Ch-21.1

503 59 0
                                    

အခန်း (၂၁) (က)

နောက်နေ့မနက် စစ်ယွီနိုးလာသောအခါ သူမအိပ်ရာပေါ် ပြန်ရောက်နေကြောင်း သိလိုက်ရသည်။ သူမသည် မနေ့ညက ၀တ်စုံကိုဝတ်ထားဆဲဖြစ်သော်လည်း တစ်စုံတစ်ယောက်က သူမကို စောင်ခြုံပေးထားခဲ့သည်။

သူမ အပြည့်အဝမနိုးသေးခင် မိနစ်အနည်းငယ်ကြာအောင် မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ် လုပ်နေမိ၏။ မနေ့က ပဉ္စမသခင်လု သူမကို လိုက်ဖမ်းနေတာကို သူမ မှတ်မိသည်။ အဲ့ဒီနောက် သူမသည် ဧည့်ခန်းမှာထိုင်နေတဲ့ နတ်ဆိုးကို အဖော်ပြုပေးဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ... ထို့နောက် သူမ အိပ်ပျော်သွားခဲ့ပုံရ၏။

သို့သော် တွေးကြည့်လျှင် အလွန်ထူးဆန်းပေသည်။ သူမ ဒီခန္ဓာကိုယ်ထဲကို ကူးပြောင်းပြီးကတည်းက ဒီလောက် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရဖူးဘူးဟု ထင်မိသည်။ နှစ်ပေါင်းများစွာ စုပုံထားသည့် ပင်ပန်းနွမ်းနယ်မှုသည် ဒီနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကြောင့် သက်သာရာရသွားပုံရသည်။ စစ်ယွီသည် သူမ၏လည်ချောင်းကို ပွတ်ကြည့်လိုက်သောအခါ သွေးအန်လိုစိတ် မရှိသည်ကို သိလိုက်ရ၍ အံ့ဩသွားရ၏။

ပုံမှန်အားဖြင့် သူမနိုးလာသောအခါ စုနေသောသွေးများကို အရင်အန်ရစမြဲဖြစ်သည်။ ဒီတစ်ကြိမ်သည် သွေးအန်စရာမလိုဘဲ ပထမဆုံး နိုးလာသည့်အကြိမ်ပဲဖြစ်သည်။

စစ်ယွီသည် လှိမ့်ပြီး ထိုင်လိုက်၏။ သူမလက်က ကုတင်ခေါင်းရင်းကို မတော်တဆ ထိလိုက်မိရာ တစ်ခုခုကို ထိမိသွားပုံပေါ်သည်။ သူမ အောက်ကိုငုံ့ကြည့်လိုက်တော့ သူမခေါင်းအုံးဘေးမှာ ချထားသည့် ကြွေပုလင်းသေးသေးလေးတစ်လုံးကို တွေ့လိုက်ရသည်။ ဖွင့်ကြည့်လိုက်သောအခါ ဆေးပြား ဆယ်ပြားက အထဲမှာ သပ်သပ်ရပ်ရပ်လေး စီနေတာကို တွေ့လိုက်ရ၏။ ပဉ္စမသခင်လုမနေ့က အတင်းအကြပ် စားခိုင်းသည့် ဆေးနှင့် ပုံစံအတူတူပင်။

ဒါဆို.... မနေ့က သူမကို အခန်းထဲ ပြန်ခေါ်လာတဲ့လူက ပဉ္စမသခင်လုပဲဖြစ်နိုင်လား။
စစ်ယွီ အဲ့ဒါကို တကယ်ပဲ စိတ်ကူးယဉ်မကြည့်နိုင်ပေ။ စိုးမိုးတတ်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အဲ့လူက ဒီလောက်ကောင်းပေးပါ့မလား။ ဒီအလုပ်ကိုလုပ်ဖို့ သက်တော်စောင့်ကို ခေါ်ခဲ့တာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား ...

သူမ ခေါင်းယမ်းလိုက်ပြီး ဒီပြဿနာကြီး—ပဉ္စမသခင်လု—ကို ဘေးဖယ်ထားလိုက်၏။ သူမသည် အိပ်ယာမှထကာ ကိုယ့်ကိုယ်ကိုယ် သပ်ရပ်စွာ ဝတ်ဆင်လိုက်သည်။ ယနေ့သည် ရှုတင်တွင် အဖွဲ့သားများနှင့် တရားဝင် အလုပ်အတူတူလုပ်ရမည့် သူမ၏ပထမဆုံးနေ့ဖြစ်သည်။ သူမသည် ဇာတ်ညွှန်းကို သေသေချာချာ ကျက်ခဲ့ပြီးဖြစ်သည်။  သို့သော် စစ်ယွီမှာ အတွေ့အကြုံ လုံးဝမရှိသဖြင့် သူမ အလွန်စိတ်လှုပ်ရှားနေသေး၏။ သူမ အဆင်သင့်ဖြစ်ပြီးနောက် ခံစားချက်အပြည့်ရဖို့ ရှုတင်ကို စောစောသွားချင်ခဲ့သည်။

သူမ တံခါးဖွင့်လိုက်တာနဲ့ ကျီလင်းသည် သူမတံခါးဘေးတွင် စောင့်နေပြီး သူမလက်ထောက် ချန်ယွဲ့က သူ့ကိုခပ်တိုးတိုး နားချနေသည်ကို ကြားရလိမ့်မယ်လို့ ဘယ်သူထင်ပါ့မလဲ။ "ကျီကော၊ စစ်ယွီကျဲ က အိပ်ပျော်နေတုန်းပဲ။ ကျီကော... အခန်းကို အရင်ပြန်လိုက်ရင် ဘယ်လိုလဲ။ ဒီမှာပဲ ဆက်ရပ်နေရင် မကောင်းဘူးနော် ... အိုး စစ်ယွီကျဲ အစ်မနိုးလာပြီ။”

ချန်ယွဲ့သည် တံခါးဖွင့်သံကိုကြားရသောအခါ ချက်ချင်းပင် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမသည် စစ်ယွီအနားသို့ အလျင်စလို ပြေးသွားပြီး ပြောလိုက်သည်။ "စစ်ယွီကျဲ၊ ကျွန်မ မနက်ခင်း ဒီကိုရောက်ရောက်ချင်း ကျီကော ဒီမှာ ရပ်နေတာကိုတွေ့တာပဲ။ သူ့မှာ လုပ်စရာရှိလို့လားလို့ ကျွန်မ မေးပေမယ့် သူက ဘာမှမပြောဘဲ ဒီမှာပဲ ဆက်စောင့်နေတယ်။ ကျွန်မ အခန်းထဲဝင်လာတော့ အစ်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ တွေ့တယ်။ အစ်မကို နှိုးဖို့ကောင်းမယ်လို့ မထင်လို့ ကျွန်မ မနှိုးလိုက်တာ။ အဲ့ဒါကြောင့်မို့ အစ်မနိုးလာတဲ့အခါ ကျွန်မလာပြောပါ့မယ် သူ့အခန်းထဲမှာ ပြန်စောင့်နေဖို့ ကျီကောကို ပြောခဲ့ပေမဲ့ သူက နားမထောင်ဘူး။ တစ်ခြားလူတွေ မြင်ရင် အတော်ဆိုးသွားလိမ့်မယ်..."

ချန်ယွဲ့၏စိုးရိမ်မှုမှာ ယုတ္တိမရှိတာတော့ မဟုတ်ပေ။ ဤအထပ်တစ်ထပ်လုံးကို <<ချင်ကော်>>ရိုက်ကူးရေးအဖွဲ့မှ ကြိုတင်မှာယူထားသော်လည်း ဒီနေရာတွင် လူသွားများနေဆဲဖြစ်သည်။ လူတွေအများကြီး ဝင်လိုက်ထွက်လိုက်လုပ်ရင်း စစ်ယွီရဲ့ တံခါးဝမှာ ရပ်နေတဲ့ ကျီလင်းကို တွေ့လိုက်ရရင် သူတို့ ဘယ်လိုတွေးကြမလဲ။ ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ‌ ကြောက်ဖိုးအကောင်းဆုံးအရာမှာ ကောလဟာလများဖြစ်သည်။

ကံကောင်းစွာနှင့် စစ်ယွီသည် စောစောထလေ့ရှိပြီး ချန်ယွဲ့သည်လည်း သူမကို ခေါ်ဖို့ အချိန်တိုင်း ခြောက်နာရီမထိုးမီ လာလေ့ရှိသည်။ အခု ကောင်းကင်ကြီးသည် မှောင်နေသေးပြီး တခြားအခန်းတွေမှာလည်း လှုပ်ရှားမှု မရှိသေးပေ။

"ရှောင်ယွဲ့၊ အစ်မကို ကျေးဇူးပြုပြီး မနက်စာလေး ယူလာပေးပါလား။ ရိုးရိုးယာဂုဆို ပိုအဆင်ပြေတယ်။" စစ်ယွီသည် စကားတစ်ခွန်းမှ မပြောသေးသော ကျီလင်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "နင် အဲ့ဒီသွားတုန်း ကဏန်းအသားစွပ်ပြုတ် ဖက်ထုပ်နှစ်ပွဲကိုပါ ယူလာပေးပါဦး။ ရှာလကာရည်လေးပါ အပိုထည့်ခဲ့ပေးနော်။" ထိုအရာသည် ကျီလင်းအကြိုက်ဆုံး အစားအစာဆိုတာကို သူမ မှတ်မိနေသည်။

ချန်ယွဲ့သည် ပြောတဲ့အတိုင်း လိုက်နာခဲ့၏။ သူမ သိချင်စိတ်တွေ ပြည့်နေပေမယ့် မမေးသင့်တဲ့အရာတွေ ရှိနေတယ်ဆိုတာကိုလည်း သိပေသည်။ သူမသည် လိမ်လိမ်မာမာလေးပင် စားသောက်ဆိုင်သို့ ပြေးသွားခဲ့၏။

ကျီလင်းသည် အခုထိ တံခါးဝမှာ အမြစ်တွယ်နေဆဲဆိုတာကို စစ်ယွီမြင်လိုက်ရသည်။ သူ့အမူအရာမှာ စိတ်ကောက်နေတဲ့ ကလေးလေးလိုပင်။ စစ်ယွီသက်ပြင်းချလိုက်ပြီး သူ့ကို အခန်းထဲသို့ ဆွဲခေါ်လိုက်သည်။ သူမက လမ်းလျှောက်ရင်း သူ့ကိုချော့နေခဲ့သည်။ “မင်း အဲ့ဒီမှာ ရပ်နေတာ ဘယ်လောက်တောင်ကြာပြီလဲ။”

စစ်ယွီ၏ ခွန်အားသည် အမှန်တကယ် မစွမ်းဆောင်နိုင်ပေ။ သူမသည် အခြားသူများကို ဆွဲရန် ခွန်အားရှိသမျှ အားစိုက်ထုတ်ရင်တောင် အခြားသူတွေကတော့ တုပ်တုပ်မျှလှုပ်မည်မဟုတ်ပေ။ စစ်ယွီသည် ကျီလင်းကို ဆွဲလိုက်သောအခါ သူသည် နာခံမှုရှိစွာပင် သူမနောက်သို့ လိုက်လာခဲ့၏။ သူ့အမူအရာမှာ ဆိုးဝါးနေသေးသော်လည်း သူ့ခြေထောက်များကတော့ ရိုးသားကြပေသည်။

“သိပ်မကြာသေးပါဘူး” ကျီလင်းသည် ဤစကားသုံးလုံးကို တင်းမာစွာ ပြောလိုက်သည်။ သို့သော် စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ မမေးဘဲ မနေနိုင်တော့ပေ။ “စစ်ယွီကျဲ၊ မနေ့ညက လူတွေက ဘယ်သူတွေလဲ အစ်မသိလား။ မနေ့ က ကျွန်တော် အခန်းထဲပြန်ရောက်တော့ ပြန်တွေးကြည့်ပြီး ထူးဆန်းတယ်လို့ထင်မိတယ်။ ကျွန်တော် အစ်မကို သွားရှာချင်တော့ အဲ့ဒီလူတွေက တံခါးမှာ တင်းတင်းကြပ်ကြပ်ကို စောင့်နေကြတာ။ ခြေတစ်လှမ်းတောင် အပြင်ထုတ်မရခဲ့ဘူး။ နောက်တော့ အဲဒီလူ အစ်မကို ပြန်သယ်လာတာတွေ့တော့ ကျွန်တော် အပြင်ထွက်မိလုနီးပါးပဲ။ ဒါပေမဲ့ အဲ့ဒီလူတွေက ကျွန်တော့်ကို ဆွဲထားကြတာ။ ကံကောင်းလို့ အဲ့ကောင် အစ်မကိုပြန်ခေါ်လာပြီးပြီးချင်း ထွက်သွားလို့။ မဟုတ်လို့ကတော့ ကျွန်တော် တကယ်ပဲ ...."
တကယ်ကြီး ပဉ္စမသခင်လုက သူမကို ပြန်သယ်ပေးသွားတာလား... စစ်ယွီမှာ စိတ်မလှုပ်ရှားမိဘဲ ကြောက်တောင်ကြောက်မိသွား၏။ ပဉ္စမသခင်လုက သူမကို ပိုပြီးကောင်းကောင်း ဆက်ဆံတိုင်း၊ တုတ်ကြီးကြီးနဲ့မရိုက်ခင် သကြားတစ်ကိုက်ပေးနေသလိုပဲ ခံစားရသည်။ သူ့မှာ အစီအစဉ်တွေများ ရှိနေမလားဟု သူမ မတွေးဘဲ မနေနိုင်တော့ပေ။

အကယ်၍ သူမသည် ဒီလိုအခြေအနေ ဖြစ်သွားလိမ့်မည်ကို စောစောက သိခဲ့ပါက၊ ဟွမ်းယီ၏ ညနေခင်းဧည့်ခံပွဲတွင် ထိုခြံဝင်းသို့ လုံးဝသွား‌ခဲ့လိမ့်မည်မဟုတ်ပေ။

စစ်ယွီသည် သူမ၏ နှလုံးသားထဲတွင် ငိုကြွေးနေခဲ့သည်။ သို့သော် ကျီလင်း၏ စိုးရိမ်သော မေးခွန်းများကို ကြားရသောအခါ သူ့ကို စိတ်ချသွားအောင်လုပ်ပေးဖို့ သူမကိုယ်သူမ အားပြန်ယူလိုက်ရ၏။ "စိတ်မပူပါနဲ့ စိတ်မပူပါနဲ့။ အဲ့ဒါက .... ငါ့သူငယ်ချင်းတစ်ယောက်ပါ။ ဆေးလာပို့ဖို့ လာတာပါ။” စစ်ယွီသည် ပဉ္စမသခင်လုဘယ်သူဆိုတာကို တမင်တကာ ချန်လှပ်ထားခဲ့သည်။ ကျီလင်းသည် စိတ်မြန်သော လူငယ်တစ်ဦး ဖြစ်သည်။ အကယ်၍ သူသာ ပဉ္စမသခင်လုကို တကယ်ကြီး ရင်ဆိုင်မည်ဆိုလျှင် ရှုံးနိမ့်မည့်လူမှာ သူသာဖြစ်နိုင်သည်။

"သူငယ်ချင်း။ ဒါက ဘယ်လိုသူငယ်ချင်းကြီးလဲ။” ကျီလင်းကို လိမ်ဖို့ မလွယ်ပေ။ သူသည် ဒေါသတကြီး ဝေဖန်လိုက်သည်။ “ဒီလို စိတ်ထားမျိုး၊ ဒီလို စရိုက်မျိုးနဲ့။ အဲ့လိုလုပ်နေတာ။ အစ်မသွေးအန်တဲ့ထိအောင် အစ်မကို ဒုက္ခပေးသေးတယ်။ ပြီးတော့ သူ့လက်တွေကို အစ်မအပေါ် တင်ထားခဲ့သေးတယ်။”

စစ်ယွီ: "....." မှန်တာပေါ့။ သူ အဲ့လို ပေါက်ကွဲပြီးနောက် စစ်ယွီသည် မကျေနပ်ချက်ပေါင်းမြောက်များစွာ လက်ခံရရှိနေသည်ဟု ခံစားမိလိုက်၏။

စစ်ယွီသည် သူ့ကို စိတ်ငြိမ်သွားအောင် မစည်းရုံးနိုင်ခင် ကျီလင်းသည် သူမကို ရုတ်တရက်ကြီး စိုက်ကြည့်လာ၏။ သူ့မျက်လုံးများမှာ တောက်ပနေပြီး သူ့အမူအရာသည်လည်း အလွန်ပြင်းထန်နေသည်။ သူက မြေအောက်ဂိုဏ်းသားတွေကြား စကားစမြည်ပြောနေသလိုမျိုး သူ့အသံကို နှိမ့်ချလိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။ "ကျဲ၊ အစ်မ ကျွန်တော်ကို တိုးတိုးလေး ပြောပြလို့ရတယ်။ အဲဒီလူက အစ်မကို လိုက်နေတာလား။"

“အဟွတ် အဟွတ်……” စစ်ယွီမှာ သူ့စကားကြောင့် နင်သွားရ၏။ သူမ၏ အခြေအနေသည် အစောက အဆင်ပြေနေခဲ့သော်လည်း အခုအခါ သူမသည် ထပ်ပြီး သွေးချောင်းဆိုးချင်လာမိသည်။

ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဒါကြီးက အရမ်းကြောက်စရာကောင်းတာပဲ။ ဒီအယူအဆအမှားကြီးက ဘယ်ကရောက်လာရတာလဲ။။ သူမကို လိုက်နေတာ ဟုတ်လား။ အဲ့ဒီစိတ်ရောဂါသည်က သူမကို အနိုင်ကျင့်ပြီး ဆော့ကစားနေတယ်ဆိုတာ ထင်ရှားနေတာပဲဟာ။

"ကလေးလေး၊ အများကြီး မတွေးနဲ့။” ခဏတာ အံသြသွားပြီးနောက် စစ်ယွီသည် သက်ပြင်းချကာ ကျီလင်း၏ ခေါင်းကို ပုတ်ပေးလိုက်သည်။ ကျီလင်းက စိတ်မပြေသွားသေးဘဲ အကြောင်းပြချက်တွေ ထပ်မေးချင်နေတုန်းမှာပဲ ချန်ယွဲ့က မနက်စာနှင့်အတူ ပြန်လာခဲ့၏။ စစ်ယွီသည် အိတ်ကို အလျင်စလို ယူလိုက်ပြီး ကဏန်းအသားစွပ်ပြုတ် ဖက်ထုပ်ကို တူဖြင့် လှမ်းယူလိုက်သည်။ သူမသည် ထိုစားစရာကို ကျီလင်းပါးစပ်ထဲသို့ တွန်းထည့်လိုက်ပြီး သူထပ်ပြောလာမည့် ပိုကြောက်စရာကောင်းသော စကားများကို တားဆီးလိုက်၏။
“ငါ အဲ့ဒီလူနဲ့ မရင်းနှီးဘူး။ မင်းရဲ့ အတွေးရိုင်းတွေကို ရပ်လိုက်ပါတော့။" စစ်ယွီက နှစ်သိမ့်ပေးလိုက်သည်။ “မြန်မြန် မနက်စာစားတော့။ ခဏနေကျရင် ငါနဲ့အတူ ဇာတ်ညွှန်းလိုက်ကျက်၊ ဟုတ်ပြီလား။"

ကျီလင်း: "ဝူး ဝူး --" ကျဲ။ ကျွန်တော့်လျှာကို မီးရှို့လိုက်တာပဲ။


အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now