Chapter 70

1K 95 1
                                    

Empress with no Virtue
Chapter 70
Translator – Utopia

လူတစ်ယောက်ကို နှိပ်စက်ပြီး စစ်ဆေးမေးမြန်းတာက ရက်စက်ပြီးလူမဆန်ရာကျပေမဲ့လည်း တခါတလေတော့ တချို့လူတွေက ဒီလိုနည်းနဲ့ စစ်ဆေးမှ ရတယ်။ တစ်ညလောက် နှိပ်စက်ခံရပြီးတဲ့နောက် ရွှီမိသားစုရဲ့အိမ်တော်ထိန်းလည်း နောက်ဆုံးတော့ သူ့အပြစ်ကို ဝန်ခံလာတယ်။ အိမ်တော်ထိန်းဖန့်က ရွှီရှန်းရုံရဲ့ အိမ်တော်ထိန်းဖြစ်ပြီး သူ့ဇနီးက သခင်မရဲ့ညာလက်ရုံးဖြစ်တယ်။

ရွှီရှန်းရုံက ရွှီဝေ့ရုံရဲ့အဖေဖြစ်ပြီး မယ်တော်ကြီးရဲ့ မောင်ပဲဖြစ်တယ်။ သူက အမြဲတမ်း အမျိုးသမီးတွေကို ထိပါးနှောင့်ယှက်တတ်ပြီး အသက်သေစေသည်အထိ ဖြစ်ခဲ့တာမို့ ကျီဝူကျိုး သူ့ကို သေဒဏ်ချကာ အပြစ်ပေးခဲ့တယ်။ အခု ရွှီမိသားစုကို ဦးဆောင်နေတာက ရွှီရှန်းရုံရဲ့သားအကြီး ရွှီလင်းဖြစ်တယ်။ ရွှီရှန်းရုံရဲ့သားသမီးတွေထဲ ဒီသားတစ်ယောက်သာ ပဏာမဇနီးက မွေးတာဖြစ်တယ်။ ဒီတော့ သခင်မက သူမသားကို သူမဘဝလိုပဲ စောင့်ရှောက်ခဲ့တာဖြစ်တယ်။ ဒီအဖေကမွေးတဲ့ဒီသားဆိုသလိုပဲ ရွှီလင်းကလည်း သူ့အဖေလို တစ်ပုံစံတည်း ဖြစ်လာတယ်။ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ငပွေးဖြစ်ရုံမက မယ်တော်ကြီးလို အဒေါ်မျိုးအပြင် အသုံးမကျတဲ့သူငယ်ချင်းအပေါင်းအသင်းတွေက သူ့ကို မြှောက်ပင့်ပြီး အရှုံးဆိုတာကို လက်မခံနိုင်တဲ့သူမျိုးဖြစ်အောင် လုပ်ထားကြတော့တယ်။

အိမ်တော်ထိန်းလင်မယားရဲ့အဆိုအရ သူတို့သခင်ဆီကနေ ဧကရီမိဖုရားခေါင်အကြောင်း ကောလာဟလသတင်းဖြန့်ဖို့ အမိန့်ရခဲ့တယ်လို့ ဝန်ခံလာကြတယ်။ စစ်မေးတဲ့အရာရှိကလည်း သေချာစစ်မေးနိုင်တာမို့ သူတို့နှစ်ယောက်လုံး သခင်မရွှီ အမိန့်ပေးတယ်ဆိုတာအပြင် အကြီးဆုံးသခင်လေးပါ ဒီကိစ္စမှာ ပါဝင်ကြောင်း ဝန်ခံခဲ့ကြတယ်။

အစီရင်ခံစာကို ဖတ်ပြီးနောက် ကျီဝူကျိုး ဒူးထောက်နေတဲ့အရာရှိကို ကြည့်ပြီး

"ရွှီတစ်မိသားစုလုံးကို ဖမ်းစေ၊ အသက်ငယ်ငယ်ကြီးကြီး အကုန်ဖမ်း။ ရွှီလင်းကိုက တစ်ယောက်တည်း ခွဲစစ်ဆေးပြီး ကျန်တဲ့သူတွေကိုက အချုပ်သားအဖြစ်ထားထားပြီး အမိန့်ကို ပြန်စောင့်နေ"

"နားလည်ပါပြီ"

ထို့နောက် ဖုန့်ရိုးတျယ်က ခန်းမဆောင်ထဲ ဝင်လာပြီး ယဥ်ယဥ်ကျေးကျေးနဲ့ပဲ

"အရှင်မင်းကြီးအမိန့်အရ ဖန့်အမတ်ကြီး အခစားဝင်လာပါတယ်"

"သူ့ကို ဝင်ခိုင်းလိုက်"

ဖန့်ရှိုးချင်းက ယန်ရှင်းခန်းမဆောင်အနားက အရာရှိရုံးမှာ အလုပ်လုပ်တာ ဖြစ်တယ်။ ဆိုတော့ကာ မကြာခဏလည်း ကျီဝူကျိုးက ဆင့်ခေါ်တတ်တာမို့ သူ့စိတ်ထဲ ဘာမှထွေထူးပြီး မတွေးဖြစ်ဘူး။ ဒီအတိုင်း ပုံမှန် တိုင်းရေးပြည်ရေးကိစ္စလို့ပဲ ထင်လိုက်တာ။ ဒါပေမဲ့လည်း သူ ခန်းမဆောင်ထဲကို ဝင်လိုက်တာနဲ့တပြိုင်နက် ကျီဝူကျိုးက အလုပ်အကြောင်း တစ်ခွန်းမှ မပြောလာဘဲ ရှန်ကိုယ်လုပ်တော်အကြောင်းသာ ဆွေးနွေးနေတယ်။

ကျီဝူကျိုးက အေးအေးဆေးဆေးပဲ စကားပြောနေတာဆိုပေမဲ့ သူ ကြာကြာနားထောင်ကြည့်လေ ပိုပြီး ကြောက်လာလေပဲ။ စကား သုံးလေးခွန်း ပြောပြီးတဲ့နောက် ဖန့်ရှိုးချင်း ချွေးစေးတွေပါ ထွက်လာတော့တယ်။ ကျီဝူကျိုးက ဒဲ့တော့ မပြောပေမဲ့လည်း သူ့စကားသံထဲ ရှန်ကိုယ်လုပ်တော်အပေါ် မကျေနပ်တဲ့လေသံကို ဖန့်ရှိုးချင်း ရိပ်မိနေတယ်။ သူမကို ခပ်ပြုံးပြုံးနဲ့ ချီးကျူးပြောဆိုနေပေမဲ့ တခြားသူရဲ့နားထဲမှာတော့ အဆူခံရတာထက်တောင် ပိုကြောက်ဖို့ကောင်းနေတယ်။

ရှန်ကိုယ်လုပ်တော်က နန်းတော်ထဲ ဝင်တဲ့အချိန်ကစလို့ ဧကရာဇ်ရဲ့အမျိုးသမီးဖြစ်သွားခဲ့ပြီ။ စည်းမျဉ်းတွေအရဆို သူမ တစ်ခုခု အပြစ်လုပ်ခဲ့မိရင် ဧကရာဇ်က သူမကို အပြစ်ပေးလိုက်လို့ရတယ်၊ ဘာလို့ အမတ်တစ်ယောက်ကို ခေါ်ပြီး ဒါတွေ လာပြောနေမှာလဲ။

ဒါက သူ့သမီးပြဿနာ သူရှင်းဖို့ သူ့ကို အသိပေးနေတာ၊ သတိပေးနေတာလား? ဒါမှမဟုတ် ဒီတစ်ခေါက်တော့ သူမကို သက်ညှာပေးလိုက်မယ်လို့ ပြောချင်နေတာလား??
ဘယ်တစ်ခုပဲ ဖြစ်ပါစေ သေချာတာကတော့ ဒီတစ်ခေါက် သူ့သမီး အမှားကြီးကြီးလုပ်ခဲ့မိလိုက်ပြီး ဧကရာဇ်ရဲ့ သည်းခံပေးနိုင်တဲ့အတိုင်းအတာကို ကျော်လွန်သွားပြီ ဆိုတာပဲ။ ကျီဝူကျိုး ဘာတွေးနေလဲ သူ မသိချေ၊ ဒါ့ကြောင့်မို့

"ကျွန်တော်မျိုး သမီးကို သေချာမသွန်သင်ခဲ့မိတာကြောင့် အရှင်မင်းကြီးကိုပါ ပြဿနာဖြစ်စေခဲ့ပါပြီ။ ကျွန်တော်မျိုး တကယ် အရှက်ရမိပါတယ်"

"ကိုယ်တော်က ဘာမှမဖြစ်ဘူး၊ တကယ် ဒုက္ခခံစားခဲ့ရတာက ဧကရီပဲ"

ကြည့်ရတာ ဒီကိစ္စက ဧကရီမိဖုရားခေါင်နဲ့ သက်ဆိုင်နေတာဖြစ်မယ်လို့ ဖန့်ရှိုးချင်း တွေးလိုက်တယ်။ ယဲ့အိမ်ကသမီးက တကယ် လျှော့တွက်လို့ မရတာပဲ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကတောင် သူမနဲ့ အရှင်မင်းကြီးက ရန်သူတွေလို ဖြစ်နေကြတာ အခု သူတို့ဆက်ဆံရေးက သိပ်ကို ကောင်းနေခဲ့ပြီ။

"ခင်ဗျား သူမကို သေချာမသွန်သင်ခဲ့ဘူးဆိုမှတော့ အခု သူမကို ထပ်သင်ချေ"

တော်ဝင်မိသားစုမပြောနဲ့ သာမန်ပြည်သူတွေမှာတောင် အိမ်ထောင်ကျပြီးသားသမီးကို အဖေက ပြန်အုပ်ထိန်းရတယ်ဆိုတာ မရှိချေ။ အနောက်နန်းဆောင်က အမျိုးသမီးတစ်ယောက်အတွက် မိဘအိမ်ပြန်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ၊ သူ့သမီးကို ထပ်မြင်ရဖို့ဆိုတာကလည်း ဖြစ်နိုင်သလောက်ပဲ။ တကယ်လို့ တွေ့ရရင်တောင်မှ သခင်နဲ့ ငယ်ကျွန်ကြား ကွာခြားချက်က ရှိနေတာကို ဘယ်သူက ဘယ်သူ့ကို သွားသွန်သင်ရမှာလဲ။

ဒါက ထူးဆန်းနေပေမဲ့ ဖန့်ရှိုးချင်းကလည်း သာမန်လူမှ မဟုတ်တာ။ သူ ယန်ရှင်းခန်းမဆောင်က ထွက်လာကတည်းက သူ့ရုံးတော်ကို သူပြန်ပြီး လုပ်နေကျ တာဝန်တွေကို ဆက်လုပ်နေတယ်။

သူ့သမီးက ဘက်မှားပြီး ရပ်တည်မိပြီနဲ့တူတယ်!

အားလုံးထက် ဧကရာဇ်တစ်ပါးကို အမျက်သင့်စေဆုံးအရာက သူ့ခေါင်းပေါ်တက်ပြီး သူ့ဆီက အာဏာကို လုယူချင်တာပဲဖြစ်တယ်။ ဒါကြောင့်မို့ မိသားစုအချင်းချင်းတောင် ချန်မထားဘဲ ရှင်းပစ်ကြတာ ဖြစ်တယ်၊ ဘာမှမဟုတ်တဲ့ ဆွေမျိုးလောက်ကို ဂရုစိုက်နေမှာတဲ့လား။ ရွှီမိသားစုက မယ်တော်ကြီးရဲ့ မိသားစုဖြစ်ပေမဲ့ အဲ့တော့ ဘာလုပ်ရမှာလဲ။ ကျီဝူကျိုးရဲ့ခမည်းတော်က သူ့ညီအစ်ကို အရင်းတွေကိုတောင် သတ်ပစ်ခဲ့သေးတာပဲဟာ။ သူ့ဦးလေးနဲ့ အဖိုးကို အခု မျက်နှာချင်းဆိုင်ဖို့ဆိုတာက ပမွှားလေးပဲ။ မယ်တော်ကြီးက သူမကိုယ်သူမ ကျီဝူကျိုးရဲ့မွေးမိခင်ဖြစ်တာကြောင့် ဘာမဆို လုပ်လို့ရတယ်လို့ စိတ်ကြီးဝင်နေတာ ဖြစ်တယ်။ ဒါပေမဲ့ သူမ ဧကရာဇ်နေရာကို အစားထိုးဖို့ လုပ်ခဲ့ကတည်းက သူတို့ကြားဆက်ဆံရေးက ပျက်စီးသွားခဲ့ပြီ ဖြစ်တယ်။

ဒီလိုအဖြစ်မျိုးကို မြင်တာတောင်မှ တော်လှပါတယ်ဆိုတဲ့သူ့သမီးက ပေါ်တင်ကြီး မယ်တော်ကြီးဘက်က ရပ်တည်ခဲ့တယ်တဲ့လား။ ဒါက သေလမ်းရှာတာ မဟုတ်ရင် ဘယ်ဟာက သေလမ်းရှာတာဖြစ်မလဲ။

ဖန့်ရှိုးချင်းနှလုံးသားတစ်ခုလုံး လေးလံသွားပြီး ရှန်ကိုယ်လုပ်တော်ကို ဒီလောက်တောင် မိုက်ရလားလို့ ကျိန်ဆဲမိနေတော့တယ်။ ညီအစ်မတွေကြားထဲမှာ သူမက သတိရှိပြီး ပါးနပ်ကာ ဖန့်ရှိုးချင်းနဲ့လည်း အနည်းငယ် တူတာမို့ သူမကို ဧကရာဇ်နဲ့ လက်ထပ်စေခဲ့တာ ဖြစ်တယ်။ ဒီသမီးက သားတစ်ယောက်ဖြစ်မနေလို့ သူ မျိုးရိုးကို မဆက်ခံနိုင်တော့တာကို နောင်တရမိခဲ့တယ်။ သူမ နန်းတော်ထဲ ရောက်သွားတဲ့အချိန်တုန်းကဆို သူ စိုးရိမ်နေခဲ့မိသေးတာ။ ဒါပေမဲ့ သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေတုန်းပဲ။ သတင်းတွေအရဆို ယဲ့ရှိုးမင်ရဲ့မြေးမက ခေါင်းမာပြီး အရိုင်းဆန်တဲ့မိန်းကလေးလို့ ဆိုတယ်၊ ဒီတော့ သူမကိုရင်ဆိုင်ဖို့ဆိုတာ ရှန်ကိုယ်လုပ်တော်အတွက် ကိစ္စသိပ်မရှိလောက်ဘူးလို့ပဲ ထင်လိုက်တာ။

ဒါပေမဲ့ ယဲ့မိသားစုရဲ့သမီးက ဧကရီနေရာမှာ အခြေကုပ်ယူပြီး ဖြစ်ပေမဲ့ သူ့သမီးကတော့ ချောက်ကမ်းပါးစွန်းကို တဖြေးဖြေး ထိုးဆင်းသွားခဲ့တာပဲ။

သူမရဲ့အမှားကြောင့်ပဲလား ကံကြမ္မာပဲလား မပြောတတ်တော့ဘူး။

ဖန့်ရှိုးချင်း ရုံးတော်ကို ပြန်ရောက်တဲ့အခါ မျက်နှာက သိပ်မကောင်းချေ။ ယဲ့ရှိုးမင်တွေ့တဲ့အခါ အံ့အားသင့်သွားတယ်။ နိုင်ငံရေးလောကမှာ လူတိုင်းက အပြုံးမျက်နှာနဲ့ ဖုံးကွယ်ပြီး နေတတ်ရတယ်။ ဒီထဲမှာမှ ဖန့်ရှိုးချင်းက ဟန်ဆောင်အကောင်းဆုံးဖြစ်တယ်။ အခုလို သူ့ကို မြင်ရတာက ကြုံတောင့်ကြုံခဲပဲ။

ယဲ့ရှိုးမင်လည်း ဧကရီမိဖုရားခေါင်နဲ့ပတ်သက်တဲ့ သတင်းတွေကြောင့် ပြဿနာတက်နေပေမဲ့ ဖန့်ရှိုးချင်းကို ကြည့်ရတာ သူ့ထက်တောင် အခြေအနေဆိုးနေတဲ့ပုံပဲ။ ဒါနဲ့ပဲ သူ့ကို စိတ်သက်သာရာရအောင်လို့ ယဲ့ရှိုးမင် ပြုံးပြလိုက်ရင်း

"အမတ်ဖန့် ပြဿနာတစ်ခုခုများ ရှိလို့လား၊ ကျုပ် ကူညီနိုင်တဲ့ကိစ္စဆို အတူ ဖြေရှင်းပေးလို့ရတာပေါ့"

ဖန့်ရှိုးချင်းက ဉီးညွတ်ရင်း

"ကျုပ် တာဝန်တစ်ခုကို ကျေပွန်စွာမထမ်းဆောင်နိုင်ခဲ့တဲ့အတွက် အရှင်မင်းကြီးဆီမှာ အပြစ်တင်ဆုံးမ ခံခဲ့ရတယ်"

အရှင်မင်းကြီးက ခင်ဗျားကို အပြစ်တင်ဆုံးမမှာ မဟုတ်ပါဘူးလို့ ယဲ့ရှိုးမင် တွေးလိုက်တယ်။ ဒါပေမဲ့ ပြောတော့ မပြောလိုက်ဘူး။

"အို? ဘာကိစ္စများလဲ။ ကျုပ် အရှင်မင်းကြီးရှေ့မှာ ခင်ဗျားအတွက် လျှောက်တင်‌ပေးမယ်လေ၊ အရှင်မင်းကြီးက  ကျုပ်မျက်နှာကိုတော့ ထောက်ပါမှာ"

ဖန့်ရှိုးချင်း သူ့ကို စကားဆက်ပြောဖို့ အားမရှိတောချေ။

"ခင်ဗျား ဒုက္ခရှာစရာ မလိုတော့ပါဘူး"

ယဲ့ရှိုးမင် သူ့နောက်ကျောကို ကြည့်ရင်း ဖန့်ရှိုးချင်းတစ်ယောက် အာလာပသလ္လာပ စကားတောင် မပြောနိုင်လောက်အောင် ဖြစ်နေတာ တကယ်ကြီး ကိစ္စတစ်ခုခုများ ဖြစ်သွားတာလားလို့ တွေးနေမိတော့တယ်။

တစ်ဖက်မှာတော့ ဖန့်ရှိုးချင်း စုတ်တံကိုကိုင်ရင်း နက်နက်နဲနဲ ပြန်သုံးသပ်နေတယ်။ ကျီဝူကျိုးပြောလိုက်တာက ကိုယ့်သမီးကိုယ် ပြန်ဆုံးမဖို့တဲ့။

မဟုတ်မှလွဲရော အရှင်မင်းကြီးက ရှန်ကိုယ်လုပ်တော်ကို သူ ကူညီလို့ရအောင် အခွင့်အရေး‌ပေးနေတာလား။

အဲ့လိုသာဆို အရှင်မင်းကြီးက ဖန့်မိသားစုကို တကယ် အလေးထားတာပဲ။ အမှန်တိုင်းပြောရရင် အရှင်မင်းကြီး ရှန်ကိုယ်လုပ်တော်ကို ဘယ်လိုပဲ အပြစ်‌ပေးပါစေ ဖန့်ရှိုးချင်းအနေနဲ့ စောဒကတက်ပိုင်ခွင့် မရှိချေ။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့က သားအဖတွေပဲလေ၊ ရှန်ကိုယ်လုပ်တော် တစ်ခုခု ဖြစ်ရင် ဖန့်ရှိုးချင်းအတွက်လည်း အကျိုးမရှိဘူး။ အခု အရှင်မင်းကြီးက ရှန်ကိုယ်လုပ်တော်ကို ကိုယ်တိုင်အပြစ်မပေးဘဲ သူ့ကို အရင်အသိပေးတယ်ဆိုတော့ကာ သူ့သမီးကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးလိုက်တာပဲ။ ဒါက တကယ်ကို အရှင်မင်းကြီးက သူ့ကို ကြင်နာပြီး အလေးပေးတာပဲ ဖြစ်တယ်။

ဖန့်ရှိုးချင်း သက်ပြင်းချလိုက်ရင်း သူ့အစီရင်ခံစာကိုစတင်ရေးလိုက်တယ်။ ဒီအစီအရင်ခံစာက ကျီဝူကျိုးရဲ့စားပွဲပေါ် ရောက်လာပြီး သူ ဖတ်ကြည့်ပြီးတဲ့နောက် "ခွင့်ပြုသည်" လို့ ရေးပေးလိုက်တယ်။

ဖန့်ရှိုးချင်းရဲ့ အစီရင်ခံစာထဲ သခင်မဖန့်က နာမကျန်းဖြစ်နေတာကြောင့် သမီးဖြစ်သူနဲ့ တွေ့ရဖို မျှော်လင့်နေပါကြောင်း၊ ထို့ကြောင့် ရှန်ကိုယ်လုပ်တော်ကို အိမ်ပြန်ခွင့် ပြုပါရင် အရှင်မင်းကြီးဆီ လျှောက်တင်ပါကြောင်း ရေးသားထားတယ်။ ကျီဝူကျိုးလည်း ဘာမှထပ်တွေးမနေတော့ဘဲ နောက်တစ်နေ့ကျ ရှန်ကိုယ်လုပ်တော်ကို အိမ်ပြန်ခွင့် ပြုလိုက်တယ်။

အခုလို သူမကို ခွင့်ပြုတယ်ဆိုတော့ကာ အရှင်မင်းကြီးက သူမအပေါ် တကယ် ကောင်းတာပဲလို့ ရှန်ကိုယ်လုပ်တော် တွေးလိုက်တယ်။ ယဲ့ကျန်းကျန်းက တကယ် ကိုယ်ဝန်ရှိနေပြီး အရှင်မင်းကြီးကို ‌ဒေါသထွက်စေခဲ့တာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးက ရှက်ဖို့ကောင်းတာကြောင့် သူ အတည်အလင်း ဘာမှမပြောတာပဲ ဖြစ်မယ်။

ဒီကိစ္စပြီးတဲ့နောက် ဧကရီမိဖုရားခေါင် ပြန်လာနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။

အရှင်မင်းကြီးက သူမအပေါ်  ပြန်ပြီး ကောင်းပေးလာပြီဆိုတော့ ဧကရီမိဖုရားခေါင် နန်းချခံရမယ့်နေ့က မဝေးတော့ဘူးပဲ။ ဒီအတွေးနဲ့ ရှန်ကိုယ်လုပ်တော်တစ်ယောက် သိပ်ကို ပျော်ရွှင်သွားတယ်။ စစ်နင်နန်းဆောင်ကို သွားပြီး မယ်တော်ကြီးကိုလည်း စကားစမြည်သွားပြောရင်း နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင်နဲ့ ယဲ့ကျန်းကျန်းကို ဘယ်လို နင်းခြေပစ်မယ်ဆိုပြီး ကြုံးဝါးနေကြတော့တယ်။

နောက်နေ့မှာ ရှန်ကိုယ်လုပ်တော် အိမ်ပြန်သွားတယ်။ အစကတော့ သူမမိခင်က တကယ် နေမကောင်းဖြစ်နေတာလို့ ထင်ခဲ့တာ။ ဒါပေမဲ့ သူမပုံက အနည်းငယ် ဖျော့တော့နေတာကလွဲရင် ကျန်းကျန်းမာမာပဲ ဖြစ်နေတာကို တွေ့လိုက်ရတယ်။

သူမအမေနဲ့ စကားခဏပြောပြီးတဲ့နောက် သူမ မျက်နှာမကောင်းတော့ဘူးဖြစ်လာတယ်။

"သမီးအဖေ သမီးကို တွေ့ချင်နေတယ်"

ဖန့်ရှိုးချင်း အစောကတည်းက စောင့်နေခဲ့တာဖြစ်တယ်။ သူမအဖေက စကားပြောချင်တယ်ဆိုတဲ့အခါ ရှန်ကိုယ်လုပ်တော် အစေခံတွေအကုန်လုံးကို ထွက်သွားခိုင်းလိုက်တယ်။ ထို့နောက် အခန်းထဲ သူမတို့သားအဖပဲ ကျန်ခဲ့တော့ပြီး တံခါးဝမှာ တစ်ယောက်ယောက်ကို စောင့်ကြပ်နေဖို့ ခိုင်းလိုက်တယ်။

နှစ်ယောက်ထဲပဲ ရှိတာမို့ ဖန့်ရှိုးချင်း လောကဝတ်တွေ လုပ်မနေတော့ဘဲ ရှန်ကိုယ်လုပ်တော်ကို မေးလိုက်တယ်။

"လျိုယွဲ့  သမီး ဧကရီမိဖုရားခေါင်ကို တစ်ခုခု လုပ်ထားသေးလား"

ရှန်ကိုယ်လုပ်တော် အံ့ဩသွားပြီး ဖြေလာတယ်။

"ရှေ့တစ်ခေါက်က ပိုးမျှင်အခမ်းအနားကိစ္စပဲ ရှိတာပါ။ သမီး ဧကရီမိဖုရားခေါင်ကိုလည်း တောင်းပန်ပြီးပါပြီ။ သူမကလည်း သမီးကို အပြစ်မပေးဘူးလို့ ပြောခဲ့တယ်။ အဖေ စိတ်ပူစရာမလိုတော့ပါဘူး"

ဖန့်ရှိုးချင်း ခေါင်းခါလိုက်ပြီး

"မဟုတ်ဘူး၊ တခြားဟာကော ရှိသေးလား၊ သေချာပြန်စဥ်းစားပါဦး"

ရှန်ကိုယ်လုပ်တော်လည်း ခေါင်းခါရင်း

"သမီး သူမကို ရှောင်နေတာရယ်၊ အဖေက ဘာလို့ အဲ့အကြောင်း မေးနေတာလဲ။ တစ်ယောက်ယောက်က တစ်ခုခု အဖေ့ကို ပြောလိုက်လို့လား"

"အရှင်မင်းကြီးက အဖေ့ကို သမီးကို ပြန်သွန်သင်ဆုံးမခိုင်းလိုက်တယ်"

ဖန့်ရှိုးချင်း ဒါပဲ ပြန်ဖြေနိုင်တော့တယ်။

ရှန်ကိုယ်လုပ်တော် တောင့်သွားတယ်။

"ဒါက ... ဒါက ဘာအဓိပ္ပာယ်လဲ"

"ဘာဖြစ်နိုင်ဦးမှာလဲ။ သဘောက သမီး အရှင်မင်းကြီး အမျက်သင့်‌အောင် တစ်ခုခု လုပ်ခဲ့မိတာပဲ။ အဖေ့မျက်နှာကို ထောက်ပြီး သမီးကို တစ်ခါတော့ အခွင့်အရေးပေးလိုက်တာ။ အဖေ့ကို အမှန်အတိုင်း ပြောရင် ကောင်းမယ်။ အခုထွက်နေတဲ့ ဧကရီမိဖုရားခေါင်ရဲ့ကောလာဟလသတင်းတွေက သမီးနဲ့ ပတ်သက်နေတာလား"

ရှန်ကိုယ်လုပ်တော်က ချက်ချင်းပဲဖြေလာတယ်။

"မဟုတ်ဘူး အဲ့တာက မယ်တော်ကြီး အမိန့်ပေးခဲ့တာ""

ဖန့်ရှိုးချင်းမျက်နှာက ပိုပြီးတော့ အလေးအနက် ဖြစ်လာတယ်။

"အဲ့တာက မယ်တော်ကြီးလုပ်ခိုင်းတာဆို သမီးက ဘယ်လိုလုပ် သိနေတာလဲ"

"သမီး ....."

"ဒီအခွင့်အရေးကို သုံးပြီး တခြားဟာတွေ လုပ်ခဲ့လား မလုပ်ခဲ့ဘူးလား"

"သမီး ...."

"ဒီအခြေအနေရောက်နေတာတောင်မှ ငါ့ကို အမှန်အတိုင်း မပြောသေးဘူးလား!"



ရွှေနန်းထက်က ဧကရီWhere stories live. Discover now