်ခင်မှာ ရန်သူရဲ့ဗျူဟာကို အရင်လေ့လာရတာက ဘယ်လောက်အရေးပါလဲ သူလည်း ကောင်းကောင်း သိတယ်။ ဒါ့ကြောင့်မို့ ယဲ့လိန်ထင်ရဲ့ စစ်တိုက်ပုံကို စုံစမ်းပြီး ဘယ်လို ပြန် တိုက်စစ်ဆင်ရမလဲ သေချာ အစီအစဥ်ဆွဲပြီးမှ စစ်ထိုးတာ ဖြစ်တယ်။ ၁၀၀ ရာခိုင်နှုန်း မနိုင်ရင်တောင်မှ ၈၀ ရာခိုင်နှုန်းလောက်တော့ နိုင်ခြေရှိတယ်။ ဒါပေမဲ့ ယဲ့လိန်ထင်က ဒီတစ်ခေါက် မတူညီတဲ့ပုံနဲ့ စစ်ထွက်လာမယ်လို့ ဘယ်သူက ထင်မှာလဲ။ ဘယ်အချိန်ကစပြီး သူ ဒီလောက်တောင် ဉာဏ်များတတ်သွားတာလဲ။

တကယ်ပဲ အဲ့ ယဲ့လိန်ထင်ဆိုတဲ့သူက ဘာလဲ?? အဲ့ *** ကျူကောလျန်သေလို့ ဝင်စားတာလား!

သိပ်မကြာခင်မှာပဲ တချီစစ်တပ်မှာ သိပ်ဉာဏ်ကောင်းတဲ့ စစ်ရေးအကြံပေး ရှိနေတယ်ဆိုတဲ့ သတင်းတွေက ပျံ့နှံ့လာတယ်။ ယဲ့လိန်ထင်ကို ဒီအကြံတွေ ပေးခဲ့တာလည်း သူပဲ ဖြစ်တယ်။ ဒီတော့မှပဲ အားအာဟတုလည်း အဖြေတွေ့သွားတော့တယ်။ ဒါပေမဲ့ သိပြီးတော့ကော သူ ဘာတတ်နိုင်မှာလဲ။ သူ့လူ ၅သောင်းမှာ ၂သောင်းပဲ ကျန်တော့တယ်။ တဖက်မှာတော့ တချီဘက်မှာ များများစားစား ဆုံးရှုံးမှုမျိုး မရှိသေးဘူး။ ပြစရာဆိုလို့ ခြေလျင်စစ်သားတွေ ကျတာပဲ ရှိတယ်။ ခြေလျင်စစ်သားတွေက ဘယ်လိုလုပ် မြင်းစီးစစ်သည်တွေကို ယှဥ်နိုင်မှာလဲ !

ရုတ်တရက် အားအာဟတု တပ်ဆုတ်ရင်ကောင်းမလား အတွေးပေါ်လာတယ်။

မဖြစ်ဘူး! သူ လူတွေအများကြီးကို ဦးဆောင်ပြီး စစ်တိုက်ထွက်လာတာလေ၊ နည်းနည်းလေး ရှုံးတာနဲ့ပဲ သူ လွယ်လွယ်နဲ့ တပ်ဆုတ်လိုက်လို့ မဖြစ်ဘူး။ သူ့လူတွေကို သူ ဘယ်လို မျက်နှာပြရမှာလဲ၊ သူ့ကိုကော ဘယ်လိုလုပ် အထင်ကြီးလေးစားကြတော့မှာလဲ။ သူ့ရဲ့မဟာရည်မှန်းချက်က ဒီနေရာမှာတင်ပဲ လွယ်လွယ်နဲ့ ရပ်တန့်သွားလို့ မရဘူး!

ဒါကြောင့်မို့ အားအာဟတု သူ့ဝမ်းကွဲကို စစ်သည် ၂သောင်း ဦးဆောင်ပြီး တစ်နေရာမှာ စောင့်နေဖို့ အမိန့်ပေးလိုက်တယ်။ သူကတော့ စစ်ရေးဗျူဟာတွေကို ပြန်ပြင်ဆင်ပြီး ဒီဉာဏ်နီဉာဏ်နက်များတဲ့ စစ်ရေးအကြံပေးဆိုတဲ့ကောင်ကို အနိုင်ယူရမလဲ အကြံထုတ်နေတယ်။

ဒီလျှောက်တင်ချက်ကို ကြားတဲ့အခါ အားအာဟတု စိတ်လောနေပြီမှန်း ကျီဝူကျိုး သိလိုက်တယ်။ ဘယ်လောက်ပဲ ပါးနပ်တဲ့သူဖြစ်ပါစေ စိတ်လောလာတဲ့အခါကျ အားနည်းချက်တွေ ပေါ်လာတတ်တယ်။ အားအာဟတုက ပြဿနာကို ဖြေရှင်းဖို့ အလောတကြီး ဖြစ်နေပြီ၊ နွီကျန်းမျိုးနွယ်စုက စိတ်ဓာတ်ရေးရာမှာ သိပ်ခိုင်မာတဲ့သူတွေ မဟုတ်တော့ ဒီတစ်ချီက သူတို့ကို အနိုင်ပိုင်းဖို့ အချိန်ပဲ။ ထိပ်သီးပိုင်းစစ်သူကြီးအချို့နဲ့ ကျီဝူကျိုး ဆွေးနွေးနေတယ်။ ဒီတစ်ခေါက် တိုက်ပွဲက စစ်စခန်းရဲ့ ၁၅မိုင်အကွာ မြက်ခင်းလွင်ပြင်မှာ နှစ်ဖက်စစ်တပ်တွေ ထိပ်တိုက်တွေ့ကြမှာ ဖြစ်တယ်။ စစ်တပ်တွေ စစ်ချီမထွက်ခင်မှာ ထုံးစံအတိုင်း ယဲ့လိန်ထင် ကျီဝူကျိုးနဲ့ယဲ့ကျန်းကျန်းကို ကြိုးနဲ့တုပ်ပြီး ရွက်ဖျင်တဲထဲ ထားခဲ့ပြန်တယ်။ ဒါ့အပြင် စောင့်ကြည့်ဖို့အတွက် ရဲမက် ၆ယောက်ကိုပါ ထားခဲ့တယ်။ ဒီဟာက စခန်းမှာ ဖြစ်နေကျကိစ္စလို ဖြစ်လာတော့ အစောင့်ရဲမက်တွေလည်း အရမ်းကြီး သတိကြီးကြီး ထားမနေကြဘူး၊ ပုန်းနေတဲ့ အရိပ်ကိုယ်ရံတော်တွေတောင်မှာ ပုံမှန်လိုပဲ အေးအေးဆေးဆေး စောင့်ကြပ်နေတယ်။

ရွက်ဖျင်တဲထဲ၌ ....

သူတို့လက်တွေခြေထောက်တွေ ထုံနေမှာ စိုးတာကြောင့် ဒီတစ်ခါတော့ ယဲ့လိန်ထင် ကျီဝူကျိုးနဲ့ယဲ့ကျန်းကျန်းကို ခုံပေါ်မှာပဲ ကြိုးချည်ထားခဲ့တယ်။ ဒီတစ်ခါတော့ သူတို့နမ်းလို့မရတော့လို့ ကျီဝူကျိုး နည်းနည်းတော့ စိတ်ပျက်သွားတယ်။

ယဲ့ကျန်းကျန်းရဲ့လက်မှာ ပတ္တမြားလက်စွပ်ကို ဝတ်ထားတယ်။ အခု သူမ လက်စွပ်ကို လှည့်နေရင်း အထဲကနေ လျှို့ဝှက်ဓားသွားငယ်တစ်ခု ပေါ်လာတယ်။ သူမ လက်စွပ်ကို ဘယ်ညာလှည့်ရင်း ဓားသွားကို သုံးပြီး ကြိုးကို ဖြတ်နေတယ်။

ကျီဝူကျိုးကတော့ သူမ ဘာလုပ်နေလဲဆိုတာ မသိရှာဘူး။ သူမ မနားတမ်း လှုပ်လှုပ်ရွရွလုပ်နေတာ တွေ့တဲ့အခါ

"မင်းခန္ဓာကိုယ် ယားလို့လား"

"အွန်း နည်းနည်း လှုပ်နေလိုက်ရင် အဆင်ပြေသွားမှာပါ"

ယဲ့ကျန်းကျန်းက ခပ်ရိုးရိုးပဲ ဖြေလာတယ်။

"ကြည့်ရတာ ပိုးမွှားတစ်ကောင်ကောင်ကြောင့် ဖြစ်မယ်။ နောက်ပြီးကျ ကိုယ် စခန်းက သမားတော်တစ်ယောက်ကို ခေါ်ပေးမယ်။ ဒါမှမဟုတ် ပိုးကောင်တွေ ထွက်သွား‌အောင် မီးခိုးမှိုင်းတိုက်ပေးမယ်"

"အွန်း"

သူမအမူအရာက ပိုပြီး လောလော လောလော ဖြစ်လာတာကို တွေ့တဲ့အခါ သူမကို ကူကုတ်ပေးဖို့ တစ်ယောက်ယောက်ကို ခေါ်ဖို့ လုပ်လိုက်တယ်၊ ဒါပေမဲ့ သူမကို တခြားယောကျာ်းတစ်ယောက်က ထိတယ်ဆိုတဲ့အတွေးနဲ့တင် သူ မျက်မှောင်ကျုံ့သွားတယ်။ သူ ဘာလုပ်ရင် ကောင်းမလဲစဥ်းစားနေတုန်းမှာပဲ ယဲ့ကျန်းကျန်းကိုယ်က ပြေလျော့သွားပြီး သူမလက်တွေက ကြိုးပြေသွားပြီ။

"မင်း ...!"

"ရှုး!"

ယဲ့ကျန်းကျန်း သူ့ကို တိတ်တိတ်နေဖို့ လက်ပြလိုက်တယ်။

"ခဏနေကျ အရှင်မင်းကြီးကိုလည်း ဖြည်ပေးမယ်။ နောက်ပြီးကျ အတူထွက်ကြတာပေါ့"

သူမ ပြောရင်း ခြေထောက်ကကြိုးကို ဖြတ်လိုက်တယ်။ ဒါနဲ့ ကျီဝူကျိုးလည်း ငြိမ်ငြိမ်လေး ထိုင်နေပြီး သူ့ကို ကြိုးဖြည်ပေးမှာကို စောင့်နေလိုက်တယ်။ ဒါပေမဲ့ သူရလိုက်တာက အဖြူရောင်ပိတ်စတစ်ခုနဲ့ သူ့ပါးစပ်ကို အစည်းခံလိုက်ရတာပဲဖြစ်တယ်။

"ဝူး ဝူး ?..??"

ကျီဝူကျိုး အံ့အားသင့်သွားရတယ်။

"အရှင်မင်းကြီးကို ကျွန်တော်မျိုးမ ဘယ်လိုလုပ် တိုက်ပွဲထဲ သွားခွင့်ပြုနိုင်မှာလဲ"

ယဲ့ကျန်းကျန်း ပြုံးရင်း သူမဘေးက ကြိုးကို ယူကာ ကျီဝူကျိုးကို နောက်တစ်ထပ် ထပ်ကြိုးတုပ်လိုက်တယ်။ ထို့နောက် သူ့ပါးကို ရွှတ်ခနဲ နမ်းလိုက်တယ်။ ကျီဝူကျိုး သူမအနမ်းကြောင့် ပါးလေး ရဲသွားတယ်။ နောက်ပြီးကျ သူမ ဘာလုပ်‌တော့မလဲဆိုတာကို တွေးမိတဲ့အခါ ချက်ချင်းကို ဖြူလျော့သွားတယ်။

"ဝူး ဝူး ဝူး !!!!"

ယဲ့ကျန်းကျန်း မြန်မြန်ဆန်ဆန်ပဲ ပြတင်းပေါက်ပေါ် တက်သွားပြီး သူ့ဘက် လှည့်ပြုံးကာ

"ကျွန်တော်မျိုးမ ပြန်လာတာကို စောင့်နေနော်"

ထို့နောက် သူမ ပြတင်းပေါက်ကနေ လစ်ကနဲ ခုန်ထွက်သွားတယ်။

ကျီဝူကျိုး ရုန်းရင်းကန်ရင်း ကြိုးပြေအောင် လုပ်နေတယ်။ သူ့မျက်လုံးတွေလည်း နီရဲနေပြီ။ ဒါပေမဲ့ ကြိုးက မပြေသေးတာကြောင့် ခုံပေါ်မှာပဲ ထိုင်နေရင်း သူမ ပြန်အလာကို စောင့်နေရုံပဲ တတ်နိုင်တယ်။

ဒီစောင့်ဆိုင်းရခြင်းက ကျီဝူကျိုးရဲ့ ဘဝမှာ အရှည်ကြာဆုံး စောင့်ဆိုင်းရခြင်းပဲ ဖြစ်တယ်။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now