Chapter 61

1K 86 1
                                    

Empress with No Virtue
Chapter - 61
Translator – Utopia

လက်ရှိသူတို့ရောက်နေတဲ့နေရာကနေဆို အနီးဆုံး တချီနယ်စပ်မြို့က ကျီကျိုးပဲ ဖြစ်လိမ့်မယ်။ ယဲ့ကျန်းကျန်းက လီယို့တစ်ယောက်တည်း ကျီကျိုးကို ပြန်သွားမှာ စိုးရိမ်နေတာကြောင့် သူနဲ့အတူ ကျီဝူကျိုး စစ်သား ၅၀ကိုပါ အတူထည့်ပေးလိုက်တယ်။ တကယ်တော့ ကျီဝူကျိုးစိတ်ထဲ လီယို့ကို အတော်လေး မသင်္ကာဖြစ်နေတယ်။ အရှေ့တုန်းက လီယို့ကို နောက်ယောင်ခံဖို့ သူ လွှတ်ထားတဲ့ သူလျှို ၄ယောက် လီယို့ကို မျက်ခြေပျက်သွားတယ်လို့ သတင်းပို့လာတယ်။ ထို့နောက် ဘာကြောင့်ရယ်မသိ နွီကျန်းစစ်တပ်ထဲ ပြန်ပေါ်လာတယ်။ တိုက်ဆိုင်တယ်လို့ ပြောရအောင်ကလည်း ဒီကာလမှာ စစ်ဖြစ်နေတာမို့ ကုန်သည်တွေ ခရီးအသွားအလာကျဲနေတာကို။ ဘယ်သူက စစ်ဖြစ်နေတဲ့နေရာကို ဖြတ်ပြီး ကုန်သွယ်မှာလဲ။

ဒီလီယို့ဆိုတဲ့လူက ပြဿနာရှိလိမ့်မယ်လို့ ကျီဝူကျိုး အခိုင်အမာကို ယုံကြည်တယ်။ ဒါကြောင့်မို့ ယဲ့ကျန်းကျန်း လီယို့ကို နှုတ်ဆက်တဲ့အချိန်မှာ သူ လီယို့ကို သူတို့နဲ့အတူ ဆက်ခေါ်လာဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။

သူ ဘာလို့ ဒီလိုလုပ်ရတာလဲ ယဲ့ကျန်းကျန်း နားမလည်ဘူး။ လီယို့ကတော့ သူတို့ လူသတ်ဖို့သွားမှာ သိတာကြောင့် မလိုက်ချင်တဲ့ပုံပြပေမဲ့ ဘယ်လိုပဲဖြစ်ပါစေ ကျီဝူကျိုးက သူ့ကို ပြန်မလွှတ်ဘူး။

ယဲ့ကျန်းကျန်း နည်းနည်း ဒေါသထွက်သွားတယ်။

"အရှင်မင်းကြီး ဘာဖြစ်ချင်နေတာလဲ။ ကျွန်တော်မျိုးမတို့သွားမယ့်ခရီးက အန္တရာယ်များတာကို ဘာလို့ အပြစ်မရှိတဲ့သူကိုပါ ဆွဲထည့်နေရတာလဲ"

"တကယ်လို့ သူသာ သူလျှိုဆိုရင်ကော၊ သူသာ နွီကျန်းမျိုးနွယ်စုဆီ ပြန်သွားပြီး သတင်းပေးလိုက်ရင် ဘယ်ဆက်ဖြစ်မှာလဲ"

"သူက ဘယ်လိုလုပ် သူလျှိုဖြစ်နိုင်မှာလဲ"

"သူသာ သူလျှို မဟုတ်ဘူးဆိုရင် ကိုယ် သူ့လုံခြုံရေးကို အာမခံတယ်။ ကျန်းကျန်း ကိုယ့်ကို ယုံပါကွာ"

သူ့ဘက်က အခိုင်အမာဆုံးဖြတ်ပြီးတာကို ထောက်ရင် တကယ်ကို လီယို့နဲ့ပတ်သက်ပြီး သူ သံသယဝင်နေတာပဲ၊ ဒီအတိုင်း သဝန်တိုရုံသက်သက်နဲ့ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျီဝူကျိုး လူတစ်ယောက်ကို သံသယဝင်ပြီဆို လွယ်လွယ်နဲ့ ဖျောက်ဖို့ခက်တယ်။ ဒါပေမဲ့ ဧကရာဇ်တစ်ပါးအနေနဲ့ သူ့စကားက နောက်ဆုံးအတည်ပြုချက်ပဲ။ သူ လီယို့ကို ကာကွယ်ပေးမယ်ပြောတယ်ဆို သူ တကယ် အဲ့လိုလုပ်နိုင်စွမ်းရှိလို့ပဲ။

ဒါကြောင့်မို့ ယဲ့ကျန်းကျန်းလည်း လီယို့ကို အနည်းငယ် ဖျောင်းဖျရုံသာ တတ်နိုင်တော့တယ်။ အိမ်မပြန်ခင် အဲ့ကို အလည်အပတ်သဘောမျိုးနဲ့ သွားမှာဖြစ်ကြောင်း၊ အောင်ပွဲခံတဲ့အနေနဲ့ သူ့ကိုလည်း လိုက်ပါခွင့်ပြုတာဖြစ်ကြောင်း စသည်ဖြင့် မသိရင် သူတို့ တကယ် အလည်အပတ်သွားမယ့်ပုံနဲ့ ပြောပြနေတယ်။

လီယို့ကတော့ ခါးသက်သက်ပဲ ရယ်လိုက်ရင်း

"ညီနောင်ကျန်း ဆက်မပြောတော့လည်း ရပါတယ်၊ အစ်ကိုဝူက ကျွန်တော့်ကို သံသယဝင်နေတာ ဟုတ်တယ်မလား"

ယဲ့ကျန်းကျန်း လိမ်တဲ့နေရာမှာ မတော်ချေ၊ သူမ ဘယ်လိုရှင်းပြရမလဲ မသိတော့ဘူး။

"ဒါဆို ညီနောင်ကျန်းကကော ဘယ်လိုမြင်လဲ၊ ခင်ဗျားကော ကျွန်တော်က သူလျှိုလို့ ထင်တာလား"

"ဘယ်လိုလုပ် ထင်မှာလဲ"

ယဲ့ကျန်းကျန်းက တစ်ချက်တောင် တွေဝေမနေဘဲ ဖြေလာတယ်။

"ကျေးဇူးတင်ပါတယ်"

လီယို့ သူမကို နက်နက်နဲနဲ ကြည့်လိုက်ရင်း

"ခင်ဗျားယုံတယ်ဆိုမှတော့ တခြားသူတွေ ဘယ်လိုထင်ကြပါစေ ကျွန်တော့်အတွက် အရေးမကြီးတော့ပါဘူး"

သူ့အကြည့်ကြောင့် ယဲ့ကျန်းကျန်း စိတ်ထဲ မသက်မသာဖြစ်လာတယ်။ သူမ ခေါင်းကုတ်လိုက်ရင်း

"အဲ့နေ့တုန်းက ကယ်ခဲ့တဲ့အတွက် ငါ မင်းကို ကျေးဇူးမတင်ရသေးဘူးပဲ"

လီယို့က ရယ်လိုက်ရင်း

"ကျွန်တော် စိတ်လောနေခဲ့တာကြောင့် ခင်ဗျားကိုတောင် ကျွန်တော်နဲ့အတူ အန္တရာယ်ထဲ ဆွဲချခဲ့မိပြီး ခင်ဗျားကတောင် ကျွန်တော့်ကို ပြန်ကယ်ခဲ့ရတာပါ၊ အခု ခင်ဗျားက ကျွန်တော့်ကို ကျေးဇူးတင်စကားပြောလာတော့ တကယ်ကို ကျွန်တော် အရှက်ရမိပါတယ်"

ယဲ့ကျန်းကျန်း ပိုလို့တောင် နေရခက်လာတယ်။

"ငါ အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး"

လီယို့ သူမကို စကားပြန်ပြောမလို့ လုပ်လိုက်ချိန်မှာပဲ ကျီဝူကျိုးက သူတို့ဆီ ခပ်သွက်သွက် လျှောက်လာတာကို တွေ့လိုက်ရတယ်။ ကျီဝူကျိုး ယဲ့ကျန်းကျန်းကို အင်္ကျီကော်လံနောက်ကနေ ဆွဲပြီး ပြန်ခေါ်သွားတယ်။ သူ ထွက်သွားတဲ့အခါ လီယို့ကိုလည်း သတိပေးတဲ့အနေနဲ့ ခပ်တင်းတင်း ကြည့်လိုက်တယ်။

လီယို့ကတော့ နှာခေါင်းပွတ်လိုက်ရင်း သူ့ကို ပြန်ပြုံးပြလိုက်တယ်။

ယဲ့ကျန်းကျန်း ကော်လံက လက်ကို ပုတ်ထုတ်လိုက်ပြီး

"အရှင်မင်းကြီး ဘာလုပ်တာလဲ အဲ့တာ!"

ကျီဝူကျိုး သူမခြေနှစ်ချောင်းကို ဖမ်းကာ ရုန်းကန်နေတဲ့ ယုန်သူငယ်လေးလို ပွေ့ချီလိုက်တယ်။ ဘေးမှာ ဘယ်သူမှလည်း မရှိတာတွေ့တဲ့အခါ သူ ခေါင်းငုံ့လိုက်ပြီး သူမပါးလေးကို စွေ့ကနဲ နမ်းလိုက်တယ်။ ပြီးမှ ပြန်လွှတ်ပေးပြီး

"သွားရအောင် ကိုယ်တို့ အမဲလိုက်ထွက်ကြမယ်"

စစ်ပွဲက အရေးကြီးနေတယ်ဆိုပေမဲ့လည်း တပ်သားတွေရဲ့ စိတ်အခြေအနေကို ထိန်းထားနိုင်ဖို့ကလည်း အရေးပါတယ်။ ကျန်းကျန်းကို ကယ်ဖို့အတွက်နဲ့ ဒီလူတွေကို ကျီဝူကျိုး ခေါ်ထုတ်လာခဲ့တာဖြစ်တယ်။ အခု တာဝန်လည်း ပြီးမြောက်သွားပြီဆိုတော့ သူတို့ကို ခဏ ပေးနားလိုက်လို့ အကျိုးယုတ်စရာ မရှိပါဘူး။

ဒါကြောင့်မို့ ဒီတပ်ရဲ့ ခရီးနှင်နှုန်းက သိပ်မြန်မနေဘူး၊ အချိန်လည်း ရှိသေးတယ်ဆိုတော့ ခရီးတလျှောက် ရှုခင်းကြည့်တဲ့အခါကြည့် အမဲလိုက်ထွက်တဲ့အခါထွက်နဲ့ လုပ်ကြတယ်။ ဒါပေမဲ့ ဒီမြက်ခင်းလွင်ပြင်က မကြာခင်မှာ စစ်ပွဲရဲ့ဝါးမျိုခြင်းကို ခံရတော့မှာပဲ ဖြစ်တယ်။ စစ်သားတွေလည်း နေရာအစုံမှာ အမဲလိုက်ရင်း မြှားတွေပစ်လွှတ်ကြတယ်။ သားကောင်တွေကို လွယ်လွယ်ပဲ ဖမ်းမိခဲ့ကြပြီး ကျန်တဲ့သားကောင်တွေလည်း လန့်ဖြန့်ပြီးပြေးကုန်ကြတယ်။ ဒီလိုနဲ့ အနှေးဆုံးအကောင်က အမဲလိုက်ခံရဖို့ ကျန်ခဲ့ရရှာတော့တယ်။

ကျီဝူကျိုး မြင်းစီးရင်း လက်တစ်ဖက်က လေးကို ကိုင်ကာ မြှား၃စင်းကို တခါတည်း ပစ်လွှတ်လိုက်တယ်။ မြှား ၃စင်းက ဆိတ်သုံးကောင်ကို မှန်သွားတယ်၊ တစ်ကောင်က လည်ပင်းက ဖောက်ထွက်သွားပြီး ကျန်မြှား ၂စင်းက ဆိတ်၂ကောင်ရဲ့ ရှေ့ခြေကို သွားမှန်တယ်။

ယဲ့ကျန်းကျန်း ကျီဝူကျိုးကို လက်မထောင်ပြလိုက်တယ်။ သူမလည်း မြှားပစ်လိုက်ပေမဲ့ တစ်ကောင်မှ မမိဘူး။ လူတိုင်းတော့ သူ့လို ဘယ်လုပ်နိုင်ပါ့မလဲလေ။

ယဲ့ကျန်းကျန်းဆီက ချီးကျူးတာခံရတော့ ကျီဝူကျိုး မြောက်ကြွမြောက်ကြွဖြစ်နေတယ်။ သူ့မျက်နှာကို သူမရှေ့ ထိုးပေးရင်း ဆုချဖို့ စောင့်နေတော့တယ်။

လူတွေအများကြီးရှေ့မှာ သူမဘယ်လိုလုပ် လုပ်ရဲမှာလဲ။ ဒါပေမဲ့လည်း ကျီဝူကျိုးက အဲ့ပုံကြီးနဲ့ တုတ်တုတ်တောင် မလှုပ်ဘူး၊ သူ့မျက်ဝန်းတွေက နူးညံ့နေပြီး မျက်နှာကလည်း ပြုံးဖြီးလို့၊ ပုံစံက ကောင်မလေးတွေကို ကြွေအောင်ပြုစားနိုင်တယ့် ငပွေးလိုပဲ။

သနားစရာ ယဲ့ကျန်းကျန်းခမျာ နောက်ဆုံးတော့ သူ့ကို အလင်းရဲ့အလျင်နဲ့ ရွှတ်ကနဲ နမ်းလိုက်ရတော့တယ်။

ကျန်တဲ့လူတွေအားလုံးလည်း ဒီ အမျိုးသားနှစ်ယောက်ရဲ့ ထင်သာမြင်သာ ရှိလှတဲ့ ချစ်ကြည်နူးတစ်တီတူးနေတာကို ဒီအတိုင်း မမြင်ချင်ယောင်ပဲ ဆောင်ပေးလိုက်ကြတယ်။

သူတို့တတွေ ဆိတ်တွေ အမဲလိုက်နိုင်ခဲ့တာမို့ ရိက္ခာခြောက်တွေ အများကြီးကို ခြွေတာသွားနိုင်လိုက်တယ်။ ဆိတ်သားက အရမ်းအရသာရှိပြီး အာဟာရလည်း ပြည့်ဝတယ်။ ဒါကြောင့်မို့ သူတို့တွေ ဆက်ချီတက်နေရပေမဲ့ အသားဟင်းကြောင့် အင်အားအပြည့်နဲ့ ကျန်းမာနေကြဆဲဖြစ်တယ်။

သူတို့ ဆိတ်သားကို ချက်စားတိုင်း ကျီဝူကျိုးက ခြင်ဆီကို ကျန်းကျန်းအတွက် ပေးတတ်တယ်။ ခြင်ဆီက အများကြီးစားရင်တောင် ဘေးမဖြစ်ဘဲ အမျိုးသမီးတွေကို အားအင်ပြည့်ဝပြီး လှပစေတယ်။ ယဲ့ကျန်းကျန်းတစ်ယောက် သူ ကျွေးတာတွေစားပြီး ပါးလေးတွေ နီရဲ၊ အသားအရည်လည်း ဝင်းမွတ်ပြီး ညအခါ အစားခံရဖို့ သင့်လျော်နေတော့တယ်။ ဒီလိုနဲ့ ညတိုင်း ကျီဝူကျိုး သူ့ညစာကို မျှော်လင့်ချက်ကြီးကြီး ထားထားတယ်။ ယဲ့ကျန်းကျန်းက ငယ်ရွယ်ပြီး ရှက်တတ်တာမို့ သိပ်တော့ ရိုမန့်တစ်မဆန်ပေမဲ့ သူမက ပွင့်ပွင့်လင်းလင်းစိတ်ရှိတာကြောင့် သူမ သဘောကျတဲ့အခါ ငြင်းဆိုမှာ မဟုတ်ချေ။ သူမ ခံစားချက်ကောင်းလာတဲ့အခါကျရင်လည်း စိတ်လွတ်ကိုယ်လွတ်ပဲ အသံထွက်ဖို့ ဝန်မလေးချေ။ ကျီဝူကျိုးကတော့ သူမအသံကို တခြားသူတွေ ကြားမှာစိုးတာကြောင့် အရေးအကြီးတဲ့အချိန်ရောက်ပြီဆို အသံတိုးအောင် သူမကို နမ်းလိုက်တတ်တယ်။
ဒီလိုပွင့်လင်းတဲ့ဆက်ဆံရေးရယ်၊ စိတ်လှုပ်ရှားစရာ အချစ်ညလေးတွေနဲ့ ယှဥ်လိုက်ရင် ကျီဝူကျိုး အရင်က ခံစားခဲ့ဖူးတာတွေက ပျင်းရိစရာ ကောင်းလွန်းတယ်။ ယောက်ျားနဲ့မိန်းမကြားက ဆက်ဆံရေးကို ဘာလို့ လူ့ဘုံရဲ့ ပျော်ရွှင်စရာအကောင်းဆုံးအရာလို့ လူတွေပြောကြလဲ အခုမှ ကျီဝူကျိုး သဘောပေါက်တော့တယ်။

ကျီဝူကျိုးတစ်ယောက် ညတိုင်း စားဝင်အိပ်ပျော်နေတာကြောင့် ကျန်းကျန်းရဲ့ နှုတ်ခမ်းလေးတွေကို ခိုးနမ်းတတ်တယ်။ ယဲ့ကျန်းကျန်းခမျာ မနက်ကျ အားရှိအောင် ပြန်တော့စားရတယ်ဆိုပေမဲ့ ညရောက်ရင် ခွန်အားရှိသမျှ ပြန် သုံးလိုက်ရတာကြောင့် နိုးလာတိုင်း တစ်ကိုယ်လုံး ညောင်းကိုက်နေတော့တယ်။ အထူးသဖြင့် ခါးအောက်ပိုင်းက ဖြစ်တယ်။ ဒါပေမဲ့ ကျီဝူကျိုးက သူမဘေး အမြဲရှိနေပေးပြီး သူမကို သူ့ရင်ခွင်ထဲ ထည့်ထားတယ်။ ယဲ့ကျန်းကျန်း သူ့ရင်ခွင်ကို မှီရင်း မြက်ခင်းလွင်ပြင်က ရှုခင်းတွေကို လိုက်ကြည့်နေရုံပဲ။

ကျန်တဲ့သူတွေအားလုံးလည်း ဒီအမျိုးသားနှစ်ယောက်ရဲ့ အချစ်ငှက်လေးကို မသိချင်ယောင်ပဲ ဆောင်ပေးရပြန်တယ်။

သူတို့ ၁၀ရက်ကျော် ခရီးဆက်လာခဲ့ပြီးနောက် ပတ်ဝန်းကျင်မြင်ကွင်းတွေက စတင်ပြောင်းလဲလာတယ်။ ပြန့်ပြူးတဲ့ မြက်ခင်းလွင်ပြင်အစား ထူထဲတဲ့တောအုပ်တွေက စတင်တွေ့ရှိလာရပြီး အဝါရောင်မြေသားလမ်းကလည်း စတင် မည်းနက်လာတယ်။

တပ်ဖွဲ့တွေကို ဒီနေရာမှာ ရပ်ဖို့ ကျီဝူကျိုး အမိန့်ပေးလိုက်တယ်။ လမ်းမှာသူတို့ နွီကျန်းတွေနဲ့ ဆုံပေမဲ့ ရယ်စရာကောင်းတာက ဘယ်သူမှ သွားပြီး ဒီစစ်တပ်ကြီးအကြောင်းကို သတင်းမပို့ကြတာပဲ။ ဒါကို ထောက်ရင် သူတို့တွေက အားအာဟတုရဲ့ထိန်းချုပ်မှုအောက်မှာ ရှိမနေကြဘူး။ အားအာဟတုက ဒေသခံတွေထက် စစ်တပ်ကိုပဲ ပိုအာရုံစိုက်ထားပြီး သူ့ပြည်သူတွေ ဒီလိုအခြေအနေနဲ့ နေနေရတာကြောင့် သူအပေါ် ဒေသခံတွေရဲ့ အမြင်က မကောင်းချေ၊ နောက်ပြီး တကယ့်ပင်မမြို့တော်က ဘယ်မှာရှိမှန်း မသိရတဲ့ကိစ္စလည်း ပါတာပေါ့။

အွန်း .... မျိုးနွယ်စုနဲ့ စုဖွဲ့နေတတ်ကြတဲ့သူတွေအဖို့ ရုတ်တရက်ကြီး ဗဟိုက အုပ်ချုပ်တဲ့ပုံစံမှာ ပြောင်းနေရတယ်၊ အဲ့အစိုးရကလည်း သူတို့ဘက်ကို မကြည့်ဘူး၊ ဒါကြောင့် ဒီလိုအခြေအနေဖြစ်နေတာကို ကျီဝူကျိုး နားလည်ပေးလို့တော့ရတယ်။

သူတို့ သွားပြီး သတင်းပို့ရင်တောင်မှ ကျီဝူကျိုးဘက်ကတော့ ကြောက်စရာမရှိပါဘူး။ နွီကျန်းအထူးတပ်ဖွဲ့တွေက လျောင်တုန်းကို ရှေ့တန်းထွက်သွားကြပြီး ကျန်တဲ့စစ်သား ၂သောင်းကလည်း တုချန်မြို့မှာ အညံ့ခံလိုက်ရပြီ။ ကျန်တာဆိုလို့ ပမွှားတပ်လေးတွေသာ ဖြစ်တယ်။

တုမြို့တော်ကို ကာကွယ်ချင်တယ်ဆိုရင်တောင် သူတို့မှာ ကာကွယ်နိုင်စွမ်းမရှိတော့ဘူး။


ရွှေနန်းထက်က ဧကရီWo Geschichten leben. Entdecke jetzt