အစီအစဉ်တစ်ခု အကြံပြုခြင်းနှင့် ဝမ်းတွင်းမည်း

1.1K 122 0
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၄၈ ။အစီအစဉ်တစ်ခု အကြံပြုခြင်းနှင့် ဝမ်းတွင်းမည်း

ထောင်မုက နောက်နေ့မနက်မတိုင်ခင်ထိ အိပ်ပျော်နေခဲ့ကာ သူနိုးသည့်အချိန်၌ ယမန်နေ့ညက သူကတိပေးမိခဲ့ပုံ ပေါ်သည့်အရာများကို ရုတ်တရက် မှတ်မိသွားလေသည်။
"ငါတို့နဲ့အတူတူ ကားမောင်းသင်ဖို့ ကတိပေး!"
"မောင်မယ်သစ်လွင်ကြိုဆိုပွဲ ဖျော်ဖြေမှုအတွက် စာရင်းပေးဖို့ ကတိပေး!"
"ဖုန်းကောတစ်ခုဖြေခဲ့ပြီး visual chat function ဖန်တီးဖို့ ကတိပေးခဲ့!"
ဟုတ်တယ်၊ ဒါပဲ!
အမှန် အမှား အဖြေပေါင်းများစွာထဲမှ ထောင်မုသည် သူလိုချင်သော အချက်အလက်ကို လျင်လျင်မြန်မြန် ရှာတွေ့သွားလေသည်။ ထို့နောက် ဖုန်းကောက်ကိုင်ကာ သမုဒ္ဒရာတစ်ဖက်မှ မစ္စတာလုပ်ငန်းပါတနာထံ ဖုန်းထပ်ခေါ်လိုက်ပြန်သည် "လီကော၊ မနေ့ညက ခင်ဗျားပြောခဲ့တဲ့ကိစ္စကလေ။ ကျွန်တော်တို့ ထပ်အသေးစိတ်ဆွေးနွေးဖို့လိုမယ်လို့ ထင်တယ်"
ညနေ ၇နာရီတွင် စာဖတ်ခန်းထဲ၌ စာရွက်စာတမ်းတချို့ဖတ်နေသေးသည့် လီရှောင်းဟန်က အနည်းငယ်ပြုံးမိကာ သူ့ဖုန်းကို ကောက်ကိုင်လိုက်သည်။ သူသည် ကြမ်းပြင်မှမျက်နှာကျက်ထိ ပြတင်းမှန်ချပ်တို့ဖွင့်ထားသော လသာဆောင်ဆီသို့ လျှောက်သွားကာ ပြတင်းပြင်ပရှိ လှပခမ်းနားသော မိုးမျှော်တိုက်တွေကို ကြည့်ရင်း သူ့ပုံရိပ်က ထိုဖန်ပြတင်းချပ်များပေါ် အရိပ်ထင်ကျန်နေသည်။
အမြဲတစေ အေးစက်မာကြောနေခဲ့သည့် မျက်နှာပေါ်ရှိကောက်ကြောင်းမျဉ်းများမှာ အလင်းနှင့် မှောင်ရိပ်တို့၏ ပိုင်းဖြတ်တွေ့ဆုံမှုအောက် ပို၍ နူးညံ့ညင်သာပုံပေါ်နေသည်။မျက်ဝန်းနက်တို့ကလည်း နွေးထွေးသော ရွှန်းလက်မှုတစ်မျိုးကို ဖော်ပြနေသည်။ သူက နူးညံ့စွာပြုံးရင်း ပြောလာသည် "မင်း မနေ့ညက မူးနေခဲ့တာမလား။ ဒီမနက် ခေါင်းကိုက်နေသေးလား?"
"ဟမ်?" ထောင်မုက ပြန်လည်မတုံ့ပြန်နိုင်ခင်အထိ တခဏ ကြက်သေသေသွားသည်။ ထို့နောက် အလျင်အမြန် ပြန်ဖြေလိုက်သည် "ကျွန်တော် အဆင်ပြေပါတယ်"
သူက ထပ်မေးလိုက်သည် "မနေ့ညက ကျွန်တော်မူးနေခဲ့တာ။ ကျွန်တော် အလုပ်ကိုမနှောင့်ယှက်မိပါဘူးနော် ဟုတ်လား?"
"မနေ့ညက ဈေးကွက်အခြေအနေဘယ်လိုရှိလဲ?"
"မင်းခန့်မှန်းထားသလိုပါပဲ" လီရှောင်းဟန်က အပြုံးတစ်ပွင့်နှင့် အဖြေပြန်ပေးလာသည် "အဲ့ဒါအတွက် မစိုးရိမ်ပါနဲ့။ ကိုယ်က ဒီတိုင်း မင်းဘယ်လိုနေလဲနဲ့ နေလို့မကောင်းနေမလားလို့ မေးချင်ရုံပါ။ တကယ်လို့ မင်းနေလို့မကောင်းရင် ပျားရည်တစ်ခွက်သောက်ပြီး သက်သာအောင်လုပ်လိုက်ဦး။ ကိုယ့်ကို ကိုယ့်ပါတနာကိုယ် သူငယ်ချင်းနဲ့ အတူထွက်စားပြီး သောက်တာမျိုးကိုတောင် မေးခွန်းထုတ်နေတဲ့ လူလို့တော့ မသတ်မှတ်လိုက်နဲ့နော်။ ကိုယ်ဝမ်းနည်းမိမှာ"
လီရှောင်းဟန်၏ အနည်းငယ် ပျော့ပျောင်းညင်သာထားသည့် လေသံက ဖုန်းလိုင်းတစ်ဖက်မှ ထွက်လာပြီး ရှင်းမပြနိုင်သော ကျီစယ်သည့် ခံစားချက်အထိမျိုး ဖြည့်စွက်ထားလေသည်။ဒါကိုကြားချိန်၌ ထောင်မုသည် အလန့်တကြားတုန်ရီမိပြီး မလုံမလဲနှင့် ရှင်းပြတော့သည် "ကျွန်တော်ဆိုလိုတာ အဲ့လိုမဟုတ်ဘူးလေ.... ကျွန်တော်က ဒီအတိုင်း.. ဒါက ကျွန်တော်တို့ သဘောတူပြီးသားကိစ္စဆိုပေမဲ့ အမြဲ ကျွန်တော့်ဘက်က ကိုယ်ရေးကိုယ်တာအကြောင်းပြချက်တွေကြောင့်နဲ့ ပြဿနာဖြစ်ရလို့လေ.."
"အဲ့ဒါမျိုးက မင်းတတ်နိုင်တဲ့ကိစ္စမျိုးမှ မဟုတ်ဘဲကွာ" လီရှောင်းဟန်က ပြုံးကာ ထောင်မု၏ စကားလုံးများကို ဖြတ်ပြောလိုက်သည် "ကိုယ်တို့ကြားမှာ ၁၂နာရီအချိန်ကွာခြားချက်ရှိနေတာ.ကိုယ့်ဘက်က အလုပ်ချိန်က မင်းဘက်မှာ နားချိန်ဖြစ်နေတာပေါ့။ ပြောမယ်ဆို ဒါက ကမ္ဘာ့အဝေးဆုံး အကွာအဝေးလို့ သတ်မှတ်လို့ရတယ်မလား?"
ထောင်မုက အနည်းငယ် တုံ့သွားသည်။ ထို့နောက် ပြောမပြတတ်စွာ ကဗျာလေးတစ်ပုဒ် ခေါင်းထဲရောက်လာလေသည်။ အလျင်အမြန် သူ့ခေါင်းသူခါလိုက်ပြီး တကယ့်ကို သူအရမ်းများသွားခဲ့လို့ အခုထိ အပြည့်အဝမနိုးသေးဘူးဟု ခံစားနေရသည် "သေချာသလောက်တော့ ထည့်တွက်လို့ရပါတယ်။ ကျွန်တော်တို့က ကမ္ဘာ၂ခြမ်းခြားနေတာလေ"
လီရှောင်းဟန်က ခပ်ယဲ့ယဲ့ ရယ်မောလိုက်သည်။ လေလို ပေါ့ပါးညင်သာလှသည့် အသံက ဖုန်းကိုဖြတ်ကျော်ကာ ထောင်မု၏ နားထဲသို့ ခရီးဆက်လေသည်။ ထိုအရာက သူ့မှာ ငှက်မွှေးတစ်ခုနှင့် ကုတ်ခြစ်ခံလိုက်ရသလိုပင်။ အနည်းငယ် ယားကျိကျိဖြစ်မိသည်။
"လီကော၊ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ထောင်မုက သူ့နားသူ ကုတ်လိုက်သည်။ ယဉ်ကျေးသိမ်မွေ့တာက ဘယ်တော့မှမပိုဘူးဆိုသည့် သဘောတရားကို လက်ခံကျင့်သုံးခြင်းအရ သူက တောင်းပန်ကာ သူ့နေရာကို ဖော်ပြလာသည်။ သည့်နောက် လုင်ငန်းကိစ္စတွေဘက်သို့ ခေါင်းစဉ်ပြောင်းလိုက်လေသည် "....ခင်ဗျား မနေ့ညက ပြောခဲ့တဲ့အတိုင်း၊ FlyNews ရဲ့ ဆက်သွယ်ရေးအပိုင်းမှာ visual chat function ကို ထည့်တာက တော်တော်လေး ကောင်းတယ်လို့ထင်တယ်။ ဒါပေမဲ့ တရုတ်ရဲ့ ကွန်ယက်ချိတ်ဆက်မှုနဲ့ FlyNews ရဲ့ လက်ရှိအခြေအနေကို ထည့်စဉ်းစားမယ်ဆိုရင် ငှားထားတဲ့ ဆာဗာက အဲ့လောက် ဒေတာဆွဲမယ့် function (data-consuming function)ကို လုပ်နိုင်ပါ့မလား ကျွန်တော် စိုးရိမ်မိတယ်။အဲ့ဒါအပြင် FlyNews မှာက ကျွန်တော်တစ်ယောက်တည်း back-end maintainer(back-end developer » ဝက်ဆိုက်တစ်ခု သို့ app တစ်ခု၏ နောက်ကွယ်မှ ဒေတာ၊ ဆာဗာ အစရှိသည့် ဝက်ဆိုက်တစ်ခုလုံး၏ ကျောရိုးကို ရေးဆွဲသည့် programmer)အဖြစ်ရှိနေတာ။ သေချာပေါက် ကျွန်တော် ဒီပြီးခဲ့တဲ့နှစ်ရက်ထဲ programmer တွေ ငှားဖို့ အလုပ်ရှုပ်နေခဲ့ပေမဲ့ လူထပ်ခေါ်ရင်တောင် ကျွန်တော်တို့က ကမ္ဘာ့တစ်ဝက်ထက်တောင် ခြားနေတာလေ။ တကယ်လို့ ကျွန်တော်တို့ video function ကို စတင်ချင်တယ်ဆို ဒီ ကွန်ယက်နှုန်းက ထောက်ပံ့နိုင်ပါ့မလား?
PPT တစ်ခုလိုမျိုးနှေးမသွားနိုင်ဘူးလား? ဒီ သမုဒ္ဒရာဖြတ်ရမယ့် video function လုပ်ဖို့ လိုအပ်မယ့် ပရော်ဖယ်ရှင်နယ် အရည်အချင်းတွေက အရမ်း ကြေးမြင့်လွန်းတယ်။ကျွန်တော်လည်း မတတ်နိုင်ဘူး"
ပြောပြီးနောက် ထောင်မု၏ မျက်ဝန်းများက ရုတ်တရုက် တောက်ပလာပြီး လီရှောင်းဟန်ကို မေးလိုက်သည် "ဒါမှမဟုတ် လီကော ကျွန်တော့်ကို Stanford က ဘွဲ့ရထားတဲ့ အတော်ဆုံး programmer နှစ်ယောက်ကို ကူစည်းရုံးပေးပါလား? သူတို့ကို တရုတ်လာပြီး ကျွန်တော့်ကို ကူညီပေးဖို့လေ?"
လီရှောင်းဟန်က ခေါင်းငုံ့လိုက်ပြီး ရယ်မောလိုက်သည် "ကိုယ်တို့ အတူတူကြိုးစားလုပ်ကြတာပေါ့။ အဲ့ဒီနောက် သေချာပေါက် အနာဂတ်မှာ ကိုယ်တို့ ဒီအခွင့်အရေးရလာမှာပါ"
ထောင်မုသည် သူ့နှာခေါင်းလေးသူထိလိုက်ကာ သူနည်းနည်း စိတ်ရူးပေါက်ပြီး အပြောင်းအလဲမြန်သွားကြောင်းကို သိလေသည်။ သူ့အတွေးများကို လက်ရှိသို့ ပြန်ခေါ်လိုက်ပြီး ဆက်ပြောလိုက်သည် "တကယ်တော့ ကျွန်တော်လည်း FlyNews မှာ online video calls function အကြောင်း စဉ်းစားခဲ့တယ်။ဒါပေမဲ့ ကျွန်တော့်အတွေးကတော့ ပြင်ပအခြေအနေတွေ ခွင့်ပြုချက်ရတဲ့ထိ စောင့်ချင်တယ်။ အဲ့နောက် web version နဲ့ mobile version နဲ့ကို တူတူစတင်လို့ရနိုင်မယ်လေ"
"အခု စမတ်ဖုန်းတွေရဲ့ ပထမဆုံးမျိုးဆက်က အခုလေးတင်ထွက်လာတာ။ မိုဘိုင်းဖုန်းတွေရဲ့ hardware က video call ရဲ့ app version ကို မထောက်ပံ့နိုင်သေးဘူး။ လီကောရဲ့ အကြံပြုချက်က အတော်ကောင်းတယ်လို့ထင်ပေမဲ့ ဒီအချိန်မှာတော့ မသင့်တော်သေးဘူး။ ဘာလို့ဆို hardware က မထောက်ပံ့ပေးနိုင်တော့ ကျွန်တော်တို့ video call function ကို မိတ်ဆက်ပေးနိုင်ခဲ့ရင်တောင် တန်မှာမဟုတ်ဘူး။ စမတ်ဖုန်းရဲ့hardware ဖွဲ့စည်းပုံပိုတိုးတက်လာဖို့ နောက်ထပ်တစ်နှစ် နှစ်နှစ်လောက်စောင့်တာ ပိုကောင်းလိမ့်မယ်။ အဲ့အချိန်ကျ ဒီ function ကို ကျွန်တော်တို့ အချိန်ကိုက်လှုပ်ရှားကြမယ်။ခင်ဗျား ဘယ်လိုထင်လဲ?"
ထောင်မုတွင် FlyNews ၏ အနာဂတ်တိုးတက်မှုအတွက် စည်းစနစ်တကျနှင့် အစီအစဉ်ရှိသည်။ သည်အတွက် ဤအကြောင်းနှင့်ပတ်သက်ပြီး လီရှောင်းဟန်နှင့်ပြောရာမှာ စနစ်ကျသည့် နည်းဟန်မျိုးနှင့် ပြောဖြစ်ခဲ့သည်။ပြန်လည်ရှင်သန်လာပြီးနောက် နောက်ထပ်ဆယ်နှစ်အတွင်း မိုဘိုင်းသုံးစွဲသူများ၏ အလားအလာရှိသော တိုးတက်မှုကို ထောင်မုထက်ပိုပြီး မည်သူကမျှ ပိုမသိနိုင်ပါ။ ထို့အတွက်ကြောင့် ထောင်မုမှာ မိုဘိုင်းသုံးစွဲသူတွေနှင့် ထိတွေ့မည့် FlyNews ၏ အဓိကနည်းပညာအပေါ် အမြဲတမ်း အာရုံစိုက်ထားခဲ့သည်။
သူတစ်ယောက်သာ နားလည်နိုင်မည့် တိုးတိုးတိတ်တိတ်ရေးထားသော စီမံကိန်းရေးဆွဲသည့်စာအုပ်ထဲတွင် FlyNews ၏ မိုဘိုင်းဖောက်သည်တွေကို ပိုလူသိများကြော်ငြာမယ့် အစီအစဉ်ကို ဘယ်လိုတိုးတက်အောင်လုပ်မလဲအား တစ်ဆင့်ချင်း အသေးစိတ်ရေးထားသည်။ အခု အရာအားလုံးမှာ အဆင်သင့်ဖြစ်နေပြီး သူလုပ်ဖို့လိုသည်က အင်တာနက်နှုန်းပိုအဆင့်မြင့်လာဖို့နှင့် စမတ်ဖုန်းများ၏ နောက်မျိုးဆက်ကို စောင့်ဖို့ပင်။
ဤအတိုင်း သည်လိုအရာမျိုးက ထောင်မုအနေနှင့် လီရှောင်းဟန်ကို အသေးစိတ်ရှင်းပြလို့မရနိုင်သည့် အရာမျိုးဖြစ်နေခြင်းပင်။
လီရှောင်းဟန်သည် ထောင်မု၏ သူလုပ်သမျှအရာတိုင်းအပေါ် ထားရှိသည့် လေးနက်တည်ကြည်မှုနှင့် အာရုံစူးစိုက်မှုကို သဘောကျသည်။ သူ ထောင်မု၏ အသံကို နားထောင်ရင်း သူ့အာရုံထဲမှာ ဖြေရှင်းနည်းရှာရင်းနှင့် အနည်းငယ် မျက်မှောင်ကြုံ့နေမည့် ထောင်မု ပုံစံကို ပုံဖော်မိသည်။ ထို့နောက် မတတ်နိုင်ဘဲ ပြုံးမိလေသည်။
"မင်းအစီအစဉ်က တော်တော်လေးကောင်းတယ်လို့ ကိုယ်ထင်ပါတယ်" လီရှောင်းဟန်သည် ထောင်မု၏စကားပြောပုံကို အတုယူပြီး ပထမဆုံး ထောင်မု၏ အတွေးများကို ထောက်ခံပေးကာ သည့်နောက်တွင်မှ သူ့ကိုယ်ပိုင်အတွေးကို ပြောပြလိုက်သည် "ဒါပေမဲ့လည်း ကိုယ်တော့ programmer တွေကို ဒီ function အရင်ရေးထားစေပြီးတော့ ကိုယ်တို့နှစ်ယောက်အရင် သုံးလို့ရနိုင်မယ်လို့ တွေးမိတုန်းပဲ။ ဝန်ဆောင်မှုအသစ် ပွဲမထုတ်ခင် ဝက်ဆိုက်တစ်ခုမှာ အတွင်းပိုင်းစစ်ဆေးမှုလိုတယ်လို့ သူတို့မပြောကြဘူးလား? အဲ့လိုဆိုတော့ ကိုယ်တို့နှစ်ယောက် အတွင်းပိုင်းလုပ်ဆောင်မှု စမ်းသပ်သူတွေအနေနဲ့ လုပ်ဖို့ အကြောင်းသင့်သွားတာပဲ"
အဆုံး၌ လီရှောင်းဟန်မှာ ဖုန်းနှင့်သာ စကားပြောနေရခြင်းကို မကျေနပ်သေးပေ။သူ ထောင်မုကို သူ့ကိုယ်ပိုင်မျက်လုံးများနှင့် မြင်ချင်သည်။တစ်ဖက်မှတစ်ယောက်၏ အရိပ်ကို သူ့မျက်ဝန်းများနှင့် ခြေရာကောက်ကာ သူ့လုပ်ငန်းအကြောင်း ဆွေးနွေးချိန်တိုင်း မြင်ရသည့် ထောင်မု၏ တက်ကြွဖျက်လတ်သော ပုံစံကို အသိအမှတ်ပြုချင်မိသည်။ အခုလိုမျိုး အသံကိုသာနားထောင်နိုင်ပြီး တစ်ဖက်သူ၏ အမူအရာကို ခန့်မှန်းနေရသည်မျိုး မဟုတ်ဘဲနှင့်ပေါ့။
"တကယ်တော့ မင်း FlyNews ကို ပြည်ပမှာပါ တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ဖို့ တွေးကြည့်ဖူးလား" လီရှောင်းဟန်က ကွယ်ဝှက်ထားသောအကြောင်းရင်းဖြင့် အကြံပြုလာသည် "ကိုယ်လည်း FlyNews မှာ အကောင့်လုပ်ထားတယ်။ ဒီရက်တွေထဲ သုံးကြည့်ပြီးတော့ FlyNews ရဲ့social concept က တော်တော်လေးကောင်းပြီး လူမှုစိတ်ပိုင်းဆိုင်ရာနဲ့ ကောလိပ်ကျောင်းသားတွေအတွက် လူမှုရေးလိုအပ်မှုတွေကို အများကြီးဖြည့်တင်းပေးနိုင်တယ်လို့ ထင်တယ်။ တကယ်လို့ FlyNews ကသာ M နိုင်ငံက တက္ကသိုလ်တွေမှာ ကြော်ငြာနိုင်မယ်ဆိုရင် အဲ့ဒါက တရုတ်က FlyNews ရဲ့ ပရိုမိုးရှင်းတွေအတွက် လူသိအောင်ကြော်ငြာပြီးသားလည်း ဖြစ်နိုင်တာပဲ"
တရုတ်၏ သုံးစွဲသူဈေးကွက်မှာ အမှန်တကယ်ကို ထိုကဲ့သို့ ဖြစ်စဉ်မျိုး ရှိသည်ဟု ပြောရမည် "တိုင်းတစ်ပါးဘုန်းကြီးတွေက ကျမ်းဂန်တွေကို အာဂုံဆောင်နိုင်တယ်" "တိုင်းတစ်ပါးလတွေက ပိုလုံးဝန်းတယ်" "ရနံ့မွှေးတဲ့ ပန်းတွေက နံရံအပြင်မှာ ပွင့်ကြတယ်" တို့ကဲ့သို့ပင် ၊ လီရှောင်းဟန် ပြောသလိုပဲ အကယ်၍ FlyNews ကသာ M နိုင်ငံရှိ တက္ကသိုလ်များကြား ဈေးကွက်ဖွင့်နိုင်ခဲ့မည်ဆိုလျှင် ကြော်ငြာအတွက်ပဲ ပြောမည်ဆိုလျှင်တောင် ထောင်မု သည် တစ်မျိုးသားလုံး၏ ယုံကြည်ချက်ကို နှိုးဆွနိုင်မည့် ကြော်ငြာအစီအစဉ် အခုတစ်ရာလောက်ကိုတောင် စဉ်းစားလောက်မည်ပင်။
သို့ပေမဲ့ အဓိကအချက်က....
"M နိုင်ငံက ကောလိပ်ကျောင်းသားတွေအကုန်လုံးက အခု Facebook နဲ့ Photo Albums သုံးနေကြတာမဟုတ်ဘူးလား။ ပြည်တွင်း social ဆော့ဝဲလ်ရဲ့ ပရိုမိုးရှင်းက အတောင်အပြည့်ဖြန့်ပြီး လှုပ်ရှားပြီးနေပြီကို နိုင်ငံခြားသားတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ အခြေခံအုတ်မြစ်နဲ့ ဝန်ထမ်းလည်းမရှိဘူး။မဖြစ်နိုင်လောက်ဘူးလို့ ကျွန်တော်တော့ထင်တယ် ဟုတ်တယ်မလား?"
သေချာပေါက် ထောင်မုမှာ လီရှောင်းဟန်၏ အဆိုတင်သွင်းချက်နောက် ဆွဲဆောင်ခံလိုက်ရပေမဲ့ တစ်ဖက်မှာလည်း သူက ကိုယ့်ကိုယ်ကိုယ် သေချာသတိမူမိသည် "FlyNews က နည်းပညာအရရော အကျိုးအမြတ်အရရော Facebook နဲ့ Photo Album တို့လောက် စိတ်ချယုံကြည်လို့မရသေးဘူး။ကျွန်တော်တော့ အဲ့ဒီနိုင်ငံခြားကျောင်းသားတွေက သူတို့ကိုယ်ပိုင် social ဆော့ဝဲလ်ကို ပစ်ပြီး အဲ့ဒီအစား ကျွန်တော်တို့ဆော့ဝဲလ်ကို သုံးလာမယ်လို့ မထင်ဘူး"
အရေးအကြီးဆုံးအရာမှာ တကယ်လို့ ထောင်မုက M နိုင်ငံ၌ FlyNews ကို စတင်ဖို့ရွေးခဲ့မည်ဆိုလျှင် တရုတ်အတွက် သူမူလရေးဆွဲထားသည့် FlyNews ၏ တစ်ဆင့်ချင်းတိုးတက်မှုအရှိန်ကို အလျဉ်ပြတ်စေမိလိမ့်မည်။ Facebook ၊ Photo Album တို့နှင့် ယှဉ်ပြိုင်ဖို့ရာ ထောင်မုအနေနှင့် လူသိရှင်ကြားဖြစ်မည့်ကြော်ငြာနည်းလမ်းတချို့နှင့် အွန်လိုင်းဝန်ဆောင်မှုအသစ်တွေကို ရှေ့ပြေးထည့်သွင်းရမည်ဖြစ်သည်။ ဤကဲ့သို့ ကြီးထွားမှုမျိုးက FlyNews အတွက် ကောင်းသည့်အရာတစ်ခုဖြစ်လား မဖြစ်လား ထောင်မု မသိပေ။
သေချာတာပေါ့၊ အဓိက အချက်ကတော့ M နိုင်ငံမှာ FlyNews ၏ အခြေခံအုတ်မြစ်မရှိခြင်း ဖြစ်နေသေးသည်။
ထောင်မု၏ ဦးနှောက်က မြန်မြန်ဆန်ဆန်အလုပ်လုပ်နေပြီး လီရှောင်းဟန်၏ စိတ်ကူးကို မည်ကဲ့သို့ ပါးနပ်စွာနှင့် ပြတ်သားခိုင်မာစွာ ငြင်းဆိုရမည်အား တွေးတောနေမိသည်။
ဖြည်းဖြည်းချင်း ပြင်ဆင်လာပြီးသည့် လီရှောင်းဟန်က နောက်ဆုံးတော့ ထောင်မု ရှေ့မှောက်၌ ဖျော်ဖြေပြသဖို့ အခွင့်အရေးရလာပြီဖြစ်သည် "မင်း ကိုယ့်ကို ဘယ်လိုထင်လဲ?"
"ဘာကို?"
"အမှန်တော့ ကိုယ် ကိုယ်တိုင် FlyNews ရဲ့ အလားအလာနဲ့ အနာဂတ်တိုးတက်မှုကို ယုံကြည်တယ်။ မင်းကိုယ့်ကို ယုံကြည်နိုင်မယ်ဆို M နိုင်ငံက FlyNews ရဲ့ ပရိုမိုးရှင်းကိစ္စကို ကိုယ့်ကို လွှဲထားနိုင်တယ်။ ၁၁ရက်နေ့က အမျိုးသားနေ့ဖြစ်မှာ။ ပြီးတော့ မင်းရဲ့ကျောင်းကနေ ပိတ်ရက်၇ရက်ပိတ်မယ်ထင်တယ်။ ဒီ၇ရက်ကို သုံးပြီးတော့ ဒီကိုလာပြီး မင်းဘာလို့ လူကိုယ်တိုင်စကားမပြောကြည့်တာလဲ။ အဲ့ဒါအပြင် မင်း M နိုင်ငံကိုရောက်ရင် နိုင်ငံတကာ ရေနံဈေးကွက်ရဲ့ အနီးကပ်အခြေအနေကိုလည်း ခံစားနိုင်တာပေါ့"
လီရှောင်းဟန်သည် ရည်ရွယ်ချက်ရှိရှိနှင့် စနစ်ကျကျ ကြံစည်စီစဉ်ထားပြီး နောက်ဆုံးတွင် သူအပြောချင်ဆုံးဖြစ်သည့် ခေါင်းစဉ်ကို ဆွဲထုတ်နိုင်ခဲ့လေသည်။
"ဒါပေမဲ့...." ထောင်မု၏ ဦးနှောက်မှာ ခေတ္တခဏ လိုက်မမီနိုင်တော့ပေ။ သူ့မှာ လီရှောင်းဟန်၏ အဘက်ဘက်မှ ပိတ်ဆို့နေမှုကြောင့် အနည်းငယ် မသက်မသာဖြစ်မိသည်။
"ဒါက ဒုက္ခများလွန်းပါတယ်" ထောင်မုက ယဉ်ယဉ်လေးပြောလိုက်သည်။ သူ့တွင် တစ်ဖက်မှာ အကျိုးအမြတ် ဖြစ်နေသည့် FlyNews ကို မျှဝေမည့် ရည်ရွယ်ချက်မရှိပါ။ အနည်းဆုံး ယခုတော့မဟုတ်သေးပေ "ခင်ဗျားက M နိုင်ငံမှာ တစ်ယောက်တည်းဖြစ်နေတာ။ နိုင်ငံတကာရေနံဈေးကွက်ကို စောင့်ကြည့်နေရတာနဲ့တင် ခက်ခဲနေပြီကို။ ကျွန်တော်ကတော့ FlyNews က အခုမှစတည်ထောင်ကာစလည်းဖြစ်သေးတယ်။ ဒီလို ရေရှည်အရေးတွေ ထည့်စဉ်းစားဖို့မလိုသေးဘူးလို့ ထင်တာပဲ"
"ကိုယ်ကတော့ အခုက အခွင့်အရေးကောင်းလို့ ထင်တယ်" သေချာသည်ပေါ့၊ လီရှောင်းဟန်က ဤအရေးကို ရုတ်တရက်ရသည့် စိတ်ကူးအပေါ်၌ ဆွေးနွေးခြင်းမဟုတ်။ သူက စကားစမပြောခင် ချင့်ချိန်ကာ ဂရုတစိုက်ရှိခဲ့သည် "မင်း M နိုင်ငံကို မလာရင် ဒီကအခြေအနေကို မင်းဘယ်သိမလဲ?စီးပွားရေးအကျပ်အတည်းကြောင့် M နိုင်ငံက ဖျော်ဖြေရေးလုပ်ငန်းက အခုကောင်းကောင်း ဖွံ့ဖြိုးနေပြီ။
လူထုကလည်း သူတို့နေ့စဉ်ဘဝက ဖိအားတွေဆီကနေ အသက်ရှူပေါက်ရအောင် သူတို့ကို ဆွဲဆောင်ပြီး အာရုံပြောင်းစေနိုင်မယ့် အသစ်အဆန်းတွေကို အရေးတကြီးကိုလိုနေတာ။ FlyNews က ပုံမှန်လက်ခံထားကြတဲ့ ဖျော်ဖြေရေးလုပ်ငန်းထဲကမဟုတ်ပေမဲ့ သူ့ရဲ့ လူမှုရေးသဘောတရားက ကောလိပ်ကျောင်းသားတွေနဲ့ အခုမှ လူ့အဖွဲ့အစည်းထဲ စဝင်လာကာစ လူတွေအတွက် အတော်လေး သင့်တော်တယ်။ ကိုယ် မင်းကို ပိုင်းခြားစိစစ်ပြမယ်။ အခု M နိုင်ငံက.... "
လီရှောင်းဟန်သည် ဖုန်းမှ ရှာဖွေမှုအစီရင်ခံစာကို ထောင်မုအား တိုက်ရိုက်ဖတ်ပြလိုက်ပြီး အဆုံး၌ ကောက်ချက်ချလိုက်သည် "....ဒီတော့ အခုလက်ရှိ Mနိုင်ငံရဲ့ အခြေအနေက FlyNews အတွက် ကြုံတောင့်ကြုံခဲအခွင့်အရေးလို့ထင်တယ်။ ကိုယ်တို့ ဒီအခွင့်အရေးကို အရယူသင့်တယ်။ ဒါပေါ့၊ မင်း သိပ်စိတ်ပူစရာမလိုပါဘူး။ မင်းက ကိုယ့်ရဲ့ အလားအလာအကောင်းဆုံး ပါတနာပဲ။ မင်းရဲ့ လုပ်ငန်းမှာ ကူညီခွင့်ရတာကိုက ကိုယ့်အတွက် ဂုဏ်ယူစရာပါပဲ။ တကယ်လို့ မင်း အဲ့ဒီလောက်တောင် စိတ်မသန့်သလို ခံစားနေရတယ်ဆိုရင်လည်း မင်း ကိုယ့်ကို ရှယ်ယာဈေးကွက်မှာ အမြတ်ဘယ်လောက်တောင် ကူညီပေးထားလဲဆိုတာကိုပဲ ဘာလို့မစဉ်းစားတာလဲ။ ဒါမှမဟုတ် FlyNews အနေနဲ့ NASDAQ မှာ စတော့ရှယ်ယာဝယ်ချင်ပြီဆိုရင် ရှောင်းဟန်လုပ်ငန်းကို ဦးစားပေးပြီးတော့ ကိုယ်တို့ဘက်က FlyNews အတွက် ဘဏ္ဍာငွေမြင့်လာဖို့နဲ့ အများဆိုင်ကုမ္ပဏီအဖြစ်ပြောင်းဖို့ ကူညီခွင့်ပေးလို့ရနိုင်တယ်လေ"
လီရှောင်းဟန်၏ အဖြေများက ထောင်မု ရင်ထဲ စွဲနေသည့် စိုးရိမ်ပူပန်မှုတွေကို ပြီးပြည့်စုံစွာ ဖြည်ထုတ်ရှင်းလိုက်သည်ဟု ပြောရမည်။ သည်အတွက် ထောင်မုမှာ ရှေ့ဆက်ပြီး ထပ်မငြင်းနိုင်တော့ပေ။
"ကောင်းပါပြီ၊ ဒါဆိုလည်း အမျိုးသားနေ့ကျရင် ကျွန်တော် M နိုင်ငံကို လာခဲ့ပါမယ်။ ကျွန်တော်တို့ လူချင်း စကားပြောကြတာပေါ့" ထောင်မုမှာ ကူကယ်ရာမဲ့မှုကို နည်းနည်းခံစားနေရသည်။ သို့ပေမဲ့ သူ့အနေနှင့် လီရှောင်းဟန်၏ ကြင်နာမှုကို ပိုကျေးဇူးတင်မိသည်။
လီရှောင်းဟန်၏ မူလရည်မှန်းချက်က ရှောင်းဟန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို FlyNews သို့ သွင်းဖို့ဖြစ်နေသေးသည်ဆိုလျှင်တောင် သူက FlyNews ၏ စတင်ခြေလှမ်းစချိန်မှာ ပြည့်ပြည့်၀၀နှင့် ကိုယ်ကျိုးမဖက်သော အကူအညီကို ပေးလာသည်။ ဒါ့အပြင် သူ၏လိုအပ်ချက်များကိုလည်း ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံသည်။ ဤကဲ့သို့ ချဉ်းကပ်မှုက နည်းပညာအကြောင်း ဘာတစ်ခုမှမသိဘဲ လူထုကို ပိုက်ဆံဖြင့်ဘယ်လိုရိုက်ချိုးရမလဲကိုသာ သိပြီး စတင်ရေးဆွဲအကောင်အထည်ဖော်ခဲ့သည့် အဖွဲ့ကို ကုမ္ပဏီကနေ ဘယ်လိုနှင်ထုတ်ရမလဲအား နေ့စဉ်ရက်ဆက် ကြံစည်နေသည့် ထိုအရင်းရှင်များထက် ပိုကောင်းမွန်သည်ပင်။
ထောင်မုသည် ထပ်တစ်ကြိမ် သူ့အကြိုက်နှင့်လည်း ကိုက်ညီလှသည့် အလွန် ထက်မြက်သောပါတနာကို ရှာဖွေတွေ့ရှိနိုင်ခဲ့သည်ဟု ခံစားလိုက်ရပြန်သည်။
ရင်ထဲ ဂွမ်းဆီထိလို့မပြီးခင်မှာဘဲ လော့ရှီဆီကနေ ဖုန်းလက်ခံရရှိလေသည်။
"မင်း ပေကျင်းမှာလား?" ဖုန်းတစ်ဖက်မှ လော့ရှီက သူ၏ ကျေနပ်အားရမှုနှင့် သူတစ်ပါးဒုက္ခတွေ့သည်ကို ရွှင်မြူးနေစိတ်အား ဖုံးကွယ်ထားမနေပေ "မင်းပေကျင်းမှာဆို ပေကျင်းအမှတ် ၁ ပြည်သူ့ဆေးရုံက အရိုးအကြောဌာန လူနာဆောင် ၃၀၄ကို လာလို့ရတယ်။ အဖေက လော့ယန် ခြေထောက်ကို ချိုးလိုက်တယ်လေ။ ငါ့အထင် သူ သူ့သူငယ်ချင်းတွေ သတင်းလာမေးပြီး အားပေးတာ လိုလိမ့်မယ်ထင်တယ်"
ထောင်မု : “…..”
"ဒါနဲ့ ငါမင်းကိုပြောဖို့ မေ့နေတာ" လော့ရှီက ပါးပါးလေးပြုံးသည် "မင်း ငါ့ကိုပေးခဲ့တဲ့ ကြမ်းခင်းဈေးတွေအရ ငါ နောက်ထပ် ၁၀သန်းထပ်ထည့်လိုက်တယ်။ လေလံအောင်ပြီးတော့. လော့အုပ်စုလည်း အောင်အောင်မြင်မြင် ရှန်ဟိုင်းကမြေကို ရလိုက်တယ်။ လေလံဈေးက နဂိုဘက်ဂျက်ထက် နည်းနည်းမြင့်ပေမဲ့ ဘုတ်အဖွဲ့က ဒါရိုက်တာတွေ သေချာစဉ်းစားပြီးတဲ့နောက် ဒီဈေးက အမြတ်များများရနိုင်တယ်လို့ ထင်ကြတယ်လေ။ ဒီတော့ ကုမ္ပဏီကအာရုံစိုက်မယ့် နောက်ခြေလှမ်းက မြေကို ဖွံ့ဖြိုးတိုးတက်စေဖို့ပဲ။ ငါက လေလံပွဲမှာ ဒီရေစီးကြောင်းကို ပြောင်းနိုင်ခဲ့တာဆိုတော့ ဘုတ်အဖွဲ့က ဒီပရောဂျက်အတွက် ငါတာဝန်ယူနိုင်လောက်တယ်လို့ တွေးတယ်"
လော့ရှီက သည်အကြောင်းကိုပြောရင်းနှင့် ခဏရပ်လိုက်သည် "မင်းစိတ်မရှိဘူးဆိုရင် ငါတကယ်ဘုတ်အဖွဲ့ရဲ့ အသိအမှတ်ပြုမှုကို လိုအပ်လို့ မင်းအခန်းကဏ္ဍကို ငါမပြောခဲ့ဘူး။ဒါပေမဲ့ မင်းစိတ်မပူပါနဲ့ ငါမင်းကို အခြားနည်းတွေနဲ့ အလျော်ပြန်ပေးပါမယ်။ FlyNews ဘက်က ဘာပဲလိုချင်လိုချင် လုံထျန်းအင်တာတိန်းမန့်က ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် FlyNews ရဲ့ ကြော်ငြာလုပ်ငန်းနဲ့ ပူပေါင်းမှာပါ။ သေချာတာပေါ့၊ တကယ်လို့ မစ္စတာထောင်မှာ ကိုယ်ရေးကိုယ်တာ တောင်းဆိုစရာရှိတယ်ဆိုရင်လည်း ပြောနိုင်ပါတယ်။ ဘယ်လိုတောင်းဆိုမှုမျိုးပဲဖြစ်ဖြစ် ကျေနပ်အောင် အကောင်းဆုံး လုပ်ပေးပါမယ်"
"ငါတို့ပူပေါင်းမှုက အတော်လေးပျော်ဖို့ကောင်းမယ်လို့ ထင်တယ်နော်။ ပြီးတော့ အနာဂတ်မှာ မစ္စတာထောင်နဲ့ ပူပေါင်းမယ့် အခွင့်အရေးတွေ ပိုရလာဖို့လည်း ငါကိုယ်တိုင် မျှော်လင့်နေတယ်"
ထောင်မုသည် ဤသည်မှာ လော့ရှီဘက်မှ တတ်နိုင်သည့် အကျိုးအမြတ်အလဲအလှယ်ဟု နားလည်သည်။သူက ဤလေလံကို ဘုတ်အဖွဲ့မှ ရှယ်ယာရှင်တွေ သူ့အား ပိုထောက်ခံလာဖို့ သိမ်းသွင်းစည်းရုံးရာမှာ အသုံးချချင်သည်။ သည်အတွက် တုံ့ဆိုင်းမှုမရှိဘဲ ထောင်မု၏ ကြိုးပမ်းအားထုတ်မှုကို အကုန်စုပ်ယူလိုက်ခြင်းပင်။ သို့ပေမဲ့ တစ်ဖက်မှာလည်း ထောင်မု၏ မကျေနပ်မှုကို သွားနှိုးဆွမိမည်စိုး၍ ထောင်မု၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အရာများကို ကြိုးစားပမ်းစားပြင်ဆင်ထားခြင်း ဖြစ်သည်။
သို့ပေမဲ့ သူမသိသည်က ထောင်မု ကိုယ်တိုင်ကလည်း သည်ကိစ္စကို လူသိမများစေချင်ခြင်းပင်။သေချာသည်ပေါ့၊ ထောင်မုသည် သူ့ကိုယ်သူအပျံသစ်စငှက်တစ်ကောင်ဟုသာ တွေးထင်ထားပြီး ရှန်းမိသားစုနှင့် ရှန်းယွီကို သဘောကြသူများ၏ အာရုံကို မဆွဲဆောင်မိချင်ပါ။ သို့သော်လည်း ဤအရာက လော့ရှီ၏ ကမ်းလှမ်းမှုကို လက်ခံမည့် ထောင်မု၏ သဘောထားကို မယိမ်းယိုင်စေပေ။
"ကျွန်တော်လည်း မစ္စလော့နဲ့ ပူပေါင်းဖို့ အလွန်မျှော်လင့်မိပါတယ်" ထောင်မုက နွေးနွေးထွေးထွေး ပြုံးလိုက်ကာ လော့ရှီ ၏ စေတနာဖော်ပြမှုကို ရိုးရိုးရှင်းရှင်းပဲ လက်ခံလိုက်သည် ၊
ဖုန်း၏အခြားတစ်ဖက်၌ အသက်ရှူအောင့်ထားမိသည့် မစ္စလော့က နောက်ဆုံးတော့ စိတ်သက်သာရာရစွာ သက်မချလိုက်နိုင်တော့သည်။ လော့ရှီမှာ ထောင်မု၏ တန်ဖိုးကို အနာဂတ်ကမ္ဘာ့ရေနံဈေးအရေးနှင့် ရှန်ဟိုင်းမြို့မြေနေရာလေလံပွဲအရေး နှစ်ခုတည်းကနေ မြင်တွေ့ရပြီးဖြစ်သည်။ သူ ထောင်မုအား စိတ်အနှောင့်အယှက်ဖြစ်အောင် အမှားမပြုချင်မိပါ။ အကယ်၍ ထောင်မုကများ ဒါကိုကြားပြီးနောက် ပြင်းထန်သော မကျေနပ်မှုကို ဖော်ပြလာခဲ့သည်ဆိုလျှင် သူ ဘုတ်အဖွဲ့မှ ဒါရိုက်တာတွေထံ အမှန်အတိုင်းပြောဖို့ကိုတောင် စဉ်းစားခဲ့သေးသည်။
သို့ပေမဲ့ ယခုမြင်ရသည်မှာ ထောင်မုက စာနာမျှဝေတတ်ပြီး ပေါ့ပေါ့ပါးပါးရှိသည့်သူတစ်ယောက်ဖြစ်ပုံပင်။ဤသို့ဖြစ်လျှင် လော့ရှီမှာ သူသည်လည်း ထောင်မုအား သူ၏စိတ်ရင်းမှန်ကို မြင်တွေ့ခွင့်ပေးသင့်သည်ဟု ခံစားလိုက်ရသည်။
"တကယ်လို့ FlyNews က လုံထျန်းအင်တာတိန်းမန့်ရဲ့ အနုပညာရှင်တွေကို ကြော်ငြာအတွက်သုံးချင်တယ်ဆိုရင် online ဒါမှမဟုတ် offline ပရိုမိုးရှင်းပဲဖြစ်ဖြစ် အနုပညာရှင်တွေကို FlyNews ရဲ့ ပရိုမိုးရှင်းလှုပ်ရှားမှုနဲ့ပူပေါင်းဖို့ ငါပြောလိုက်လို့ရတယ်" လော့ရှီသည် ထောင်မုမှ လုံထျန်းအင်တာတိန်းမန့် ၏ ရင်းမြစ်များကို တန်ဖိုးထားကြောင်း သိသည့်အတွက် ရက်ရောလှစွာ ကမ်းလှမ်းလာသည်။
"အခြား ခွင့်ပြုချက်လိုတာရှိလည်း ငါ့ကို တိုက်ရိုက်သာပြော။ မင်းကို ကူညီဖို့ ငါအကောင်းဆုံးလုပ်မှာပါ။ ဈေးအတွက်ကတော့ မင်းစိတ်ပူစရာမလိုဘူး။ ငါ့ဘက်ကနေ ကြည့်လုပ်လိုက်မယ်"
ထောင်မုသည် ဤကဲ့သို့ ဉာဏ်ကောင်းပါးနပ်သည့်လူမျိုးကို သဘောအကျဆုံးဖြစ်သည် "အဲ့ဒါဆို မစ္စလော့ကို ကျေးဇူးတင်ပါတယ်။ လိုအပ်တာတစ်ခုခုရှိရင် ကျွန်တော် မစ္စကို တိုက်ရိုက်ပြောပါ့မယ်"
"ကြိုဆိုလျက်ပါ၊ ဒါက ငါလုပ်သင့်တဲ့ကိစ္စပါပဲ" လော့ရှီက ခေတ္တရပ်သွားပြီးနောက် မေးလာသည် "မင်း လော့ယန်ကို ကြည့်ဖို့ ဆေးရုံလာမှာလား?"
"သေချာတာပေါ့" ထောင်မု၏ နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားပြီး တောက်တောက်ပပပြုံးလာသည် "သေချာပေါက် ကျွန်တော် သွားကြည့်သင့်တယ်လို့ ထင်တယ်"
လော့ရှီမှာ ထောင်မုနှင့် လော့ယန်အကြားရှိ ဆက်ဆံရေးအကြောင်း အများကြီးမသိလှ။ဒါကိုကြားတော့ ချက်ချင်းပဲ ပြုံးကာ ပြောလာသည် "အမှန်ပဲ၊ မင်းတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေဟာ။ မင်းကိုဆေးရုံမှာ တွေ့လိုက်ရရင် လော့ယန် အရမ်းပျော်သွားမှာ"
အဲ့လိုလား?
ထောင်မုက မျက်ခုံးပင့်လိုက်သည်။ သူ့ကိုမြင်လို့ လော့ယန် ပျော်သွားမလား မပျော်သွားမလား သူမသိပေ။
ထောင်မု သိသည်က ယဉ်ယဉ်ကျေးကျေး ရောက်သွားပြီး ပန်းစည်းတစ်စည်းနှင့် သစ်သီးခြင်းတစ်ခြင်းကိုင်လို့ လူနာဆောင်ထဲ ဝင်ကာ ကုတင်ပေါ်တွင် ကျောက်ပတ်တီးစည်းထားသောခြေထောက်နှင့် လှဲနေသည့် လော့ယန်ကို မြင်လိုက်ရချိန်၌ သူ့စိတ်အခြေအနေ အလွန့်အလွန်ကို လန်းဆန်းတက်ကြွလာသည်ဟုပင်။
***

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now