Ch-21.2

392 51 0
                                    

အခန်း (၂၁) (ခ)

ဒီလို မနက်အစောကြီး ဒေါသထွက်နေတဲ့ သခင်ငယ်လေးကျီကို ချော့ဖို့ မလွယ်ကူပေ။ စစ်ယွီသည် သခင်ငယ်လေးကို သူ့အခန်းသို့ လိုက်ပို့ပေးပြီးနောက် သူမသည် ချန်ယွဲ့နှင့်အတူ ရိုက်ကူးရေးနေရာသို့ ထွက်လာခဲ့လိုက်သည်။
ဒီနေ့ရိုက်ကွင်းသည် သူမနှင့် ရှုချင်းဝမ်တို့ အဓိက သရုပ်ဆောင်ကြရမှာဖြစ်သည်။ တော်ဝင်မိသားစုဟောင်း မပြိုကွဲမီ အချိန်ကို ရှုတင် ပြင်ဆင်ထား၏။ နှစ်ယောက်စလုံးသည် တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရေး မကောင်းကြသော ညီအစ်မများအဖြစ် သရုပ်ဆောင်ကြမှာဖြစ်သည်။ စစ်ယွီသည် ရှုချင်းဝမ်၏ ထူးဆန်းသော လုပ်ရပ်များကို ပြန်သတိရလိုက်သောအခါ ချက်ချင်း ခေါင်းကိုက်သွားရသည်။

ရှုချင်းဝမ်မှာ အမှန်တကယ်ပဲ ပြဿနာ ရှိနေတယ်ဆိုရင် သူမ ဘာလုပ်သင့်လဲ....

သူမ၏ လွင့်ပြန့်နေသော စိတ်များမှာ မိတ်ကပ်ပညာရှင်မှ သူမကို မိတ်ကပ်မလိမ်းမီအထိ ကြာမြင့်ခဲ့၏။ ကျီလင်းလို နာမည်ကြီးများမှလွဲ၍ သူမလို သရုပ်ဆောင်ငယ်လေးများ အားလုံးသည် မိတ်ကပ်ခန်းကြီးတစ်ခုကို မျှဝေပြီး သုံးစွဲကြရသည်။ စစ်ယွီသည် အစောကြီးလာခဲ့တာ ဖြစ်သည်။ သူမ၀တ်စုံကို လဲပြီးသောအခါ ရှုချင်းဝမ်သည် စိမ်ပြေနပြေနှင့် နောက်ကျမှ ရောက်လာခဲ့၏။

သူမစိတ်ထဲမှာ သံသယတွေ ရှိနေဝာာမို့လို့ပဲလား၊ စစ်ယွီသည် ရှုချင်းဝမ်ကို ပြန်ကြည့်မိသောအခါ ထူးဆန်းတဲ့အရာတစ်ခုကို ရုတ်တရက် သတိထားမိသွားသည် - သူမ၏ မန်ဟွာထဲတွင် ရှုချင်းဝမ်သည် ရိုးရှင်းလှသည့် လူသားနတ်ဘုရားမလေးဖြစ်ပြီး သူမသည် အလှကုန်များကို သုံးစွဲဖို့ ခဲယဉ်းသည်။ သူမသည် ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲကို ဝင်ရောက်လာသောအခါ အရာအားလုံးကို အလွန်သတိထားခဲ့၏။ နောက်ပိုင်းတွင် သူမ ကျီလင်းနှင့် တွေ့ဆုံသောအခါမှ သူမ၏ မသိနားမလည်သော၊ ဖြူစင်သော အသွင်အပြင်သည် သူ့ကိုဆွဲဆောင်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ သူသည် သူမကို ကာကွယ်ပေးခဲ့သည်။ ရှုချင်းဝမ်သည် အနုပညာအသိုင်းအဝိုင်းထဲသို့ ဝင်ခါစ အချိန်အတိုင်းအတာတစ်ခုသာ အခြားသူများ၏ အထင်သေးခြင်းကို ခံရသည်မှလွဲ၍ နောက်ပိုင်းတွင် သူမ၏ ကြယ်ပွင့်ဖြစ်ရန် လမ်းကြောင်းသည် ကြီးကြီးမားမား ဆုတ်ယုတ်မှုမျိုး မကြုံတွေ့ရဘဲ အလွန်ချောမွေ့နေခဲ့သည်ဟု ဆိုနိုင်ပေသည်။
သို့သော် အခု ရှုချင်းဝမ်သည် သူမ၏ ဆံပင်ကို လှိုင်းကြီးပုံစံ ဖြစ်အောင် ပြုပြင်ထားပြီး သူမ၏မျက်နှာသည်လည်း မိတ်ကပ်လိမ်းထားသောကြောင့် နူးညံ့နေခဲ့၏။ သူမသည် ဝန်ထမ်းများနှင့် တွေ့သောအခါ အလွယ်တကူပဲ နှုတ်ဆက်နိုင်သည်။ သူမမျက်နှာတွင် မသိနားမလည်သည့် ပုံစံမျိုး လုံးဝ‌ရှိမနေခဲ့ပေ။ စစ်ယွီသည် သူမကိုကြည့်လိုက်ပြီးနောက် ထိုလူသည် ဘာမှနားမလည်သည့် အသက် ၁၈ နှစ်ဝန်းကျင် မိန်းကလေးတစ်ယောက် နဲ့မတူဘူးဟု ခံစားလိုက်ရသည်။ ထိုအစား….  သူမသည် ဘဝအတွေ့အကြုံအချို့ကို စုဆောင်းထားပြီးဖြစ်သည့် ရင့်ကျက်သော အမျိုးသမီးတစ်ဦးနှင့် တူနေပုံရ၏။

စစ်ယွီ၏ အကြည့်သည် အကြာကြီး ကြည့်နေမိ၍ထင်သည်၊ ရှုချင်းဝမ်သည် စစ်ယွီက သူမကို ကြည့်နေသည်ကို မကြာမီ သတိပြုမိသွား၏။ သူမသည် ခြေထောက်ကို လှုပ်ကာ လျှောက်လာခဲ့သည်။

"နင် ဘာဖြစ်လို့ ဒီလောက် အစောကြီး လာတာလဲ။" ရှုချင်းဝမ်၏ လက်ထောက်သည် အစားအသောက်အိတ်များဖြင့် နောက်မှ လိုက်လာခဲ့သည်။ သူမ၏ မျက်လုံးများမှ အချက်ပြလိုက်သောအခါ လက်ထောက်လေးသည် မိတ်ကပ်ပြင်ခန်းရှိ လူများကို အစားအစာများကို အမြန်ဝေပေးလိုက်သည်။ ရှုချင်းဝမ်သည် ဒါက သူမ ဝယ်ကျွေးတာပါဟု ခပ်ကျယ်ကျယ် ပြောလိုက်ပြီးနောက် စစ်ယွီကို ပြန်ကြည့်လိုပ်သည်။ "ခဏနေကျရင် လိုက်ဖမ်းတဲ့ အခန်းတွေ အများကြီး ရှိမှာ။ နင် ဗိုက်ဖြည့်ထားဖို့ တစ်ခုခု စားသင့်တယ်။"
"မလိုပါဘူး၊ ငါစားပြီးသွားပြီ။" ကျီလင်း၏ ကြီးကြပ်နေသော မျက်စိအောက်တွင် သူမသည် ကဏန်းအသားစွပ်ပြုတ် ဖက်ထုပ်နှစ်ပန်းကန်ကို စားခဲ့ရသည်။ လောလောဆယ်မှာတော့ သူမ တကယ်ဗိုက်ပြည့်နေသည်။
ရှုချင်းဝမ် ထွက်သွားသောအခါ ချန်ယွဲ့သည် စစ်ယွီ၏နား,နားသို့ ခပ်တိုးတိုးမေးလိုက်သည်။ "စစ်ယွီကျဲ၊ သူမ ဘာကိစ္စနဲ့များ ကျွန်မတို့ဆီ ကြွလာရတာလဲ။"
လက်ထောက်ကလေးမှာ စိတ်နှလုံး အကြွင်းမဲ့ စစ်ယွီဘက်က ထောက်ခံသူဖြစ်သည်။  ရှုချင်းဝမ်၏ စကားတွေကို သူမ ပိုတွေးလေလေ၊ တစ်ခုခု မှားနေပြီလို့ သူမ ပိုခံစားလာလေပင်။ သို့သော်လည်း သူမသည် ပြဿနာကို အတိအကျ ထောက်မပြနိုင်ပေ။ ထို့ကြောင့် သူမမှာ တိုးတိုးလေးသာ ပြောနိုင်ပေသည်။ "ကံကောင်းစွာနဲ့ပဲ စစ်ယွီကျဲက သူမနဲ့ ပထမဆုံးအခန်း အနည်းငယ်ပဲရိုက်ရမှာမို့။”
"နင်က တော်ဝင်မင်းသမီးတစ်ပါးပဲ၊ အနိမ့်ဆုံး လူနေမှုအဆင့်က လူမဟုတ်ဘူး။ နင်က အနိုင်ကျင့်ခံရတာတောင် ပြန်မတိုက်နိုင်ခဲ့ဘူး။ ဒီလို ဂုဏ်သရေမျိုးက နင်နဲ့ထိုက်တန်သလား။" ရှုချင်းဝမ်၏ နန်းတွင်းဝတ်စုံသည် စစ်ယွီထက် ပိုသပ်ရပ်ပြီး လှပပေသည်။ သူမသည် ရေကန်အစွန်းတွင် မာနကြီးစွာ ရပ်နေပြီး ရေထဲတွင် တုန်လှုပ်နေသောလူကို ငုံ့ကြည့်နေခဲ့သည်။ သူမ၏ မျက်လုံးများသည် ရှုံ့ချမှု လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေ၏။
စစ်ယွီသည် ရေထဲသို့ အမှန်တကယ် ကျသွားတာဖြစ်သည်။ တကယ်တော့ ရေကန်က တကယ့် တိမ်တိမ်လေးပင်။ ရေကန်ထဲမှာ မတ်တပ်ရပ်လိုက်မယ်ဆိုရင် ရေက ခါးလောက်သာ ရှိသည်။ ထို့အပြင်၊ အခုက နွေရာသီဖြစ်သည်။ တစ်ယောက်ယောက်ကို ရေထဲမှာ စိမ်ထားရင်တောင် ပြဿနာ ကြီးကြီးမားမား မဟုတ်‌ပေ —ဒါပေမယ့် ဒါက သာမန်လူတွေအတွက် စံနှုန်းတစ်ခုသာ။

အလွန်အမင်း ဖျားနာတတ်သော စစ်ယွီအတွက်တော့ ရေအေးစိမ်ခိုင်းခြင်းသည် နှိပ်စက်ခြင်းသာဖြစ်သည်။ သူမသည် လူသစ်တစ်ယောက်ဖြစ်သောကြောင့် အစားထိုးသရုပ်ဆောင်ကို ချက်ချင်းတောင်းဖို့ သူမရှက်နေတာ သေချာပေသည်။ ထို့ကြောင့် သူမမှာ အံကြိတ်ပြီးသာ သည်းခံနေရ၏။ မည်သို့ပင်ဆိုစေ၊ "ရေထဲကျနေသည့်" ရိုက်ကွင်းသည် အလွန်တိုတောင်းပေသည်။ ရှုချင်းဝမ်တစ်ယောက် ပြောရမည့် စကားတွေကိုပြောပြီးတာနဲ့ သူမ ချက်ချင်းထွက်လာနိုင်သည်။

သို့သော် ရှုချင်းဝမ်သည် တစ်နည်းနည်းဖြင့် အကြိမ်ပေါင်းများစွာ အမှားလုပ်နေခဲ့၏။ ဒါရိုက်တာလျန့်သည် "ကတ်။” ဟု အော်ဟစ်လိုက်ပြီး မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။ "ရှုချင်းဝမ်၊ မင်း ဘာများဖြစ်နေတာလဲ။"

ရှုချင်းဝမ်သည် ရပ်လိုက်ပြီး ဒါရိုက်တာလျန့်ကို ရှက်ရွံ့စွာ ကြည့်လိုက်သည်။ "တောင်းပန်ပါတယ် ဒါရိုက်တာလျန့်၊ ကျွန်မထင်တာက .. ဒီအခန်းကလေ ယွင်ဟယ်က သူမ မျှော်လင့်ထားသလို မပြည့်မီနိုင်တဲ့အတွက် သူမအပေါ် ယွင်မုန့်ရဲ့ အမုန်းတရားကို ဖော်ပြပေးရမှာ။ ယွင်မုန့်က အရမ်းကို ချစ်ရဲမုန်းရဲတဲ့လူဆိုတော့ တော်တော်လေး ရက်စက်ပြီး ပြင်းထန်နေရမှာဆိုတော့ ကျွန်မ ဒီမှာရပ်ပြီး ယွင်ဟယ်ကို ဆူပူကြိမ်းမောင်းနေရုံနဲ့ ယွင်မုန့်ရဲ့ ပင်ကိုယ်စရိုက်ကို အပြည့်အဝပြသဖို့ လုံလောက်တယ်လို့ မထင်မိဘူး။"

ဇာတ်ဝင်ခန်းတစ်ခု ရိုက်ကူးသည့်အခါ အချို့သရုပ်ဆောင်များသည် ကြံဖန်ဖန်တီးမှုများကို နှစ်သက်ကြသည်။ ဇာတ်ကောင်အကြောင်းကို သူတို့၏ ကိုယ်ပိုင်နားလည်မှုအပေါ် အခြေခံပြီး ဇာတ်ညွှန်းတွင် မပါဝင်သော အပိုစာကြောင်းများ သို့မဟုတ် အပိုသရုပ်ဆောင်မှုများကို ပေါင်းထည့်ကြမည်ဖြစ်သည်။ သူတို့သာ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့လျှင် ဒါသည် အထင်ကြီးစရာတစ်ခု ဖြစ်လာနိုင်၏။ ဒါရိုက်တာလျန့်သည် ပုံစံကြီးများကို တင်းတင်းကျပ်ကျပ် လိုက်နာသူ မဟုတ်သောကြောင့် ပြောလိုက်သည်။ "ခုနက ရိုက်တုန်းက မင်းထုတ်ခဲ့တဲ့ ခံစားချက်တွေက စံချိန်မမှီဘူး။ မင်းက ဒီလိုထင်တယ်ဆိုမှတော့ ငါတို့ မင်းစိတ်ကူးအတိုင်း တစ်ခါလောက် ကြိုးစားရိုက်ကြည့်မယ်။ မြန်မြန်လုပ်၊ ကျိုးစစ်ယွီက ကျန်းမာရေး မကောင်းဘူး။ သူ့ကို ရေထဲမှာ အကြာကြီး မနေရစေနဲ့။"

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now