Empress with no Virtue
Chapter 22
Translator – Utopia
ကျီဝူကျိုး အမိန့်ချပြီးတုန်းပဲ ရှိသေးတယ် တံခါးအပြင်ကနေ “ ခဏလေး” ဆိုတဲ့အသံကို ကြားလိုက်ရတဲ့အခါ ခန်းမထဲက လူအားလုံးလည်း တံခါးရှိရာဘက်ကို လှည့်ကြည့်လိုက်ကြတယ်။ ယဲ့ကျန်းကျန်းကို စူးယွဲ့က ဖြေးဖြေးချင်း တွန်းလာပေးတယ်။ သူမက ငှက်ငယ်လေးတွေပုံ ရွှေချည်ပန်းထိုးထားတဲ့ အနီရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတယ်။ ချစ်ဖို့တော့ ကောင်းသား။ အပြင်ဘက်ဝတ်ရုံတော်ကတော့ ရွှေချည်ပန်းထိုးထားတဲ့ ဇာမဏီငှက်ပုံဖြစ်ပြီး ဇာမဏီငှက်ရဲ့ဦးခေါင်းထိပ်မှာ ပုလဲကို သီထားတယ်။ ကြည့်ရတာ မျက်စိပဿဒဖြစ်ပြီး အေးချမ်းတယ်။ သူမ ဝတ်စုံရဲ့အဓိပ္ပါယ်က ငှက်ငယ်ပေါင်းရာချီက ဇာမဏီငှက်ကို ငေးကြည့်နေဟန်မျိုး ဖြစ်တယ်။
ခန်းမဆောင်ထဲမှာ ရှိတဲ့သူတွေကို ယဲ့ကျန်းကျန်း တချက် လှမ်းကြည့်လိုက်တယ်။ ထို့နောက် သူမအကြည့်က ကျီဝူကျိုးရဲ့မျက်နှာမှာ ရပ်သွားတယ်။ သူကလည်း သူမကို ကြည့်နေတယ်။ ဒါပေမဲ့ သူ့အကြည့်က သူမလက်မှာ။ နှင်းမှုန်လေးတွေလို ဖြူစင် နူးညံ့တဲ့ လက်နှစ်ဖက်က သစ်ကြားသီးနှစ်လုံးကို ကိုင်ထားတယ်။ သစ်ကြားသီးက အချင်းဝက် လက်မဝက်ခန့်ရှိပြီး ပုံသဏ္ဌာန်က မက်မွန်သီးပုံနဲ့ ဆင်တယ်။ အရောင်က နီရဲနေပြီး ပုံဏ္ဌာန်ကော အသားကောက ချောမွေ့ တောက်ပနေတယ်။ ဒီလိုသစ်ကြားသီးမျိုးက ရှေးဟောင်းသစ်ကြားသီးထဲမှာ အရည်အသွေး အကောင်းဆုံး ဖြစ်တယ်။ သူ့မျက်နှာပြင်ကို ကြည့်လိုက်တာနဲ့တင် ဒါကို နှစ်ပေါင်း အတော်လေး သုံးထားတယ်ဆိုတာ သိနိုင်တယ်။
ဒါပေမဲ့ ဒီသစ်ကြားသီးတွေက ယဲ့ကျန်းကျန်းရဲ့ လက်သေးသေးလေးတွေထဲ သာမန်သစ်ကြားသီးတွေထက် အနည်းငယ် ပိုကြီးနေသယောင် ရှိတယ်။ သူတို့ကို ကိုင်ပြီး ပွတ်တိုက်နေတာကြောင့် နည်းနည်းလေးလည်း ဟန်ချက်မညီပုံ ပေါ်တယ်။
ရှန်ကိုယ်လုပ်တော်နဲ့ ကျွမ်းကိုယ်လုပ်တော်လည်း မတ်တပ်ရပ်ပြီး သူမကို နှုတ်ဆက်လိုက်ကြတယ်။ ခန်းမထဲမှာ ဒုတိယအကောင်းဆုံး နေရာကို ယဲ့ကျန်းကျန်းကို ပေးဖို့အတွက် ရှန်ကိုယ်လုပ်တော်လည်း ဘေးဖယ်ပေးလိုက်ရတယ်။ ကျီဝူကျိုးရဲ့မျက်လုံးက ယဲ့ကျန်းကျန်းရဲ့ လှည့်နေတဲ့ ဘယ်ဘက်လက်ကိုပဲ လိုက်ကြည့်နေတယ်။ ကြည့်ရင်းကြည့်ရင်း ကြောက်ဖို့ကောင်းလာတဲ့ အပြုံးတစ်ခုက သူ့မျက်နှာပေါ်မှာ ပေါ်နေတယ်။ ယဲ့ကျန်းကျန်းစိတ်ထဲ ကျီဝူကျိုးက သူမလက်ထဲက ကောင်းတာကို လုယူချင်နေလို့လို့ တွေးလိုက်ပြီး မမြင်ချင်ယောင်ပဲ ဆောင်နေလိုက်တယ်။
ကျွမ်းကိုယ်လုပ်တော်ကော ရှန်ကိုယ်လုပ်တော်ကော ထိုင်ပြီးတဲ့နောက်မှ သူမက ပြောလာတယ်။
“ အရှင်မင်းကြီး ဒီနေရာမှာ ကျွန်တော်မျိုးမ မြင်လို့ မဖြစ်တဲ့ဟာ ရှိလို့လား”
ရှန်ကိုယ်လုပ်တော်က ချက်ချင်းပဲ ဖြေလာတယ်။
“ ခွင့်လွှတ်တော်မူပါ မယ်မယ်။ ကျွန်တော်မျိုးမက ဆုံးဖြတ်ခဲ့တာပါ။ မယ်မယ့်ကို နှောင့်ယှက်မိသလို ဖြစ်မှာစိုးတာကြောင့် ကျွန်တော်မျိုးမ အကြောင်းမကြားခဲ့တာပါ”
“ ငါ အရှင်မင်းကြီးကို မေးနေတာ”
ယဲ့ကျန်းကျန်းက သူမ အာဏာကို ပြရင်း ပြောလိုက်တယ်။
ရှန်ကိုယ်လုပ်တော်လည်း ခေါင်းငြိမ့်လိုက်ပြီး
“ ကျွန်တော်မျိုးမ တောင်းပန်ပါတယ်”
“ ကိုယ်တော်တို့ ဒီမှာ အမှုတစ်ခုကို ဖြေရှင်းနေတာ။ ပစ္စည်းသက်သေကော လူသက်သေကော နှစ်ခုလု ဒီနေရာမှာ ရှိတယ်။ ဧကရီ မင်းကော ဘယ်လိုထင်လဲ”
လူတစ်ယောက်ကို ပစ္စည်းသက်သေ ယူလာခိုင်းလိုက်ပြီး ယဲ့ကျန်းကျန်း စစ်ဆေးကြည့်လိုက်တယ်။ ပြီးကျ ဒူးထောက်နေတဲ့ အစေခံနန်းတွင်းသူ ရှောင်းကျူဘက်ကို ကြည့်ကာ ပြုံးလိုက်ရင်း
“ ကျွန်တော်မျိုးမ မျက်မြင်သက်သေကို မေးချင်တဲ့ မေးခွန်းတော့ ရှိတယ်”
ယဲ့ကျန်းကျန်းရဲ့ အသံအနေအထားကို ကြည့်ရတာ ကောင်းတဲ့ကိစ္စတော့ ဖြစ်မယ့်ပုံ မပေါ်တာကြောင့် ရှောင်းကျူလည်း ကြမ်းပြင်ကိုပဲ စိုက်ကြည့်နေပြီး လှုပ်တောင် မလှုပ်ရဲချေ။
“ ငါ မေးမယ်။ နင်က စွန်းကွေ့ရန်ရဲ့ အခန်းထဲ ယောကျာ်းတစ်ယောက် ဝင်သွားတာ မြင်လိုက်တယ်လို့ ပြောတယ်မလား။ အတိအကျဆို ဘယ်အချိန် ဘယ်နေရာကနေလဲ”
“ မယ်မယ် မနေ့က ည ၉:၂၀ လောက်တုန်းက သူ ပြတင်းပေါက်ကနေ တဆင့် ဝင်သွားတာကို ကျွန်တော်မျိုးမကိုယ်တိုင် မြင်ခဲ့တာပါ”
ည ၉:၂၀ ဆို အဓိကဂိတ်တံခါးတောင် မပိတ်သေးတာ အဲ့ယောက်ျားက ဟန်ကွမ်းနန်းဆောင်ကို ပေါ်ပေါ်ထင်ထင်ပဲ ဝင်သွားတာပေါ့ ?? အစောင့် ကုန်းကုန်းတွေက မျက်စိကန်းနေတာလို့ သူ တွေးနေတာလား ? ”
ပြောရင်းနဲ့ သူမရဲ့အသံက ပိုပြီး မာထန်လာတယ်။
“ ကျွန်တော်မျိုးမစိတ်ထင် သူ တံတိုင်းကို ကျော်တက်လာတာ ဖြစ်မယ် .... ”
“ ဒါလည်း ဖြစ်နိုင်တာပဲ”
ယဲ့ကျန်းကျန်း ခေါင်းငြိမ့်လိုက်ပြီး
“ ငါ နင့်ကို ထပ်မေးမယ်။ အဲ့လူရဲ့ မျက်နှာကို နင် သေချာ မြင်လိုက်ရလား”
“ မယ်မယ့်ကို ပြန်လည်လျှောက်တင်ပါတယ်။ ညဘက် မှောင်မည်းနေပြီး မီးကလည်း လင်းလင်းထင်းထင်း မရှိတော့ သူ့မျက်မှာကိုတော့ မမြင်လိုက်ရပါဘူး။ ဒါပေမဲ့ သူက အစောင့်ရဲမက်ဝတ်စုံကို ဝတ်ထားတာတော့ သေချာပါတယ်”
စူးဖုန့်ကိုင်ထားတဲ့ အဝတ်အစားကို ယဲ့ကျန်းကျန်း သေချာကြည့်လိုက်တယ်။ အဲ့ဒါက အစောင့်ရဲမက် အဝတ်အစားပဲ။
“ ဒါဆို သူ ထွက်သွားတာကိုကော နင် မြင်ခဲ့လား”
“ ဘယ်သူမှ ထွက်သွားတာကိုတော့ မမြင်ခဲ့ပါဘူး”
“ ဒီကိစ္စကို ဘာလို့ အခုမှ လျှောက်တင်တာလဲ”
“ ကျွန်တော်မျိုးမ မှားနေမှာကို ကြောက်ရွံ့ခဲ့မိလို့ပါ။ မှားပြီး စွန်းကွေ့ရန်ကို စွပ်စွဲမိမှာစိုးတာကြောင့် ကျွန်တော်မျိုးမ တုံ့ဆိုင်းနေခဲ့တာပါ”
ခဏလောက် တွေးပြီးတဲ့နောက်
“ နင်ပြောသလိုဆို သူက တံတိုင်းပေါ်က ကျော်ဝင်လာတာဆိုတော့ကာ မိုးလည်း မရွာထားဘူးဆိုတော့ တံတိုင်းပေါ်မှာ ခြေရာတော့ ကျန်ခဲ့မှာပဲ။ ဝမ်ရိုးချိုင် လူတချို့ခေါ်ပြီး တံတိုင်းပေါ် တက်ကြည့်ချေ။ ခြေရာတွေ တွေ့တယ်ဆိုရင်တော့ ဘာမှမဖြစ်ဘူး ... တကယ်လို့ မတွေ့ဘူးဆိုရင်တော့ ...”
သူမ အသံက တိုးဝင်သွားပြီး စကားကို ဆုံးအောင် မပြောချေ။
“ ကျွန်တော်မျိုးမ ကျွန်တော်မျိုးမ သူ ဘယ်လိုဝင်လာတယ်ဆိုတာတော့ မသိပါဘူး။ သူ့ကို ပြတင်းပေါက်မှာ တွေ့လိုက်မိရုံပါပဲ။ မယ်မယ် သေချာစစ်ဆေးပေးတော်မူပါ”
“ ဒါပေါ့ ငါ သေချာကို စစ်ဆေးပေးမှာပါ။ အပြစ်ကင်းတဲ့သူတွေကို ငါ စွပ်စွဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ ...”
သူမ ရပ်လိုက်ပြီးမှ ဆက်ပြောလာတယ်။
“ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်တဲ့သူကိုလည်း ငါ လွှတ်ပေးထားမှာ မဟုတ်ဘူး”
သူမ စူးဖုန့်ကို လှမ်းကြည့်ပြီး တစ်ခုခု တီးတိုးပြောလိုက်တယ်။ ထို့နောက် စူးဖုန့်က ခေါင်းငြိမ့်ကာ ထွက်သွားတယ်။
ကျီဝူကျိုးက မျက်ခုံးကို ပင့်လိုက်ပြီး
“ ဆိုတော့ကာ ဧကရီ မင်းကိုယ်တိုင် ဒီကိစ္စကို စစ်ဆေးမှာလား”
ယဲ့ကျန်းကျန်းက လက်ဖက်ရည်တစ်ငုံလောက် သောက်လိုက်ပြီး ပြန်ဖြေလာတယ်။
“ ပြန်လည်စစ်ဆေးရမလား မစစ်ဆေးရဘူးလားဆိုတာကိုက သက်သေတွေက ပြောပါလိမ့်မယ်။ ဒါ့အပြင် ရှန်ကိုယ်လုပ်တော်က ယုံကြည့်ရတဲ့သူပဲဟာ။ သူမက အမိန့်တောင်ချပြီးပြီဆိုမှတော့ ယုံရလောက်တာ သေချာမှာပါ”
ရှန်ကိုယ်လုပ်တော်ရဲ့ မျက်နှာက မည်းမှောင်သွားတယ်။ သူမလက်ထဲက လက်ကိုင်ပဝါနဲ့ ပါးစပ်ကို ကာလိုက်ပြီး တစ်ခုခု ပြောတော့မယ်ဟန် ချောင်းဟန့်လိုက်တုန်းရှိသေး ယဲ့ကျန်းကျန်းက ထပ်ပြောလာတယ်။
“ အရှင်မင်းကြီးကော အဲ့လိုမထင်ဘူးလား”
ဒါ့ကြောင့်မို့ ရှန်ကိုယ်လုပ်တော် ပြောမယ့်စကားတွေကို ပြန်မျိုချလိုက်ရတယ်။ သူမ ကျီဝူကျိုးကို လှမ်းကြည့်လိုက်တယ်။ သူ့ကြည့်ရတာ စိတ်အခြေအနေ ကောင်းနေတဲ့ပုံပဲ။ သူ့မျက်နှာအမူအရာကို ဖုံးထားကြိုးစားနေပေမဲ့လည်း သူမျက်လုံးတွေ သူ ပျော်နေတယ်ဆိုတာ ပြနေတယ်။ ဘယ်လောက်ထိဆို ယဲ့ကျန်းကျန်းက သူမကို မလိုမုန်းထားစိတ်နဲ့ ပြောနေတာတောင်မှ သူက အခုဖြစ်နေတယ် ပွဲကို ကြည့်ဖို့ကိုပဲ စိတ်ဝင်စားနေတယ်။
ရှန်ကိုယ်လုပ်တော် နှလုံးသားထဲ အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရတယ်။
ခဏကြာတော့ ဝမ်ရိုးချိုင် ပြန်ရောက်လာပြီး လျှောက်တင်လာတယ်။
“ အရှင်မင်းကြီးနဲ့ မယ်မယ့်ကို လျှောက်တင်ပါတယ်။ ကျွန်တော်မျိုး သေချာရှာဖွေ စစ်ဆေးခဲ့ပေမဲ့ တံတိုင်းကို လူတက်ထားတဲ့သက်သေ ဘာမှမတွေ့ရကြောင်းပါ”
ယဲ့ကျန်းကျန်း ရှောင်းကျူကို လှမ်းကြည့်လိုက်တယ်။ ရှန်ကိုယ်လုပ်တော်က တစ်ခုခု ပြောတော့မယ့်ဟန် မြင်တာကြောင့် သူမက အရင် လက်ဦးမှု ယူလိုက်ပြီး စကားထောက်ပေးလိုက်တယ်။
“ အဲ့မှာ အဲ့မှာ မရှိဘူးဆိုရင်တောင်မှ အဲ့တာက သက်သေ အများကြီး မပြနိုင်ဘူးရယ်။ တံတိုင်းပေါ်မှာ ခြေရာမကျန်ဘူးဆိုတော့ သူက နှင်းထုပေါ်မှာတောင် ခြေရာမကျန်အောင် ကိုယ်ဖော့နိုင်တဲ့ သိုင်းသိပ်တော်တဲ့သူပဲ ဖြစ်ရမယ်”
အဲ့သိုင်းမျိုးက ဒဏ္ဍာရီထဲမှာပဲ ရှိတယ်။ ယဲ့ကျန်းကျန်းက အဲ့လိုပြောပေမဲ့ လက်တွေ့မှာ တကယ်မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ အထူးသဖြင့် သိုင်းပညာမှာ ကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ ကျီဝူကျိုးလိုလူမျိုးရဲ့ နားထဲမှာပေါ့။ ဒါပေမဲ့ သူက ဘယ်မှမပြောဘဲ ယဲ့ကျန်းကျန်းကို ကြည့်လိုက်ပြီး
“ ဆိုတော့ အဲ့တာပဲလား”
“ သေချာပေါက် မဟုတ်ဘူးပေါ့။ သက်သေဆီ ပြန်သွားကြရအောင်။ အစောင့်ရဲမက်ဝတ်စုံရှိနေတယ်။ ဒါပေမဲ့ ဒီဝတ်စုံကို လာထည့်သွားတဲ့သူက အချက်တစ်ချက်ကို မေ့သွားတယ်။ ဝတ်စုံက အသစ်ဖြစ်ပြီး အဝတ်အစားသစ်နံ့ ရနေသေးတယ်။ ဒါကို ဘယ်သူမှ မဝတ်ရသေးတာ ဖြစ်လိမ့်မယ်။ တကယ်လို့ စွန်းကွေ့ရန်သာ ယောကျာ်းတစ်ယောက်ယောက်နဲ့ ပတ်သက်နေတာဆိုရင် ဒီအဝတ်အစားတွေက လူဝတ်ထားဖူးတဲ့ပုံ ရှိရမှာပေါ့”
“ အကယ်၍ စွန်းကွေ့ရန်က သူ့အတွက် ချုပ်ထားပေးတာ ဆိုရင်ကော ”
ရှန်ကိုယ်လုပ်တော်က မေးလာတယ်။
“ သိပ်ကောင်းတဲ့ မေးခွန်းပဲ။ ဒီအဝတ်အစားရဲ့ အရည်အသွေးနဲ့ ချုပ်ထားပုံအရ ဒါက နန်းတော်ထဲက မဟုတ်ဘူး။ အစောင့်ရဲမက် ဌာနကနေ ထုတ်ပေးတာပဲ ဖြစ်မယ်။ အစောင့်ရဲမက်ဝတ်စုံတွေကို ဘဏ္ဍာရေးဌာနက တဆင့် အပြင်က အပ်ချုပ်ရုံတွေကို အပ်ပြီး ချုပ်ကြတာ”
ဘဏ္ဍာရေးဌာနလို့ ပြောလိုက်တဲ့အချိန်မှာ ယဲ့ကျန်းကျန်းက ရှန်ကိုယ်လုပ်တော်ကို အဓိပ္ပာယ်ပါတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
ရှန်ကိုယ်လုပ်တော် လည်ချောင်းထဲ သွေးတွေ နင်သွားတယ်။ သူမ အန်ထုတ်ချင်ရတောင်မှ အန်မထုတ်နိုင်ဘူး။ ဧကရီမိဖုရားခေါင်က သူမကို ကြည့်ရုံပဲ ကြည့်လိုက်တာ။ သူမကို သံသယဝင်နေပါတယ်လို့ မပြောသွားဘူးဆိုတော့ကာ ရှန်ကိုယ်လုပ်တော်အနေနဲ့ ငြင်းလည်း မငြင်း ငြင်းလည်း မငြင်းနိုင် ဖြစ်နေတယ်။ ကျီဝူကျိုးကို လှမ်းကြည့်လိုက်တော့ သူကလည်း သူမကို ကြည့်နေခဲ့တယ်။ ရှန်ကိုယ်လုပ်တော်ရဲ့ မျက်လုံးတွေက ချက်ချင်းပဲ နီရဲသွားပြီး
“ အရှင်မင်းကြီး ... ”
“ တကယ်လို့ နင် ချစ်မျက်ဝန်းဖလှယ်ချင်တယ်ဆိုရင်လည်း ကျေးဇူးပြုပြီး ခဏလောက်ကြာတဲ့အထိ စောင့်ပေးပါဦး။ ဒီမှာ ငါ အရေးကြီးတဲ့ စုံစမ်းစစ်ဆေးရေး လုပ်နေတယ်”
ယဲ့ကျန်းကျန်းက ရုတ်တရက် ပြောလာတယ်။
ရှန်ကိုယ်လုပ်တော်လည်း ပါးစပ်ပေါက် ပိတ်သွားတယ်။
“ ဒါ့ကြောင့်မို့ ဒီဝတ်စုံက အစောင့်ရဲမက်ဌာနကနေ အစောင့်တွေကို ထုတ်ပေးတဲ့ဟာပဲ။ စွန်းကွေ့ရန်က ချုပ်ပေးထားတာ မဟုတ်ဘူး။ အဲ့ရဲမက်ဆီကနေ ချွတ်ထားခဲ့တဲ့ ဝတ်စုံလည်း မဟုတ်ဘူး။ သူ့ကို လက်ဆောင်ပေးဖို့ စွန်းကွေ့ရန်က တစ်ယောက်ယောက်ဆီက ရထားတာလည်း မဟုတ်ဘူး။ ဒီလိုလက်ဆောင်မျိုးက တစ်ဖက်လူမှာ အများကြီး ရှိနေတာပဲဟာ သူမက ဘာလို့ သူ့ကို ဒီလိုလက်ဆောင်မျိုး ပေးရမှာလဲ။ ဖြစ်နိုင်တာက တစ်ခုပဲ ရှိတယ် ”
ယဲ့ကျန်းကျန်း ပြောလို့ပြီးတဲ့အခါ လက်ဖက်ရည် တစ်ငုံ ငုံလိုက်တယ်။
“ ဖြစ်နိုင်တာက ဘာလဲ”
ကျီဝူကျိုးက မေးလာတယ်။
“ အဖြစ်နိုင်ဆုံးကတော့ အစောင့်ရဲမက်က စိတ်ရူးပေါက်ပြီး သူ့အဝတ်အစားအသစ်ကို စွန်းကွေ့ရန်အခန်းထဲ လာထည့်သွားပြီး သူမကို အရင် သိမ်းထားပေးဖို့ ပြောခဲ့တာနေမှာ ”
ဒါက တကယ်တမ်းကျ မဖြစ်နိုင်ပေမဲ့လည်း ဖြစ်နိုင်ချေဆိုလို့ ဒီတစ်ခုပဲ ရှိတော့တယ်။
မျှော်လင့်ချက်ရှိလာပြီလို့ စွန်းကွေ့ရန် ထင်ခဲ့တယ်။ ဒါပေမဲ့ စတင် ငိုကြွေးလိုက်ပြီး
“ ကျွန်တော်မျိုးမ ထောင်ချောက်ဆင်ခံရတာပါ !!”
“ ပါးစပ်ပိတ်ထားစမ်း”
ယဲ့ကျန်းကျန်း မျက်မှောင်ကျုံ့လိုက်တယ်။
“ တစ်ချိန်လုံး နင် ဒီစကားပဲ ပြောနေတာ သိပ်စိတ်ရှုပ်ဖို့ ကောင်းတာပဲ။ ရှန်ကိုယ်လုပ်တော် နင်ရော ငါ ရှင်းပြတာကို ဘယ်လိုထင်လဲ။ ဒါကို လက်ခံနိုင်လောက်တယ်လို့ ထင်လား”
ရှန်ကိုယ်လုပ်တော်လည်း ခေါင်းငြိမ့်ရင်း
“ ကြည့်ရတာ တစ်ခုတည်းသော ဖြစ်နိုင်ချေက ဒါပဲ ရှိတော့တယ်။ မယ်မယ်က ဉာဏ်ပညာကြီးမားပါပေတယ်”
“ မှားတယ် ”
ယဲ့ကျန်းကျန်း ရယ်လိုက်ပြီးတော့
“ ငါက ဉာဏ်ပညာကြီးမားတယ် ဒါကတော့ အမှန်ပဲ။ ဒါပေမဲ့ ရှင်းပြချက်ကတော့ မှားနေတယ်။ ဒီဝတ်စုံက အစောင့်ရဲမက် ဝတ်စုံနဲ့ ဆင်တူပေမဲ့ နန်းတော်ထဲက ဘယ်အစောင့်ရဲမက်ရဲ့ ဝတ်စုံမှ မဟုတ်ဘူး”
သူမ ရှင်းပြတာကို ကြားရတဲ့အခါ ကျီဝူကျိုးတောင်မှ အံ့ဩသွားတယ်။
“ ဘာလို့ အဲ့လောက်တောင် သေချာနေတာလဲ”
“ အရှင်မင်းကြီး မေ့သွားပြီလား။ အစောင့်ရဲမက်တွေတိုင်းမှာ ကိုယ်ပိုင်အမှတ်စဉ်တွေ ရှိကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင်နံပါတ်ကို ဝတ်စုံမှာ ထည့်ချုပ်ပေးထားတယ်။ ပုံမှန်ဆိုရင်တော့ မမြင်သာပေမဲ့ တကယ်လို့ တစ်ခုခုဖြစ်တဲ့အခါကျ ဒီကိုယ်ပိုင်နံပါတ်ကို ကြည့်ပြီး ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားနိုင်တယ်”
ကျီဝူကျိုး ယဲ့ကျန်းကျန်းကို ကြည့်လိုက်တယ်။
“ အစောင့်ရဲမက်တွေမှာ ကိုယ်ပိုင်နံပါတ် ရှိတယ်ဆိုတာ သေချာပေါက် ကိုယ်တော် သိတာပေါ့။ ဒါပေမဲ့ ကော်လံမှာ ထည့်ချုပ်ထားတယ်ဆိုတာတော့ မသိခဲ့ဘူး”
“ အရှင်မင်းကြီးက လွှတ်တော်အရေးကိစ္စတွေနဲ့ မအားလပ်နိုင်အောင် ရှိနေတော့ ဒါမျိုးလေးတွေလောက်ကို မသိတာ သဘာဝကျပါတယ်”
ယဲ့ကျန်းကျန်းကို ဝတ်စုံကို ထပ်လှန်လိုက်ပြီးတော့
“ ဒီဝတ်စုံရဲ့ကော်လံမှာ ဘာနံပါတ်မှာ ထည့်မချုပ်ထားဘူး။ ဒါက အစောင့်ရဲမက်ဌာနကို မရောက်ခင် ဘဏ္ဍာရေးဌာနမှာ အခိုးခံလိုက်ရတာပဲ”
ဘဏ္ဍာရေးဌာနကို ထပ်ပြီး ထည့်ပြောသွားပြန်ပြီ။ ရှန်ကိုယ်လုပ်တော်ရဲ့ မျက်နှာက အစိမ်းရောင်တောင် ပြောင်းတော့မယ်။
“ ငါ ပြောရဲတယ်။ စွန်းကွေ့ရန် နင် တစ်ယောက်ယောက်ကို အပြစ်ပြုမိခဲ့တဲ့အတွက် အဲ့လူက နင့်ကို သေစေချင်နေတယ်။ ဒါ့ကြောင့်မို့ ကောက်ကျစ်တဲ့အကြံတစ်ခုကို စဉ်းစားမိပြီး အရှင်မင်းကြီးရဲ့ နာမည်ကိုပါ ဒီကိစ္စထဲ ဆွဲထည့်လိုက်တာပဲ။ သိပ်ယုတ်မာတဲ့ သူတွေပဲ။ ဒါပေမဲ့ ဒီကိစ္စမှာ အမှားအယွင်းတွေ အများကြီး ရှိနေတယ်။ ရှန်ကိုယ်လုပ်တော်က သေချာ မစစ်ဆေးဘဲ နင့်ကို အပြစ်သင့်စေခဲ့တယ်။ ဒါ့အပြင် အရှင်မင်းကြီးရဲ့ ဂုဏ်သိက္ခာကိုလည်း ထည့်မစဉ်းစားခဲ့ဘူး။ ဒါက တကယ် ရူးနှမ်းရာကျတာပဲ”
ရှန်ကိုယ်လုပ်တော်လည်း ချက်ချင်းပဲ ဒူးထောက်လိုက်ပြီး
“ အရှင်မင်းကြီး ကျွန်တော်မျိုးမ အရှင်မင်းကြီး မျက်နှာမပျက်ရအောင် လုပ်ပေးချင်ဇောနဲ့ ကိစ္စတွေကိုလည်း မြန်မြန် ဖြေရှင်းချင်ခဲ့မိပါတယ်။ ပစ္စည်းသက်သေမလုံလောက်ပေမဲ့ လူသက်သေတော့ ရှိပါသေးတယ်။ ရှောင်းကျူ ကိုယ်တိုင် သူမ မြင်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်”
ရှန်ကိုယ်လုပ်တော် ရှောင်းကျူကို လှမ်းကြည့်လိုက်တယ်။ ရှောင်းကျူသာ သူမ မြင်ခဲ့သမျှကို အဲ့အတိုင်း ပြန်ပြောပြသ၍ ပစ္စည်းသက်သေတွေ မရှိရင်တောင်မှ ကျီဝူကျိုးရဲ့စိတ်နဲ့ဆို ဒီကိစ္စက လွယ်လွယ်လေး ပြီးသွားမှာ မဟုတ်ဘူး။
“ တကယ်ပါ။ ကျွန်တော်မျိုးမ ကိုယ်တိုင် မြင်ခဲ့တာပါ”
ရှောင်းကျူက ချက်ချင်းပဲ ပြောလာတယ်။
“ တကယ်လား။ စူးဖုန့်”
“ ကျွန်တော်မျိုးမ ဒီမှာ ရှိပါတယ်”
စူးဖုန့်ကို အရှေ့ကို လျှောက်လာတယ်။ သူမလက်ထဲမှာ အထုတ်တစ်ထုတ်ရှိနေပြီး ယဲ့ကျန်းကျန်းရှေ့ကို ယူလာပေးတယ်။
“ အရှင်မင်းကြီး ဒီဟာကို ရှောင်းကျူရဲ့ အခန်းထဲမှာ ကျွန်တော်မျိုးမ တွေ့ခဲ့တာပါ”
အဲ့အထုတ်ကို တွေ့တဲ့အခါ ရှောင်းကျူရဲ့ မျက်နှာက ဖြူလျောသွားပြီး ဘာအားမှမရှိတော့ဘဲ မြေကြီးပေါ်ကို အရုပ်ကြိုးပြတ် ထိုင်ချမိတော့တယ်။
ယဲ့ကျန်းကျန်း အထုတ်ကို ကြည့်လိုက်ပြီး ဖွင့်ရှာလိုက်တဲ့အခါ ငွေတုံးအချို့နဲ့ အရည်အသွေးမြင့် လက်ဝတ်ရတနာတွေ ထွက်လာတယ်။ သူမ အထုတ်ကို တစ်ခေါက်ထပ်ကြည့်လိုက်ပြီးတဲ့နောက် ရှောင်းကျူကို ကြည့်လိုက်တယ်။
“ နင်က အစေခံမလေးသာသာပဲ ရှိတဲ့ဟာ။ ဒီလောက်ပိုက်ဆံတွေနဲ့ရတနာတွေ ကို ဘယ်ကနေ ရလာတာလဲ။ နင် ခိုးထားတာတော့ မဟုတ်နိုင်ဘူးမလား”
“ ဟင့်အင်း ... မဟုတ်ဘူး ... ကျွန်တော်မျိုးမ ခိုးထားတာ မဟုတ်ပါဘူး ”
ရှောင်းကျူက ခေါင်းခါယမ်းရင်း ငြင်းတယ်။
“ ဒါပေါ့ နင် မလုပ်ခဲ့ဘူးဆိုတာ ငါ သိတာပေါ့။ တစ်ယောက်ယောက်က နင့်ကို ခိုင်းပြီး စွန်းကွေ့ရန်ကို ထောင်ချောက်ဆင်ခိုင်းခဲ့တယ်။ အဲ့အတွက် ဒီပစ္စည်းတွေကို လက်ဆောင်အနေနဲ့ ပေးခဲ့တာ။ စွန်းကွေ့ရန်က ဘေးခြံဝင်းမှာ နေတာဖြစ်ပြီး သူမဘက်မှာလည်း လူအနည်းငယ်ပဲရှိတာဆိုတော့ နင် ကြံစည်လို့ ရသွားတာပေါ့။ ဟုတ်တယ်မလား”
ရှောင်းကျူက ခေါင်းခါရင်း
“ ကျွန်တော်မျိုးမ မလုပ်ခဲ့ပါဘူး .... ကျွန်တော်မျိုးမ မလုပ်ခဲ့ပါဘူး .... ”
“ အစကတည်းက ငါ နင့်ကို သံသယဝင်နေခဲ့တာ။ ဒါကြောင့်မို့ စူးဖုန့်ကို လွှတ်ပြီး နင့်အခန်းကို ရှာကြည့်ခိုင်းလိုက်တာ ဒီဟာတွေက သက်သေပဲ။ ဒီပစ္စည်းတွေ ဘယ်ကရလာလဲဆိုတာကို နင် မပြောနိုင်မှတော့ နင် ပြောနိုင်လာအောင် ငါ ကူညီပေးရမှာပေါ့။ အခုတင် ငါ ဘယ်လောက် လုပ်နိုင်လဲဆိုတာ နင် မြင်ခဲ့ပြီးပြီ။ ဒီပစ္စည်းတွေ ဘယ်ကလာလဲဆိုတာ ငါသာ သိချင်တယ်ဆိုရင် ဘာမှခက်တဲ့ကိစ္စ မဟုတ်ဘူး။ ငါ နင့်ကို အခွင့်အရေးတစ်ခု ထပ်ပေးမယ်။ အခု နင့်ဖာသာနင် အမှန်အတိုင်း ဖွင့်ပြောလာမယ်ဆိုရင် အသက်ချမ်းသာပေးလိုက်မယ်။ တကယ်လို့ ငါ့ဖာသာငါ ရှာလို့ အဖြေထွက်လာတယ်ဆိုလို့ကတော့ .... ဟင်းဟင်း”
ယဲ့ကျန်းကျန်း ခြောက်လှန့်ချင်လို့ အေးစက်စက် ရယ်လိုက်ပေမဲ့လည်း သူမအသံကြောင့် ကြောက်ဖို့ကောင်းတဲ့ပုံမပေါ်ဘဲ မိန်းကလေးသံလေး ဖြစ်နေတယ်။ အဲ့ဒါက ခန်းမထဲက လူတွေအားလုံး ကြက်သီးထအောင် ခြောက်သလို ဖြစ်သွားတယ်။ ကျီဝူကျိုးစိတ်ထဲ သူ့ကိုယ်ပေါ် တီကောင်တွေ တက်လာသလိုတောင် ခံစားလာရတာမလို့ ချက်ချင်းပဲ
“ အမှန်အတိုင်း မပြောချင်ဘူးဆိုရင်လည်း သေတဲ့အထိ ရိုက်စေ။ ဖုန့်ရိုးတျယ် ”
“ မှန်ပါ့”
“ ကျွန်တော်မျိုးမ ပြောပါ့မယ်။ ကျွန်တော်မျိုးမ ပြောပါ့မယ် ”
အရှင်မင်းကြီး သနားတော်မူပါ။ ဧကရီမိဖုရားခေါင်မယ်မယ် သက်ညှာပေးတော်မူပါ။ ရှောင်းကျူတစ်ယောက် ကြမ်းပြင်မှာ မနားတမ်း ငိုလျက်ရှိတော့တယ်။
ယဲ့ကျန်းကျန်း၊ ကျီဝူကျိုးနဲ့၊ ရှန်ကိုယ်လုပ်တော်တို့လည်း သူတို့နန်းဆောင်တွေဆီ အသီးသီး ပြန်လာလိုက်ကြတယ်။ ယဲ့ကျန်းကျန်းနဲ့ ကျီဝူကျိုးက သွားရမယ့်နေရာက တစ်နေရာတည်းဆိုတော့ အရှေ့ဘက်ကို အတူထွက်သွားကြတယ်။ သူတို့နှစ်ယောက် အတူတွဲပြီး ထွက်သွားတာကို မြင်တဲ့အခါ ရှန်ကိုယ်လုပ်တော်မျက်နှာမှာ ဝမ်းနည်းတဲ့အရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ်။
“ မင်း လက်ထဲက ဘာလဲ”
ကျီဝူကျိုး ဆက်ပြီး အောင့်မထားနိုင်တော့တာကြောင့် မေးလိုက်တယ်။
“ သစ်ကြားသီးလေ။ မန်ထျန်းရှင်းလို့ ခေါ်တယ်။ ဝမ်ရိုးချိုင်ပြောတာတော့ ဒါက နှစ်ရာချီ ရှိပြီတဲ့။ လက်ထဲမှာ ကိုင်ထားရင် နေလို့ ကောင်းတယ်”
ယဲ့ကျန်းကျန်း သစ်ကြာသီးအကြောင်း ကြွားရင်း ကျီဝူကျိုးကို လှမ်းကြည့်လိုက်တယ်။ သူ သစ်ကြားသီးကို စူးစူးဝါးဝါး စိုက်ကြည့်နေတာကို တွေ့တဲ့အခါ
“ အရှင်မင်းကြီး သဘောကျလို့လား။ သဘောကျရင် သူ့ကို ထပ်ရှာခိုင်းလိုက်မယ်လေ”
“ မလိုဘူး။ ရတယ် ကိုယ့်မှာ ရှိပြီးသား”
ယဲ့ကျန်းကျန်း ခေါင်းငုံ့လိုက်တာမို့ သူ့မျက်နှာပေါ်က ကြောက်စရာ အပြုံးကြီးကို မမြင်လိုက်ရဘူး။
“ အရှင်မင်းကြီး ကျွန်တော်မျိုးမ နားမလည်တာ တစ်ခုရှိလို့”
“ ဘာများလဲ”
“ ဒီနေ့ ရှန်ကိုယ်လုပ်တော် အမှုကို ဖြေရှင်းတဲ့အခါ အရှင်မင်းကြီးရဲ့ တွေးဆနိုင်တဲ့အဆင့်နဲ့ဆို ဒီကိစ္စမှာ စွန်းကွေ့ရန်က အပြစ်ကင်းတယ်ဆိုတာကို မသိဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ...”
“ ဒါပေမဲ့ ဘာမှမလုပ်ခဲ့ဘူးပေါ့လား”
ကျီဝူကျိုးက သူမကို စကားထောက်ပေးလိုက်တယ်။
“ မင်းက သိပ်လောလွန်းတယ်”
ယဲ့ကျန်းကျန်း သူ့စကားကို နားလည်ဖို့ ကြိုးစားနေတယ်။ လောလွန်းတယ် ?? သူမသာ ဒီကိစ္စကို အဆောတလျင် မစစ်ဆေးလဲ နှေးတုံ့နှေးတုံ့လုပ်နေခဲ့ရင် အဖြစ်မှန်ပေါ်တဲ့အချိန်ကျ စွန်းကွေ့ရန်က စွပ်စွဲခံရလို့ ရာဇဝတ်ရုံးပို့ခံရပြီး အပြစ်ပေးခံနေရလောက်ပြီ။ တနည်းအားဖြင့် ပြောရရင် အဲ့အချိန်အထိ ဒီအမှုက ရှန်ကိုယ်လုပ်တော်ရဲ့ အမိန့်အောက်မှာ ရှိနေပြီး ဧကရာဇ်ကို ဦးထုပ်စိမ်းဆောင်းပေးထားတာပေါ့။ ဒီလိုဆို ရှန်ကိုယ်လုပ်တော်ရဲ့အပြစ်က ပိုတောင် ကြီးသွားပြီ”
ယဲ့ကျန်းကျန်း အံ့အားသင့်သွားတယ်။
ကျီဝူကျိုးက ရှန်ကိုယ်လုပ်တော်ကို အပြစ်ပေးချင်နေတယ် ?? ယဲ့ကျန်းကျန်း နည်းနည်းလောက်တွေးကြည့်ရုံပဲ ဆိုပေမဲ့ လဝက်ကျော်ထိ ကျီဝူကျိုးက ယောင်ယွဲ့နန်းဆောင်ကို မကြွခဲ့ဘူး။ ဒါပေမဲ့ ကျီဝူကျိုးအပေါ် ရှန်ကိုယ်လုပ်တော် ဘာအပြစ်လုပ်ထားမိလို့လည်းဆိုတာ သူမ စဉ်းစားလို့မရဘူး။
ဒါပေမဲ့ ... အဲ့ဒါနဲ့ပဲ သူမကို အဲ့လောက်တောင် အပြစ်ကြီးကြီးမားမား ပေးချင်ရတာလား ?? ရှန်ကိုယ်လုပ်တော်က သူ နှစ်သက်တဲ့သူလေ။ နောက်ပြီး အပြစ်မရှိတဲ့သူကိုပါ ဒီကိစ္စထဲ ဆွဲထည့်လိုက်သေးတယ်။
ဒီလူက ... တကယ်ကို ဘယ်လောက်တောင် သူ့နှလုံးသားက အေးစက်နေတာလဲ။
YOU ARE READING
ရွှေနန်းထက်က ဧကရီ
Randomရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧကရီမိဖုရားခေါင်ဖြစ်လာခဲ့တယ်။ မင်္ဂလာဦးညမှာပဲ သူမ ဧကရာဇ်ကို အိပ်ရာပေါ်ကနေ ကန်ချလိုက်ပြီး ဧကရာဇ်ကလည်း က...