Chapter 48

1.2K 125 2
                                    


Empress with No Virtue
Chapter 48
Translator – Utopia


နှစ်သစ်ကူးပြီးတဲ့အချိန်မှာတော့ နွေဦးဟာ ရောက်ရှိလာခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနက တကယ်ပဲ နယ်စပ်ကနေ တိုက်ပွဲ သတင်းကို ရရှိခဲ့တယ်။ တုလုဖန်က စစ်တပ်ကို ဦးဆောင်ပြီး တွမ့်ဟွမ်ဒေသကို ဦးတည်နေတယ်။ တစ်ဖက်မှာ တာတာပုက တပ်ဖွဲ့တွေကို ဦးဆောင်ပြီး တတုန်းကို ချီတက်လာနေတယ်။ အားလုံးက ကျီဝူကျိုး ခန့်မှန်းထားတဲ့အတိုင်းပဲ။

မြေမြှုပ်မိုင်းတွေကို စမ်းသပ်ပြီးပြီ ဖြစ်ပြီး သုံးဖို့ အဆင်သင့် ဖြစ်နေပြီး။ လက်ရှိမှာ အမြောက်အမြား ထုတ်လုပ်လျက်ရှိပြီး တစ်သုတ်ပြီး တစ်သုတ် နယ်စပ်ကို ပို့ပေးနေတယ်။ ဒါ့အပြင် လမ်းကြောင်း ၃ခုကနေ ခွဲပြီး နယ်စပ်ကို အမြှောက်နဲ့ ဗုံးတွေ ပို့ခိုင်းတဲ့ ယဲ့ကျန်းကျန်းရဲ့ အကြံပေးချက်ကိုလည်း လက်ခံခဲ့တယ်။ ဟိုးအရင်ကတည်းက ပြည်မကြီးကလူတွေက စစ်လက်နက်ထက် စစ်ဗျူဟာကိုသာ ပိုအရေးပေးခဲ့ကြတယ်။ ယဲ့ကျန်းကျန်းကတော့ စစ်ပွဲအတွင်း စစ်လက်နက်တွေကို ကောင်းကောင်း တစ်ခါမှ အသုံးမချဖူးဘူးလို့ အမြဲ တွေးမိတယ်။

ဒါပေမဲ့ နွီကျန်းမျိုးနွယ်စုက အခုထိ ဘာလှုပ်ရှားမှုမှ မလုပ်လာသေးဘူး။

ကျီဝူကျိုးကတော့ သူ့ခန့်မှန်းချက်ကို ယုံကြည်မှုအပြည့် ရှိတယ်။ အမတ်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက် သူတို့နောက်ဆုံး ကောက်ချက်ချလိုက်ကြတယ်။ နွီကျန်းမျိုးနွယ်စု အခုထိ ဘာမှတိုက်ခိုက်မလာသေးတာက တချီရဲ့ စစ်အင်အားကို တတုန်းနဲ့ တွမ့်ဟွမ့်ကို ရွှေ့တဲ့အချိန်ကို စောင့်နေတာပဲ ဖြစ်တယ်။

ဒီတော့ တချီက အဲ့အစား စစ်တပ်တွေကို လျောင်တုန်းကို အရင် လွှတ်လိုက်ပြီး မြို့တော်ကို ကာကွယ်စေတယ်။ ဒီဆုံးဖြတ်ချက်ကို အားလုံးက ထောက်ခံကြတယ်။

ဒါပေမဲ့ ဒီရွှေ့ကွက်အတွက် ဘယ်သူက တာဝန်ယူဦးဆောင်ပေးမှာလဲဆိုတဲ့ ပြဿနာမှာ သူတို့ အနည်းငယ် အချေအတင် ဖြစ်နေကြတယ်။ လျောင်တုန်းက လက်ရှိခေါင်းဆောင်က ဒီတာဝန်ကို ယူနိုင်မှာ မဟုတ်ဘူး။ သူက ဖန့်ရှိုးချင်းရဲ့ ယောက်ဖ တန့်ဖုန့်ရှန်ဖြစ်ပြီး စစ်တပ်ကို လေ့ကျင်တဲ့ နေရာတော်ပေမဲ့ စစ်တိုက်တဲ့နေရာမှာတော့ သိပ်မကောင်းလှဘူး။ ဒါ့ကြောင့်မို့ ဖန့်ရှိုးချင်း ကိုယ်တိုင်တောင်မှ ဒီနေရာအတွက် သူ့ယောက်ဖ တန့်ဖုန့်ရှန်က သင့်တော်တယ်လို့ မမြင်မိဘူး။

တကယ်တော့ ဒီနေရာက သိပ်သင့်တော်တဲ့သူ ရှိတယ်။ အရင် စစ်စခန်း၃ခုရဲ့ ခေါင်းတောင် ယဲ့လိန်ထင်း။ သူက ပါးနပ်ပြီး ရဲရင့်တယ်။ နောက်ပြီး ခေါင်းဆောင်နိုင်စွမ်းရှိတဲ့အပြင် စစ်တိုက်ဖူးတဲ့အတွေ့အကြုံလည်း ရှိတယ်။ ကြီးကြီးမားမား စစ်ပွဲတွေတော့ မဟုတ်ပေမဲ့ပေါ့။ ဒါပေမဲ့ ကျန်တဲ့သူတွေနဲ့ ယှဉ်လိုက်ရင်တော့ သူက အတော်ဆုံးထဲက တစ်ယောက်ပဲ။

ဒါပေမဲ့ ဟုတ်တာပေါ့။ ယဲ့လိန်ထင်းက ယဲ့မိသားစုက ဖြစ်ဝာာကြောင့် ကျီဝူကျိုး ဖယ်ချမလား သူ့ကို သုံးမှာလား မသေချာဘူး။

ကျီဝူကျိုးလည်း တကယ် ယဲ့လိန်ထင်းကို ‌သုံးချင်တယ်။ ဒါပေမဲ့ စစ်သူကြီး အနေနဲ့တော့ မဟုတ်ဘူး။ ဘာလို့ဆို .... ကျီဝူကျိုး သူကိုယ်တိုင် စစ်သူကြီး နေရာက တိုက်ချင်လို့ပဲ။

"ဘယ်လို?! အရှင်မင်းကြီးကိုယ်တိုင် စစ်တိုက်ထွက်မလို့လား?"

ကျီဝူကျိုးရဲ့အကြံကို ကြားလိုက်ရတဲ့အခါ ယဲ့ရှိုးမင် မျက်လုံးတွေတောင် ကျွတ်ထွက်မတတ် ဖြစ်သွားတယ်။ သူ့မျက်နှာတစ်ခုလုံးက ခွင့်မပြုတဲ့အမူအရာနဲ့ ပြည့်နှက်နေတယ်။

ဟုတ်တယ်၊ တိုက်ပွဲမှာ ကိုယ်တိုင်ဝင်တိုက်ဖို့ကို အစတကည်းက ကျီဝူကျိုး စဉ်းစားထားခဲ့တာ။ သူက ဧကရာဇ်တစ်ပါးဖြစ်သလို သွေးမာန်တက်ကြွနေဆဲ လူငယ်တစ်ယောက်၊ တချီနိုင်ငံသားတစ်ယောက်လည်း ဖြစ်တယ်။ သူ့နိုင်ငံကို ကျူးကျော်လာရဲတဲ့သူတွေကို စစ်မြေပြင်မှာ တိုက်ထုတ်ဖို့ ဆန္ဒရှိနေတယ်။ အမှန်အတိုင်း ပြောရရင် သူက စစ်ဗျူဟာချတဲ့နေရာမှာလည်း တော်သလို သိုင်းပညာမှာလည်း တော်တာမို့ စစ်ပွဲမှာ နေရာချထားရင် ပိုသင့်တော်တယ်။

ဒီအချက်တွေကို သုံးပြီး အမတ်တွေကို ကျီဝူကျိုး နားချပေမဲ့ အဓိက ပြဿနာက သူက ဧကရာဇ်ဖြစ်နေတာပဲ။ နောက်ပြီး သူက တစ်ဦးတည်းသော နန်းဆက်ခံသူမို့ တကယ်လို့သာ သူ့ဆီ တစ်ခုခု ဖြစ်သွားကြည့်၊ တစ်တိုင်းပြည်လုံး ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်။ တကယ်လို့ မင်းဆက်ပါ ပြောင်းသွားရင် ဘယ်လိုလုပ်ကြမလဲ။

ဖန့်ရှိုးချင်းတောင်မှာ ဒီကိစ္စမှာ ကျီဝူကျိုးဘက်က မပါခဲ့ဘူး။ သူတင်မကဘူး ဘယ်အမတ်မှ သူ့ဆုံးဖြတ်ချက်ကို သဘောမတူကြဘဲ စိတ်ပြောင်းသွားအောင်ပဲ နားချနေကြတယ်။ ကျီဝူကျိုး ဒေါသထွက်ပြီး ယန်ရှင်းနန်းဆောင်ကနေ ထွက်လာခဲ့လိုက်တယ်။ အမတ်တွေကတော့ နန်းဆောင်အပြင်မှာ ဒူးထောက်ရင်း အပြင်းအထန် ကန့်ကွက်နေကြတယ်။

ယဲ့ကျန်းကျန်း ကျီဝူကျိုးနဲ့ တွေ့ဖို့ ယန်ရှင်းနန်းဆောင်ကို ရောက်လာတဲ့အခါ ဖန့်ရှိုးချင်းနဲ့ သူမအဖိုးတို့ အလေးအနက် ဆွေးနွေးနေကြတာကို တွေ့လိုက်ရတယ်။ နှစ်ယောက်လုံး မျက်နှာတွေက မကောင်းကြဘူး။ ယဲ့ရှိုးမင် သူ့မြေးမကို တွေ့တဲ့အခါ ချက်ချင်းပဲ ဘာဖြစ်ခဲ့တယ်ဆိုတာ ပြောပြပြီး အရှင်မင်းကြီး ကူပြီး နားချဖို့ ပြောလာတယ်။

ဒီလိုနဲ့ ညဘက် ကျီဝူကျိုး ခွန်းနင်နန်းဆောင်ကို ရောက်လာတဲ့အခါ ယဲ့ကျန်းကျန်း သူ့ကို မေးလိုက်တယ်

"ကျွန်တော်မျိုးမကြားတာ အရှင်မင်းကြီးကိုယ်တိုင် စစ်ထွက်ချင်တယ်ဆို"

ကျီဝူကျိုး မျက်ခုံးပင့်လိုက်ရင်း

"ဧကရီ မင်းလည်း ကိုယ့်ကို တားမလို့လား"

"မဟုတ်ဘူး"

"‌ဒါဆို ကိုယ့်ဆုံးဖြတ်ချက်ကို သဘောတူတယ်လို့ ဆိုလိုတာလား"

"အရှင်မင်းကြီးသွားရင် ကျွန်တော်မျိုးမလည်း လိုက်ချင်တယ်"

ယဲ့ကျန်းကျန်းပြောတာက အမှန်ပဲ ဖြစ်တယ်။ ကျီဝူကျိုး စစ်ဖြစ်တဲ့နေရာကို တိုက်ရိုက်မပါဘဲ နောက်ကနေ သူ စစ်ဗျူဟာတွေ ချမှတ်ပေးလို့ရတာပဲ။ သူဉာဏ်ပညာနဲ့ဆို သေချာပေါက် အသုံးဝင်မှာ။ နောက်ပြီး အသက်အန္တရာယ်လည်း ရှိမှာ မဟုတ်ဘူး။ နောက်ပြီး သူမကိုယ်တိုင်လည်း တကယ် တိုက်ပွဲထဲကို သွားကြည့်ချင်တယ်။

"မရဘူး မင်း မသွားရဘူး"

ကျီဝူကျိုးက ဒဲ့ပဲ ဖြေလာတယ်။

"ဘာလို့လဲ?!"

"ဘာလို့ဆိုတာ မရှိဘူး"

မသွားခိုင်းရတဲ့ အကြောင်းပြချက်တွေ အများကြီး ရှိတယ်။ ငါတို့ပြောနေတာ စစ်ပွဲ၊ အန္တရာယ်များတယ်။ နောက်ပြီး တပ်ထဲမှာက ယောကျာ်းလေးတွေချည်းပဲ ရှိတာ။ သူမက မိန်းကလေးလေ ...

"အရှင်မင်းကြီး သွားရင် ကျွန်တော်မျိုးမလည်း သွားမှာပဲ"

ဒီစကားက သိပ်ကို အာဏာပြင်းလွန်းတာကြောင့် ကျီဝူကျိုး ကူရာကယ်ရာမဲ့ ဖြစ်သွားရတယ်။ သူမ အခုချက်ချင်းတော့ မသွားရင်တောင်မှ သူ လျောင်တုန်းကို သွားဖို့ နန်းတော်က ထွက်တာနဲ့ သူမ ဘယ်နည်းသုံးရသုံးရ ရအောင် လိုက်လာလိမ့်မယ်။ ဒီလိုကိစ္စမျိုးကို ကျန်တဲ့သူတွေ မလုပ်ရဲရင်တောင်မှ ယဲ့ကျန်းကျန်းကတော့ လုပ်ရဲတဲ့သူမျိုး။

ဒီတော့ ယဲ့ကျန်းကျန်းကို နန်းတော်ထဲမှာပဲ နေစေချင်တယ်ဆို သူပါ မသွားမှ ရမယ်။

အနည်းငယ် ပြောစရာစကား ပျောက်ရှသွားပြီး ကျီဝူကျိုး မေးလိုက်တယ်။

"မင်း ဘာလို့ သွားချင်တာလဲ"

ယဲ့ကျန်းကျန်းလည်း သူများကို ဘယ်လိုဖားရမလဲ သိပါတယ်နော်။ သူမ စစ်ပွဲထဲ ကိုယ်တိုင် သွားချင်ဝာာလို့ အမှန်အတိုင်း မပြောပဲ အဲအစား

"ကျွန်တော်မျိုးမ အရှင်မင်းကြီးကို စိတ်ပူလို့ရယ်"

ဒီစကားတစ်ခွန်းက ကျီဝူကျိုးအပေါ် သိပ်ကို အသုံးဝင်လွန်းတယ်။ သူ ချက်ချင်းပဲ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး

"ကျန်းကျန်း မင်း ကိုယ့်ကို အရူးလုပ်နေတာ သိတယ်။ ဒါပေမဲ့လည်း ...မင်းဆီက အဲ့လိုကြားရလို့ ကိုယ် သိပ်ပျော်ဝာာပဲ"

"‌ဒါဆို ကျွန်တော်မျိုးမ သွားလို့ရပြီပေါ့လား"

"အိပ်မက်မက်နေလိုက်"

"..."

နောက်နေ့မှာတော့ ကျီဝူကျိုး သူ့တစ်သက်မှာ လွှတ်တော်ထဲ သမိုင်းတွင်သွားမယ့် အဖြစ်အပျက်ကို မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။ အမတ်တွေ အကုန်လုံး ရာထူး သေးသေး ကြီးကြီး၊ အကုန် နန်းရင်ပြင်မှာ ဒူးထောက်ပြီး ...

ငိုနေကြတယ်!

ငိုတာမှ အားရပါးရနဲ့ မျက်ရည်အပြည့်ကို ငိုနေကြတာ။ ရှိုက်တဲ့သူက ရှိုက်၊ တချို့ဆို နှာရည်တွေပါကျတယ် ငိုတာ။

ကျီဝူကျိုး ဒီမြင်ကွင်းကို မြင်ရတဲ့အခါ ဒေါသက တလိပ်လိပ်တက်လာပေမဲ့ သူ့စိတ်သူ ထိန်းရင်း နောက်ဆုံးတော့ ငိုနေယိုနေကြတဲ့ မြင်ကွင်းကို မမြင်ချင်တော့တာနဲ့

"ငိုမနေနဲ့တော့။ ကိုယ်တော် မသွားတော့ဘူး။ မသွားတော့ဘူး ရပြီလား!"

ကျီဝူကျိုးရဲ့ ကတိစကားကို ကြားတဲ့အခါ အရှေ့ဆုံးက ယဲ့ရှိုးမင်က မတ်တတ်ရပ်လာပြီး

"ကောင်းပြီ ကောင်းပြီ ဒီလောက်ဆိုရပြီ။ အရှင်မင်းကြီးက မသွားတော့ဘူးတဲ့"

ဒီလိုနဲ့ အားလုံးလည်း ငိုတာ ရပ်သွားကြတယ်။

နဂါးပလ္လင်ပေါ် ထိုင်ရင်း အောက်ကလူတွေကို ကျီဝူကျိုး လှမ်းကြည့်နေတယ်။ သူ့စိတ်ထဲတော့ "ဒီနည်းနဲ့ဆို ကျန်းကျန်းလည်း စစ်ပွဲထဲ သွားတော့မှာ မဟုတ်ဘူး။ ဒီအကြံက မဆိုးပါဘူး" လို့ သူ့ကိုယ်သူ နားချနေရတယ်။

ဒီလိုနဲ့ သူ လွှတ်တော် ဆင်းသွားတယ်။ ဒါပေမဲ့ ယဲ့လိန်ထင်းကို လျောင်တုန်းစစ်တပ်ရဲ့ အဓိကခေါင်းဆောင်အနေနဲ့ အမိန့်ထုတ်ပြန်ခဲ့ပြီး နွီကျန်းမျိုးနွယ်စုကို အစွမ်းကုန် တိုက်ခိုက်နိုင်ဖို့ သူကို အာဏာကုန် ပေးခဲ့တယ်။ နောက်ပြီး စစ်တပ်ကိုလည်း နေရာခွဲ စေလွှတ်ခဲ့တယ်။ ရွှမ်းဖူကို စစ်သည်၂သောင်း၊ တတုန်းကို စစ်သည်၁သောင်းနဲ့ လျောင်တုန်းမှာ စစ်သည်၁သိန်း နေရာချထားပြီး ကျန်တဲ့တပ်တွေကို မြို့တော်ကို ကာကွယ်စေတယ်။ တခြားနယ်မြေတွေမှာ ရှိနေတဲ့ တပ်တွေကိုတော့ တစ်ခုခုဖြစ်လာတာနဲ့ အလျင်အမြန် တုန့်ပြန်နိုင်ဖို့ အသင့်အနေအထား ပြင်ထားခိုင်းတယ်။

တပ်တွေ သက်ဆိုင်ရာနယ်မြေကို မထွက်ခွာမှီ တစ်ရက်အလိုမှာ ယဲ့မိသားစုက အမျိုးသမီး‌တွေ ယဲ့ကျန်းကျန်းနဲ့ တွေ့ဖို့ နန်းတော်ထဲ အခစားဝင်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ယဲ့ကျန်းကျန်းရဲ့အဒေါ်ဖြစ်တဲ့ လုလီရဲ့အမေပါ လိုက်လာတယ်။

အဒေါ့်ရဲ့မျက်နှာက မကောင်းဘူးဖြစ်နေတယ်။ ယဲ့ကျန်းကျန်း သူမကို နှုတ်ဆက်လိုက်တဲ့အချိန်မှာ ‌အဒေါ်က မျက်ရည်အပြည့်နဲ့ ဆက်တိုက် ငိုနေရှာတယ်။

ယဲ့ကျန်းကျန်း စိတ်ပူသွားပြီး သူမနား အပြေးသွားကာ မေးလိုက်တယ်။

"ဒေါ်ဒေါ် ဘာဖြစ်လို့လဲ။ တစ်ခုခုဖြစ်လို့ဆိုရင်လည်း ကျေးဇူးပြုပြီး ပြောပြပါဦး"

"မယ်မယ် အရှင်မင်းကြီးကို ပြောပေးလို့ ရမလားဟင်။ လုမိသားစုက အမြဲ သစ္စာစောင့်သိခဲ့တာကို ထောက်ပြီး လီအာကို တပ်ထဲ မပို့ပစ်လိုက်ဖို့ ပြောပေးနိုင်မလား။ သူက မိသားစုထဲ တစ်ဦး‌တည်းသော သားယောကျာ်းလေးပါ၊ ဒေါ်ဒေါ်မှာလည်း ဒီသားတစ်ယောက်ပဲ ရှိတယ်။ သူ့အဖေကလည်း ရှီးပေမှာ တာဝန်ကျနေတာ။ တကယ်လို့ လီအာသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ...."

သူမ ဆက်မပြောတော့ပေမဲ့ ဘာကိုဆိုလိုချင်မှန်း ယဲ့ကျန်းကျန်း သဘောပေါက်လိုက်တယ်။ လုပ်ကြံသူကိစ္စပြီးကတည်းက တာဝန်ပေါ့လျော့မှုနဲ့ ကျီဝူကျိုး လုလီကို ရာထူးချလိုက်ပြီး ဝူချန်းစစ်စခန်းမှာ တာဝန်ထမ်းဆောင်ခိုင်းခဲ့တယ်။ ဒီတစ်ခေါက် ရှေ့တန်းထွက်ဖို့ အမိန့်ရခဲ့ပြီး မနက်ဖြန်ဆို လျောင်တုန်းကို ထွက်ခွာတော့မှာ ဖြစ်တယ်။

လျောင်တုန်းကို မသွားချင်တာ လုလီရဲ့သဘောထားတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူက မိသားစုထဲတစ်ဦးတည်းသော ယောကျာ်းလေးဖြစ်တဲ့အပြင် အဖေကလည်း နယ်စပ်မှာ တာဝန်ကျနေတုန်းပဲ။ အမေတစ်ယောက်အနေနဲ့ သူ့ကို မြို့တော်မှာပဲ နေစေချင်ဝာာကို နားလည်ပေးလို့ရပါတယ်။

ယဲ့ကျန်းကျန်း ဒါကို နားလည်ပေမဲ့ တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားရတယ်။

"ဒေါ်ဒေါ်  တကယ် ဝမ်းကွဲအစ်ကိုကို ရှေ့တန်းမထွက်စေချင်ရင် အဲ့ကတပ်ခေါင်းဆောင်ကို တောင်းဆိုလို့ရတာပဲ။ ဦးလေးကလည်း တပ်ထဲမှာ လေးစားခံရတဲ့ ခေါင်းဆောင်ပဲဟာ။ နောက်ပြီး သူက မိသားစုထဲ တစ်ဦးတည်းသော ယောကျာ်းလေး ဖြစ်တာကို ထောက်ပြီး ဒီတောင်းဆိုမှုက အရမ်းမခက်ခဲလောက်ပါဘူး"

ဒေါ်ဒေါ် ဘာလို့ ကျီဝူကျိုးကို ပြောပေးဖို့ သူမဆီ လာတောင်းဆိုရတာပါလိမ့်?

ယဲ့ကျန်းကျန်း ပြောတာကို ကြားတဲ့အခါ အဒေါ်က ပိုလို့တောင် တိုးငိုတော့မယ်။

"မယ်မယ် မသိသေးလို့။ ဒီတစ်ခေါက်မှာ အရှင်မင်းကြီးကိုယ်တိုင် သူ့ကို ရှေ့တန်းထွက်ဖို့ ရွေးခဲ့တာ!"

"..."

ကျီဝူကျိုးက ဘာသဘောလဲ?

ယဲ့ကျန်းကျန်း အဒေါ်ဖြစ်သူကို နှစ်သိမ့်ပေးပြီး ဒီကိစ္စကို ကျီဝူကျိုးနဲ့ ပြောကြည့်ပေးမယ်လို့ ကတိပေးလိုက်တယ်။ ယဲ့မိသားစုက အမျိုးသမီးတွေ နန်းတော်က ပြန်သွားပြီးတဲ့နောက် သူမ ယန်ရှင်းခန်းမဆောင်ကို ထွက်လာခဲ့တယ်။

"ကျန်းကျန်း မင်း ရောက်လာတာလား။ လာလေ ထိုင်ပြီး စကားပြောရအောင်"

ကျီဝူကျိုး စိတ်အခြေအနေ ကောင်းနေတယ်။

ယဲ့ကျန်းကျန်း ယန်ရှင်းခန်းမဆောင်ရဲ့ အဝင်မှာပဲ မတ်တတ်ရပ်နေပြီး မေးလာတယ်။

"အရှင်မင်းကြီးကိုယ်တိုင် လုလီကို ရှေ့တန်းထွက်ဖို့ ရွေးခဲ့တာလား"

လုလီဆိုတဲ့အသံကို ကြားလိုက်ရချိန်မှာ ကျီဝူကျိုး မျက်နှာက အပြုံးက ပျောက်ကွယ်သွားပြီး ရေးလက်စ စုတ်တံကို ချကာ မေးလိုက်တယ်။

"မင်း သူ့အတွက်နဲ့ ဒီကို ရောက်လာတာလား"

"ဘာလို့ အဲ့လိုလုပ်ရတာလဲ"

"ဘယ်လိုထင်လို့လဲ။ လုလီက အမှားလုပ်မိထားတဲ့ မင်းမှုထမ်းပဲ။ ဒီတစ်ခေါက် သူ ‌တိုင်းပြည်အတွက် အကျိုးဆောင်ဖို့ အခွင့်အရေးကောင်းပဲ။ သူက မင်းရဲ့ဆွေမျိုး ဖြစ်တဲ့အပြင် အလုပ်လည်း ကြိုးစားတယ်လေ။ ဒါပေါ့ ငါ သူ့အတွက် တွေးပေးရမှာ‌ပေါ့"

ကျီဝူကျိုး ပြန်ဖြေလာတယ်။

ကျီဝူကျိုးမှာလည်း သူ့အတွေးနဲ့သူ ရှိတယ်။ လုလီသာ နန်းတော်ထဲ မရှိသ၍ သူနဲ့ ယဲ့ကျန်းကျန်းလည်း တွေ့ရတော့မှာ မဟုတ်ဘူး။ ဒီလိုနဲ့ တဖြေးဖြေးချင်း သူမနှလုံးသားကလည်း သူ့ကို မေ့လျော့သွားလိမ့်မယ်။ အဲ့လို သူလည်း လုလီကို သတ်နေစရာ မလိုတော့ဘူး။ နောက်ပြီး ဒီတစ်ခေါက် သူ့ကို ရှေ့တန်းထွက်ခိုင်းရတာက တပ်ထဲမှာလည်း သူ့ကို ကူညီပေးမယ့် ယဲ့လိန်ထင်း ရှိတယ်။ သိုင်းပညာမှာလည်း လုလီက သူ့ထက်တောင် ပိုတော်တာမို့ ရှေ့တန်းထွက်ရတာက အကျိုးယုတ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ စစ်ပြီးသွားတဲ့အခါကျ သူ့ကို‌ သေချာပေါက် ရာထူးတိုးပေးပြီး ဇနီးတစ်‌ယောက်ပါ ကူရှာပေးလိုက်မယ်။ ဘယ်လောက်တောင်ကောင်းလိုက်တဲ့ ဇာတ်သိမ်းလဲ။

"ဒါပေမဲ့ သူက စစ်သူကြီးလုရဲ့ တစ်ဦးတည်းသော သားလေ။ သားအဖနှစ်ယောက်လုံးကို တစ်ပြိုင်တည်း ရှေ့တန်းစေလွှတ်တာက သိပ်မကောင်းလွန်းရာ ကျမနေဘူးလား"

ယဲ့ကျန်းကျန်း မျက်မှောင်ကျုံ့လိုက်တယ်။

ယဲ့ကျန်းကျန်း လုလီကို စိတ်ပူနေတာ တွေ့တဲ့အခါ ကျီဝူကျိုးရင်ထဲ ‌ဒေါသက မြင့်တက်လာတယ်။

"တိုင်းပြည်အတွက် တိုက်ခိုက်ခွင့်ရတာ သူတို့အတွက် ဂုဏ်ယူစရာပဲ။ ဘာက မကောင်းတာလဲ"

"သဘောတရားအရဆိုရင်တော့ မှန်ပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးပြောတဲ့ပုံစံကတော့ တကယ်ကို မကြင်နာဘူး"

"ဧကရီ ကိုယ့်ကို ဒေါသထွက်အောင် ဆက်မလုပ်နဲ့တော့။ ဘာလို့ အရင်ပြန်မသွားနှင့်လဲ"

ဒါပေမဲ့ ယဲ့ကျန်းကျန်းက ကြမ်းပြင်မှာ ဒူးထောက်လိုက်ပြီး

"အရှင်မင်းကြီး အမိန့်တော်ကို ပြန်ရုပ်သိမ်းပေးဖို့ မျှော်လင့်ပါတယ်"

ကျီဝူကျိုး လက်သီးကို ကျစ်ကျစ်ဆုပ်ထားပြီး မျက်လုံးနီရဲပြီး သွေးကြောတွေ ပေါက်ထွက်မတတ်ဖြစ်နေပြီ။ ပုံမှန်ဆိုရင်တော့ သူက ဒေါသကို ကောင်းကောင်း ထိန်းနိုင်တဲ့သူ ဖြစ်ပေမဲ့ ယဲ့ကျန်းကျန်းနဲ့ ပတ်သက်လာရင် သူ ဘယ်လိုမှ မထိန်းချုပ်နိုင်ဘူး။

"အရှင်မင်းကြီး ရုပ်သိမ်းပေးဖို့ ...."

"ထွက်သွား! "

ကျီဝူကျိုး သူမကို ဖြတ်ပြောလိုက်တယ်။

"သွားတော့။ ကိုယ် မင်းကို မတွေ့ချင်ဘူး"

"အရှင်မင်းကြီး ..."

"ကျန်းကျန်း ကိုယ် ဒီတစ်ခေါက်လုပ်တာ လွန်တယ်လို့ မင်းထင်ရင် ကိုယ် မင်းကို ပြောလိုက်မယ်။ ကိုယ့်မှာ ဒီထက်ဆိုးဝါးတဲ့နည်းလမ်းတွေ ရှိသေးတယ်။ မင်း ဘယ်တစ်ခုကို ကြိုက်လဲပြောလိုက်"

ကျီဝူကျိုး ပြုံးရင်း ပြောလိုက်တယ်။ သူ့အပြုံးမှာ ခါးသီးတဲ့အငွေ့အသက်တွေ ပါနေခဲ့တယ်။

"ကျွန်တော်မျိုးမ နားလည်ပါပြီ"

ယဲ့ကျန်းကျန်း ခေါင်းငုံ့ကာ ပြန်ထွက်သွားတယ်။

သူမ တံခါးကနေ ပျောက်ကွယ်သွားတာကို ကြည့်ရင်း ကျီဝူကျိုး သူ့ရင်ဘတ်ကိုသူ လက်နဲ့ဖိထားတယ်။ သူ့အမူအရာက သိပ်ကို ဝမ်းနည်းနေခဲ့တယ်။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now