Chapter 14

2.4K 228 3
                                    

Empress with No Virtue
Chapter 14
Translator – Utopia

ကျီဝူကျိုးက အနောက်တိုင်း ကုန်သည် မက်သရူးနဲ့ ဝူရင်းခန်းမဆောင်မှာ တွေ့ဆုံခဲ့တယ်။ နောက်ပြီး ယဲ့ကျန်းကျန်းကိုလည်း မဖိတ်ခဲ့ဘူး။ ဒါပေမဲ့ ယဲ့ကျန်းကျန်းကတော့ မျက်နှာအရေထူထူနဲ့ပဲ သွားခဲ့တယ်။

ဝူရင်းခန်းမဆောင်က နန်းတော်အရှေ့မှာ ရှိပြီး အရှင်မင်းကြီး အလုပ်လုပ်ရာ နေရာ ဖြစ်တယ်။ ပုံမှန်ဆို အမျိုးသမီးတွေကို ဝင်ခွင့်မပြုဘူး။ ယဲ့ကျန်းကျန်းကတော့ ချွင်းချက်ပေါ့။

အဲ့ဒါက ဘာကြောင့်လဲဆိုရင် ဒီတချီအင်ပါယာကို အမျိုးသမီးဧကရာဇ်က တည်ထောင်ခဲ့တာကြောင့် ဖြစ်တယ်။ ဒါ့ကြောင့်မို့ “ အမျိုးသမီးတွေက လွှတ်တော်ကိစ္စထဲ ဝင်မပါရဘူး ” ဆိုတဲ့စကားကို လုံးဝ သုံးလို့မရချေ။ ဒါ့အပြင် ဒီမင်းဆက်မှာ လွှတ်တော်အရေးကိစ္စတွေကို ကူညီကိုင်တွယ်ခဲ့ဖူးတဲ့ ရှိန်လောက်စရာ ဧကရီမိဖုရားခေါင်တစ်ပါးရဲ့ သမိုင်းကြောင်းလည်း ရှိသေးပြန်တယ်။

ဒါပေမဲ့ အနောက်နန်းဆောင်က ကြင်ယာတော်မိဖုရားတွေ အကုန် လွှတ်တော်ကိစ္စမှာ သူတို့ အမြင်ကို တစ်ယောက်တစ်ပေါက် လာပြောနေပြန်ရင်လည်း မဖြစ်ပြန်ဘူး။ ဆိုတော့ကာ တစ်‌ယောက်ယောက်က သိပ်ကောင်းတဲ့ အကြံတစ်ခုကို စဉ်းစားမိသွားတယ်။ တိုင်းပြည်ရဲ့ မိခင်ဖြစ်တဲ့ ဧကရီမိဖုရားခေါင်တစ်ပါးတည်းကသာ နိုင်ငံ့အရေးမှာ ဝင်စွက်ဖက်နိုင်တဲ့ အခွင့်အာဏာရှိပြီး ဒါ‌က ဧကရာဇ်ရဲ့ တာဝန်တွေကို ကူညီထမ်းရွက်ပေးတာပဲ ဖြစ်တယ်။ ကျန်တဲ့ ကြင်ယာတော် မိဖုရားတွေကတော့ သူတို့ လုပ်ရမယ့် အလုပ်တွေကို လုပ်ရုံပဲ။ ဒါပဲ။

ဒါ့ကြောင့်မို့လို့ နန်းတော်မှာ ဧကရီမိဖုရားခေါင်ရဲ့ ရာထူးက နည်းနည်း ရှုပ်ထွေးတယ်လို့ ပြောရမယ်။ သူမက အနောက်နန်းဆောင်က အမျိုးသမီးတွေ အကုန်လုံးရဲ့ အကြီးအကဲလည်း ဖြစ်သလို ဧကရာဇ်ရဲ့ ခွင့်ပြုမိန့်နဲ့အတူ သူမက အရှေ့နန်းဆောင်ကို ဝင်ပြီး နိုင်ငံ့အရေးတွေမှာလည်း ဝင်စီမံနိုင်တယ်။

တကယ်တော့ ဖုံးကွယ်ထားတဲ့ အကြံအစည်ရှိတဲ့ အမျိုးသမီးတွေက လွဲပြီး ကျန်တဲ့သူတွေက လွှတ်တော်အရေးကိစ္စကို သိပ်စိတ်မဝင်စားကြဘူး။ ဆိုတော့ကာ ဒီနှစ်ပေါင်းများစွာအတွင်း ဧကရီမိဖုရားခေါင်ကိုသာ အရှေ့နန်းဆောင်ထဲ ဝင်ခွင့်ပြုတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မဖြစ်ခဲ့ဖူးဘူး။

ဒီနေ့တော့ ယဲ့ကျန်းကျန်းတစ်ယောက် သူမရဲ့ ကျီဝူကျိုးအပေါ် သဘောမကျမှုတွေကို ဘေးချိတ်ပြီး ဝူရင်းခန်းမဆောင်ကို ထွက်လာခဲ့တယ်။

မက်သရူးဆိုတဲ့သူက အရပ်ရှည်ရှည်၊ ချင်းတက်ရောင် ဆံပင် ( ဝါဖျော့ဖျော့ အရောင်ကို ပြောတာပါ ) ၊ မျက်လုံးပြာပြာ၊ အသားအရေက ဖြူဖျော့ဖျော့နဲ့ ကိုယ်လုံးကိုယ်ထည် ကြီးမားပြီး သူ့ဘေးနားမှာ အံ့ဩထိတ်လန့်ဖွယ် ခံစားချက်က လွှမ်းခြုံနေတယ်။ ဒီနှစ်တွေအတွင်း ဆိပ်ကမ်းတွေကို ဖွင့်လှစ်ခဲ့တာကြောင့် နေရာဒေသအသီးသီးက ကုန်သည်တွေက တချီကို ရောက်လာကြတယ်။ ကျီဝူကျိုးကော ယဲ့ကျန်းကျန်းကော အခုချိန်ထိ သူတို့ အကြောင်းကို ကြားပဲ ကြားဖူးခဲ့ပြီး တစ်ခါမှ အပြင်မှာ မတွေ့ဖူးသေးဘူး။ ဆိုတော့ကာ ဒါက သူတို့အတွက် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပဲ။

လိမ္မာပါးနပ်တဲ့ ကုန်သည်တစ်ယောက်အနေနဲ့ မက်သရူးက စည်းမျဉ်း‌စည်းကမ်းတွေအတိုင်း ဧကရာဇ်ကို ဘယ်လို နှုတ်ဆက်ရမလဲဆိုတာကို သင်ယူခဲ့တယ်။ ဒါက တကယ် ရှားမှရှားတဲ့ အခွင့်အရေးကြီးပဲ။ အရှေ့တိုင်းရဲ့ ထူးခြားဆန်းပြားပြီး ခမ်းနားတဲ့ တိုင်းပြည်ကြီးမှာ သူက ဧကရာဇ်နဲ့ တွေ့ခွင့်ရခဲ့တဲ့ ပထမဆုံး ဥရောပတိုက်သား ဖြစ်လာတော့မယ်။ သိပ်မကြာခင် သူ့လက်ထဲ တလက်လက်ထနေတဲ့ ရွှေ‌ချောင်းတွေနဲ့ သူ့ဖိနပ်ကို လာလျက်မယ့် အထက်တန်းလွှာတွေ ရောက်လာတော့မယ်ဆိုတာ သိနေတယ်လေ။
ဟား ဟား ဟား ဟား ဟား !

ဒီလိုအတွေးမျိုးက တွေးကြည့်ရုံနဲ့တင် သူ့ကို ပျော်ရွှင်လာစေတယ်။

အဲ့ဒါ့ကြောင့်ပဲ မက်သရူးကလည်း ကျီဝူကျိုး ကြားဖူးတဲ့ တခြားကုန်သည်တွေလိုပဲ မောက်မာပြီး ခေါင်းငုံ့မနှုတ်ဆက်တဲ့သူမျိုး ဖြစ်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ သူက ဒူးထောက်ပြီး နှုတ်ဆက်လာတဲ့အခါ ကျီဝူကျိုး အံ့အားသင့်သွားတယ်။

“ အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ ”

ကျီဝူကျိုး : “……”

ချင်းတက်ရောင် ဆံပင်နဲ့လူက ကြမ်းပြင်မှာ ဒူးထောက်နေပြီး သူ့ကိုယ်ဟန်အနေအထားကလည်း စည်းမျဉ်းတွေ အတိုင်းပါ။

“ မောင်မင်း ထနိုင်ပြီ။ ထိုင်ပါ ”

အဲ့ဒီနောက်မှာပဲ အပြင်ဘက်ကနေ ကျယ်လောင်တဲ့ ကြော်ငြာသံက ထွက်ပေါ်လာတယ်။

“ ဧကရီမိဖုရားခေါင်မယ်မယ် ကြွချီလာပါပြီ ”

ကြော်ငြာချက် ဆုံးတာနဲ့ ဝတ်ရုံတော်ကို အပြည့်ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာတယ်။ ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ကို အရင်က ပြောခဲ့ဖူးတာကို မက်သရူး သတိရသွားတယ်။

“ မင်း ဧကရီမိဖုရားခေါင်မယ်မယ်ကို မော်မဖူးရဘူး။ သူမလက်ကို သွားနမ်းလို့ မရဘူး။ ကုန်ကုန်ပြောရရင် သူမ ဝတ်ရုံတော်အစွန်းကို သွားထိမိတာနဲ့တောင် ဧကရာဇ်က မင်းကို ခေါင်းဖြတ်ပစ်လိမ့်မယ် !”

ဒါ့ကြောင့်မို့ မက်သရူးတစ်ယောက် ဖင်တောင် သေချာမထိုင်ရသေးခင်မှာပဲ မြန်မြန် ပြန်ထကာ ဦးညွှတ်ရင်း ဧကရီမိဖုရားခေါင်မယ်မယ်ကို နှုတ်ခွန်းဆက်လိုက်တယ်။

“ ဧကရီမိဖုရားခေါင်မယ်မယ် သက်တော်ရာကျော် ရှည်ပါစေ ”

သူ့မျက်လုံးတွေက သူမရဲ့ ဝတ်ရုံတော်နဲ့ ဖိနပ်ဆီ ရောက်သွားတယ်။ အသေးစိတ်လက်ရာနဲ့ ဒီဇိုင်းတွေက မချီးကျူးဘဲကို မနေနိုင်ဘူး။ တကယ်ကို သူမက တိုင်းပြည်ရဲ့ ရာထူးအကြီးဆုံးအမျိုးသမီးလို့ ခေါ်ထိုက်ပါပေတယ်။

ယဲ့ကျန်းကျန်းက အရင်ဆုံး အရှင်မင်းကြီးကို နှုတ်ခွန်းဆက်လိုက်တယ်။ ပြီးမှသာ ကုန်သည်ကို တစ်ချက်ကြည့်လိုက်ပြီး

“ မောင်မင်း ထနိုင်ပြီ။ ထိုင်ပြီး စကားပြောကြတာပေါ့ ”

ယဲ့ကျန်းကျန်းတစ်ယောက် မဖိတ်ဘဲနဲ့ ရောက်လာတဲ့အပေါ် ကျီဝူကျိုးက ဗွေမယူခဲ့ဘူး။ သူတို့နှစ်ယောက်လုံး မက်သရူးနဲ့ စကားစမြည်ပြောရင်း ဟိုဟိုဒီဒီ မေးရင်းနဲ့ လေထုက ပိုပြီး ကောင်းလာတယ်။

မက်သရူးရဲ့ မွေးရပ်မြေ တိုင်းပြည်အကြောင်းကို ကျီဝူးကျိုးက မေးလာတယ်။ မက်သရူးကလည်း သူ တတ်နိုင်သလောက် ပြန်ဖြေပေးတယ်။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် သမိုင်းကြောင်း ရှည်လျားတဲ့ ဒီလိုတိုင်းပြည်တွေနဲ့ ယှဉ်လိုက်ရင် ဥရောပက ထူးထူးခြားခြားကြီး ပြောပြစရာရယ်လို့ မရှိဘူး။ သိပ္ပံစမ်းသပ်တီထွင်မှုတွေက ရှေ့ရောက်တယ်ဆိုပေမဲ့ ဒီနေရာမှာ ဒါတွေကို သွားပြောရင် ပြပွဲ တစ်ခုသာသာလောက်ပဲ ဖြစ်သွားလိမ့်မယ်။

ကျီဝူကျိုးကတော့ သူ ကြားရတဲ့ အကြောင်းအရာတွေပဲ သိပ်အရေးစိုက်လှတယ်မဟုတ်ပေမဲ့ ယဲ့ကျန်းကျန်းကတော့ အတော်လေး စိတ်ဝင်စားနေတဲ့ပုံပဲ။ သူမက ပင်လယ်ပြင်စွန့်စားရေးခရီးတွေ အကြောင်းနဲ့ ပင်လယ်ပြင်ကို အုပ်စိုးဖို့အတွက် ဥရောပနိုင်ငံတွေ အချင်းချင်း ဘယ်လို စစ်ပြိုင်ကြလဲဆိုတာကို စိတ်ဝင်တစား မေးနေတယ်။ ဥရောပတိုက်ရဲ့ သမိုင်းကြောင်းက ရှုပ်ထွေးပြီး စစ်ပွဲတွေကလည်း အများကြီး ရှိတယ်။ ဆိုတော့ကာ ဘယ်လောက်ပဲ စကားလှအောင် ပြောပါစေ သွေးလွှမ်းတဲ့ တိုက်ပွဲတွေကို ပါးနပ်တဲ့သူတွေကတော့ ရိပ်စားမိပြီးသားပင်။

ကျီဝူကျိုးက ဉာဏ်အကောင်းဆုံးဆိုတဲ့ သူတွေထက်တောင် ဉာဏ်ကောင်းတဲ့သူဆိုတော့ ဒီကိစ္စမှာ တစ်ခုခုက မကောင်းတော့ဘူးဆိုတာကို ရှာတွေ့သွားတယ်။ ဥရောပတိုက်သားတွေက သိပ်ကို ရဲရင့်ပြီး ရက်စက်ကြတယ်။ သူတို့ရဲ့ ရေတပ်စစ်အင်အားက တော်တော်လေး အင်အား တောင့်တင်းတဲ့ပုံပဲ။ တနေ့နေ့မှာ သူတို့သာ ငါတို့ရဲ့ တိုင်းပြည်ကို ကျူးကျော်သိမ်းပိုက်ဖို့ ( ကိုလိုနီပြုဖို့ ) ရွေးလိုက်ရင် .....

ကျီဝူကျိုး မျက်လုံးတွေကို မှိတ်လိုက်တယ်။

ဆိုတော့ကာ ဧကရာဇ်လည်း စကားဝိုင်းထဲကို ဝင်ပါလာပြီး လေထုကလည်း ပိုမြိုင်ဆိုင်လာတယ်။

မက်သရူး ထွက်သွားပြီးတဲ့ နောက်မှာတော့ ကျီဝူကျိုးက ယဲ့ကျန်းကျန်းကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်လိုက်ပြီး

“ မင်းက သိပ်ပါးနပ်တာပဲ ”

“ ချီးကျူးပေးတဲ့အတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ် ”

ကျွန်မက ပါးတာမှ လှပ်နေတာပဲလို့ ရှင့်ကို ဘယ်နှစ်‌ခါပြောရမလဲ။

မဟုတ်ဘူး သူမက ပါးနပ်ရုံတင် မဟုတ်ဘူး။ ယဲ့ကျန်းကျန်းရဲ့ ထူးခြားတဲ့အချက်က သူမက ကိစ္စတွေကို ဘောင်ထဲကထွက်ပြီး ကြည့်တတ် မြင်တတ်တာပဲ ဖြစ်တယ်။ တချီတိုင်းပြည်က သူတွေက ဥပေဒေနဲ့ ထုံးတမ်းအစဉ်အလာတွေကို လိုက်နာကျပြီး မိသားစုအရေး တိုင်းပြည်အရေးကို တွေးကြပေမဲ့ ဘယ်သူကမှတော့ စိတ်ကို ဖွင့်ထားပြီး အတွေးသစ် အမြင်သစ်တွေကို လက်ခံသုံးသပ်ဖို့ မစဉ်းစားခဲ့ကြဖူးဘူး။ တိုင်းပြည်ရဲ့ ခေါင်းဆောင်တစ်ယောက်အနေတဲ့ အဲ့ဒီသူက အတွေးအခေါ် အမြင်ကျယ်တဲ့သူမျိုး ဖြစ်သင့်တယ်။ ကိုယ်တွေထက် ဆိုးတယ် နိမ့်ပါးတယ်လို့ ထင်ရတဲ့သူဆီက ကိုယ်တွေ ပြန်သင်ယူနိုင်တဲ့ အရာတွေ ရှိတယ်။ သူတို့က အရိုင်းအစိုင်းတွေ ဆိုရင်တောင်မှ သူတို့ဆီကနေ ကိုယ်တွေ ပြန်သင်ယူနိုင်တဲ့ အရာတွေ ရှိတယ်။

“ အရှင်မင်းကြီး ”

ရုတ်တရက် လှမ်းခေါ်လိုက်တဲ့ ယဲ့ကျန်းကျန်းရဲ့ အသံကြောင့် သူ့တွေးလက်စ အတွေးက ပြတ်သွားတယ်။

“ အွန်း ? ”

ကျီဝူကျိုး ယဲ့ကျန်းကျန်းကို လှည့်ကြည့်လိုက်တယ်။

“နောက်ရက်အနည်းငယ်နေရင် အရှင်မင်းကြီး အမဲလိုက်ထွက်ဖို့ ရှိတယ်လို့ ကျွန်တော်မျိုးမ ကြားထားတယ် ”

တောက်ပတဲ့မျက်ဝန်း‌တွေနဲ့အတူ အပြုံးချိုချိုလေးနဲ့ ယဲ့ကျန်းကျန်းက ပြောလာတယ်။။

“ အရှင်မင်းကြီးရဲ့ သိုင်းပညာအစွမ်းကို ကျွန်တော်မျိုးမ တကယ် အံ့ဩလေးစားရတယ်။ ကျွန်တော်မျိုးမ မျက်လုံးတွေနဲ့ ကိုယ်တိုင် အရှင်မင်းကြီး မြင်းစီးပြီး မြှားပစ်တာကို တကယ် မြင်ချင်မိတယ် ”

“ ဧကရီရဲ့ နှုတ်ဖျားကနေ ဒီလို ချီးကျူးတာမျိုး ကြားရဖို့ဆိုတာ တကယ် ရှားတာပဲ ”

ယဲ့ကျန်းကျန်း ဘာအကြံနဲ့ မေးတယ်ဆိုတာ ကျီဝူကျိုး သိပေမဲ့ ဘာမှတော့ မပြောဘဲ နေနေလိုက်တယ်။

ပိုင်ယန်က မြို့တော်နဲ့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့ ယန်တောင်ရဲ့ တောင်ခြေမှာ တည်ရှိတယ်။ အဲ့နေရာမှာ သတ္တုကျောက်တွေ အများကြီးရှိပြီး မြေပြန့်ရယ်လို့ ရှားတယ်။ တော်ဝင်မိသားစုတွေက မြေနေရာတစ်ခု သတ်မှတ်ပြီး သမင်တွေ ယုန်တွေ‌နဲ့ တခြား တိရိစ္ဆာန်တွေကို မွေးခိုင်းထားတယ်။ ဆောင်းဦးရောက်တဲ့အခါ အရှင်မင်းကြီးက အမတ်ကြီးတွေနဲ့ အတူ ဒီနေရာမှာ အမဲလိုက်ထွက်လေ့ရှိတယ်။ သိုင်းပညာတတ်ကျွမ်းမှုကို ဘေးချိတ်ထားတဲ့အတွက် ရှေ့နန်းဆက်မှာ ဘယ်လိုဖြစ်ခဲ့ရလဲဆိုတာကို သင်ခန်းစာယူပြီး ဒီမင်းဆက်မှာတော့ သိုင်းပညာ တတ်ဖို့ကို ဦးစားပေးလာကြတယ်။ တော်ဝင်မိသားစုက အမျိုးသားတိုင်းလိုလို သိုင်းပညာကို သင်ယူကြပြီး သိုင်းပညာမှာကော စာပေမှာကော တော်တာကို ဂုဏ်ယူကြတယ်။ နှစ်တိုင်း ဒီလိုအချိန်မျိုးက တော်ဝင်မိသားစုကသူတွေအဖို့ သူတို့ရဲ့ သိုင်းပညာအစွမ်းကို ပြခွင့်ရနိုင်မယ့် အခွင့်အရေးတစ်ခုပဲ ဖြစ်တယ်။

ယဲ့ကျန်းကျန်း အိမ်ထောင်မကျသေးခင်တုန်းကဆို သူမ အစ်ကိုတွေက အိမ်ကို အမဲလိုက်ပွဲက လက်ဆောင်တွေ ယူလာတတ်တယ်။ သူမ ကိုယ်တိုင် အမဲလိုက်ပွဲကို ခံစားကြည့်ချင်တာ။ ဒါပေမဲ့ အိမ်တော်က သူတွေကတော့ သူမ ဒဏ်ရာရမှာ စိုးတာနဲ့ သွားခွင့်မပြုကြဘူး။

မျှော်လင့်တကြီးနဲ့ စောင့်နေတဲ့ ယဲ့ကျန်းကျန်းရဲ့ မျက်နှာကို တွေ့တဲ့အခါ

“ အရင်ဆုံး ကိုယ် မင်းကို စမ်းသပ်မယ်။ မင်း အကုန် မှန်အောင် ဖြေနိုင်တယ်ဆိုရင် မင်းကိုပါ ကိုယ် ခေါ်သွားမယ် ”

“ အခုဆို စိုက်ပျိုးရေး ရာသီလည်း ပြီးသွားပြီဆိုတော့ လွှတ်တော်က လယ်သမားတွေကို မြစ်ဝါမြစ်ကို ပြင်ဆင်ဖို့ လုပ်စေချင်နေတယ်။ ရေတွေကို လှောင်ထားနိုင်ပြီး ရေကြီးတာ မိုးခေါင်တဲ့အခါမျိုးမှာ ရေအရန်သင့် ရှိအောင်‌လို့ အလုပ်သမားတွေကို ဆည်ဆောက်ခိုင်းဖို့ ကိုယ် စီစဉ်ထားတယ်။ မင်း ဘယ်လိုမြင်လဲ ”

ယဲ့ကျန်းကျန်းလည်း သဘောတူတယ်။

“ အဲ့ဒါက အကြံကောင်းပဲ။ အရှင်မင်းကြီးက သိပ်ဉာဏ်ပညာရှိတာပဲ ”

“ အွန်း ”
ကျီဝူကျိုးက ခေါင်းငြိမ့်လိုက်ပြီး

“ ဒါပေမဲ့ အဲ့ဒါက အကြီးစား ဆောက်လုပ်ရေးဖြစ်တဲ့အပြင် အဲ့ဒီအတွက် ဦးစီးပေးမယ့် သူလည်း မရှိသေးဘူး။ ဒီနေရာမှာ ဘယ်သူက သင့်တော်မယ်လို့ မင်း ထင်လဲ ”

“…”

ဒီကိစ္စက ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး။ အထူးသဖြင့် ယဲ့ကျန်းကျန်းရဲ့ အစ်ကို(၂)က အဲ့ဌာနမှာ လုပ်နေတာ။ သူမ သေချာတွေးပြီးသွားတဲ့နောက်

“ အဲ့ဒါက ... အဲ့က လူတွေကို ကျွန်တော်မျိုးမမှ သေချာမသိပဲဟာ ဘယ်လိုလုပ် ထင်မြင်ချက်ကို ပေးနိုင်မှာလဲ။ အရှင်မင်းကြီးက လိမ္မာပါးနပ်ပါတယ်။ ဒီနေရာအတွက် အသင့်တော်ဆုံးသူကို အရှင်မင်းကြီး ရွေးနိုင်မယ်ဆိုတာ သေချာတယ် ”

“ မဖြေနိုင်ဘူးပေါ့လား ”

“ မဟုတ်ပါဘူး ... အရှင်မင်းကြီး တခြားမေးခွန်းကို ပြောင်းမေးရင်ကော ?? ”

“ ကောင်းပြီလေ။ ဆောက်လုပ်ရေးက ငွေအများကြီး ကုန်ကျလိမ့်မယ်။ ဒါပေမဲ့ စားစရာ ခွဲတမ်းဝေပေးဖို့ လို‌အပ်တဲ့ နေရာတွေကလည်း ရှိနေပြန်တယ်။ ဒီတော့ ငွေကော စားစရာ‌ ခွဲတမ်းကိုကော တပြိုင်နက် မလစ်ဟင်းရအောင် ကိုယ်တို့ ဘယ်လို လုပ်သင့်တယ်လို့ ဧကရီ ထင်လဲ ”

အကျင့်ပျက်ခြစားမှုကို ကိုင်တွယ်ဖို့ဆိုတာ လွယ်လွယ်လေး အကုန် ရှင်းထုတ်လိုက်လို့ ရတာမျိုး မဟုတ်ဘူး။ နောက်ဆုံးတစ်ခေါက်တုန်းကဆို ဒီကိစ္စကြောင့် လုပ်ရည်ကိုင်ရည်ရှိတဲ့ အမတ် တော်တော်များများပါ ပြဿနာတတ်သွားကြတယ်။ ယဲ့ကျန်းကျန်းက နည်းနည်း ထပ်တွေးလိုက်ပြီးတဲ့နောက်

“ ဒါဆိုရင်လည်း ကျွန်တော်မျိုးမတို့ ပိုထိရောက်တဲ့နည်းကို သုံးရင်ကော ? ”

“ အို ဘယ်လိုမျိုးလဲ ”

“ ဘဏ္ဍာငွေတွေကို ဒီကနေ ထောက်ပံ့ပေးစရာ မလိုဘူး။ ငွေတွေကို ဘဏ္ဍာရေးဌာနမှာ အရင် ထားထားလိုက်မယ် ”

ဆောက်လုပ်ရေးကို အဲ့အနီးနားဝန်းကျင်မှာ ရှိတဲ့သူတွေနဲ့ပဲ လုပ်ခိုင်းလိုက်ပြီး ပြည်နယ်က သူတွေကို သူတို့ဘာသာ တာဝန်ယူခိုင်းလိုက်မယ်။ ရေလှောင်ကန် ဆောက်တဲ့နေရာမှာ ပါဝင်တဲ့သူတွေအတွက် သူတို့တစ်မိသားစုလုံးကို ၂နှစ် အခွန် ကင်းလွတ်ခွင့်ပေးမယ်။ အဲ့တာကို တိုးလို့လည်း ရတယ်။ လျှော့လို့လည်း ရတယ်။ နောက်နှစ်အထိ စောင့်ပြီး အခွန်ကောက်တဲ့အခါကျ အခွန်ဌာနက သူတို့ရဲ့ အခွန်စာရင်းမှ အနုတ်ပြလိုက်ရုံပဲ။ ဘဏ္ဍာရေး ဌာနကတော့ ဒီဟာကို သူတို့စာရင်းမှာ စာရင်းထည့်မှတ်ရုံပဲ လိုမယ်။

ဆောင်းဦး ရိတ်သိမ်းပြီးချိန်ကနေ နောက်နှစ် နွေဦးအထိ ကြားထဲက အချိန်မှာ လယ်သမားတွေ အနေနဲ့ အားနေကြလိမ့်မယ်။ သူတို့မှာ ဘာမှလုပ်စရာမရှိဘဲ အချိန်အားနေ မယ့်အတူတူ ဒီ အလုပ်အခွင့်အရေးကို လက်ဦးမှုယူပြီး လုပ်ကိုင်ကြလိမ့်မယ်။ လူအများကြီး ပါဝင်လာတဲ့အခါ အလုပ်လည်း တွင်ကျယ်ဘာပြီး နောက်နှစ် နွေရာသီလောက်ဆို အလုပ်တွေ အားလုံး ပြီးသွားလောက်လိမ့်မယ် ”

ကျီဝူကျိုးကတော့ ရှင်းရှင်းလင်းလင်း အမူအရာမျိုး မပြဘဲ စားပွဲခုံကိုသာ လက်နဲ့ တောက်နေတယ်။

“ အို ဟုတ်သားပဲ။ အနီးနားမှာ စစ်စခန်းတွေ ရှိတယ်ဆိုရင် သူတို့မှာလည်း တခြား လုပ်စရာ မရှိဘူးဆို အဲ့မှာ သွားလုပ်ပေးလို့ ရတာပဲ။ ကျန်းမာရေးကောင်းအောင် လေ့ကျင့်ခန်း လုပ်တယ်ပဲ ထားပါတော့ ”

ကျီဝူကျိုးက ရုတ်တရက် ခေါင်းငြိမ့်လိုက်ပြီး ယဲ့ကျန်းကျန်းကို ပြုံးပြရင်း

“ ကောင်းသားပဲ ”

ယဲ့ကျန်းကျန်း အံ့ဩသွားတယ်။ ကျီဝူကျိုးက ပုံမှန်ဆို ပြုံးရယ်တတ်တဲ့ သူမျိုး မဟုတ်ဘူး။ သူ ပြုံးနေပြီဆိုရင်တောင် တစ်ခုခု မကောင်းတာ ဖြစ်တော့မှာ သေချာတယ်။

သူမ ခံစားချက် မကောင်းဘူး ဖြစ်လာတယ်။

“ ဒီအတိုင်း ပြောကြည့်တာပါ။ အရှင်မင်းကြီး အရမ်း တွေးစရာ မလိုပါဘူး ”

“ မဟုတ်ဘူး မင်း ဖြေသွားတာ သိပ်ကောင်းတယ် ”

ကျီဝူကျိုးက မတ်တပ်ရပ်လိုက်ရင်း

“ လာ စစ်နင်နန်းဆောင်မှာ မယ်တော့်ကို သွားတွေ့ဖို့ ကိုယ်နဲ့အတူ လိုက်ခဲ့ ”
-----------------

“ သားတော် အလုပ်များတဲ့ ကြားထဲက မယ်တော့်ဆီ လာရတာ ပင်ပန်းပါတယ်ကွယ် ”

“ မယ်တော် ဘယ်လိုပြောလိုက်တာလဲ။ မယ်တော် အခုလို နေကောင်းကျန်းမာနေတာကို တွေ့ရမှ သားတော်က အလုပ်တွေ ကောင်းကောင်း လုပ်နိုင်တာပါ ”

ဒီသားအမိ နှစ်ယောက်က သိပ်ချစ်ကြတဲ့ သားအမိဇာတ်ကွက်ကို လာသရုပ်ဆောင်ပြနေတယ်။ သူတို့နှစ်ယောက် ပြောနေတာတွေကို ကြည့်ရင်း ယဲ့ကျန်းကျန်း ပျင်းလာတယ်။ ဒါပေမဲ့ တစ်ခွန်းမှတော့ ဝင်မပြော‌ချေ။ သူမ ဘယ်မိသားစုက လာတာလဲဆိုတဲ့ အချက်ကြောင့် မယ်တော်ကြီးက သူမကို သဘောမကျဘူးဆိုတာ ယဲ့ကျန်းကျန်း သိနေခဲ့ပြီးသား။ သူမကလည်း အားအကုန်ခံပြီး မယ်တော်ကြီး သဘောကျလာအောင် လုပ်ပြမနေချင်တော့ပေ။

“ ဒါက ဟိုးရှေ့ရက်က ရှန်ကိုယ်လုပ်တော် မယ်မယ့်ကို လာဆက်သသွားတာလေ။ ဒီစိပ်ပုတီးကို ကြည့်ပါဦး ဘယ်လောက် အသေးစိတ် ကျလိုက်လဲ။ အနံ့လေးလည်း ကောင်းတယ်။ ဒီစိပ်ပုတီးလေးနဲ့ ဘုရားရှိခိုးတဲ့အခါကျ မြတ်စွာဘုရားရှင်ကို မယ်တော် ကိုယ်တိုင် ဖူးမြင်နေရသလိုပဲ ခံစားရတယ်။ သူမက တကယ် တွေးပေးတတ်တာပဲ ”

မယ်တော်ကြီးက စိပ်ပုတီးတွေ အကြောင်းပြောရင်း ရှန်ကိုယ်လုပ်တော်ကိုပါ ထည့်ပြောပေးဖို့ မမေ့ချေ။

“ မယ်တော် သဘောကျတယ်ဆို ပြီးတာပါပဲ ”

ကျီဝူကျိုးက စိပ်ပုတီးတွေ ဆွဲပြားတွေကို အယုံအကြည်ရှိတဲ့သူမျိုး မဟုတ်ချေ။ ဒါပေမဲ့လည်း မယ်တော်ကြီးက သူ့မွေးမိခင်ရင်းဆိုတော့ ဘာမှတော့ ရိုင်းသလို ဖြစ်မယ့်စကားမျိုး ပြန်ပြောမနေတော့ဘူး။

“ ရှန်ကိုယ်လုပ်တော်ကတော့လေ တကယ်ကို သဘောကျစရာပဲ ... သားတော်တို့နှစ်ယောက် အဆင်ပြေကြတယ်မလား ”

ယဲ့ကျန်းကျန်း စိတ်ထဲ တွေးနေမိတယ်။ ဧကရီမိဖုရားခေါင်ရှေ့မှာ ကိုယ်လုပ်တော် အကြောင်းကို မေးတယ်ဆိုတော့ ဘယ်လို ကိစ္စမျိုးကိုများ အကောက်ကြံဦးမလို့လဲ မယ်တော်ကြီး။

“ သားတော် ဒီရက်ပိုင်း သူမကို မတွေ့ဖြစ်ဘူးရယ် ”

ကျီဝူကျိုးက ရိုးရိုးသားသားပဲ ဖြေလိုက်တယ်။ မယ်တော်ကြီးဆီကနေ သက်ပြင်းချသံ ထွက်လာတယ်။

ယဲ့ကျန်းကျန်း နားစွင့်နေလိုက်တယ်။ ဘာလို့ ကျီဝူကျိုးက တခြားတစ်ခုကို ဆိုလိုချင်နေတာလို့ သူမ ခံစားမိနေတာပါလိမ့် ??

မယ်တော်ကြီးက စိတ်မချမ်းမြေ့တဲ့ပုံနဲ့

“ သားတော်က မယ်တော့်ရဲ့ ကလေးလေ။ မယ်တော် ဘယ်လိုလုပ် စိတ်မပူပဲ နေနိုင်မှာလဲ ”

“ မယ်တော့်ကို စိတ်ပူပန်စေမိတဲ့အတွက် သားတော် စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမဲ့ ဧကရီက ဒီရာထူးကို ယူထားမှတော့ သူမ လုပ်ရမယ့်တာဝန်တွေကို လုပ်ဖို့ လိုတာပေါ့။ အမြဲတမ်း မယ်တော်နောက်မှာပဲ ရှောင်ပုန်းပြီး အပျင်းကြီးနေလို့ မရဘူးလေ ”

ကျီဝူကျိုးက ယဲ့ကျန်းကျန်းကို ကြည့်ရင်း ပြောလိုက်တယ်။

ကျီဝူကျိုးက လှမ်းကြည့်လိုက်တာကို တွေ့တော့ ယဲ့ကျန်းကျန်းကလည်း အလိုက်တသိနဲ့

“ ဟုတ်တယ် မယ်တော် အနေနဲ့ အများကြီး စိတ်ပူပန်မနေသင့်ဘူး။ မယ်တော် ဒီလိုစိတ်ပူပန်နေရတယ်ဆို သမီးတော် ကြောက်ရွံ့မိပါတယ် ”

တစ်ချို့လူတွေကပဲ ဒီစကားက ဘာအဓိပ္ပါယ်လဲဆိုတာ သိလိမ့်မယ်။ ယဲ့ကျန်းကျန်းရဲ့ စကားကို ကြားပြီးတဲ့နောက် မယ်တော်ကြီးခမျာ မျက်နှာအမူအရာတောင် ထိန်းမထားနိုင်တော့ဘူး။

ကျီဝူကျိုး အံ့ဩသွားတယ်။ သူမ ရှာတွေ့သွားပြီလို့တော့ မပြောနဲ့နော်။

သူတို့တွေ စကားစမြည် အနည်းငယ် ထပ်ပြောလိုက်ကြပြီးတဲ့နောက် ကျီဝူကျိုးက ယဲ့ကျန်းကျန်းကို ခေါ်ပြီး ပြန်သွားတယ်။ သူတို့ ထွက်သွားတဲ့အချိန်မှာ သူက မယ်တော်ကြီးကို လူတစ်ယောက်ကို ဆင့်ခေါ်ခိုင်းလိုက်တယ်။ မျက်မှန်းတန်းမိနေကြ မဟုတ်တဲ့ ကုန်းကုန်း တစ်ယောက်ကိုပေါ့။

ယဲ့ကျန်းကျန်းကတော့ ဘာကြောင့်လဲဆိုတာ နားမလည်ဘူးဖြစ်နေတယ်။ ကြည့်ရတာ ကုန်းကုန်းလေးက ကျီဝူကျိုးကို အပြစ်ပြုမိတယ်နဲ့ တူတယ်။ သူတော့ ကံဆိုးတာပဲ။

ကျီဝူကျိုး ကန်းချင်းနန်းဆောင်ကို ရောက်တဲ့အချိန်မှာတော့ ကုန်းကုန်းတစ်ယောက်ကို သေတဲ့အထိ ရိုက်ဖို့ အမိန့်ပေးလိုက်တယ်။

ကျစ်ကျစ် ... တော်တော် ရက်စက်တာပဲ။ ဒီအကြောင်းကို ကြားတဲ့အခါ ယဲ့ကျန်းကျန်း စုတ်သပ်မိသွားတယ်။

Note : Awwn သူမအတွက်နဲ့ ကျီဝူကျိုးက လူတစ်ယောက်ကို သတ်ပစ်လိုက်တာ သူမက မသိရှာဘူးပဲ.

ရွှေနန်းထက်က ဧကရီWhere stories live. Discover now