Chapter 25

2.6K 258 2
                                    

Empress with no Virtue
Chapter 25
Translator – Utopia

“ အရှင်မင်းကြီးကို ပြန်လည်လျှောက်တင်ပါတယ်။ ဧကရီမိဖုရားခေါင်မယ်မယ်က အအေးမိသွားတာမို့ ရက်အနည်းငယ် အနားယူဖို့ လိုအပ်ပါလိမ့်မယ်။ ကျွန်တော်မျိုး ဆေးညွှန်းဖွင့်ပေးခဲ့ပါမယ်။ အရေးကြီးတဲ့အရာက အဖျားကို ဂရုစိုက်ပေးဖို့ပါပဲ။ ဒါ့အပြင် မယ်မယ့်ခြေထောက်က သေချာ ပြန်မကောင်းသေးတဲ့အပြင် ရေအေး‌ထဲ ပြုတ်ကျပြီး လေစိမ်းလည်း မိထားတာဆိုတော့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်မလာရလေအောင် အခုထက်ပိုပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါလိမ့်မယ်”

ယဲ့ကျန်းကျန်းကို သေချာစစ်ဆေးပြီးနောက် သမားတော်က ဆိုလာတယ်။

ယဲ့ကျန်းကျန်း အဝတ်ခြောက်တွေ လဲဝတ်ထားပြီးပြီ ဖြစ်တယ်။ သူမပေါ်မှာ တောင်‌ပို့လေးလို စောင်၃ထပ်က ရှိနေတယ်။ အဲ့လိုလုပ်မှပဲ အခု သူမ နည်းနည်း နွေးသလို ခံစားရတယ်။ သူမရဲ့မျက်နှာမှာလည်း သွေးရောင်ပြန်လွှမ်းလာတယ်။

စူးဖုန့်နဲ့ နောက်ထပ်အစေခံတစ်‌ယောက်က အဝတ်ခြောက်တွေသုံးပြီး သူမ ဆံပင်တွေကို ခြောက်အောင် သုတ်ပေးနေတယ်။ သူမရဲ့ ဆံပင်တွေက ထူထဲပြီး ရှည်လျားတာကြောင့် ခြောက်ဖို့ရာ မလွယ်ဘူး။ သူမလက်မှာ ပတ်တီးစည်းထားတာကို ကျီဝူကျိုး တွေ့သွားပြီး မေးလာတယ်။

“ မင်းလက်က ဒဏ်ရာက ဘယ်လိုဖြစ်တာလဲ”

“ အရှင်မင်းကြီး မယ်မယ်ရဲ့လက်မှာ ဒဏ်ရာရှိနေတာပါ။ ဖြစ်နိုင်တာက မယ်မယ် ရေထဲကျတဲ့အချိန် တစ်ခုခုနဲ့ ရိုက်မိသွားတယ် ထင်ပါတယ် ”

ယဲ့ကျန်းကျန်း သူမ မျက်လုံးတွေကို ဖြေးဖြေးချင်း ဖွင့်လိုက်ရင်း ပြောလာတယ်။

“ အဲ့ဒါက သေနတ်ကြောင့် ဖြစ်သွားတာပါ။ သေနတ်က ပေါက်ကွဲပြီး ကျွန်တော်မျိုးမရဲ့လက်ကို ဒဏ်ရာရသွားစေတာ”

“ မင်း သိပ်လွန်သွားပြီ ! ”

ကျီဝူကျိုးက သူမကို ဆူလိုက်တယ်။ ပေါက်ကွဲတယ်ဆိုတာက ပေါ့သေးသေးကိစ္စ မဟုတ်ဘူး။ အသေးစားပေါက်ကွဲတာလေးကတောင် ဒဏ်ရာရစေနိုင်တာ အကြီးစားဖြစ်တာမျိုးဆို အသက်အန္တရာယ်ပါ ရှိတယ်။ သေနတ်ကို စမ်းသပ်နေရင်း ပေါက်ကွဲပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတဲ့သူ ရှိခဲ့ဖူးတယ်။ ဒီနေ့ ယဲ့ကျန်းကျန်း လက်မှာ ဒဏ်ရာရရုံလေးပဲ ဖြစ်သွားတာကို ကံအတော်ကောင်းသွားတယ်လို့ ပြောလို့ရတယ်။

ကျီဝူကျိုး သူမကို ထပ်ဆူနေဦးမယ့်အရေးကို မြင်တဲ့အခါ သူမ ချက်ချင်းပဲ စောင်အောက်မှာ မျက်နှာကို ဖွက်လိုက်ပြီး တိတ်တိတ်လေး နေလိုက်တယ်။ ကျီဝူကျိုး ပြောစရာစကားတောင် ပျောက်ရှသွားရတယ်။ သူမ ခေါင်းကို ညင်ညင်သာသာလေး နှစ်ခါလောက် ပုတ်ပေးလိုက်ပြီး

“ ထွက်လာခဲ့ သေချင်ယောင် ဆောင်မနေနဲ့ ”

ယဲ့ကျန်းကျန်း ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး သူမ ခေါင်းပြူထွက်လာကာ ဝမ်ရိုးချိုင်ကို ပြောလိုက်တယ်။

“ မြန်မြန် သွားပြီး ငါ့သေနတ်ကို ပြန်ယူလာခဲ့ချေ ”

ဝမ်ရိုးချိုင် သွားဖို့ဟန်ပြင်လိုက်တဲ့အချိန် ကျီဝူကျိုးက သူ့ကို တားလိုက်တယ်။

“ ခဏနေဦး ဖုန့်ရိုးတျယ် မင်းသွားပြီး ယူချေ။ ပြီးတဲ့အခါကျ ကန်ချင်းနန်းဆောင်မှာ သိမ်းထားချေ”

ယဲ့ကျန်းကျန်း မပျော်တော့ချေ။

“ အဲ့ဒါ ကျွန်တော်မျိုးမဟာလေ ”

”မင်းတောင်မှ ကိုယ့်အပိုင်ပဲ”

“….”

ကျီဝူကျိုးက မတ်မတ်နေလိုက်ပြီး သူမကို စိတ်ငြိမ်အောင် ပြောလာပေးတယ်။

“ကောင်းပြီး အခုတော့ အရင်ဆုံး ကောင်းကောင်း အနားယူလိုက်ဦး။  မင်း ထပ်ပြီး သေနတ်နဲ့ ကစားခွင့်မရှိတော့ဘူး။ ဒါ ကိုယ့်ရဲ့အမိန့်ပဲ ”

ညရောက်တဲ့အခါ ယဲ့ကျန်းကျန်း တကယ်ကြီး အဖျားဝင်ပါလေကော။ သူမတစ်ကိုယ်လုံးက ပူကျစ်နေပြီး သူမ ကယောင်ကတမ်း ညည်းနေတယ်။ ကျီဝူကျိုး လက်ဆန့်ပြီး သူမနဖူးကို စမ်းကြည့်လိုက်တယ်။ ထို့နောက် အစေခံတွေကို ခေါ်လိုက်ပြီး ဆေးယူလာခိုင်းလိုက်တယ်။ ယဲ့ကျန်းကျန်းက အဖျားတက်နေတာမို့ မျက်လုံးတောင် မဖွင့်နိုင်ပေမဲ့လည်း ခါးတဲ့ဆေး‌သောက်ဖို့ကို ငြင်းဆန်နေတယ်။ စူးဖုန့်က ဆေးကို ဇွန်းနဲ့ခပ်တိုက်တဲ့အခါ သူမက တွန်းထုတ်ပစ်တယ်။ နောက်ဆုံးကျ သူမပါးစပ်ကို တင်းတင်းစေ့ပြီး လုံးဝကို မသောက်တော့ဘူး။ ဆေးတွေက သူမပါးစပ်ကနေ ဘေးကို ဖိတ်စင်ကုန်‌တယ်။

ဆက်ပြီး ကြည့်မနေနိုင်တာမို့ ကျီဝူကျိုး သူမကိုယ်ကို လက်တစ်ဖက်နဲ့ ထိန်းထားလိုက်ပြီး တစ်ဖက်က သူမမေးကာကို ကိုင်ကာ ပါးစပ်ကို အတင်းဖွင့်ခိုင်းရတာ့တယ်။ အဲ့တော့မှပဲ စူးဖုန့်လည်း ဆေးတိုက်လို့ ရသွားတယ်။ သူမမေးကို ကိုင်ထားတာမို့ သူမ ထွေးထုတ်ပစ်လို့လည်း မရဘူး။ နောက်ဆုံးတော့ ဆေးကို မျိုချလိုက်ရတယ်။ ပြီးကျ သူမ မသီးအောင်လို့ ကျီဝူကျီး သူမ ကျောကုန်းကို ခပ်ဖွဖွ ပုတ်ပေးလိုက်တယ် ယဲ့ကျန်းကျန်း ချွေးမထွက်လာခင် သူတို့နှစ်ယောက်ကတော့ ဖတ်ဖတ်မောပြီး ချွေးတွေထွက်နေပြီ ဖြစ်တယ်။

ကျီဝူကျိုး စူးယွဲ့ကို အပြင်မှာ နေခိုင်းလိုက်ပြီး သူ ယဲ့ကျန်းကျန်းကို အိပ်ရာထဲ ပြန်ချပေးလိုက်ပြီး စောင်ခြုံပေးလိုက်တယ်။ အဖျားတက်နေတာမို့ သူမရဲ့ပါးတွေက နီရဲနေပြီး မျက်လုံးတွေ စေ့စေ့မှိတ်ထားတယ်။ မျက်ဝန်းထောင့်မှာတော့ မျက်ရည်တွေ စို့လို့။ ပုံမှန်ဆို ဒီကောင်မလေးက ကျားပေါက်လေးလိုပဲ။ အခုလို သူမကို အားနည်းတဲ့ပုံစံ‌နဲ့ မြင်ရတာ တကယ် ရှားတယ်။

လှဲလိုက်ပြီးတဲ့နောက် ယဲ့ကျန်းကျန်း ကယောင်ကတမ်း ညည်းလာပြန်တယ်။ ကျီဝူကျိုးလည်း သူမ ဘာတွေညည်းနေလဲဆိုတာ နားစွင့်လိုက်တယ်။

“ အဖိုး သမီးကို အရှင်မင်းကြီးနဲ့ လက်မထပ်ခိုင်းလိုက်ပါနဲ့”

ကျီဝူကျိုး သက်ပြင်းချလိုက်တယ်။

“ မင်း ကိုယ့်ကို လက်မထပ်ချင်ဘူး။ ကိုယ်လည်း မင်းကို လက်မထပ်ချင်ဘူး ... ”

ဒါပေမဲ့ အခုလို ဆန်ကနေတောင် ထမင်းဖြစ်သွားပြီပဲဟာ ကိုယ်တို့က အခုဆို ဇနီးမောင်နှံဖြစ်သွားပြီ။ အနောက်နန်းဆောင်မှာ အမျိုးသမီးတွေ အများကြီး ရှိတယ်ဆိုပေမဲ့လည်း မင်းတစ်‌ယောက်သာ ကိုယ့်ဘေးမှာ မြှုပ်နှံခွင့် ရှိတာပါ။

လူတွေကပြောကြတယ်။ ဆယ်နှစ်ကျင့်ကြံရင် သူငယ်ချင်းကို ရတယ်တဲ့။ နှစ်တစ်ရာ ကျင့်ကြံရင်တော့ အိပ်ရာဝင်ကြင်ဖော်ကို ရသတဲ့။ ဒီဘဝမှာ အခုလို ကံကြမ္မာမျိုးနဲ့ ဆုံဆည်းရဖို့ ကိုယ်တို့ ဘယ်လောက် ကျင့်ကြံခဲ့ကြသလဲ ကိုယ် မသိဘူး။ ဒီကံကြမ္မာက ... မဖြစ်ခဲ့ရင် ပိုလို့တောင် ကောင်းခဲ့မှာပါ။

နောက်နေ့ ယဲ့ကျန်းကျန်းနိုးလာတော့ နှင်းတွေ ဖွေးဖွေးလှုပ် ကျနေတာကို တွေ့လိုက်ရတယ်။ နန်းတော်တစ်ခုလုံး နှင်းတွေနဲ့ ဖုံးလွှမ်းထားတယ်။ သူမ အဖျားလည်း ပျောက်သွားပြီ။ ဒါပေမဲ့ ထပ်အအေးမိမှာစိုးလို့ သမားတော်က သူမကို အပြင် မထွက်ဖို့ ပြောထားတယ်။ ဒါပေမဲ့ ပထမဆုံးနှင်းကျတာကို မလွတ်ချင်တာမို့ ယဲ့ကျန်းကျန်း အပြင်ကို လမ်း‌လျှောက်ထွက်လာခဲ့တယ်။ စူးယွဲ့လည်း သူမကို နားချလို့ မရတာကြောင့် အဝတ်အစား ထူထူထဲထဲ ဆင်ပေးပြီး အနွေးအိတ်ကို သူမလက်ထဲ ထည့်ပေးကာ သေချာ စစ်ဆေးပြီး အဆင်ပြေတာ သေချာပြီဆိုမှ ဝမ်ရိုးချိုင်ကို ဝှီးချဲကို တွန်းစေတယ်။

ယဲ့ကျန်းကျန်းက ဆီးပန်းပွင့်တွေကို မြင်ချင်တယ်လို့ ပြောလာတာကြောင့် ဝမ်ရိုးချိုင်က ဆီးပန်းပင်တွေ စိုက်ထားတဲ့ တော်ဝင်ဥယျာဉ်ထဲ သူမကို ခေါ်လာပေးတယ်။ သူမ ဘယ်မှ ခပ်ဝေးဝေး မသွားပေမဲ့လည်း လူတချို့နဲ့တော့ ဆုံလာတယ်။ ယဲ့ကျန်းကျန်း အနီရောင် သားရေဦးထုပ်ကို ဆောင်းထားပြီး မြေခွေးမွေးမာဖလာနဲ့ အတူ ကျားသားရေ အပေါ်ဝတ်ကို ဝတ်ဆင်ထားတယ်။ သူမ တစ်ကိုယ်လုံး မျက်လုံးလေးပဲ ဖော်ထားတယ်။ ဒါ့ကြောင့်မို့ သူမ ပုံစံလေးက လူတွေက လာလာနှုတ်ဆက်ကြတဲ့ စီတန်းလှည့်လည်ပွဲကို ရောက်နေသလို ဖြစ်နေတယ်။

တကယ်တော့ ဒီမှာ ဆီးပန်းပွင့် ပွင့်နေတဲ့ အပင်က သိပ်မများဘူး။ တချို့တလေသာ ပွင့်နေတာ။ အစကတော့ ယဲ့ကျန်းကျန်း နည်းနည်း စိတ်ရှုပ်သွားတယ်။ နှင်းကျတာကို ရှုစားဖို့ နေရာတွေအများကြီး ရှိတာကို ဘာလို့ အားလုံးက ဆီးပန်းဥယျာဉ်ကိုပဲ ရောက်လာကြတာလဲ။ နန်းတော်တစ်ခုလုံးက လူတွေက ဆီးပန်းပွင့်ကိုပဲ ကြိုက်ကြတာလား။ ကျီဝူကျိုးကို လှမ်းမြင်လိုက်တဲ့အခါမှာတော့ ဒီမှာ ဘာလို့ လူတရုံးရုံးဖြစ်နေရတာလဲဆိုတာ သူမ သဘောပေါက်သွားတော့တယ်။

ဟိုးအဝေးကနေတောင် ကျီဝူကျိုး ယဲ့ကျန်းကျန်းကို လှမ်းမြင်နေရတယ်။ သူမကိုယ်ပေါ်က ကျားသားရေက တကယ် ထင်းထွက်နေတာပဲ။

“ အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်မျိုးမ ဒဏ်ရာရထားဆဲမို့ သေချာ မနှုတ်ဆက်နိုင်တာကို ခွင့်လွှတ်တော်မူပါ ”

ယဲ့ကျန်းကျန်း ပြောလိုက်ပေမဲ့ သူမ ပါးစပ်က မာဖလာနဲ့ ကွယ်နေတော့ သူမအသံက ခပ်တိုးတိုးလေး ဖြစ်နေတယ်။

“ မင်း အခု နေရသက်သာသွားပြီလား ”

ကျီဝူကျိုးက ပြောရင်း သူမနဖူးကို လက်နဲ့ စမ်းလိုက်တယ်။ ဒီနေ့မနက် သူ နိုးတဲ့အချိန် သူမနဖူးက နွေးနေတုန်းပဲ။ အခုကျ လုံးလုံး အဖျားကျသွားပြီပဲ။ ငြင်းမရအောင်ကို တကယ် သူမခန္ဓာကိုယ်က ဘယ်နားမှ မိန်းကလေး မဆန်ဘူး။

သူ့ပုံစံက တရင်းတနှီး ဖြစ်နေတဲ့ပုံစံဆိုတော့ ယဲ့ကျန်းကျန်း အသားမကျသေးဘူး။ နောက်ပြီး သူတို့နှစ်ယောက်ကြားက အခြေအနေကို ကြည့်နေတဲ့သူတွေလည်း အသားမကျကြသေးဘူး ဖြစ်နေတယ်။ ရှန်ကိုယ်လုပ်တော်၊ ရှီးဖေး၊ ဝမ်ကျောင်းရိ၊ ဝမ်ကျဲယွီ နဲ့ တခြားသူတွေ အကုန်လုံး ကျီဝူကျိုးကို ဒီမှာ အမှတ်မထင် တွေ့လိုက်ရတယ်။ ကျီဝူကျိုးက ယဲ့ကျန်းကျန်းကို ဘယ်လိုဆက်ဆံလဲဆိုတာ တွေ့လိုက်ရတဲ့အခါ အကုန်လုံး အံ့အားသင့်ကုန်ကြတယ်။

ကျွမ်းကိုယ်လုပ်တော်လည်း ဒီနေရာမှာ ရှိနေတယ်။ ဒီအမျိုးသမီးက ပါးနပ်သားပဲ။ သူမက အရင် လက်ဦးမှုယူပြီး ယဲ့ကျန်းကျန်းအနားမှာ ရပ်လိုက်ကာ သူမရဲ့အဝတ်အစားတွေ တွန့်နေတာကို ပြန့်အောင် လုပ်ပေးလိုက်တယ်။ ယဲ့ကျန်းကျန်းလည်း စိတ်ကျေနပ်သွားပြီး သူမကို တချက် လှမ်းကြည့်လိုက်တယ်။ ဒီနေ့ သူမက မြေခွေးမွေးကနေ လုပ်ထားတဲ့ ငွေရောင်အပေါ်ဝတ်ရုံရှည်ကို ဝတ်ထားပြီး ဆီးပန်းပွင့် ၂ပွင့်ကို ခေါင်းမှာ ပန်ထားတယ်။ ဒီလို နှင်းဖွဲဖွဲကျနေတဲ့ မြင်ကွင်းမှာ ယောကျာ်းလေးတွေ မပြောနဲ့ ကုန်းကုန်းတွေတောင် သူမကို မြင်ရင် ရန်ခုန်မိသွားလောက်တယ်။ ဒီအကြောင်းကို တွေးမိတော့ ကြည့်ရတာ ကျီဝူကျိုးက သူမကို ခွင့်လွှတ်‌ပေးဖို့ အခွင့်အရေးပေးလောက်တယ်။

ကျီဝူကျိုးလည်း စိတ်ခံစားချက်ကောင်းနေတာမို့ သူ့ဇနီးနဲ့အတူ တခြား ကိုယ်လုပ်တော်တွေနဲ့ လမ်းလျှောက် ထွက်လာလိုက်တယ်။ သူတို့ ဥယျာဉ်ဆီ မရောက်ခင်မှာပဲ အနီရောင်အပေါ်ဝတ်ရုံရှည်ဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်က ကြွေအိုးတစ်လုံးကို ကိုင်ထားပြီး အဲ့လမ်းအတိုင်း လာနေတာကို တွေ့ရတယ်။ ကြွေအိုးထဲမှာတော့ အနီရောင်ဆီးပန်းပွင့်တွေ ရှိနေတယ်။ သူမက လှပပြီး နူးညံ့ကာ အသည်းခိုက်စေမယ့် မျက်နှာလေးလည်း ရှိတယ်။ သူမက လီကိုယ်လုပ်တော်မှ မဟုတ်ရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ။

အဲ့ကျမှပဲ လီကိုယ်လုပ်တော်ရဲ့ အကျယ်ချုပ်ကာလက ပြီးသွားပြီဆိုတာ သူမ သတိရတော့တယ်။

လီကိုယ်လုပ်တော်က ကြွေ‌အိုးကိုင်လျက် လမ်းလျှောက်လာတယ်။ အရှင်မင်းကြီးကို လက်ဆောင်ပေးဖို့လို့ အားလုံးက ထင်တာပေါ့။ ဘယ်သူက သိမှာလဲ သူမက ယဲ့ကျန်းကျန်းရှေ့ ဒူးထောက်ချလိုက်ပြီး

“ မယ်မယ် ကျွန်တော်မျိုးမ ဆီးပန်းနီနီတွေ ပွင့်နေတာ သိပ်လှတာနဲ့ ခူးပြီး ခွန်းနင်နန်းဆောင်ကို ကိုယ်တိုင်လာဆက်သမလို့ လုပ်နေတာ။ ဒီနေရာမှာ လာတွေ့ရမယ်လို့ မထင်ထားဘူး။ မပြောပလောက်ပေမဲ့ ကျွန်တော်မျိုးမရဲ့ စိတ်ရင်းမို့ မယ်မယ် လက်ခံပေးဖို့ မျှော်လင့်ပါတယ်”

“ ဝမ်ရိုးချိုင် လီကိုယ်လုပ်တော်ကို မတ်တပ်ရပ်လို့ရအောင် ဘာလို့ မကူပေးတာလဲ ”

ယဲ့ကျန်းကျန်း တွေးမိတယ်။ ဒီတစ်ခါ လီကိုယ်လုပ်တော်က တကယ် ကောင်းကောင်းလုပ်ပြနိုင်တာပဲ။ အခုလို နှင်းကျနေတဲ့နေ့မျိုးမှာတောင် ဒူးထောက်ချတယ်ဆိုတော့ တော်တော် သတ္တိရှိတယ်ပြောရမယ်။

ဝမ်ရိုးချိုင်က လီကိုယ်လုပ်တော်ကို မတ်တပ်ရပ်ဖို့ ကူညီပေးလိုက်တယ်။ ခွန်းနင်နန်းဆောင်က အစေခံတစ်ယောက်က အမြန်ပဲ ထွက်လာပြီး သူမလက်ထဲက ကြွေပန်းအိုးကို ယူပေးလိုက်တယ်။ ကျီဝူကျိုးက မျက်ခုံးပင့်ရင်း

“ ဧကရီဆီမှာကျ ဆီးပန်းနီတွေ ရှိတယ်။ ကိုယ်တော့်မှာကျ ဘာလို့ မရှိရတာလဲ”

လီကိုယ်လုပ်တော်က သူ့ကို ကြည့်လိုက်ပြီး ပြုံးရင်း

“ အရှင်မင်းကြီး ကြိုက်တယ်ဆိုရင် ကျွန်တော်မျိုးမ အရှင်မင်းကြီးအတွက် ထပ်ခူးလာပေးပါမယ်”

“ မလိုတော့ဘူး။ မင်းရဲ့နန်းဆောင်မှာ ဆီးပန်းပင်ရှိတာ ကိုယ်တော် မှတ်မိတယ် ”

ကျီဝူကျိုးက ရှန်ကိုယ်လုပ်တော်လက်ကို တွဲထားရင်း ဥယျာဉ်ထဲ ဆက်လျှောက်သွားတယ်။ ယဲ့ကျန်းကျန်း တမင် နှေးကျန်ခဲ့ရင်း လီကိုယ်လုပ်တော် နောက်ကျောကို ကြည့်နေမိတယ်။ သူမကို ဒီလိုပါးနပ်တဲ့အကြံမျိုး ပေးလိုက်တာ ဘယ်သူများဖြစ်မလဲ။ ဟိုအစေခံနန်းတွင်းသူ ဖန်ချွမ်းလား ?? ကျီဝူကျိုး သူမကို အပြစ်ပေးရတာက သူမက လူအများရှေ့မှာ ဧကရီမိဖုရားခေါင်ကို စော်ကားပြောဆိုခဲ့တယ်။ သိပ်ရိုင်းစိုင်းလွန်းတယ်။ အခု သူမ ဧကရီမိဖုရားခေါင်ဆီ ရောက်လာပြီး ကျီဝူကျိုးရှေ့ ကောင်းကောင်းမွန်မွန် ဆက်ဆံပြတယ်။ ကြည့်ရတာ သူ့ဒေါသတွေက အခုလောက်ဆို ပြေသွားပြီနဲ့ တူပါတယ်။ ဒါ့အပြင် သူမက ပန်းတွေထက်တောင် လှတဲ့ မိန်းမလှလေးလေ။ နတ်သားတွေ မြင်ရင်တောင်မှ သူမကို ချစ်မိသွားလောက်တယ်။

“ မယ်မယ် ဘာတွေတွေးနေတာများလဲ ”

ကျွမ်းကိုယ်လုပ်တော်က မေးလာတယ်။

“ ငါ တွေးနေတာ လီကိုယ်လုပ်တော်က ဒီနေ့ ဆီးပန်းနတ်သမီးလေးလိုပဲ ”


ကျွမ်းကိုယ်လုပ်တော်က နှုတ်ခမ်းစူလိုက်ကာ

“ သူမ ဘယ်လောက်ပဲ သရုပ်ဆောင်ကောင်းပါ‌စေ သူမက တကယ့် နတ်သမီးမှ မဟုတ်တာ ”

ဒီအကြိမ်မှာ သေချာပေါက် လီကိုယ်လုပ်တော် နေရာပြန်ရလာလိမ့်မယ်ဆိုတာ ယဲ့ကျန်းကျန်း သိတယ်။ ရှန်ကိုယ်လုပ်တော်လည်း ထိုနည်းတူပဲ။ နောက်ရက်အနည်းငယ်နေရင် ကျီဝူကျိုးရဲ့ ဝမ်းကွဲညီမကလည်း နန်းတော်ထဲ ဝင်လာတော့မှာ။ ဒီတစ်ခါတော့ နန်းတော်ထဲ သက်ဝင်လှုပ်ရှားနေတော့မယ် ထင်ပါရဲ့။ မချောဆယ်ယောက် မောင်တစ်‌ယောက် ... တကယ်ကို ဒါက ယောကျာ်းတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို စိန်ခေါ်နေတာပဲ။

ဘာပဲဖြစ်ဖြစ်ပါလေ ဒါက သူမနဲ့ဆိုင်တာလည်း မဟုတ်ပါဘူး။ သူမ မျှော်လင့်တာဆိုလို့ ဒီအမျိုးသမီးက ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ သိပြီး သူမကို အရှုပ်ထုပ်တွေ မပေးရင် တော်ပါပြီ။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now