Chapter 53

1.3K 115 1
                                    


Empress with No Virtue
Chapter 53
Translator – Utopia


ကျီဝူကျိုး မွန်ဂိုစကားပြောတတ်တဲ့ စစ်သားတစ်ယောက်ကို စကားပြန်အနေနဲ့ ထားပြီး သူတို့ ဖမ်းမိခဲ့တဲ့ စစ်သားကို စစ်မေးနေတယ်။ သုံ့ပန်းစစ်သားက စိတ်ပိုင်းဖြတ်ထားတဲ့ ပုံပဲ၊ ဘာမှမပြောဘဲ နှုတ်ဆိတ်နေတဲ့ အပြင် ထမင်းတောင် မစားဘူး။

"မင်း မပြောရင်တောင်မှ မင်း ဘယ်ကလာလဲ ငါ သိပြီးသား"

သုံ့ပန်းစစ်သားက ဘာမှမတုံ့ပြန်လာသေးဘူး။

"မင်းက ဝူလန်မျိုးနွယ်စုကပဲ။ မွန်ဂို ဝူလန်မျိုးနွယ်စုခေါင်းဆောင်က ကန္တာရရဲ့ ပိုးဟပ်လို့ ခေါ်ကြတဲ့ ပေါ်ရိထိုက်ချီနပဲ"

သုံ့ပန်းစစ်သားဘက်က တုံ့ပြန်မှုရှိလာတယ်။ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ တုန်ယင်လာတယ်။

"အစကတော့ သူ နွီကျန်းမျိုးနွယ်စုဆီမှာ အညံ့ချလိုက်တုန်းက တွေဝေနေခဲ့တယ်လို့ ငါထင်ခဲ့တာ။ အခုတော့ ကြည့်ရတာ သူက လိုလိုချင်ချင်နဲ့ကို သူတို့နဲ့ ပေါင်းလိုက်တာပဲကိုး"

သုံ့ပန်းစစ်သားက ကျီဝူကျိုးကို ကြည့်လာပြီး သူ ဝန်ခံရင် သူ့ကို အသက်ချမ်းသာပေးမှာလား မေးလာတယ်။

"နောက်ကျသွားပြီ၊ မင်း သိထားတဲ့ဟာကို အခု ငါလည်း သိသွားပြီ"

ကျီဝူကျိုး အခန်းထဲက ထွက်လာပြီးတဲ့နောက် ရွှီရှီးမင်နဲ့ ယဲ့ကျန်းကျန်းဆီ ထွက်လာခဲ့လိုက်တယ်။

ရှီရှီးမင်က မြေပုံရှေ့မှာ ရပ်နေပြီး အသံခပ်တိုးတိုးနဲ့ ယဲ့ကျန်းကျန်းနဲ့ တစ်ခုခုကို တိုင်ပင်နေတယ်။ ကျီဝူကျိုးဝင်လာတာကို တွေ့တဲ့အခါ ချက်ချင်းပဲ သူ ဒူးထောက်လိုက်ပြီး

"အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်!"

ကျီဝူကျိုးက ချက်ချင်းပဲ သူ့ကို လက်ကမ်းပြီး ထူပေးရင်း

"ရွှီစစ်သူကြီး ဒီနေရာမှာ စည်းကမ်းအတိုင်းတွေ လုပ်နေစရာမလိုပါဘူး"

"သူ့ဆီက တစ်ခုခု သိရတာရှိလား"

ယဲ့ကျန်းကျန်းက ‌မေးလာတယ်။
ကျီဝူကျိုး မြေပုံဆီ လျှောက်လာလိုက်ပြီးနောက်

"ကိုယ်တို့တွေ့ခဲ့တဲ့ စစ်သားတွေက ကင်းထောက်ဖို့ ရောက်လာတဲ့သူတွေပဲ၊ ကြည့်ရတာ ဒီတစ်ခေါက်မှာ မွန်ဂိုတွေပါ စစ်ပွဲထဲ ပါလာမယ့်ပုံပဲ"

ဝူလန်မျိုးနွယ်စုက မြောက်ပိုင်းမွန်ဂိုမျိုးနွယ်စုတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက နွီကျန်းမျိုးနွယ်စုက သိမ်းပိုက်တာ ခံခဲ့ရတာပဲ ဖြစ်တယ်။ ပေါ်ရိထိုက်ချီန ဦးဆောင်တဲ့ သူတို့မျိုးနွယ်စုတွေ နွီကျန်းတွေဆီမှာ အညံ့ခံခဲ့ကြရတယ်။ ဒီတစ်ခေါက်မှာ ပေါ်ရိထိုက်ချီနက နွီကျန်းမျိုးနွယ်စုနဲ့ သိပ်အလွမ်းမသင့်တာကြောင့် အရှေ့တုန်းကထိ  စစ်ပွဲနဲ့ပတ်သက်ပြီး ဘာသတင်းမှ မကြားရတာလို့ ကျီဝူကျိုး ထင်လိုက်တာ၊ ဒါပေမဲ့ ကြည့်ရတာ ကိစ္စတွေက ထင်ထားတာထက် ပိုရှုပ်ထွေးမယ့်ပုံပဲ။

ယဲ့ကျန်းကျန်း ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားတယ်။

"ဒီလူတွေက နွီကျန်းမျိုးနွယ်စုနဲ့ပေါင်းပြီး စစ်ပွဲစတဲ့အခါ ကျီကျိုးကို အလုံးအရင်းနဲ့ ဝင်တိုက်ကြလိမ့်မယ်။ အဲ့အချိန်ကျ လျောင်တုန်းဘက်က အထိအနာဆုံး ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်မျိုးမတို့ ကျီကျိုးကို မကူပြန်ရင်လည်း နန်းမြို့တော်က အန္တရာယ်ထဲ ကျသွားလိမ့်မယ်၊ ကျွန်တော်မျိုးမ ခန့်မှန်းတာ ဟုတ်တယ်မလား"

ကျီဝူကျိုးက သူမ နဖူးလေးကို တောက်ရင်း

"သိပ်တော်လိုက်တဲ့ တပည့်လေး"

"ဒီလိုဆိုရင် ကျွန်တော်မျိုးမတို့ ထောင်ချောက်ဆင်ပြီး ဗျူဟာခင်းကြတာပေါ့"

သူမက အကြံပြုလာတယ်။

ကျီဝူကျိုးက ခေါင်းယမ်းလိုက်တယ်။

"ဟင့်အင်း၊ ကိုယ်တို့မှာ တပြိုင်တည်း ထိုးစစ်ကော ခံစစ်ကော လုပ်ဖို့ စစ်အင်အား အပိုဆောင်း ရှိမနေဘူး။ ကျီကျိုးက စစ်ရေးအရ အင်အားတောင့်ပါတယ်၊ ကိုယ်တို့ ခံစစ်ကိုပဲ အဓိက ဦးစားပေးရင် ရပြီ"

ရွှီစစ်သူကြီးကလည်း ပြောလာတယ်။

"အရှင်မင်းကြီး စိတ်ချပါ ၊ ကျွန်တော်မျိုး ရှိနေသ၍ ဒီမြို့ကို မွန်ဂိုက ယင်ကောင်တောင် မဖြတ်စေရဘူး!"

"ဒီလိုဆိုလည်း ကျီကျိုးကို ရွှီစစ်သူကြီးလက်ထဲပဲ ငါကိုယ်တော် အပ်ထားလိုက်တော့မယ်"

ရွှီရှီးမင်က ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ပြီး

"ကျွန်တော်မျိုး နာခံပါ့မယ်!"

ကျီဝူကျိုး သူကို ထူပေးပြီးနောက်

"ရှန်တုန်းက စစ်သည် ၃၀၀၀ ကို ကျီကျိုးကို ရွှေ့ဖို့ အမိန့်ပေးထားပြီးပြီ။ ပေါ်ရိထိုက်ချီနရဲ့ တပ်အင်အား တောင့်တင်းပေမယ့် နွီကျန်းတွေကို ကူဖို့ ‌ရောက်လာကြတာ၊ နောက်ပြီး သိပ်လည်း မပါးနပ်ကြဘူး။ ငါကိုယ်တော်တို့သာ နွီကျန်းမျိုးနွယ်စုကို တပ်ဆုတ်သွားအောင် တိုက်ထုတ်နိုင်ခဲ့ရင် သူတို့လည်း တပ်ဆုတ်သွားကြလိမ့်မယ်။ တစ်ခုပဲ ရွှီစစ်သူကြီးမှာ မြို့ကို ကာကွယ်ဖို တာဝန်ယူထားတော့ မကောင်းကြံချင်တဲ့သူတွေက ခင်ဗျားကို အကောက်ကြံမှာပဲ စိုးရိမ်ရတယ်"

"ကျွန်တော်မျိုးက ဘာကြောင့် သူတို့ကို ကြောက်ရမှာလဲ!
"ရွှီစစ်သူကြီး ခင်များ မကြောက်မှန်း သိတယ်၊ ဒါပေမဲ့ ငါကိုယ်တော် စိတ်ထင့်နေလို့။ ဒီလိုလုပ်၊ ကိုယ်တော့်ဆီက အထူးကိုယ်ရံတော် ၆ယောက်ကို ခင်ဗျားနဲ့ ထားခဲ့လိုက်မယ်။ ခင်ဗျားကို သူတို့မျက်စိအောက်က အပျောက်မခံဘဲ သေချာကာကွယ်ပေးကြလိမ့်မယ်"

ရွှီစစ်သူကြီး ရင်ထဲ ခံစားသွားရပြီး မျက်လုံးတွေ နီရဲလာကာ ဒီချီးမြှောက်မှုကို ငြင်းဖို့ ကြိုးစားချင်ပေမဲ့ ယဲ့ကျန်းကျန်းကပါ တိုက်တွန်းလာတယ်။

"ရွှီစစ်သူကြီး ရှင့်အသက်ကို ရှင်တစ်ယောက်တည်း ပိုင်တော့တာ မဟုတ်ဘူး၊ တစ်တိုင်းပြည်လုံးနဲ့ သက်ဆိုင်သွားပြီ။ ဒါကြောင့်မို့ ငြင်းမနေပါနဲ့တော့"
သူမပါ ပြောလာတဲ့အခါ ရွှီရှီးမင်လည်း နောက်တစ်ခါ ထပ်ဒူးထောက်ပြီး ဧကရာဇ်ကို ကျေးဇူးတင်ပြန်တယ်။
စစ်စခန်းထဲက ထွက်လာတဲ့အခါ ယဲ့ကျန်းကျန်းက အရင် ကျီဝူကျိုးလက်ကို တွဲပြီး

"ကျွန်တော်မျိုးမအမြင် အရှင်မင်းကြီးက ပိုပိုပြီး တော်လာသလိုပဲ"

ကျီဝူကျိုးကလည်း သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး

"မင့်ဝမ်းကွဲအစ်ကိုထက်တောင်မှလား"

"အရှင်မင်းကြီးက သူ့လောက်တော့ သိုင်းမတော်ပေမဲ့ ဉာဏ်ပိုကောင်းတယ်ရယ်"

ယဲ့ကျန်းကျန်းက ဒဲ့တိုးပဲ ပြောချလိုက်တယ်။

"ဒါဆို မင်း သဘောကျလား"

ယဲ့ကျန်းကျန်းက ခေါင်းငြိမ့်လိုက်တယ်။

သူမရဲ့အမူအရာကို ကြည့်ရတာ သူ မေးတဲ့မေးခွန်းကို ကောင်းကောင်း နားလည်ပုံ မရဘူး။ ကျီဝူကျိုးလည်း ထပ်ပြီး ရှင်းပြမနေချင်တော့တာကြောင့် သူမလက်ကလေးကိုပဲ အသာအယာ ဆော့ကစားရင်း လူယုတ်မာအပြုံးကြီးနဲ့

"ဒါဆိုလည်း ကိုယ့်ကို အာဘွားပေး၊ အဲ့လိုကော?"

လမ်းမှာ လူတွေအများကြီး သွားလာနေကြဆဲ ဖြစ်တယ်။ ယဲ့ကျန်းကျန်းက ဘယ်လောက်ပဲ မျက်နှာအရေထူပါတယ် ပြောပြော ဒီလောက်ထိတော့ မဟုတ်သေးဘူး။ ဒါ့ကြောင့်မို့

သူတို့ နားနေဆောင်ကို ပြန်ရောက်ကြတဲ့အခါ ယဲ့ကျန်းကျန်းက သူပြောခဲ့တာသူ မေ့သွားပြီ၊ ဒါပေမဲ့ ကျီဝူကျိုးကတော့ ကောင်းကောင်းကြီး မှတ်မိနေတယ်။ အခန်းတံခါးကို ပိတ်လိုက်ပြီးနောက် သူမကို မက်မက်မောမော နမ်းရှိုက်ရင်း နှစ်‌ယောက်စလုံး ကုတင်ပေါ်ကို ရောက်သွားကြတယ်။

ယဲ့ကျန်းကျန်း ကျီဝူကျိုး ရင်ဘတ်ကို မှီကာ အသက်ပြင်းပြင်းရှူရင်း

"ကျွန်တော်မျိုးမတို့ လျောင်တုန်းကို သွားကြမှာမလား"

ကျီဝူကျိုးက သူမ ခေါင်းလေးကို ပွတ်သပ်ပေးရင်း
"ကိုယ် သွားလို့ ရတယ်၊ မင်းကတော့ မသွားရဘူး"

"ကျွန်တော်မျိုးမလည်း သွားချင်တယ်၊ ကျွန်တော်မျိုးမ အရှင်မင်းကြီးနောက်ကို လိုက်ချင်တယ်"

ကျီဝူကျိုး သူမကို ထိုင်ခိုင်းလိုက်ပြီး

"တစ်ခုတော့ ရှိတယ်"

"ဘာလဲ"

"အဝတ်အစားတွေ ချွတ်လိုက်"

".........."

သူမ ကြောင်အမ်းအမ်း ဖြစ်သွားတာကို မြင်တော့ လျှောက်တွေးနေပြီမှန်း ကျီဝူကျိုး သိလိုက်ပြီ။ သူ့ကိုယ်ပေါ်က ပိုးဝတ်ရုံကို ချွတ်ပြီး သူမခေါင်းပေါ် ပစ်တင်ပေးလိုက်တယ်။

"ဒါဝတ်ထား၊ အဲ့တာဆို ကိုယ့်နောက်လိုက်လို့ရပြီ"

ဒါက ဘာမှန်း ယဲ့ကျန်းကျန်းလည်း သိတာကြောင့် ချက်ချင်းပဲ သူ့ဆီ ပြန်ပစ်ပေးလိုက်ပြီး

"တစ်ခြားဟာဆိုရင်တော့ ကျွန်တော်မျိုးမ လက်ခံနိုင်ပါတယ်၊ ဒီဟာတော့ ကျွန်တော်မျိုးမ လက်မခံနိုင်ဘူး"
ကျီဝူကျိုး သူမအင်္ကျီကို ဆွဲရင်း

"ကိုယ့်ဖာသာကိုယ် ဝတ်မလား၊ ကိုယ် ဝတ်ပေးရမလား၊ ဒါမှမဟုတ် နာနာခံခံနဲ့ နန်းမြို့တော်ကို ပြန်မလား"

ယဲ့ကျန်းကျန်း သူ့ကို မေးခွန်းထုတ်ချင်နေတဲ့ပုံနဲ့ မယုံနိုင်သလို မေးလိုက်တယ်။

"အရှင်မင်းကြီး ကျွန်တော်မျိုးမအပေါ် ဘာလို့ ဒီလောက် ကောင်းပေးရတာလဲ"

ကိုယ်ဘာလို့ မင်းအပေါ် ကောင်းပေးရတာလည်း ဟုတ်လား၊ ကိုယ်မင်းအပေါ် ကောင်းပေးနေတာတောင်မှ မင်း မရိပ်မိသေးဘူးလား။ ကျီဝူကျိုး ပါးစပ်ဟလိုက်ပေမဲ့ ဒီစကားတွေက လည်ချောင်းထဲမှာပဲ တစ်ဆို့နေပြီး အပြင်ကို ထွက်မလာခဲ့ဘူး။ အဲ့အစား

"မင်းသေသွားရင် ကိုယ်လည်း မုဆိုးဖို ဖြစ်သွားမှာပေါ့"

"ဒါလည်း ဟုတ်တာပဲ"

ယဲ့ကျန်းကျန်း ခေါင်းငြိမ့်လိုက်ရင်း

"အရှင်မင်းကြီးလည်း သေလို့ မဖြစ်ဘူး၊ အရှင်မင်းကြီး သေရင် ကျွန်တ်ောမျိုးမလည်း မုဆိုးမဖြစ်သွားလိမ့်မယ်"

အပြင်ဘက်မှာ ဝမ်ရိုးချိုင်တစ်ယောက် တံခါးခေါက်ဖို့ လုပ်နေတုန်း သူတို့ ပြောနေတာကို အမှတ်တမဲ့ကြားလိုက်ရတယ်။  သူတို့နှစ်ယောက် ကျီစယ်ချစ်စကားပြောကြပုံကို ကြည့်ပြီး ဝမ်ရိုးချိုင်တစ်ယောက် ပါးစပ် အဟောင်းသားနဲ့ အံ့ဩသွားတယ်။ တခြားသူတွေက အရိုးတွေတောင် အရည်ပျော်ကျ‌လောက်မယ့် ချိုချိုသာသာစကားလေးတွေနဲ့ ကျီစယ်စကားပြောကြတယ်၊ အရှင်မင်းကြီးတို့ကျမှ တစ်ယောက်ကို တစ်ယောက် သေတဲ့အကြောင်းတွေ ပြောရင်း ကျီစယ်ကြတာကိုး။

ယဲ့ကျန်းကျန်းလည်း ကျီဝူကျိုးကို နိုင်အောင် မပြောနိုင်တာကြောင့် နောက်ဆုံးကျ ပိုးဝတ်ရုံကို ဝတ်လိုက်ရတယ်။ တစ်ချို့နေရာတွေမှာ ကျီဝူကျိုးလည်း တော်တော် ခေါင်းမာတယ်ဆိုတာ ယဲ့ကျန်းကျန်း သိလိုက်ရတယ်။

ကျီကျိုးက မထွက်ခင်မှာ ယဲ့ကျန်းကျန်း လီယို့ကို နှုတ်ဆက်ဖို့ ထွက်လာခဲ့တယ်။ လီယို့နဲ့ ပတ်သက်ရင် ကျီဝူကျိုးရဲ့သဘောထားက နည်နည်း ထူးဆန်းနေတယ်၊ ရန်သူတစ်ယောက်လို ဆက်ဆံတာမျိုး မဟုတ်ပေမဲ့ ရင်းရင်းနှီးနှီး မရှိဘဲ ခပ်တန်းတန်းသာ ဆက်ဆံတယ်။ သူ့ကို ကြည့်ရင်လည်း ကျီဝူကျိုးရဲ့အကြည့်က တစ်ခုခုကို စစ်ဆေးနေသလိုမျိုးပဲ။

ယဲ့ကျန်းကျန်း တစ်ခုခု ထူးဆန်းနေတာတော့ ခံစားမိတယ်။ သူမတို့ လျောင်တုန်းကို သွားတဲ့လမ်းကျမှပဲ တခြားဟာတွေလည်း တစ်ခုခုလွဲနေတာကို သိလိုက်ရတော့တယ်။
"အရှင်မင်းကြီးမှာ အထူးကိုယ်ရံတော် ၁၈ ယောက်ရှိတယ်၊ ရွှီစစ်သူကြီးကို ၈ ယောက်ပေးလိုက်ရင် ၁၀ယောက် ကျန်ရမှာပေါ့၊  ဘယ်လိုလုပ် ၆ ယောက်ပဲ ရှိနေတာလဲ။ ကျန်တဲ့ ၄ယောက်က ဘယ်ရောက်သွားတာလဲ"

"လွှင့်ပစ်လိုက်ပြီ"

ကျီဝူကျိုးအဖြေကြောင့် ယဲ့ကျန်းကျန်း မျက်လုံးလှန်သွားတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူ့ဘက်က မပြောချင်ဘူးဆိုမှတော့ သူမလည်း ဆက်မေးမနေတော့ဘူး။

ဒီလိုနဲ့ သူတို့တွေ လျောင်တုန်းကို ခပ်မြန်မြန်ပဲ သွားလိုက်ကြတယ်။ သူတို့ လျောင်တုန်းကို ရောက်တဲ့အချိန် ယဲ့လိန်ထင်က ရောက်နှင့်နေပြီ။ အကြောင်းအမျိုးမျိုးကြောင့် ကျီဝူကျိုး သူဘယ်သူဆိုတာကို ဖုံးကွယ်ထားပြီး ဝူချူးဆိုတဲ့နာမည်ကိုသာ ဆက်သုံးလိုက်တယ်။ ဒါပေမဲ့ သူ မပြောရင်တောင်မှ သူ့နောက်ခံက မရိုးရှင်းလောက်ဘူးဆိုတာ လူတိုင်းခန့်မှန်းမိနေကြတာ တစ်ခုပဲ။ အခုလို အသက်ငယ်ငယ်မှာတင် တပ်ထဲ ရောက်ရောက်ချင်း ဒုစစ်သူကြီး ဖြစ်လာတာလေ၊ နန်းမြို့တော်က ဘယ်လောက်ချမ်းသာတဲ့ အထက်တန်းလွှာအိမ်တော်က သခင်လေးတစ်ယောက် ဒီကို လေ့ကျင့်ဖို့ လွှတ်ခံလိုက်ရတာ ဖြစ်နေမလဲဆိုတ ဘယ်သူက သိနိုင်မှာလဲ။ သူ့လိုလူငယ်တစ်ယောက်က ဒီကိုရောက်လာတာ သူများတွေကို နှောင့်နှေးအောင် လုပ်မလို့ပဲနေမှာပေါ့။

ဒီလိုအတွေးကိုယ်စီနဲ့ စစ်စခန်းက  လူတော်တော်များများက ကျီဝူကျိုးကို သိပ်သဘောမကျကြဘူး။ ဒီလိုအကြည့်မျိုးက နောက်ဆုံးတော့လည်း သိုင်းယှဉ်ချတဲ့ပြိင်ပွဲမှာ အဆုံးသတ်သွားတော့တယ်။ အဲ့ဒီနောက်ပိုင်းကတည်းက ဒုစစ်သူကြီး ဝူချူးတစ်ယောက် "ကျောက်စိမ်းမျက်နှာနဲ့ ယမမင်း" ဆိုတဲ့ နာမည်ကို ရသွားတော့တယ်။

သိုင်းပြိုင်တဲ့နေ့မှာ လုလီလည်း အဲ့မှာရှိနေပေမဲ့ ဝင်မပြိုင်ခဲ့ဘူး။ လုလီက ချင့်ချိန်တတ်တဲ့သူတစ်ယောက်ပဲ ဖြစ်တယ်၊၊ ကျီဝူကျိုးနိုင်သွားတိုင်း သူ့အကြည့်က ယဲ့ကျန်းကျန်းဆီကို ရောက်သွားတာ လုလီ သတိထားမိတယ်။ ယဲ့ကျန်းကျန်းက သူ့ကို ချီးကျူးလိုက်တဲ့အခါ ပိုအားရှိသွားတာ မြင်နိုင်တယ်။ ဒါ့ကြောင့်မို့ လုလီ နေမကောင်းချင်ယောင်ပဲ ဆောင်နေလိုက်ပြီး ပြဿနာဖြစ်မယ့်အရေးကနေ ရှောင်ထွက်နေလိုက်တယ်။

ကျီဝူကျိုးလည်း သူ့ကို လူတွေက နောက်ကွယ်မှာ ဘာပြောကြလဲဆိုတာ သတိထားမိတာကြောင့် ဒီအခွင့်အရေးမှာ သူတို့ကို ပြန်အပြစ်ပေးဖို့ လုပ်ခဲ့တာပဲ ဖြစ်တယ်။ နောက်ပြီး သိပ်မပြင်းထန်မယ့် နည်းလမ်းမျိုးကိုသာ သုံးခဲ့တယ်။ တပ်ထဲမှာ အားလုံးက ညီအစ်ကိုတွေကြီးပဲ၊ ဒီတော့ အားအရမ်းသုံးပြီး လုပ်လို့ မကောင်းဘူး၊ ဒါ့ကြောင့်မို့ ကျီဝူကျိုး မျက်နှာတွေကိုပဲ ထိုးပစ်နေတာ။
ဒီလိုနဲ့ ပြိုင်ပွဲက ဒဏ်ရာဒဏ်ချက်တွေ သိသာနေတော့ အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေတယ်။

ယဲ့ကျန်းကျန်းလည်း သူ ချွေးပြန်နေတာကို တွေ့တဲ့အခါ လက်ကိုင်ပုဝါလေး ထုတ်ပြီး သူ့ကို သုတ်ဖို့ ပေးလိုက်တယ်။


ဒါပေမဲ့ ကျီဝူကျိုးက မယူဘဲ သူ့မျက်နှာကို သူမရှေ့ ထိုးပေးလာပြီး သုတ်ပေးခိုင်းနေတယ်။

ယဲ့ကျန်းကျန်းလည်း မတတ်နိုင်တဲ့အဆုံး လက်ကိုင်ပုဝါနဲ့ သူ့မျက်နှာပေါ်က ချွေးတွေကို သုတ်ပေးလိုက်တယ်။ သူတို့ကတော့ ဘာအတွေးမှ မရှိဘဲ ဒီအတိုင်း လုပ်လိုက်တာပဲ၊ ဒါပေမဲ့ ဘေးကလူတွေကတော့ သို့လော သို့လောတွေ ဖြစ်ကုန်ကြပြီ။ ငယ်ငယ်ချောချော ယောကျာ်းလေးနှစ်ယောက်က ကြင်ကြင်နာနာနဲ့ အချင်းချင်းပြုံးပြနေကြပြီး တစ်ယောက်က နောက်တစ်ယောက်မျက်နှာကိုတောင် ချွေးသုတ်ပေးနေလိုက်သေးတယ်။ ဘယ်လိုပဲ ကြည့်ကြည့် ဒါက ပုံမှန် ယောကျာ်းလေးတွေ လုပ်တာနဲ့ တူမနေဘူး။

နောက်ပြီး ပြန်တွေးကြည့်တော့ သူတို့နှစ်ယောက်ကြား ဆက်ဆံပုံက နည်းနည်းလေးတော့ အနေနီးနေသလားလို့။ စေ့စေ့တွေးလေ ပေါ်လာလေ ဆိုသလို နှစ်ယောက်စလုံးက ရွက်ဖျင်တဲတစ်ခုထဲမှာ နေကြတဲ့အပြင် အစ်ကိုကျန်း အဲ့တစ်ယောက်ကို နာမည်တပ်ပြီး ခေါ်ပေးမယ့် သူကကျ ဘယ်လိုခေါ်တာ ? ကျန်းကျန်း! အစ်ကိုကျန်းလို ချောမောတဲ့အမျိုးသားတစ်ယောက်ကို ဝေ့မန်လို ခေါ်တာက နည်းနည်းတော့ မလိုက်ဖက်ပေမဲ့  သူများတွေလည်း ဒီလိုပဲ ခေါ်ကြတဲ့ဟာ ဝူချူးတစ်ယောက်တည်းပဲ တစ်စက်ကလေးမှ ရှက်ရွံနေတာမျိုး မရှိဘဲ ကျန်းကျန်းလို့ ခေါ်တာ။

စစ်စခန်းထဲမှာ ယောကျာ်းလေးတွေပဲ ရှိတာဆို‌တော့ သူတို့လည်း  ယောကျာ်းလေးချင်း နှစ်သက်တဲ့သူမျိုးကို မမြင်ဖူးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့လို ပေါ်ပေါ်ထင်ထင် တွဲနေတာမျိုးကတော့ တကယ် မြင်ရခဲတယ်။

တစ်ဖက်မှာတော့ ချွေးသုတ်ပေးနေတဲ့ သူတို့နှစ်ယောက်က အေးရာအေးကြောင်း ထွက်တောင် သွားကြပြီ။ ဘေးကလူတွေ မှန်းချက်ထုတ်နေတုန်းမှာပဲ ခပ်လှမ်းလှမ်းလည်း ရောက်ရော ကျီဝူကျိုးက ယဲ့ကျန်းကျန်းလက်ကို လှမ်းကိုင်လိုက်တော့တယ်။

နောက်ကကြည့်နေတဲ့သူတွေလည်း ပါးစပ်အဟောင်းသားနဲ့ သူတို့ကို ကြည့်ရင်း ဘာတောင်ပြောရမလဲမသိ ဖြစ်သွားကြတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် နှစ်ယောက်စလုံးက ယောကျာ်းလေးတွေ ဆိုပေမဲ့ အတူတူတွဲသွားတော့လည်း လိုက်တော့ လိုက်သား .....

နောက်နေ့မှာတော့ ကျီဝူကျိုးတစ်ယောက် ယဲ့လိန်ထင်နဲ့အတူ တခြား ရာထူးကြီးစစ်သူကြီးတွေနဲ့ ဆွေးနွေးပြီးနောက် သူတို့ရွက်ဖျင်တဲရှိရာဆီ ပြန်လာခဲ့တယ်။ ဝမ်ရိုးချိုင်က အပြင်မှာ အစောင့်အနေနဲ့ ရပ်စောင့်ပေးနေပြီး ကျီဝူကျိုးလာတာမြင်တဲ့အခါ တားတာမျိုး မလုပ်ဘူး။

ကျီဝူကျိုး အထဲကို ဝင်လိုက်တဲ့အခါ ရေကျသံကို ကြားလိုက်ရတယ်။

ရွက်ဖျင်တဲတစ်ခုလုံးကို ရိုးရိုးရှင်းရှင်းပဲ ဆောက်ထားတာဖြစ်ပြီး အထဲမှာ ဘာမှများများစားစား မရှိဘူး။ တဲအဝင်အဝမှာ ရပ်လိုက်တဲ့အခါ ရေနွေးငွေ့မြုူထဲ လူတစ်‌ယောက်ရဲ့ပုံရိပ်ကို တွေ့လိုက်ရတယ်။ ယဲ့ကျန်းကျန်းရဲ့ဆံနွယ်တွေက ရေစိုတဲ့အခါ နက်မှောင်တောက်ပနေပြီး ကျောပြင်မှာ အနက်ရောင်ရေတံခွန်တစ်ခုလို မြင်ရတယ်။ သူမရဲ့ ပုခုံးသားလေးတချို့တဝက် လှစ်ဟထားပြီး နူးညံ့ချောမွေ့နေတယ်။ သူမရဲ့နောက်ကျောပြင်လေးကိုပဲ မြင်လိုက်ရတာဆိုပေမဲ့ ကျီဝူကျိုးတို့စိတ်ထဲမှာတော့ ဗလောင်ဆူကုန်ပြီ။

ကျီဝူကျိုးအကြည့်တွေက တဖြေးဖြေး သူမပုခုံးအောက်ကို ရောက်သွားတယ်။

ထို့နောက် အနက်ရောင် သံအိုးအကြီးကြီးကို တွေ့လိုက်ရတော့တယ်။

ကျီဝူကျိုး : "......."

ဒီသံအိုးကြီးကို စစ်စခန်းမှာ ထမင်းချက်ဖို့အတွက် သုံးတာဖြစ်တယ်။ သာမန်မိုးပြဲဒယ်တွေထက် အများကြီး ကြီးပြီး အခုတော့ ရေချိုးဇလုံဖြစ်သွားပြီ။ အရွယ်အစားက တကယ်လည်း ကွက်တိပဲ။ အိုးရဲ့အောက်ခြေမှာ ပြာအနည်းငယ်ရှိနေတာကို ကျီဝူကျိုး မြင်လိုက်ရတယ်။ ကြည့်ရတာ သံအိုးကို မြန်မြန်မအေးသွားအောင်၊ အပူဓာတ်ဆက်ရှိနေအောင် ပြာပူခံထားတာ ဖြစ်မယ်။

သံအိုးကြီးကိုကြည့်ရင်း သူ့ကိုယ်ထဲက ဆူပွက်နေတဲ့သွေးတွေ အနည်ငယ် ငြိမ်သက်သွားတယ်။ အသံမထွက်အောင်လျှောက်ရင်း ကျီဝူကျိုး တိတ်တိတ်လေး အိုးအနားသွားပြီး ခါးကိုင်းလိုက်တယ်။

ယဲ့ကျန်းကျန်းလည်း တစ်ယောက်ယောက် သူမအနားရောက်လာတာကို သတိထားမိပြီး ကျီဝူကျိုးမှန်း သိလိုက်တယ်။ ဒါနဲ့ သဘက်တစ်ထည်ကောက်ယူပြီး သူမကိုယ်ကို ကာဖို့ ရေပေါ် ဖြန့်ထားလိုက်တယ်။

ရေငွေ့တွေက ရစ်ဆိုင်းတက်နေဆဲဖြစ်ပြီး ကျီဝူကျိုးရဲ့အကြည့်က သူမရဲ့ပုခုံးကို ရောက်သွားတယ်။ ညှပ်ရိုးတလျှောက်မှာ ‌ရေစလေးတွေ တင်ကျန်နေတယ်။ သဘက်နဲ့ကာထားပေမဲ့ သူမရင်ဘတ်က တောင်ငယ်လေးနှစ်ခုကတော့ သိသာနေဆဲပဲ။

ကျီဝူကျိုး လည်ချောင်းတွေ ခြောက်သွေ့လာတယ်၊ ညင်ညင်သာသာလေး သူမရဲ့ပိတုန်းရောင်ဆံနွယ်ကို သပ်တင်ပေးရင်း

"ကျန်းကျန်း မင်း ကိုယ်နဲ့အတူမနေချင်တာက ဘာလို့ဆို ... ကိုယ် မိန်းကလေးတွေ အများကြီးနဲ့ နေဖူးတာကြောင့်လားဟင်"

ယဲ့ကျန်းကျန်းခန္ဓာကိုယ်က တောင့်သွားတယ်။ ဒီလိုကိစ္စမျိုးက နှစ်ကိုယ်ကြားကိစ္စလေ။ သူမ ရှက်လွန်းလွန်းလို့ ဘာပြန်ပြောရမလဲတောင် မသိတော့ဘူး။

ကျီဝူကျိုး သက်ပြင်းချလိုက်ပြီး

"ကျန်းကျန်း ကိုယ် ဘယ်မိန်းကလေးကိုမှ မထိတာ ကြာပါပြီကွ"

"သူတို့အဲ့ဒါကြောင့် အရှင်မင်းကြီးကို ကျိုးနေတယ်လို့ ပြောကြတာကိုး"
"....."

ကျီဝူကျိုး ရုတ်တရက် ခေါင်းငုံ့လိုက်ပြီး သူမပုခုံးလေးကို ကိုက်လိုက်တယ်။ ယဲ့ကျန်းကျန်း နာသွားတာကို ကြားရတော့ အားလျှော့လိုက်ပြီး သွားလေးနဲ့ပဲ ခပ်ဖွဖွ ကိုက်တော့တယ်။ ‌ရေစိုနေတဲ့သူမအသားအရည်လေးက ကလေးလေးတွေရဲ့အသားအရည်လိုပဲ နူးညံ့ပြီး ချောမွေ့နေတယ်။

"တော်တော့လေနော် ၊ ယားတယ်လို့"

ယဲ့ကျန်းကျန်းက ရယ်ရင်းပြောလာတယ်။ ကျီဝူကျိုးကတော့ သွားနဲ့ ခပ်ဖွဖွကိုက်ရင်း သွားရာကျန်တဲ့နေရာလေးတွေကို လျှာနဲ့လိုက်လျက်နေတယ်။

"ကိုယ်သေရမယ်ဆို အဖြစ်နိုင်ဆုံးက မင်းဆီက စိတ်ဆိုးခံရလို့ပဲနေမှာ"

"အရှင်မင်းကြီး သေလို့မဖြစ်ပါဘူးနော်၊ အရှင်မင်းကြီးသေရင် ကျွန်တော်မျိုးမ မုဆိုးမဖြစ်သွားမှာပေါ့"

ယဲ့ကျန်းကျန်းက ပြုံးရင်း

"အခုတော့ လွှတ်ပေးလို့ရမလားဟင်၊ ကျွန်တော်မျိုးမ အဝတ်အစားဝတ်ချင်သေးလို့"

ကျီဝူကျိုး အပြင်ဘက် ထွက်စောင့်နေရင်း လေအေးအေးမှာ အတွေးတစ်ခုက ခေါင်းထဲ ပေါ်လာတယ်။

ယဲ့ကျန်းကျန်းက သူ့ကို မသန့်ရှင်းတော့ဘူးလို့ ထင်မှတော့ သူမရှေ့မှာပဲ သူ နေ့တိုင်း သန့်ရှင်းရေးလုပ်မယ်ဆို တစ်ခုခုတော့ ထူးခြားလာမှာပဲ၊ ဟုတ်တယ်မလား?? သူ တွေးလေလေ ဒီအကြံက အလုပ်ဖြစ်နိုင်လေလေပဲ။ ‌အောက်ကို ငုံ့ကြည့်ရင်း အံကြိတ်လိုက်တဲ့ ကျီဝူကျိုးရဲ့အမူအရာက ဘေးမှာရပ်နေတဲ့ ဝမ်းရိုးချိုင်ကို ကြောက်လန့်သွားစေတယ်။

နောက်နေ့လည်း ‌ရောက်ရော ယဲ့ကျန်းကျန်း ‌ရေချိုးဖို့ရောက်လာတဲ့အခါ ရေချိုးဇလုံထဲ ကျီဝူကျိုး ငုတ်တုတ်ထိုင်နေတာကို တွေ့လိုက်ရတော့တယ်။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now