Ch-19.3

564 68 0
                                    

အခန်း (၁၉) (ဂ)

ထိုလူနှစ်ယောက်ကတော့ ဒီအကြောင်းကို ဘာမှ မသိခဲ့ပေ။ ကျီလင်းသည် သူ့အမေကိုယ်တိုင်ပင် သူ့ကို မမှတ်မိနိုင်လောက်အောင် ကျွမ်းကျွမ်းကျင်ကျင် ရုပ်ဖျက်ပြီး စစ်ယွီကို ဟိုတယ်မှ ခေါ်သွားခဲ့သည်။ ဟိုကွေ့ဒီကွေ့နှင့် အတန်ကြာ လျှောက်ပြီးနောက် လမ်းကျဥ်းလေးတစ်ခုကို တွေ့လိုက်ရ၏။ နောက်ဆုံး သူတို့ သွားချင်သည့် နေရာကို ရောက်အောင် ဆယ်မိနစ်လောက် လမ်းလျှောက်ခဲ့ရသည်။

ကျီလင်းပြောသည့်အတိုင်း ဤစားသောက်ဆိုင်၏တည်နေရာမှာ အလွန်လျှို့ဝှက်ပေသည်။ ၎င်းကို မိသားစုတစ်ခုက ပိုင်ဆိုင်တာဖြစ်သည်။ သူဌေးသည် ကျီလင်း၏ အသိအကျွမ်းဟောင်း ဖြစ်ပုံရ၏။ သူ့ကိုတွေ့တော့ သူ‌ဌေးက ချက်ချင်းပဲ မေးလာသည်။ "ပုံမှန်အတိုင်းပဲလား။ တစ်ကီလိုဂရမ်ခွဲ ကျောက်ပုဇွန်ကို ဟင်းခတ်အမွှေးအကြိုင် ဆယ့်သုံးမျိုးနဲ့ဟာလေ။"

သူဌေးက သူ့ကို လမ်းပြပေးတောင်ဖို့ မလိုဘဲ ကျီလင်းသည် သူ့အစ်မကို အခန်းထဲမှာ ထိုင်စောင့်ဖို့ ခေါ်သွားပေးခဲ့သည်။ သူဌေးရဲ့မေးခွန်းကိုကြားတော့ ကျီလင်းက ခပ်မြန်မြန် ပြောလိုက်သည်။

"ကြက်စွပ်ပြုတ်တစ်အိုးကို ခပ်ပေါ့ပေါ့လေး လုပ်ပေးဖို့ အန်တီ့ကို ပြောပေးပါဦး။"

သူဌေးက အပြုံးဖြင့်သာ တုံ့ပြန်လိုက်၏။

သူ ပြန်လှည့်ကြည့်လိုက်တော့ စစ်ယွီ၏ စပ်စုနေသော အမူအရာလေးကို တွေ့လိုက်ရသည်။ ကျီလင်းသည် ရှက်ကိုးရှက်ကန်းနဲ့ပဲ သူ့ဆံပင်ကို ကိုင်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ "သူတို့က ဒီမှာ အိမ်မွေးကြက်ကို သုံးတာ။ ခန္ဓာကိုယ်အတွက် ကောင်းပြီး အရသာလည်းရှိတယ်။ ကျဲရဲ့ ကျန်းမာရေးက သိပ်မကောင်းဘဲ အစပ်လည်းမစားနိုင်ဘူးဆိုတာ ကျွန်တော်သိတယ်လေ။ ကျွန်တော်က လိုက်ရှုပ်နေတာ မဟုတ်ပါဘူး။"

စစ်ယွီမှာ မရယ်ဘဲမနေနိုင်တော့။ "ကျေးဇူးတင်ပါတယ်။ ပြီးတော့ လူရွေးပွဲတုန်းကရောပဲ။ ငါ့ဘက်က ကူပြောပေးလို့ ကျေးဇူးပါပဲ။"

သူ့အစ်မထံမှ ကိုယ်တိုင်ချီးမွမ်းခံရခြင်းက ကျီလင်း၏ နားရွက်လေးများကို ရဲသွားစေသည်။ ကံကောင်းစွာနှင့် အလင်းရောင်က သိပ်မလင်းတာမို့ စစ်ယွီ သတိမထားမိလိုက်ပေ။ သူက ချက်ချင်းပဲ ပြောလက်စ အကြောင်းအရာကို ပြောင်းလိုက်သည်။ "တကယ်တော့ ကျွန်တော့်လက်ထောက်က ကျွန်တော် တစ်ခါတလေ ဒီမှာ ကျောက်ပုဇွန်စားဖို့ ခိုးထွက်တာကို မသိဘူး။ ရှောင်အိုက်က အရမ်းတင်းကြပ်တယ်။ သူသာသိရင် ကျွန်တော် ရိုးရိုးရေနဲ့ ဂျုံယာဂုကိုပဲ တစ်လလောက် သောက်ရလိမ့်မယ်။"

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now