Chapter 7

2.5K 239 2
                                    

Empress with no Virtue
CHAPTER 7
Translator – Utopia

ကျီဝူကျိုးက တကယ်ကို ဧကရာဇ်ကောင်းတစ်ပါးပဲဖြစ်တယ်။ နေ့တိုင်း နေ့လယ်စာစားပြီးတာနဲ့ သူ့အချိန်တော်တော်များများကို လျှောက်တင်လွှာတွေ ဖြေရှင်းရင်း နန်းဆောင်ထဲ ဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးရင်းနဲ့ ကုန်ဆုံးတတ်တယ်။

ဒါ့ကြောင့်မို့ ဧကရာဇ်တစ်ပါး ဖြစ်ရတာဟာ ထင်သလောက် မလွယ်ကူသလို ကြားရသလောက်လည်း မကောင်းဘူး။ တော်ရုံလူတိုင်း လုပ်နိုင်တဲ့ တာဝန်မျိုး မဟုတ်ဘူး။ သမိုင်းမှာ ဉာဏ်ပညာရှိပြီး ထက်မြက်တဲ့ မင်းကောင်းမင်းမြတ်တွေ အများကြီး ပေါ်ထွက်ခဲ့ပေမဲ့ ကျန်တဲ့မင်းအများစုကတော့ အသုံးမကျတဲ့မင်းတွေသာ ဖြစ်တယ်။

ကျီဝူကျိုးက ရည်မှန်းချက်ကြီးမားပြီး တိုင်းပြည်အကျိုးကို ကြည့်တဲ့ ဧကရာဇ်တစ်ပါး‌ပဲဖြစ်တယ်။ သူက ဉာဏ်ပညာရှိတဲ့ မင်းကောင်းမင်းမြတ် ဖြစ်ချင်တယ်။ ဒီအတွက် ပေးဆပ်လိုက်ရတာကတော့ အနောက်နန်းဆောင်မှာ နေရတဲ့အချိန်ထက် ယန်ရှင်းတန်းမှာ နေရတဲ့အချိန်က ပို‌များနေခဲ့တာပဲဖြစ်တယ်။

ဒါပေမဲ့ ဒီနေ့တော့ လျှောက်တင်လွှာတွေ ဖတ်လို့ပြီးသွားတဲ့အခါ ကျီဝူကျိုးတစ်ယောက် ခွန်းနင်နန်းဆောင်ကို သွားပြီး အကြပ်ရိုက်နေတဲ့ ယဲ့ကျန်းကျန်းရဲ့ မျက်နှာကို သွားကြည့်ချင်လာတယ်။

ဒါပေမဲ့လည်း သူ သွားဖို့ စဉ်းစားနေတုန်းမှာတင် ကုန်းကုန်းလေးတစ်ယောက်က သူ့ရှေ့ဒူးလာထောက်တယ်။ သူ့ပုံစံကိုကြည့်ရတာ ရေးကြီးထိပ်ပျာနဲ့ တစ်ခုခုကို လျှောက်တင်စရာ ရှိနေတဲ့ပုံပဲ။

“ အရှင်မင်းကြီး ကျွန်တော်မျိုးမှာ လျှောက်တင်စရာ ရှိပါတယ် ”

ဒါပေမဲ့လည်း ကျီဝူကျိုးရဲ့ အာရုံကို တစ်ခြားတစ်ခုက ဖမ်းစားသွားတဲ့အတွက် သူ့ကို လျစ်လျူရှုလိုက်တယ်။

တစ်ယောက်ယောက် ပြောစမ်းပါဦး ဧကရီက အဲ့တာ ဘာတွေလုပ်နေတာလဲ !

ဟိုးအဝေးမှာတော့ ယဲ့ကျန်းကျန်းရဲ့ အနီရောင်ဝတ်ရုံက လေမှာ ဝဲပျံနေပြီး နေဝင်ခါနီး တောက်ပတဲ့ တိမ်နီတွေလို မှင်သက်ဖွယ် ဖြစ်နေတယ်။ ဒီတိမ်တိုက်လေးက ကျီဝူကျိုးအနားကို နီးကပ်လာပြီးတဲ့နောက် စိုက်ကြည့်နေတဲ့ ကျီဝူကျိုးကို ကျော်ကာ အစောနက ကုန်းကုန်းလေးကို တစ်ချက် ကန်ထည့်လိုက်တယ်။

အဲ့ဒါပြီးမှပဲ ယဲ့ကျန်းကျန်းတစ်ယောက် အသက်ပုံမှန် ပြန်ရှူရင်း စိတ်ဒုန်းဒုန်း ချနိုင်တော့တယ်။ သူ(မ)ရဲ့ နဖူးတစ်ဝိုက်မှာ ချွေးလေးတွေ စို့နေတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ချွေးတွေ စို့ပြီး တောက်ပနေသလိုမျိုး သူ(မ)ပုံစံ‌လေးက မတ်လမှာ ပွင့်တဲ့ မက်မန်းပွင့်လေးတွေလိုပဲ။

ကုန်းကုန်းတွေနဲ့ နန်းတွင်းသူအစေခံအုပ်စုလည်း နောက်ဆုံးတော့ ရောက်လာပြီဖြစ်တယ်။ ဟိုးအဝေးကနေ ယဲ့ကျန်းကျန်း ဘာလုပ်လိုက်တာလဲကို တွေ့တဲ့အခါ ကိုယ့်ဂုတ်ကိုယ်တောင် ပြန်စမ်းမိကုန်ကြတယ်။ မသိရင် သူတို့အကုန်လုံးက ယဲ့ကျန်းကျန်းဆီကနေ ခေါင်းဖြတ်ခံရတော့မယ့်သူလိုမျိုး။

ကျီဝူကျိုး ယဲ့ကျန်းကျန်းကို ကြည့်လိုက်ပြီး

“ ဧကရီ နေ့လယ်စာ စားပြီးတော့ ဘာမှလုပ်စရာမရှိတော့လို့လား ”

အဲ့အခါကျမှပဲ ယဲ့ကျန်းကျန်းက အရှင်မင်းကြီးကို စနှုတ်ဆက်တော့တယ်။

“ အ...အရှင်မင်းကြီး”

ကျီဝူကျိုး လက်ကို ဝှေ့ယမ်းလိုက်ရင်း
“ ကိစ္စမရှိပါဘူး”

ကျီဝူကျိုးတစ်ယောက် စိတ်မရှည်ဖြစ်လာတယ်။ မေ့လဲသွားတဲ့ ကုန်းကုန်းကို တစ်ချက် ကြည့်လိုက်ပြီး

“ ဧကရီ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်တော့်ကို ဖြေရှင်းချက်တစ်ခု ပေးသင့်တယ် မထင်ဘူးလား ”

ယဲ့ကျန်းကျန်း အသက်ဝဝ ရှူလိုက်ရင်း

“ အရှင်မင်းကြီး ဒီကုန်းကုန်းက လုဟွားနန်းဆောင်က အဆိပ်လမုန့်အမှုမှာ ပါဝင်ပတ်သက်နေတယ်။ ကျွန်တော်မျိုးမ စုံစမ်းစစ်ဆေးပြီးပါပြီ ”

“ အို ...?” ဒါဆို ဘာလို့ သူ့ကိုကန်ထုတ်လိုက်တာလဲ။ ကိုယ်တော် သိလို့မဖြစ်တဲ့ ကိစ္စတစ်ခုခု ရှိနေလို့လား ”

“ အရှင်မင်းကြီးဆီကနေ ဘယ်အရာကိုမှ ကွယ်ဝှက်မထားဝံ့ပါဘူး။ အနောက်နန်းဆောင်ရဲ့အရေးက ကျွန်တော်မျိုးမရဲ့ တာဝန်ဖြစ်တဲ့အတွက် ဒီကိစ္စအတွက်ကြောင့်နဲ့ အရှင်မင်းကြီးကို စိတ်ပူပန်ရအောင် မလုပ်ရဲတာကြောင့်ပါ။ ဒါပေမဲ့လည်း အရှင်မင်းကြီးက ဒီကိစ္စကို စိတ်ပူနေသေးတယ်ဆိုရင်တော့ နားထောင်နေလို့ ရပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ မျက်နှာကိုတော့ မပြရဘူး ”

“ ဘာလို့လဲ ”

“ စစ်မေးပြီးတဲ့အခါ အရှင်မင်းကြီး သိရပါလိမ့်မယ် ”

ရေနဲ့ပက်ခံလိုက်ရပြီးတဲ့နောက် ကုန်းကုန်းလေး နိုးလာတယ်။
ကုန်းကုန်းလေးကို သေချာ ကြည့်ကြည့်လိုက်တော့ အသက် ၁၅နှစ်လောက်ပဲ ရှိသေးတယ်။ မျက်နှာ‌က ဖြူဖျော့နေပြီး အားနည်းတဲ့ပုံပေါ်တယ်။ သူ့မျက်လုံးတွေ ပွင့်လာတဲ့အခါ သူ ဘယ်ရောက်နေမှန်း မသိတာကြောင့် အနည်းငယ် ထိတ်လန့်သွားတယ်။ ဒါပေမဲ့ ယဲ့ကျန်းကျန်းကို မြင်လိုက်ရတဲ့အခါ ထိတ်လန့်သွားတာမျိုး စိုးရိမ်သွားတာမျိုး ဖြစ်မသွားဘဲ စည်းမျဉ်းတွေအတိုင်း ယဲ့ကျန်းကျန်းကို ဒူးထောက်ပြီး အရိုအသေ ပေးလာတယ်။

ယဲ့ကျန်းကျန်းကတော့ ထိုင်လျက်ရှိပြီး သူ(မ)ရဲ့ အမူအရာက တင်းမာနေတယ်။ ထို့နောက် လက်ထဲက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး

“ ဝမ်ရှောင်းဟူ နင့်အပြစ်ကို နင်ဝန်ခံပြီလား ”

“ မယ်မယ့်ကို ပြန်လည်လျှောက်တင်ပါတယ်။ ကျွန်တော်မျိုး ဘာအပြစ်ကို လုပ်ခဲ့မိလဲ မသိရကြောင်းပါ ”

“ တင်းတရှန်း မသေဘူး။ သူ့အပြစ်တွေကို ဝန်ခံပြီးသွားပြီ ”

အမှန်တကယ်တော့ တင်းတရှန်းက သေသွားပြီ ဖြစ်ပေမဲ့လည်း ခွန်းနင်နန်းဆောင်က ဒီသတင်းကို မပေါက်ကြားအောင် ဖုံးထားတဲ့အတွက် သတင်းက ထွက်လာတယ်ဆိုရင်တောင်မှ ဒီနေရာမှာ ရောက်နေတဲ့သူကတော့ သိနိုင်မှာ မဟုတ်ဘူး။

သူ့အမူအရာက ပြောင်းသွားပေမဲ့ ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားတယ်။ ဒါပေမဲ့ ယဲ့ကျန်းကျန်းကတော့ သူ့အမူအရာ လှစ်ကနဲ ပြောင်းသွားတာကို မြင်လိုက်တယ်။

“ မယ်မယ်ပြောတာကို ကျွန်တော်မျိုး နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ကျေးဇူးပြုပြီး မယ်မယ် ရှင်းပြပေးဖို့ မျှော်လင့်ပါတယ် ”

“ တော်ဝင်စားဖိုဆောင်မှာ အလုပ်လုပ်ပြီး အချိုပွဲနဲ့မုန့်တွေအတွက် တာဝန်ယူရတဲ့သူ နင်ရဲ့ဆရာက ဒီနှစ်အတွက် နှင်းလွှာလမုန့်ကို လုပ်ခဲ့တဲ့သူပဲ။ ဒါပေမဲ့ သူ လမုန့်ကို လုပ်တဲ့နေ့တုန်းက နင့်ရဲ့ တာဝန်ချိန် မဟုတ်ဘူး။ ဒါ့ကြောင့်မို့ ငါ စစ်မေးတဲ့အခါ နင့်ကို လွတ်သွားခဲ့ပြီး ဒီနေ့လိုမျိုး နင် အရှင်မင်းကြီးဆီကိုတောင် လာလျှောက်တင်ရဲတဲ့အထိ ခွင့်ပြုထားပေးခဲ့မိတာပဲ။ ဒီနေ့ နင် အရှင်မင်းကြီးကို ဘာလျှောက်တင်မလို့လဲ။ ဘာလဲ ဧကရီမိဖုရားခေါင်ကြီးက တစ်ယောက်ယောက်ကို စေခိုင်းပြီး လမုန့်ထဲ ရှန်ဖေးဇီထည့်ဖို့ နင့်ကို ဖိအားပေးခိုင်းစေခဲ့ပါတယ်ဆိုပြီးလား ??

“ မယ်မယ် မယ်မယ် ကျွန်တော်မျိုး ထောင်ချောက်ဆင်ခံရတာပါ ... ထောင်ချောက်ဆင်ခံရတာပါ .... ”

“ ထောင်ချောက် ?? ကောင်းပြီလေ ဒါဆိုလည်း စားဖိုဆောင်က စားတော်ကဲက အရှင်မင်းကြီးဆီ ကိုယ်တိုင်လျှောက်တင်ရလောက်အောင် ဘာတွေများ အရေးကြီးကိစ္စရှိလို့လဲ ပြောပါဦး ”

“ ကျွန်တော်မျိုး .... ကျွန်တော်မျိုး .... ”

“ ဒါက နင်နဲ့ တင်းတရှန်း ပေါင်းကြံထားတဲ့ဇာတ်ဆိုတာက ရှင်းနေတာပဲ !! အဲဒီနေ့တုန်းက နင် စားဖိုဆောင်ထဲ ခိုးဝင်ပြီး လမုန့်ထဲ ရှန်ဖေးဇီကို ထည့်သွားတယ်။ တင်းတရှန်းကလည်း နင့်အတွက် အလုပ်လုပ်ပေးနေတဲ့သူ။ သူ ဒီနေ့ သတ်သေလိမ့်မှာသိလို့ ရည်ရွယ်ချက်ရှိရှိနဲ့ ရှန်ဖေးဇီကို သူ့ကိုယ်ပေါ် ထားခဲ့လိုက်တယ်။ တစ်ယောက်ယောက်သာ ရှာတွေ့ခဲ့ရင် ဒီကိစ္စက ငါနဲ့ ဆက်နွယ်နေတယ်လို့ ယူဆသွားမှာပဲ။ တချိန်တည်းမှာပဲ နင်က အရှင်မင်းကြီးဆီသွားပြီး ငါနဲ့ပတ်သက်တဲ့ မသင်္ကာစရာတစ်ခုခုကို တွေ့ထားပါတယ်လို့ လျှောက်တင်လိုက်မယ်။ ဒီကိစ္စမှာ ငါပါနေတဲ့အတွက် အရှင်မင်းကြီးက ခွန်းနင်နန်းဆောင်ကို ရောက်လာပြီး ဒီကိစ္စ‌ကို မေးလိမ့်မယ်။ နောက်ပြီးကျ သူ့ကိုယ်ပေါ်က ရှန်ဖေးဇီအကြောင်း အရှင်မင်းကြီးက သေချာပေါက် သိသွားမှာပဲ အဲ့ဒီအခါကျ ငါ မြစ်ဝါမြစ်ထဲ ခုန်ဆင်းရင်တောင်မှ ငါက အပြစ်ကင်းတယ်ဆိုတာကို သက်သေပြနိုင်တော့မှာ မဟုတ်ဘူး။ ငါ ပြောတာ ဟုတ်တယ်မလား ”

“ ဒီအကြံသာ အောင်မြင်သွားရင် လီကိုယ်လုပ်တော်ကို ဖယ်ရှားနိုင်ရုံတင်မက အဲ့အတွက် အပြစ်ကိုလည်း ငါ့အပေါ် ပုံချလို့ ရသွားလိမ့်မယ်။ ထပ်ပြောရရင် ဧကရီမိဖုရားခေါင်ရာထူးကိုပါ ရိုက်ခတ်လာနိုင်တယ်။ ဒီအကြံ .... သိပ်ကို အသေးစိတ်ကျလွန်းတယ် .... ”

“….”

ယဲ့ကျန်းကျန်း စားပွဲခုံကို ဝုန်းကနဲ ထုလိုက်ပြီး အသံမာမာနဲ့
“ အမှန်အတိုင်း ပြော !! နင့်ကို ဒီကိစ္စခိုင်းတဲ့သူက ဘယ်သူလဲ !! ”

ဒီအခြေအနေအရဆို ဘယ်လိုပဲဖြစ်ဖြစ် သူ သေရတော့မယ်ဆိုတာ သဘောပေါက်သွားတဲ့အခါ ဝမ်ရှောင်းဟူ သူ့စိတ်ကိုသူ ပြင်ဆင်လိုက်ပြီး ဝန်ခံလာတယ်။

“ကျွန်တော်မျိုး ဝန်ခံပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ဘယ်သူနဲ့မှ မပတ်သက်ပါဘူး။ ကျွန်တော်မျိုးက အမြဲတမ်း လီကိုယ်လုပ်တော်ကို မနှစ်မြို့ခဲ့ဘူး။ ဒါ့ကြောင့် ဆက်သည်းမခံနိုင်တော့ဘဲ ဒီလိုအမှားမျိုးကို ကျူးလွန်ခဲ့မိတာပါ။ ကျွန်တော်မျိုးကို မယ်မယ် သတ်ချင်သည်ဖြစ်စေ မဖြစ်စေ ကျွန်တော်မျိုး လက်ခံပါ့မယ် ”

“ ဘယ်လောက်တောင် သစ္စာရှိချက်လဲ ”
ယဲ့ကျန်းကျန်း ရယ်လိုက်တယ်။ သူ(မ) ထိုင်နေရာက ထလာပြီး ဝမ်ရှောင်းဟူဘေးမှာ ပတ်ပတ်လည် လမ်းလျှောက်ရင်း

“ ဝမ်ရှောင်းဟူ ဟွေ့ဖေးက နင့်ကို ဘာပေးထားလဲဆိုတာ အရေးမပါဘူး ”
ဒူးထောက်နေတဲ့ ကုန်းကုန်း‌ကို ကြည့်ရင်း ပြောလိုက်တယ်။ သူ့တစ်ကိုယ်လုံး တုန်ယင်လာပြီး မျက်နှာကလည်း ဖြူစုတ်သွားတယ်။ သူ(မ) မျက်ဝန်းတွေကို မှိတ်လိုက်ပြီး

“ နင် သိဖို့က ဟွေ့ဖေး လုပ်နိုင်တဲ့အရာကို ငါလည်း လုပ်နိုင်တယ်။ ဒါပေမဲ့ သူ(မ) မလုပ်နိုင်တဲ့အရာကိုတော့ ငါက လုပ်နိုင်တယ် ”

သူ(မ)ရဲ့ ခင်ပွန်းက လက်ရှိဧကရာဇ်ဖြစ်ပြီး အဖိုးဖြစ်သူကကျ အမတ်ချုပ်ကြီးဖြစ်တယ်။ ဒီအင်ပါယာရဲ့ အာဏာစက်ကြီးတဲ့ ပုဂ္ဂိုလ်နှစ်ဦးစလုံးက သူ(မ)နဲ့ ပတ်သက်နေတယ်။ ဒါကြောင့်မို့ ဒီလိုစကားမျိုးကို ခပ်မာမာ ပြောနိုင်တာပဲ ဖြစ်တယ်။ တစ်စုံတစ်‌ယောက်ကို ခြောက်ဖို့ အတည်ပေါက်နဲ့ ပြောလိုက်တာမျိုး မဟုတ်ဘူး။

ဝမ်ရှောင်းဟူတစ်ယောက် မျက်ရည်စက်လဲ့နဲ့ မြေကြီးကို နဖူးနဲ့ မနားတမ်း တိုက်ရင်း

“ ဧကရီ ဟွေ့ဖေးက ကျွန်တော်မျိုးရဲ့ မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်နဲ့ ခြိမ်းခြောက်ထားခဲ့လို့ပါ။ အဲ့တာမို့ ..... ကျွန်တော်မျိုး .... ကျွန်တော်မျိုး အမှန်တိုင်း ဝန်ခံပါ့မယ်။ မယ်မယ် ကျေးဇူးပြုပြီး ကူညီပေးပါ။ ကျွန်တော်မျိုးက သေသင့်ပါတယ်။ ဒါပေမဲ့ ... ကျွန်တော်မျိုးရဲ့ မိသားစုတွေကတော့ အပြစ်ကင်းပါတယ် ”

ယဲ့ကျန်းကျန်း ပြန်ထိုင်လိုက်ပြီး သူ(မ) ခေါင်းကို ယမ်းလိုက်ရင်း

“ အရင် ထလိုက်တော့။ ဟွေ့ဖေးက နင့်ကို ခြိမ်းခြောက်ထားတာပဲ ဖြစ်မယ်။ နင်က ငယ်သေးတော့ အရူးလုပ်ရ လွယ်တယ်။ နန်းတော်ထဲမှာ ဘာကိစ္စပဲ ဖြစ်ပါစေ ဒါက နန်းပြင်ကလူတွေနဲ့ ဘာမှမသက်ဆိုင်ဘူး။ ဟွေ့ဖေးရဲ့အဖေက အရူးမဟုတ်ဘူး။ နင့်မိသားစုတွေကသာ တကယ် အပြစ်ကင်းတယ်ဆို သူတို့ကို ထိခိုက်အောင် လုပ်ဖို့ သူ့သမီးကို ကူညီမှာမဟုတ်ဘူး။ ဘာမဟုတ်တဲ့ ကိစ္စလေး အောင်မြင်ဖို့အတွက် သူ့အင်အားကို ထုတ်သုံးမှာ မဟုတ်ဘူး ”

နောက်ဆုံးတော့ ဝမ်ရှောင်းဟူတစ်‌ယောက် စိတ်ကို ငြိမ်ငြိမ်ထားနိုင်သွားပြီး ငိုတာလည်း ရပ်သွားတယ်။ အစတုန်းကတော့ သူ သေမှာကို မရှောင်နိုင်တဲ့အတွက် သူ့မိသားစု ဘေးကင်းဖို့ကိုသာ တွေးနေခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ ဧကရီရဲ့ စကားကို နားထောင်ပြီးတဲ့နောက် သူ ပိုပြီး စိတ်တည်ငြိမ်လာတယ်။

“ နင် သေသွားပြီးတဲ့နောက် နင့်မိသားစုက ထိုက်သင့်တဲ့ လျော်ကြေးကို ရစေရမယ် ”
ယဲ့ကျန်းကျန်းက နွေးထွေးစွာ ပြောလာတယ်။ ဒီမြင်ကွင်းကို နောက်ကနေ ထိုင်ကြည့်နေတဲ့ ကျီဝူကျိုးကတော့ လုံးဝကို အံ့အားသင့်နေမိတယ်။ ဒါ တစ်ယောက်ယောက်ကို နှစ်သိမ့်တဲ့ နည်းလမ်း ဟုတ်ရဲ့လား။  ထပ်ပြောရရင် တော်ဝင်ကိုယ်လုပ်တော်တစ်ပါးကို ထိခိုက်အောင် လုပ်ရဲတဲ့ ကုန်းကုန်းတစ်ယောက်ကို နှစ်သိမ့်ဖို့ လိုလို့လား။

အရာအားလုံးကို ရင်ဆိုင်ဖို့ အသင့်ပြင်ရင်း မျှော်လင့်ချက်ဆိုတာမျိုး သိပ်မထားတဲ့ ဝမ်ရှောင်းဟူတောင်မှ ဧကရီမိဖုရားခေါင်ကြီးနဲ့ စကားပြောပြီးတဲ့အခါ ရင်ထဲ ထိရှသွားရတယ်။

“ သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဧကရီမိဖုရားခေါင်ကြီး။ နောက်ဘဝကျရင် မယ်မယ့်ဆီမှာ မြင်းတွေ နွားတွေအနေနဲ့ ပြန်ဝင်စားပြီး ဒီကြင်နာမှုအတွက် ပြန် အလုပ်အကျွေးပြုပါ့မယ်။ မယ်မယ် ကျွန်တော်မျိုးမှာ မေးချင်တာလေး တစ်ခု ရှိပါသေးတယ်။ ကျွန်တော်မျိုးကို စေခိုင်းတဲ့သူက ဟွေ့ဖေးမှန်း ဘယ်လိုသိတာလဲ ”

ယဲ့ကျန်းကျန်း ရယ်လိုက်ရင်း

“ ဒီအတိုင်း ခန့်မှန်းကြည့်လိုက်ရုံတင်။ သဲလွန်စလေးတစ်ခုကနေ လိုက်လိုက်တာ ဖမ်းမိသွားတာပဲ ”

“…”

ဝမ်ရှောင်းဟူတစ်ယောက် ဆွံ့အသွားတယ်။ သူ့မျက်နှာပြောင်ပြောင်နဲ့ ယဲ့ကျန်းကျန်းကို စိတ်ထဲက ချီးကျူးလိုက်တယ်။ ယဲ့ကျန်းကျန်းလည်း စိတ်အခြေအနေ ပိုကောင်းလာပြီး ဝမ်ရှောင်းဟူနဲ့ပါ စကားစမြည် ပြောလာတယ်။ သူ့မိသားစုက ဘယ်နှစ်‌ယောက်လဲ၊ ဘယ်မှာနေလဲ၊ ဘာ‌လုပ်လဲ၊ ဘယ်လိုလုပ် သူက နန်းတော်ထဲ ရောက်လာတာလဲ၊ ဘယ်နှစ်လောက် ရှိပြီလဲ စသည်ဖြင့်ပေါ့။

မကြာခင် သေရတော့မယ်ဆိုတာကို တွေးမိတဲ့အခါ ဝမ်ရှောင်းဟူ သူ(မ) မေးသမျှကို အမှန်အတိုင်း အကုန် ဖြေပေးခဲ့တယ်။ ဒါ့အပြင် နန်းပြင်က သတင်းတွေနဲ့ ပုံပြင်တွေကိုပါ ပြောပြလာတယ်။ အဲ့ဒါက သိပ်စိတ်ဝင်စားဖို့ ကောင်းတာမို့ ယဲ့ကျန်းကျန်းဆီကနေ ရယ်သံလေးတွေတောင် ပျံ့လွင့်လာတယ်။ သူတို့ကြားက လေထုက သိပ်ကောင်းနေတယ်။

ဒါပေမဲ့ ဒီမြင်ကွင်းနောက်ကွယ်က လေထုကတော့ ပြိုတော့မတတ်ပဲ။

သူတို့နှစ်ယောက်ပြောနေတာကို အပြင်ဘက်က နားထောင်ရင်း ကျီဝူကျိုးတစ်ယောက် နားကို မလည်နိုင်တော့ဘူး။ ဘယ်လိုလုပ် အစောနကလေးတင် အခြေအ‌တင် စစ်မေးနေတဲ့ စစ်ကြောရေးကနေ ရယ်ရယ်မောမောနဲ့ ဇာတ်လမ်းပုံပြင်တွေ ပြော‌တဲ့ဆီ ရောက်သွားတာလဲ။ သူတို့‌နှစ်ယောက် ပြောနေတာကို အစအဆုံး အကုန် ကြားနေရတာတောင်မှ ကျီဝူကျိုး နားမလည်နိုင်သေးဘူး။ ဒီနှစ်ယောက် .... ဒီနှစ်ယောက်က ငတုံးတွေလား !?

ပိုပြီး အရေးကြီးတဲ့ ကိစ္စက သူ(မ)က ကျီဝူကျိုးကို နောက်မှ နေဖို့ ပြောခဲ့ပြီး အခုကျ သူ့ကိုပါ လုံးဝ မေ့သွားတဲ့ပုံပဲ။
Waiting for a while more, still Ye Zhen Zhen did not come to escort him, he stood up and headed outside.
ခဏလောက် စောင့်ကြည့်နေသေးပေမဲ့ ယဲ့ကျန်းကျန်းက သူ့ဆီ ရောက်မလာသေးဘူး။ သူ မတ်တပ် ထရပ်လိုက်ပြီး အပြင်ကို ထွက်လာလိုက်တယ်။

“ မယ်မယ် နန်းပြင်က အရာတွေက ဒီနန်းတော်ထဲကလိုမျိုး အကောင်းတကာ့ အကောင်းဆုံး မဟုတ်ပေမဲ့ အမြဲတမ်း အသစ် အသစ်တွေနဲ့ ပြည့်နှက်နေတယ်။ မယ်မယ် မြည်းစမ်းကြည့်လို့ ရတဲ့‌နေရာတွေလည်း အများကြီးပဲ။ ဟိုနာမည်ကြီး စားသောက်ဆိုင်မှာဆို တစ်ကမ္ဘာလုံးက ဟင်းပွဲအစုံကို မြည်းစမ်းကြည့်လို့ရတယ်။ သူတို့ကို မြှောက်ပြောတာ မဟုတ်ပေမဲ့ ဟင်းပွဲအမယ်စုံတဲ့ နေရာမှာတော့ ရွှေနန်းတော်ကိုတောင် ယှဉ်နိုင်တယ် ”

“ တကယ်လား နင် အဲ့မှာ စားဖူးလား ”

“ ကျွန်တော်မျိုး တစ်ခါပဲ အဲ့ကို ရောက်ဖူးတယ်။ အဲ့ဒီ့မှာ ဂျပန်စာတွေကို ကျွန်တော် စားကြည့်ခဲ့တယ်။ ငါးတွေကို အစိမ်းစားကြတယ်ဗျ။ တချို့ကတော့ မစားနိုင်ကြပေမဲ့ ကျွန်တော်မျိုး အမြင်တော့ သိပ်မဆိုးပါဘူး။ လတ်လတ်ဆတ်ဆတ် ပိုဖြစ်တယ် ”

“ ငါးအစိမ်းကို စားလို့ရတာလား ”

“ ရတယ်။ ဒါ့အပြင် အဲ့မှာ စားစရာတွေမှ အစုံပဲ။ ကြွပ်ကြွပ်ကြော်ထားတဲ့ ပုစွန်ကြော်လည်း ရှိသေးတယ်။ နှမြောစရာ ကျွန်တော်မျိုးက မကြာခင် သေရတော့မှာဆိုတော့ မယ်မယ် မြည်းစမ်းကြည့်ဖို့ အဲ့ဒါတွေကို ပြန်မသယ်လာနိုင်တော့ဘူး ”

“ နင်လုပ်ခဲ့တဲ့ အပြစ်က သေဒဏ်ကျသင့်တယ် ဆိုပေမဲ့လည်း သူများ ခြိမ်းခြောက်အကျပ်ကိုင်လို့ လုပ်ခဲ့ရတာဆိုတော့ ငါ အရှင်မင်းကြီးကို လျှောက်တင်ပြီး နင့်ရဲ့ ... ဟုတ်သားပဲ အရှင်မင်းကြီး ! ”

ရုတ်တရက် ယဲ့ကျန်းကျန်း သတိရသွားပြီး ချက်ချင်းပဲ ထကာ နောက်ကို လှည့်ကြည့်လိုက်တယ်။ ကျီဝူကျိုးက ကလန့်ကာနောက်ကနေ အပြင်ကိုတောင် ရောက်နေပြီ။

ချက်ချင်းပဲ ဝမ်ရှောင်းဟူလည်း ဒူးထောက်ချလိုက်ပြီး

“ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ ”

ကျီဝူကျိုး သူတို့နှစ်ယောက်စလုံးကို အေးစက်စက် ကြည့်လိုက်ရင်း

“ မင်းတို့နှစ်ယောက် အတော် စကားကောင်းနေတဲ့ပုံပဲ ”

ယဲ့ကျန်းကျန်း ဝမ်ရှောင်းဟူကို လှည့်ကြည့်လိုက်ပြီး

“ နင် အရင် ပြန်နှင့်တော့ ”

ကျီဝူကျိုး ထိုင်လိုက်တယ်။ ယဲ့ကျန်းကျန်း စူးယွဲ့ကို လက်ဖက်ရည်ဆက်သဖို့ အမိန့်ပေးလိုက်ပြီး သူ(မ)ကိုယ်တိုင် ကျီဝူကျိုးကို ဆက်သလေတယ်။

အားလုံးထွက်သွားပြီးတဲ့နောက်မှာတော့

“ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်တုန်းကတည်းက သဲလွန်စရထားတာလဲ ”

“ ကျွန်တော်မျိုးမ တင်တရှန်းရဲ့ အလောင်းကို တွေ့တဲ့အချိန်မှာပါ ”

“ပုံမှန်ဆို လူတွေက အပြစ်ရှိစိတ်နဲ့ သတ်သေကြတဲ့အချိန်မှာ သူတို့ကိုယ်ပေါ် သက်သေ ချန်မထားတတ်ကြဘူး။ သေချာတာက တစ်ယောက်ယောက်က သူ့ကို အကွက်ချသွားတာပဲ။ ဒါ့အပြင် သတ်သေတဲ့ အချိန်ကလည်း တိုက်ဆိုင်လွန်းတယ်။ တကယ်လို့ ဟိုကုန်းကုန်းသာ နေ့လယ်ခင်း ပြန်အိပ်ဖို့ ဝင်မလာခဲ့ရင် အရှင်မင်းကြီး ရောက်လာတဲ့အခါမှသာ ဒီအကြောင်းကို ကျွန်တော်မျိုးမတို့ သိရလိမ့်မယ်။ တကယ်လို့ တစ်ယောက်ယောက်ကသာ မိဖုရားခေါင်ကြီးကို အကွက်ချချင်တယ်ဆိုရင် အရင်ဆုံး လာတိုင်ရမယ့်သူက အရှင်မင်းကြီးပဲ ”

“ ဘာလို့ ဟွေ့ဖေးလို့ ယူဆတာလဲ ”

“ တကယ်ကိုက်မယ့်ခွေးက ဟောင်မနေဘူး ”

မိဖုရားခေါင်ကြီးကို ချောက်ချရတာက လီကိုယ်လုပ်တော်ကို လုပ်ကြံရတာလောက် မလွယ်ဘူး။ အခုလို ရာထူးကြီးတဲ့ မိဖုရားနှစ်ပါးလုံးကို တစ်ခါတည်း ဆွဲချနိုင်ဖို့ဆို သတ္တိကော လုပ်ရည်ကိုင်ရည်‌ကော ဒီလိုလုပ်နိုင်လောက်တဲ့ အဆက်အသွယ်ကော ရှိမှ ဖြစ်မှာ။ ဒါ့ကြောင့်မို့ သံသယရှိ လူစာရင်းကို ဖေးအဆင့်နဲ့ အထက်လို့ ယဲ့ကျန်းကျန်း ချုံ့ချလိုက်တယ်။ ကျွမ်း‌ဖေးနဲ့ လီကိုယ်လုပ်တော်က တစ်ဖွဲ့တည်းဆိုတော့ သူ(မ)ကို ဖယ်လိုက်တယ်။ ရှန်ကိုယ်လုပ်တော်ကကျ သူ့နေရာတောင် မတည်မြဲသေးဘူး။ ဒါ့အပြင် သူ့ပုံစံအရ ဒါမျိုးကိစ္စကို လုပ်မယ့်ပုံ မပေါ်ဘူး။ ရှီဖေးကကျ ဟောင်သာဟောင်တာ မကိုက်ရဲဘူး။  လီကိုယ်လုပ်တော်ကကျ  ခန့်မှန်းရလွယ်တယ်။ ဧကရာဇ်ရဲ့ မြတ်နိုးမှုကို ရထားတဲ့ ရှန်ကိုယ်လုပ်တော်ကို သူ(မ) မနှစ်မြို့ဆုံး ဖြစ်နေတာဆိုတော့ ဒီကိစ္စက သူ(မ) လုပ်တာလည်း မဖြစ်နိုင်ဘူး။ နောက်ဆုံးကျန်တဲ့သူက ဟွေ့ဖေးပဲ။

“ ဘာလို့ ရှန်ကိုယ်လုပ်တော်ကို သံသယမဝင်တာလဲ ”

“ ရှန်ကိုယ်လုပ်တော်က အခုချိန်မှာ အရှင်မင်းကြီးရဲ့ အနှစ်သက်ဆုံး ဖြစ်နေတာလေ။ ကျွန်တော်မျိုးမက ဘယ်လိုလုပ် သံသယ ဝင်ရဲမှာလဲ ”

သူ(မ)ရဲ့ ခပ်ချဉ်ချဉ် စကားတွေကို ကြားလိုက်ရတဲ့အခါ ကျီဝူကျိုး နေသာထိုင်သာ ရှိသွားတယ်။

“ ဒါပေမဲ့ ဟွေ့ဖေးနဲ့ မင်းကြား ဘာရန်ငြိုးရန်စမှလည်း မရှိဘူးလေ ”

ယဲ့ကျန်းကျန်း သူ့ကို ကြည့်လိုက်ပြီး

“ အရှင်မင်းကြီး ကျွန်တော်မျိုးမက ဘွင်းဘွင်းရှင်းရှင်း လူစားမျိုးပါ။ စိတ်ထဲ ရှိသလို ပြောချတတ်တယ်။ ဒါပေမဲ့ ဒီတစ်ခါ ကျွန်တော်မျိုးမ နှုတ်ဆိတ်နေဖို့ ဆုံးဖြတ်လိုက်တဲ့အခါကျမှ အရှင်မင်းကြီးက အားလုံးကို ထုတ်ပြောစေချင်နေတာလား ”

ဟွေ့ဖေးက ယဲ့ကျန်းကျန်းကို စိန်ခေါ်ရဲလောက်တဲ့အထိ သတ္တိမရှိဘူး။ တကယ်တမ်း သူ(မ) နောက်ကွယ်ကသူက မယ်တော်ကြီးပဲ။

“ ကောင်းပြီ ”
ကျီဝူကျိုး ခေါင်းငြိမ့်လိုက်ရင်း သူ(မ)နဲ့ အကြည့်ချင်း ဆုံသွားတယ်။ သူ(မ) အကြည့်တွေမှာ ဘာမခံစားချက်မှ ရှိမနေခဲ့ပေ။

“ မင်းက ပါးနပ်သားပဲ ”
ကျီဝူကျိုး လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်တယ်။

“ ပါးနပ်ရုံတင်ပဲ မဟုတ်ဘူး။ တကယ်တော့ ကျွန်တော်မျိုးမက သိပ်ပါးနပ်တာ ”


“ ဖူး ——“

သူ့ပါးစပ်ကနေ လက်ဖက်ရည်တွေ အကုန် ပြန်ထွက်လာတယ်။ သူ့ဝတ်ရုံကို ကြည့်လိုက် တည်ငြိမ်နေတဲ့ ယဲ့ကျန်းကျန်းကို ကြည့်လိုက်နဲ့ ကျီဝူကျိုးတစ်ယောက် ခေါင်းကိုသာ တွင်တွင်ယမ်းရင်း သူ့လက်ကိုင်ပဝါကို ထုတ်ကာ ဝတ်ရုံကို လှမ်းသုတ်နေတော့တယ်။ မသိမသာလေး သက်ပြင်း‌လည်း ခိုးချရင်းပေါ့။





Zawgyi

ရွှေနန်းထက်က ဧကရီWhere stories live. Discover now