Ch-22.1

423 55 0
                                    

အခန်း (၂၂) (က)

"ကတ်... အရမ်းကောင်းတယ်၊ မင်းတို့နှစ်ယောက်လုံး အရမ်းလိုက်‌လျောညီထွေရှိတယ်။” စစ်ယွီတစ်ယောက် ထိုစကားကို ပြောပြီး နောက်ဆုံးတွင် ဒါရိုက်တာလျန့်သည် စိတ်လှုပ်ရှားစွာပင် ကတ်ဟု အော်လိုက်တော့သည်။

အစပိုင်းတွင် ဇာတ်ညွှန်းအတိုင်း သွားနေသော်လည်း ရှုချင်းဝမ်မှ စစ်ယွီကို ရုတ်တရက် ရေထဲသို့ တွန်းချလိုက်သည်ကစပြီး စစ်ယွီမှ သူမအား ရေထဲသို့ ပြန်ဆွဲချသွားသည်အထိ ထိုပြကွက်များအားလုံးသည် သူတို့ဘာသာ ထပ်ဖြည့်ထားသော ဇာတ်ဝင်ခန်းများသာဖြစ်သည်။ သို့သော် ဒါရိုက်တာလျန့်သည် ရိုက်ချက်များကို အကြိမ်ကြိမ် ပြန်ကြည့်ပြီးနောက်၊ ပြန်ကြည့်လိုက်တိုင်း ဤအကွက်များသည် သင့်လျော်လှကြောင်း သူပို၍ယုံကြည်လာခဲ့၏။ သူသည် စိတ်လှုပ်ရှားမှုကြောင့် သူ့ပေါင်ကိုတောင် တစ်ကြိမ်လောက် ပုတ်လိုက်မိသည်။

အဲ့ဒါ မှန်တယ်၊ ဇာတ်ညွှန်းထဲမှာ တစ်ခုခုလွဲနေသလို သူအမြဲခံစားနေခဲ့ရတာ။ ယွင်ဟယ်ရဲ့ ပြောင်းလဲမှုက လုံးဝရုတ်တရတ်ကြီးပဲ။ သူမက နန်းတော်ထဲမှာ အနိုင်ကျင့်ခံရလေ့ရှိပြီး လုံးဝပြန်မပြောရဲခဲ့ပေ။ ဒီတော့ သူမလိုလူက တိုင်းပြည်ပြိုလဲပြီးတာတောင် ရန်သူကို အလျှော့မပေးဘဲ ဘယ်လိုလုပ် နေနိုင်မှာလဲ။ အဲ့ဒါကြီးက အဓိပ္ပါယ်ရှိမနေဘူး။

သို့သော် စစ်ယွီ၏ ဉာဏ်ကောင်းသည့်ရိုက်ချက်ကြောင့် အရာအားလုံး အဓိပ္ပါယ်ရှိသွားခဲ့သည်။ ယွင်ဟယ်သည် ပျော့ညံ့သူလည်းမဟုတ် သူရဲဘောကြောင်သူလည်း မဟုတ်ပေ၊ သူမသည် အရာအားလုံးကို ရေးကြီးခွင်ကျယ် မလုပ်ချင်ရုံသာ။ သူမ၏ နှလုံးသားထဲတွင် မာနရှိသည်။ ထို့ကြောင့် ယွင်မုန့်က သူမ၏ မင်းသမီးဖြစ်ခွင့်ကို မေးခွန်းထုတ်လိုက်တဲ့အခါ သူမချက်ချင်း ပြန်လည်ခုခံခဲ့တာပင်။
"စစ်ယွီကျဲ... မြန်မြန် ရေစိုအဝတ်အစားတွေလဲဖို့ အစ်မကို ကျွန်မလိုက်ကူမယ်။” ဒါရိုက်တာလျန့်က ကတ်လို့ အော်ပြောလိုက်တာနဲ့ ဘေးနားတွင် စိတ်မရှည်စွာ စောင့်နေသည့် ချန်ယွဲ့သည် သူမဆီ အမြန်ပြေးသွားလိုက်၏။ သို့သော် သူမ သွားရာလမ်းတွင် ရှုချင်းဝမ်၏ လက်ထောက်က သူမကို ဘေးသို့ တွန်းလိုက်သည်။
ရှုချင်းဝမ်၏ ကိုယ်လုံးကိုယ်ပေါက်မှာ စစ်ယွီထက် အနည်းဆုံး နှစ်ဆလောက် ပိုကောင်းသည်။ သူမသည် ရေထဲတွင် တစ်မိနစ်ပြည့်အောင်တောင် မနေရပေမယ့် အအေးမိနေသလို သူမပါးစပ်ကိုတောင် အုပ်ထားလိုက်သေးသည်။ သူမ၏ဆံပင်များမှာ ရေရွှဲနေပြီး သူမသည် သေချာပေါက် နူးညံ့ပြီး သနားစရာကောင်းနေခဲ့သည်။

"ဒါရိုက်တာလျန့်၊ အခုပဲ ကျွန်မရဲ့ဇာတ်ကောင်ကို ဖမ်းရတာ နည်းနည်း ချို့ယွင်းချက်ရှိနေတယ်။ ကျွန်မ တကယ်တောင်းပန်ပါတယ်။ ဒါရိုက်တာခွင့်ပြုမယ်ဆိုရင် စစ်ယွီရဲ့ သရုပ်ဆောင်ချက်နဲ့အညီ ကျွန်မ ပြန်လုပ်နိုင်မယ် ထင်ပါတယ်……" ရှုချင်းဝမ်က သိမ်သိမ်မွေ့မွေ့လေး ပြောလိုက်သည်။

ဒါရိုက်တာလျန့်က ချက်ချင်း ခေါင်းခါပြီး ငြင်းဆန်လိုက်မည်ဟု ဘယ်သူမှ မမျှော်လင်ခဲ့ပေ။ “မလိုဘူး။ အဲဒီ ရိုက်ချက်က အခုပြီးသွားပြီ။ မင်းတို့နှစ်ယောက်က တကယ် အကြံကောင်းတယ်။"

ဒါကိုကြားတော့ ရှုချင်းဝမ်၏ မျက်နှာပေါ်က အပြုံးမှာ အနည်းငယ် တင်းမာသွားခဲ့သည်။ သူမသည် မသိစိတ်ဖြင့် အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
သူမဘေးနားရှိ လက်ထောက်လေးသည် အလွန်အကင်းပါးလှသည်။ ရှုချင်းဝမ်တစ်ယောက် စကားရပ်သွားတာကိုမြင်တော့ သူမသည် ဒါရိုက်တာလျန့်ကို အလျင်စလို နှုတ်ဆက်လိုက်ပြီး ရှုချင်းဝမ်ကို နားနေခန်းထဲ ပြန်ပို့ပေးလိုက်၏။
ထိုအချိန်တွင် ချန်ယွဲ့သည်လည်း စစ်ယွီအနားသို့ ပြေးသွားသည်။ စစ်ယွီတွင် အားနည်းသော ခန္ဓာကိုယ်ရှိကြောင်း သူမ သိနေသည်။ ဒီတစ်ကြိမ်တွင် သူမသည် ပြင်ဆင်မှုအပြည့်နှင့် ထွက်လာခဲ့တာဖြစ်၏။ ပထမဆုံး သူမသည် စစ်ယွီကို အဝတ်ဖြင့် တင်းတင်းကျပ်ကျပ် ထုပ်လိုက်သည်။ "အဲ့ဒီမိန်းမက ဘယ်လိုလူလဲ။ အရမ်းကို အလိုက်အကြိုက်ဆောင်ခံထားရတာလား။ စစ်ယွီကျဲက ဘာမှမပြောဘဲ ရေထဲမှာ ဆယ်မိနစ်ကျော်နေခဲ့ရတာ။ ဒါပေမဲ့ ဒီလူက စပြီး သရုပ်ဆောင်နေပြီ။ သူက ဒီအခန်းကို နောက်ထပ် ထပ်ရိုက်ချင်သေးတယ်ပေါ့လေ။ ဒီအခန်းကို ရိုက်ရတာများ စွဲလမ်းနေသလား။"

ထိုစကားကို ပြောပြီးနောက် ချန်ယွဲ့သည် စစ်ယွီကို မြန်မြန်လောဆော်လိုက်သည်။ "စစ်ယွီကျဲ၊ ကျွန်မတို့လည်း မြန်မြန်သွားပြီး အစ်မရဲ့ အဝတ်အစားတွေ လဲရတယ်။”

စစ်ယွီက မလှုပ်ပေ။ ထို့အစား သူမသည် ဒါရိုက်တာလျန့်ကိုကြည့်ပြီး မေးလိုက်သည်။ "ဒါရိုက်တာလျန့်၊ ဒါဆို နောက်တစ်ခန်းက ---။"

ဒါရိုက်တာလျန့်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "နောက်အခန်းက သူပုန်စစ်တပ်နဲ့ ဇာတ်ကွက်ကို ရိုက်မယ်။ ဆိုတော့ မင်း နားနေခန်းထဲမှာ ခဏလောက် အနားယူလိုက်သင့်တယ်။ ငါတို့ အခြားဇာတ်ဝင်ခန်းတွေ အရင်ရိုက်ကူးပြီးမှ မင်းအခန်းကို ရိုက်မယ်။ အအေးမမိစေနဲ့ဦး။”

စစ်ယွီသည် ဒါရိုက်တာလျန့်ကို ပြုံးကာ ကျေးဇူးတင်စကားဆိုလိုက်၏။ သို့သော် သူမ၏ မျက်နှာမှာ ဖြူဖျော့လွန်းနေသဖြင့် သူမ၏ အပြုံးမှာ ပျော့ညံ့နေသည့် အာရုံမျိုးကို ရစေသည်။ ထိုကဲ့သို့ ပုံမှန်မဟုတ်သော အလှတရားမျိုးသည် သူမဘေးနားက လူတိုင်း၏မျက်လုံးများကို တောက်ပသွားစေခဲ့သည်။

စစ်ယွီ၏ ဇာတ်ကောင်သည် အပိုဇာတ်ဝင်ခန်းတစ်ခုသာဖြစ်သောကြောင့် ရုပ်ရှင်၏ ပထမနှစ်မိနစ်ခန့်တွင်သာ သူမပေါ်လာမည်ဖြစ်ပြီး ဒါရိုက်တာလျန့်သည်လည်း သူမထံမှ အများကြီး မမျှော်လင့်မထားခဲ့ပေ။ သို့သော် စစ်ယွီ၏ စွမ်းဆောင်မှုသည် သူ့မျှော်လင့်ထားသည်ထက် ကျော်လွန်နေမယ်လို့တော့ မထင်ထားခဲ့ပေ။ မထင်မှတ်ထားဘဲ ပျော်ရွှင်စရာ အံ့အားသင့်ဖွယ်တစ်ခု ဖြစ်နေခဲ့၏။ ထို့ကြောင့် ဒါရိုက်တာလျန့်၏ သူမ‌အပေါ် သဘောထားသည်လည်း သိသိသာသာကြီးကို ပိုပြေပြစ်လာခဲ့၏။

ဆန့်ကျင်ဘက်အနေနှင့်၊ ဒါရိုက်တာလျန့်၏ ရှုချင်းဝမ်အပေါ် အထင်အမြင်မှာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။ အခုလေးတင်ပဲ ဇာတ်ညွှန်းပြောင်းဖို့ အဆိုပြုရဲတဲ့ ရှုချင်းဝမ်၏ သတ္တိကို သူတော်တော်လေး ချီးကျူးမိသည်။ သူသည် စည်းကမ်းကြီးကို အမြဲတမ်း လိုက်နာသောလူမျိုးမဟုတ်ပေ။ ဇာတ်ညွှန်းကို နေရာမရွေး အချိန်မရွေး ပေါင်းထည့်ခြင်းမျိုး၊ ပြောင်းလဲခြင်းမျိုးသည် သာမာန်သာဖြစ်သည်။ သို့သော် ခုနက ရိုက်ချက်တွင် စစ်ယွီက ပိုကောင်းသည်ဟု သူတကယ်ထင်မိသည်။ ထို့အပြင် ရှုတင်အပြီးတွင် ရှုချင်းဝမ်သည် နားနေခန်းသို့ မြန်မြန် ခေါ်သွားခံခဲ့ရ၏။ ဖြစ်ခဲ့တာတွေကို မသိတဲ့သူသာဆို ထုတ်လုပ်ရေးအဖွဲ့က သူမကို အနိုင်ကျင့်တယ်လို့ ထင်ကောင်းထင်ကြပေလိမ့်မည်။

တစ်ခြားလူ (စစ်ယွီ) ကတော့ ခန္ဓာကိုယ် အခြေအနေ မကောင်းတာတောင်မှ အလျင်လိုခြင်း မရှိခဲ့ပေ။ ရှုချင်းဝမ်က ဘာတွေများစိုးရိမ်နေရလို့လဲ။ ဒါရိုက်တာလျန့်သည် မျက်မှောင်ကြုံ့လိုက်ပြီး သူ၏ ရှုချင်းဝမ်အပေါ် ကျေနပ်တဲ့ သဘောထားမှာ အနည်းငယ် မှိန်ဖျော့သွားခဲ့သည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now