ကောလဟာလနှင့် Flynews

1.6K 243 4
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၃၅ ကောလဟာလနှင့် Flynews

ဘန်း!
ခေါင်းနှင့် စားပွဲကို ပြင်းထန်စွာတိုက်လိုက်ပြီး တုခမ်းသည် အားလုံးအား စိတ်ပျက်လက်ပျက် အော်ဟစ်ကာ "ငါ အသက်မရှင်ချင်တော့ဘူး!"
ထောင်မုနှင့် အခြားနှစ်ယောက်တို့သည် ရယ်ချင် နေသည်ကို မျိုသိပ်ကာ စိတ်ရှည်ရှည်ဖြင့် "နတ်သမီးတောင်ပံ" အဖြစ် C ရာထူးနှင့် ပွဲဦးထွက်ခဲ့သည့် အတန်းဖော် တုခမ်းကို "အရာအားလုံးက ဖြစ်သွားပြီလေ။ အဲဒါကို ဆက်မတွေးနဲ့တော့၊ ဒီတိုင်းပဲ ထားလိုက်ပါ။"
"တကယ်တော့ ဒီလိုကိစ္စမျိုးက ဘာမှမဖြစ်ပါဘူး။ တော်တော်များများလည်း လုပ်ကြတာပဲလေ။ ငါတို့ကျောင်းမှာ မင်းတစ်ယောက်တည်းဆိုတာတော့ မယုံဘူး။"
"ဟုတ်တယ်၊ မဟုတ်ရင် ငါ့အတန်းဖော်တွေက ဒီနည်းလမ်းကို အကြံပေးမှာ မဟုတ်ဘူး။"
"ခဏနေပါဦး!" တုခမ်းသည် ရုတ်​တရက်​ ​ခေါင်း​မော့ပြီး လူတိုင်းကို လှည့်​ကြည့်​လိုက်သည်။ သူ့လှုပ်ရှားမှုများသည် ပြင်းထန်လွန်းသည့်အတွက်သူ့လည်ပင်းကို လိမ်နေသလိုပါပင်။ နဖူးပေါ်တွင် ထင်ရှားသော အနီကွက်တစ်ခုလည်း ရှိနေသည်။
သို့သော် ယခုအချိန်တွင် တုခမ်းသည် ယင်းကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းမရှိပေ။ လူတိုင်းမှ သစ္စာဖောက်သလို ခံစားနေရသည်။ ယခု သူသည် မျက်နှာပျက်ရုံတင်မကဘဲ သူ့နှလုံးတွေတောင် အက်ကွဲသွားသလိုပါပဲ "မင်းတစ်ယောက်ထဲဆိုတာကဘာကိုဆိုလိုချင်တာလဲ? 301 အိပ်ဆောင်က ရှေ့တိုးလည်းတူတူ နောက်ဆုတ်ရင်လည်း တူတူလို့ ပြောထားတာမဟုတ်ဘူးလား? ဒါဆို မင်းတို့မလုပ်ခဲ့ကြဖူးလား?"
တုခမ်းသည် အလွန်ရှော့ခ်ရသွားသည့်အတွက် စကားပြောနေသည့်အချိန်တွင် ထစ်ထစ်ငေါ့ငေါ့နှင့် ဖြစ်နေခဲ့သည်။
တစ်စုံတစ်ယောက်၏ ကြေကွဲဝမ်းနည်းနေသည့် အကြည့်လေးများကို တွေ့လိုက်ရသည့်အခါ ထောင်မုသည် သူ့နာမည်ကို အရင်ရှင်းပစ်ခဲ့သည်- " ငါ လုံးဝမလုပ်ဘူးလို့ ငါပြောတယ်လေ။ မင်းတို့ ငါ့ကို အတင်းအကြပ်ခိုင်းတာလေ။ နောက်ဆုံးအချက်ကတော့ ငါ့အိုင်ဒေါလ်အိပ်မက်က အရမ်းလေးနက်တယ်!”
အမှန်ပါပဲ သူသည် မနက်ခင်းတွင် မျက်နှာသစ်ဖို့ skin care ပစ္စည်းအများကြီးသုံးသူဖြစ်သည်။
တုခမ်းသည် အချိန်အတော်ကြာအောင် စိတ်ကို ထိန်းလိုက်ပြီး ထောင်မု၏ရှင်းပြချက်ကို အနည်းငယ်လက်ခံနိုင်ခဲ့သည်။ ထို့နောက် သူ့အကြည့်ကို ၁.၇၅ မီတာမြင့်သော ဝမ်ပေါင်ဆီသို့ရွှေ့လိုက်သည်။
"အိုး" ဝမ်ပေါင်သည် သူ့နှာခေါင်းကို ထိလိုက်ကာအနည်းငယ်အားနာသွားသလို ခံစားလိုက်ရသည်- "ငါ့ဖိနပ်ကနည်းနည်းကြပ်နေလို့ ဖိနပ်ထဲတောင်ဝင်လို့ သိပ်မရဘူး။ ဒါကြောင့်--"
"ဖိနပ်အရွယ်အစားကြောင့်လို့ မပြောနဲ့နော်!" အရှေ့မြောက် ၁.၉ မီတာအကွာမှ လူသည် ရုတ်တရက်ပေါက်ကွဲသွားသည်- "ဖိနပ်အရွယ်အစားကြောင့်သာမဟုတ်ရင် ငါအခုလို မျက်နှာပျက်စရာ ဖြစ်ပါ့မလား?"
တုခမ်းသည် ထိုသို့ပြောရင်း အိပ်ဆောင်ထဲရှိ တစ်ယောက်တည်းသော တောင်ပိုင်းသားကို ပြင်းပြင်းထန်ထန်ကြည့်လိုက်သည်။ သူသည် ဤမတော်တဆမှုကို ဖြစ်စေသည့် တရားခံလည်းဖြစ်သည် (ယခု တုခမ်းသည် စိတ်ထဲတွင် များစွာခံစားသွားရသောကြောင့် ဒီကိစ္စကို ရိုးရိုးရှင်းရှင်းနဲ့ မပြီးလိုက်နိုင်တော့ပေ) "မင်းကော? မင်းကိုယ်တိုင် ဒါကို အကြံပေးခဲ့တာ မဟုတ်ဘူးလား? မင်းဘာလို့မလုပ်ခဲ့ရတာလဲ?"
ချူဆွေ့အန်းသည် အားနာသွားပြီး တုခမ်း အတွက် တကယ်ကို အပြစ်ရှိသလို ခံစားရပြီး တောင်းပန်သည်- ".....ငါအရမ်းရှက်သွားလို့ပါ။"
တုခမ်း: ဟဟ!
ချူဆွေ့အန်းသည် ပို၍ပင် အပြစ်ရှိသလို ခံစားလာရပြီးသူ့တံတွေးကို မြိုချလိုက်ရာ သူ၏ အာဒမ်ပန်းသီးသည် အပေါ်အောက် လျှောကျသွားသည်- "ငါ သေသေချာချာ တွေးကြည့်လိုက်တော့ ထောင်မုမှန်တယ်လို့ ထင်တယ်။ နောက်ဆုံးတော့ ငါတို့က ဒရာမာဌာနကကျောင်းသားတွေလေ သိပ္ပံနဲ့အင်ဂျင်နီယာဌာနက ယောက်ျားတွေနဲ့လုံးဝမတူဘူး။ ဒီကိစ္စကိုသာ သိသွားခဲ့ရင်....." ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်မလဲ!
သတိကြီးစွာ ပြုမူခြင်းသည် ပညာရှိဖြစ်သည်ကိုအဖြစ်မှန်က သက်သေပြခဲ့သည်။
ဝရဇိန်တစ်ခု သူ့နဖူးကို "အက်ကွဲ" အောင် ရိုက်ချလိုက်ပြီး တုခမ်း ဝန်းကျင်ရှိ အရိပ်သည် သာမန်မျက်စိနှင့် မြင်နိုင်သည့် အရှိန်အဟုန်နှင့် ကျယ်ပြန့်လာသည်- "ဒါဆို မင်းတို့သုံးယောက်က ငါတို့အဆောင်ရဲ့ စုပေါင်းလှုပ်ရှားမှုကို တိတ်တဆိတ် သစ္စာဖောက်ပြီး ငါ့ကို တစ်ယောက်တည်း ထားခဲ့တယ်ပေါ့ ဟုတ်လား?"
"ငါစိတ်မကောင်းပါဘူး!" ချူဆွေ့အန်းသည် သူ့လက်များကို ရှေ့တွင် ဆုပ်ကိုင်လိုက်ပြီး နောင်တဖြင့်ခေါင်းငုံ့ကာ " ငါတကယ်ကို မမျှော်လင့်ထားခဲ့ပါဘူး....."
တုခမ်းသည် သူ့နှလုံးသားထဲတွင် ဝမ်းနည်းပူဆွေးမှု ဒေါသများ စက္ကန့်မလပ် ပြည့်လျှံသွားသလို ခံစားလိုက်ရသည်။ သူ့လည်ချောင်းထဲတွင် သွေးဟောင်းတစ်ဗူး ရှိနေသကဲ့သို့အချိန်အတော်ကြာအောင် နှုတ်ခမ်းများတုန်ခါသွားသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်သေးပေ
"မင်းတို့ လူမှ ဟုတ်ရဲ့လား!" အဆုံးတွင် အတန်းဖော်တုခမ်းသည် အလွန်နာကျင်သော အသံဖြင့် ငိုကြွေးခဲ့သည်။ ပန်းကန်သေးသေးတစ်လုံးယူကာ အတွင်း၌ တစ်ခုခုမွှေနေသော ထောင်မုကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ဒေါသတကြီးမေးသည် "ငါက အရမ်း၀မ်းနည်းနေတာကို မင်းအခု ဘာတွေလုပ်နေတာလဲ?"
"facial maskတွေ လုပ်နေတာလေ"
"မင်းက ဒိန်ချဉ်တစ်ပုလင်း၊ ဂျုံမှုန့်တစ်ထုပ်နဲ့သွားတိုက်ဆေးအဖြူတစ်ဗူးတို့‌ကို ရောမွှေနေတာပဲ။ ဒါက တကယ်ပဲ facial maskလုပ်လို့ရတယ်လား?" တုခမ်းသည် ချက်ချင်းပင် အံ့ဩသွားပြီး သူ၏ ကြေကွဲဖွယ်အခြေအနေကိုပင် မေ့သွားသည်-- အကယ်၍ ထောင်မုသည်သွားတိုက်ဆေး ပြွန်သေးသေးလေးကို ညှစ်ထားခြင်းကြောင့်မဟုတ်ပါက တုခမ်းသည် ထောင်မု စားစရာ တစ်ခုခု လုပ်နေသည်ဟု ထင်နေလိမ့်မည်။
"ဒါက ပုလဲမှုန့်!" ထောင်မုသည် "နေရောင်နဲ့ ထိတွေ့ပြီးတဲ့ နောက်မှာ တော်တော်အဆင်မပြေဘူး"
တုခမ်းသည် "မင်းမှာ အရင်ကလို facial maskတွေ မရှိဘူးလား?"
"မတူဘူး" ထောင်မုသည် ခေါင်းယမ်းကာ "ထုတ်ကုန်ကို သန့်စင်ပြီးအော်ဂဲနစ်အဖြစ် ဘယ်လိုကြော်ငြာထားပါစေ၊ သူ့မှာ ဓာတုဗေဒပါဝင်ပစ္စည်းတွေပါ၀င်တယ်။ အထူးသဖြင့် ငါတို့အသက်အရွယ်နဲ့ကျ အဲ့ဒါတွေ အရမ်းသုံးရင် မကောင်းဘူး"
"ဒါပေမယ့် အိမ်လုပ် facial maskတွေကမတူဘူး။ သူသုံးတဲ့ ပါဝင်ပစ္စည်းအများစုက စားသုံးလို့ရတဲ့ အရာတွေဖြစ်ပြီး အသားအရေကို ပိုနူးညံ့စေတယ်။"
အမှန်တော့ ထောင်မုသည် ဤသို့ ကသိကအောင့်ဖြစ်စေသည့် maskကပ်သည်မှာ တော်တော်ရှားသည်။ သို့သော် သူသည် လွန်ခဲ့သည့် ခြောက်လလောက်တည်းက အိပ်ယာ၀င်နောက်ကျခဲ့ပြီး ဆောင်းဦးရာသီမှာ ခြောက်သွေ့သည့်ရာသီဥတုနှင့် လေပြင်းများကြောင့် သူမထိန်းသိမ်းပဲ နေလို့မရတော့ပေ။ သူ့မျက်နှာပျက်စီးသွားသည်ထက် ကသိကအောင့်ဖြစ်စေသည့် maskကပ်ရသည်က ပို၍ကောင်းပါသည်။
ဒါသည် အိုင်ဒေါလ်တစ်ယောက်၏ ပြရုပ်ပါပဲ။
ထောင်မုသည် ၎င်းကို သူ့ကိုယ်သူ သုတ်လိမ်းလိုက်ပြီး လူတိုင်းကို အကြံပေးရန်လည်း မမေ့ခဲ့ပေ။ ဤတစ်ခါတွင် ယောက်ျားလေးသုံးယောက်မှာ ထိုmaskသည် စေကပ်လိမ့်မည်ဟု ခံစားနေရသည်။ နည်းနည်းတော့ ကသိကအောင့်ဖြစ်‌စေသည်။ ထိုအချက်ကို သူတို့တကယ်မကြိုက်ပေ။ အဆုံးတွင် ထောင်မုသည် "ဒါက မနက်က facial maskတွေထက်တောင် ပိုသက်တောင့်သက်သာရှိပြီး အေးမြလန်းဆန်း‌စေတယ်" ဆိုသည့် စာကြောင်းတစ်ကြောင်းနှင့် သူတို့ကို ဆွဲဆောင်ခဲ့သည်။
တကယ်ပဲလား?
သုံးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နောက်ဆုံးတွင် ထောင်မုရှေ့တွင် အတန်းလိုက်ထိုင်လိုက်ကြပြီး မျက်နှာများ တည့်မတ်ကာ ထောင်မု၏ လုပ်ရပ်ကို နာခံကြသည်။
ထောင်မုသည် ဝမ်ပေါင်၊ ချူဆွေ့အန်းနှင့် တုခမ်းတို့ သုံးယောက်ကို ထိုင်ခိုင်းပြီး မျက်နှာကို maskကပ်ပေးလိုက်သည်။ ဝမ်ပေါင်နှင့် ချူဆွေ့အန်းတို့ကို လိမ်းပေးပြီးခဏအကြာတွင် တံခါးခေါက်သံကြားလိုက်ရသည်။
တစ်စုံတစ်ယောက်သည် သူ့လက်ကို လက်သီးဆုပ်ပြီး တံခါးကို နှစ်ကြိမ်တိုင်တိုင်ခေါက်ခဲ့သည်။ အတော်လေး ပြင်းထန်ပြီး တံခါးပင် တုန်ခါသွားသည်။
"?" ထောင်မု သည် စာအုပ်စင်ပေါ်ရှိနှိုးစက်နာရီကို တစ်ချက်ကြည့်လိုက်သည်။ ညကိုးနာရီထိုးပြီ၊ ဘယ်သူပါလိမ့်?
"လာပြီ" ထောင်မုသည် အဖြူရောင်ခြယ်ထားသောမျက်နှာဖြင့်သာ တံခါးကိုဖွင့်လိုက်သည်။
အဆောင်တံခါးဖွင့်လိုက်သည်နှင့် အပြင်ဘက်တွင်ရပ်နေသော လူများသည် ထောင်မု၏ ဖြူဖွေးသော မျက်နှာကို မြင်လိုက်ကြပြီး ကြောက်လန့်တကြား အော်လိုက်ကြသည်။
"..အဲဒါက ငါ့ကိုသေအောင်လုပ်နေတာဘဲ! " ဆန့်ကျင်ဘက်အဆောင်မှာနေထိုင်သည့် ကောင်လေးများသည် လန့်သွားသောကြောင့် ရင်ဘက်များ နှိမ့်ချည်မြင့်ချည် ဖြစ်နေသည် "မင်းဘာလုပ်နေတာလဲ?"
"မျက်နှာလိမ်းထားတာပါ။" ထောင်မုသည် ဘေးကိုကပ်ပြီး "ဝင်မလို့လား?"
"အင်း!" သူတို့သည် ခေါင်းညိတ်ပြီး အစုလိုက် ဝင်သွားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် "ငါတို့ လာကြည့်ချင်ရုံပါပဲ။ မင်းတို့အဆောင်ကလူတွေက တော်တော်ရယ်စရာကောင်းတယ်လို့ ပြောကြတယ်။ အထူးသဖြင့် တုခမ်း ပေါ့"
ထို့အပြင် သူသည် 2008 ပေကျင်းရုပ်ရှင် ကျောင်းသားသစ်များထဲတွင် C ရာထူးဖြင့် ပထမဆုံး ပွဲဦးထွက်ဖြစ်ခဲ့သည်။
ယောက်ျားလေးများသည် ယောက်ျားလေးများပါပဲ။ သူတို့သည်အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နှင့် အတူတူနေကြသည်။ ထို့ကြောင့်သူတို့လေးယောက်သည် သူတို့အဆောင်တွင် ထိုအရာကို ဆွေးနွေးပြီး ရောက်လာခဲ့ကြသည်။ သို့သော် လန့်သွားဖို့ မမျှော်လင့်ထားခဲ့ပါ။
ဤ 301 အဆောင်သည် ပထမဆုံး ပွဲဦးထွက်သည့် အဆောင်တစ်ခုအနေနှင့် ထိုက်တန်သည်ဟု ထင်ရသည်။ အဆောင်အနေအထားမှာ ပေကျင်းရုပ်ရှင် ၏ '08 လတ်ဆတ်သော အနေအထားအပြင် အခန်းဖော် ယောက်ျားလေးအားလုံးသည် တော်တော်စိတ်ဝင်စားဖို့ကောင်သည်။
"အာ.. တုခမ်း ငါတို့ မင်းကိုတွေ့ဖို့ ရောက်လာတာ။" မျက်ခုံးထူထူနှင့် မျက်လုံးကြီးသည့် ကောင်လေးတစ်ယောက်သည် တုခမ်း၏ နဖူးပေါ်ရှိ အနီရောင်အမှတ်အသားကို တွေ့လိုက်ရသည့်အခါ ရယ်ပြီး " ရို့..တုခမ်း၊ မင်းရဲ့မျက်ခုံးနှစ်ခုကြားက အနီရောင်တောက်နေတာကို ငါတွေ့လိုက်ရတယ်။ ဒါက မင်းနာမည်ကြီးလိမ့်မယ်ဆိုတဲ့ လက္ခဏာပဲ။"
"တော်စမ်းပါ!" တုခမ်း၏ အမူအရာမှာမှောင်သွားသည်။ ဤကောင်လေးသည် စစ်ရေးလေ့ကျင့်မှုတွင် သူ့ဘေးမှာ ရပ်ပြီး သူ့နာမည်ကို အားလုံးကြားအောင် အော်ခဲ့သည်!
"ဪ မလုပ်တော့ပါဘူး! မင်းနာမည်က တုခမ်း ငါ့နာမည်က တုမင်။ ငါတို့က လွန်ခဲ့တဲ့ နှစ်ငါးရာလောက်တုန်းက မိသားစုဖြစ်ခဲ့တာပဲ" တုမင်သည် ပြုံးပြီး " ငါတို့က အတန်းဖော်တွေဖြစ်ပြီး မျိုးရိုးလည်း တူတယ်ဆိုတော့ မင်း ငါ့ကိုလျစ်လျူမရှုသင့်ဘူး ဟုတ်တယ်မလား? ဒါ့အပြင် ဒီမနက် ငါ့ကြောင့်မဟုတ်ရင် မင်း ငါတို့ 2008 ပျေကင်းရုပ်ရှင်ရဲ့ အလှုပ်ခတ်ဆုံးဖြစ်မှာမဟုတ်ဖူး!"
"ငါ အလှုပ်ခတ်ဆုံးမဖြစ်ချင်ဘူး! ငါ ဒီလိုပုံစံနဲ့ကျော်ကြားချင်တာ မဟုတ်ဘူး! မင်းလိုချင်ရင် မင်းယူသွားလိုက်!" တုခမ်းသည် နှာမှုတ်လိုက်ပြီး သူ့မေးစေ့ကို မျက်နှာကျက်သို့ မြှောက်လိုက်သည်။ "ထောင်ဇီလေး ကျန်းရဲ့မျက်နှာကို ဖုံးပေးပါအုံး။" (ကျန်း-ဧကရာဇ်မင်း၏ ကိုယ့်ကိုယ်ကိုယ်ညွှန်းဆိုစကား)
ထောင်မု ပြုံးလိုက်ပြီး "အင်း" ဟုပြော၍ ပန်းကန်လုံးလေးကို ကိုင်ကာ တုခမ်းဆီသို့ လျှောက်သွားလိုက်သည်။ သူသည် တုခမ်း၏ မျက်နှာပေါ် နောက်ဆုံးကျန်သည့် maskကို သုတ်လိုက်သည်။
တုမင်၏အခန်းဖော်သည် သူ့ကိုကြည့်ပြီး ရုတ်တရက် ထပြောသည် "ဒီတစ်ယောက်ကကျ တော်တော်ကြီးတာပဲ!" လူတစ်ဦးအတွက် ဤပမာဏသည် အခြားလူသုံးဦးနီးပါးပင်ဖြစ်သည်။
တခြားလူထက် အလွန်ကြီးနေသည်- "တုခမ်း မင်းခြေထောက်ကြီးတာတင်မကဘဲ မျက်နှာလည်းကြီးတယ်နော်" စကားပြောအပြီးတွင် သူသည် အတော်လေး ဟာသဆန်သည်ဟုခံစားရပြီး သူ့ဘာသူ ရယ်မောနေသည်။
တုခမ်း : "!!!"
ထောင်မုသည် ဆံပင်များထောင်တော့မတတ်ဒေါသအရမ်းထွက်နေသည့် အရှေ့မြောက်ကောင်ကြီးကို အမြန်ဆွဲကိုင်လိုက်သည်။ ထောင်မုလည်း နည်းနည်းစိတ်မချမ်းသာသလို ဖြစ်သွားသည်"ချီးတဲ့မှ မင်း ဒီကိုလာပြီး ဘာတွေလုပ်နေတာလဲ? တခြားသူတွေကို လာစော်ကားနေတာလား?"
ထောင်မုသည် နောက်ဆယ်နှစ်အရွယ်ဖြစ်သည့်အတွက် သူ၏စိတ်ပိုင်းဆိုင်ရာသည် ဤကလေးများထက် ဆယ်နှစ်ပိုကြီးပါသည်။ ထို့အပြင် သူသည် ယခင်ဘဝက စူပါစတားတစ်ဦးဖြစ်ခဲ့ပြီး လွှမ်းမိုးချုပ်ကိုင်ထားသော စီအီးအိုလည်းဖြစ်ခဲ့သည်။ အုပ်စိုးသူရာထူးများတွင် တာဝန်ထမ်းဆောင်ဖူးသူတိုင်း၊ သူ၏ ဩဘာသည် လွန်စွာ အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသည့်အတွက် ရယ်စရာကောင်းသော မျက်နှာဖြူကြီးဖြင့်ပင် လူတိုင်းချက်ခြင်း ထိတ်လန့်သွားကြသည်။
အရမ်းရယ်စရာကောင်းသည်ဟုထင်သည့်ကောင်လေးသည် သူ့နှုတ်ခမ်းများကို ပိတ်လိုက်ပြီး ရှင်းပြသည် "ငါပြောတာ အဲ့လိုမဟုတ်ပါဘူး..... နောက်နေတာပဲကို....." သူဘာလို့ စိတ်ဆိုးသွားတာလဲ!
တခြားလူများလည်း နည်းနည်းပါးပါး ထိတ်လန့်သွားပြီး ထောင်မုကို သတိထား၍ ကြည့်လိုက်သည်။
စကားမပြောပဲနေသည့် ကောင်လေးသည် လှည့်ကြည့်လိုက်ပြီး ချက်ချင်း သဘောပေါက်သွားသည်။ သူသည်ပြုံးပြီးပြောသည်- "ဟေ့ ငါပြောမယ် ငါတို့က တုခမ်းကို နှစ်သိမ့်ပေးဖို့ လာခဲ့တာ မဟုတ်ဘူးလား။ မင်းတို့တွေ နှစ်သိမ့်စကား မပြောပဲနဲ့ ဒဏ်ရာကို ဆားဖြန်းနေတာကတော့ မကောင်းဘူး။ ဟုတ်တယ်မလား?"
ယောက်ျားလေးများသည် ပါးစပ်များပွင့်ဟသွားပြီး တုခမ်းအား တောင်းပန်၍ ပြုံးပြကြသည်- "ကိုယ့်လူ ငါတို့ အဲ့ဒီလိုဆိုလိုတာမဟုတ်ပါဘူး။ ငါတို့ကို အထင်မလွဲလိုက်ပါနဲ့။ ငါတို့က မင်းကို ဟားတိုက်ဖို့ ဒီကို လာခဲ့တာ မဟုတ်ပါဘူး။ မင်းတို့အဆောင်ကလူတွေက အရမ်းရယ်စရာကောင်းတယ်ဆိုလို့ ငါတို့က လာပြီး မိတ်ဖွဲ့တာပါ။ ပြီးတော့ မင်းကို တောင်းပန်ချင်လို့ပါ။ မင်းက ဘောလုံးကန်တာနဲ့ ပတ်သတ်ပြီး နာမည်ကြီးနေပြီသားပါ။ ဒါကြောင့်ငါတို့ကို စိတ်မဆိုးပါနဲ့ ဟုတ်ပြီလား?"
စကားပြောနေစဉ်တွင် သူတို့၏မျက်လုံးများသည် ထောင်မုကို စိုက်ကြည့်ပြီး စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသည်- ဤချောမောလှပသော ကောင်လေးသည် ရည်မွန်ပုံပေါက်သည်၊ ထို့ကြောင့် မျက်မှောင်ကြုတ်မိသောအခါ သူဘာကြောင့် ကြောက်စရာကောင်းနေသနည်း? ထို့အပြင်၎င်းသည် သူ၏ကိစ္စမဟုတ်ပေ။ တကယ့်လူက ဘာမှပြန်မပြောပဲနေတာကို သူကဘာလို့ ပြဿနာရှာနေရတာလဲ?
တုခမ်းလည်း နားလည်သည်။ ချက်ချင်းဆိုသလိုပဲ သူ့နှလုံးသားသည် ပူနွေးသည့်ရေထဲတွင် စိမ်ထားသလို ခံစားလိုက်ရပြီး သက်တောင့်သက်သာဖြစ်စေသည်။အရပ် 1.9 မီတာရှိသည့် ကောင်လေးသည် ထောင်မု၏အင်္ကျီလက်ကို ရှက်ရွံ့စွာဖြင့် ဆွဲလိုက်ပြီး "ငါအဆင်ပြေပါတယ် ဒေါသမထွက်ပါနဲ့တော့"
ထောင်မု၏ မျက်နှာသည် အနည်းငယ် လျော့သွားသည်။ သူသည် အရင်ဘဝတွင် အလွန်အကျွံကာကွယ်တတ်ဖူးပြီး သူ့ပတ်ဝန်းကျင်ရှိလူများအား အခြားသူများမှအနိုင်ကျင့်ခြင်းကို အမုန်းဆုံးဖြစ်သည်။ ဤလူများသည်ဝင်လာပြီးအာရုံမစိုက်ဘဲ အတိုင်းအတာတစ်ခုအထိ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ဓားနှင့်ထိုးခြင်းများကို ဟာသလုပ်ကာ ရယ်မောခဲ့ကြသည်။ သူတို့၏ပစ်မှတ်သည် ဒေါသထွက်လာသည့်အခါ သူတို့သည်အပြစ်ကင်းသည့်အကြည့်နှင့် "စနေတာကို ဘာလို့ အတည်မှတ်နေရတာလဲ?" လို့ ပြောကြလိမ့်မည်။
ယနေ့ဖြစ်ရပ်ကို ဥပမာတစ်ခုအနေဖြင့် ကြည့်ကြပါစို့- ထိုနေ့မနက်မြင်ကွင်းကို လူတိုင်း၏ မိုက်မဲခြင်းဟု ယူဆနိုင်ပြီး သူတို့ တံခါးဖွင့်ပြီး၀င်လာသည့်အချိန်တွင် မှတ်ချက်များသည် အန္တရာယ်ကင်းသောလှောင်ပြောင်မှုဟု ဆိုနိုင်ပါသည်။ သို့သော် ထိုကိစ္စအပေါ်မှာ ထပ်ပြီး ဟာသမလုပ်သင့်ပါဘူး။ ဤလူအုပ်စုသည် ရောက်ရှိလာပြီးကတည်းက တုခမ်းကိုပစ်မှတ်ထားခဲ့ပြီး နောက်ဆုံးတွင် တုခမ်း၏အသွင်အပြင်နှင့် ပင်ကိုယ်စရိုက်ကိုပါ တိုက်ခိုက်ခဲ့သည်။ ဒါက နည်းနည်းလွန် လွန်းတယ်မဟုတ်လား?
သူတို့အမြင်တွင် တကယ်ပဲ ရယ်စရာဖြစ်နေပါသလား? ထိုသို့ပြုလုပ်ခြင်းသည် အခြားသူများအပေါ် တာ၀န်မဲ့ရာကျခြင်းဖြစ်သည်။
ဤလူများသည် တုခမ်းကိုလည်း တောင်းပန်ပြီး တုခမ်းသည်လည်း ဤကိစ္စကို ဆက်မပြောချင်တော့သည်ကို တွေ့လိုက်ရသောအခါ ထောင်မုလည်း ဆက်၍ မပြောတော့ပါ။ အောက်ထပ် စူပါမားကတ်မှာ ဝယ်လာသည့် သစ်သီးအိတ်ကို ကောက်ကိုင်လိုက်ပြီးဆားရေနှင့် ဆေးကြော၍ သူတို့အား အေးအေးဆေးဆေးထိုင်ခိုင်းလိုက်ပြီး "အသီးတွေတော့ရှိတယ်။ ကြိုက်တာယူစားချည်။ အားမနာပါနဲ့။"
သူသည် ရေခဲသေတ္တာထဲမှ အခွံမာသီးခြောက်ထုပ်အချို့ကိုလည်း ထုတ်ယူခဲ့သည်- ယမန်နေ့က ပေကျင်းမြို့ကိုအလည်အပတ်သွားခဲ့ရာတွင် တဟွေ့သည် အစ်ကိုယောင်၏ အမိန့်အရ ကလပ်မှ ထောင်မု နှစ်သက်သည့်အခွံမာသီးခြောက်ထုပ်ကြီးကို ယူဆောင်လာခဲ့သည်။ အရမ်းများလွန်းသောကြောင့် ထောင်မုသည် ထားစရာနေရာ မရှိသည့်အတွက် အိပ်ဆောင်သို့သယ်လာပြီး တခြားအခန်းဖော် သုံးယောက်ကိုပေးလိုက်တယ်။ စားချင်သည့်သူ စားလို့ရအောင်ကျန်တာကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်သည်။
တုမင်နှင့် အခြားသူများသည် ထောင်မုကို လန့်နေကြသေးသည့်အတွက် သတိထားနေသည့် ပုံစံသာ ဖြစ်နေကြသည်။ ဒါကို ထောင်မု တွေ့သည့်အခါ "မင်းတို့တွေ အရင်ပြောနှင့်ကြ၊ ငါမျက်နှာသစ်လိုက်အုံးမယ်" လို့ ပြုံးပြီး ပြောလိုက်သည်။
၎င်းတို့အားလုံးသည် အထက်တန်းကျောင်းမှ တက္ကသိုလ်သို့ ဝင်ရောက်ခဲ့သော အသက် 18/19 နှစ်အရွယ်ယောက်ျားလေးများဖြစ်သည်။ သူတို့သည် ဖျော်ဖြေရေးနယ်ပယ်၏ အမှောင်ထုကို မကြုံတွေ့ရသေးဘဲ အဖြူရောင်မုဒ်မှ ပိုမိုလေးနက်သောအကြံအစည်အဆင့်သို့ ကူးပြောင်းရန် အချိန်မရှိခဲ့ပေ။ သူတို့သည် အလွန်ပျော့ပြီး နုံအဆဲဖြစ်သည်။
ထောင်မုသည် သူ့မျက်နှာကို ရေဆေး၍ အခြောက်ခံပြီးသောအခါတွင် ကောင်လေးအုပ်စုသည် အပြည့်အ၀စကားစမြည်ပြောရန် အသင့်ဖြစ်နေပြီဖြစ်သည်။
တုမင်သည် ဘယ်ဘက်လက်တွင် ပန်းသီးတစ်လုံး၊ ၎င်း၏ညာလက်တွင် တိုရီယာအခွံမာသီးကင်တစ်ထုပ်နှင့် သူ၏လက်မောင်းကြားထဲတွင် ပီကင်တစ်ထုပ်ကို ညှပ်ထားသည်။ ထောင်မုကိုတွေ့သည့်အခါ သူအရမ်းစိတ်လှုပ်ရှားနေပုံရသည်- "အင်းးး၊ မင်းရဲ့အခန်းဖော်ဖြစ်ရတာက အရမ်းပျော်ဖို့ကောင်းမှာပဲ။ အရသာရှိတဲ့ အစားအစာတွေ အများကြီးစားလို့ရတယ်။"
သူတို့၏ အိပ်ဆောင်နှင့် မတူသည်မှာ တစ်စုံတစ်ယောက်မှ တစ်ခုခုဝယ်လာသည့်အခါတိုင်း သူတို့ကိုယ်ပိုင် ဗီဒိုထဲမှာ ထည့်ထားပြီး သော့ခတ်ထားတတ်ကြသည်။
"ငါမြင်လိုက်တယ်။ မင်းရဲ့အဝတ်အစားတွေအားလုံးက နာမည်ကြီးတံဆိပ်တွေပဲ။ မင်းမိသားစုက ချမ်းသာတယ် မဟုတ်လား?"
ထောင်မု ပြုံးလိုက်ပြီး "ငါ့မိသားစုက မချမ်းသာပါဘူး။ ဒါပေမယ့် ငါ့အကိုကြီးတွေက ငါ့ကို ပေးကြတယ်လေ။ ငါလည်း အချိန်ပိုင်းအလုပ်လုပ်တယ်"
"ဘယ်အချိန်ပိုင်းက ဝင်ငွေအရမ်းရလဲ? ငါ့ကို မိတ်ဆက်ပေးပါဦး"
"နိုက်ကလပ်!"
ဆန့်ကျင်ဘက် အိပ်ဆောင်ရှိ လူလေးယောက်သည် ငြိမ်သက်သွားကြပြီး ပါးစပ်ထဲရှိ အခွံမာသီးခြောက်များကိုပင် မြင်နေရသည်။ အားလုံးနားလည်မှုလွဲသွားကြသည်မှာ ထင်ရှားသည်။
ထောင်မုသည် လန့်သွားပြီးအေးအေးဆေးဆေး ရှင်းပြသည် "လူစားထိုးစတန့်သမား၊ မော်ဒယ်၊ မင်္ဂလာဆောင်ဓာတ်ပုံရိုက်တဲ့ စတူဒီယိုနဲ့ တခြားအချိန်ပိုင်းအလုပ်တွေ အများကြီးရှိတယ်။ မင်းလုပ်တတ်တဲ့အပေါ်ပဲ မူတည်တာပါ"
"ဒါဆို နိုက်ကလပ်မှာ မင်းက....." တစ်စုံတစ်ယောက်သည် သေသေချာချာ မေးလာသည်။
"အရက်ရောင်းတဲ့ စားပွဲထိုးတစ်ယောက်။ ဖျော်ဖြေရေးနေရာတွေမှာ ရောင်းချတဲ့ အဖျော်ယမကာတွေကနေရတဲ့ ရာခိုင်နှုန်းက အရမ်းများတယ်ဆိုတာမင်းမသိဘူးလား?"
"အိုး!" အားလုံးသဘောပေါက်သွားကြသည်။ ထိုအရာမှာ အံ့သြစရာမဟုတ်ပါ။ ထောင်မ်၏ ပုံစံသည် ထိုကဲ့သို့လူစားမျိုးမဟုတ်သည်မှာ သေချာပါသည်။ တစ်ချို့လူများ၏မျက်လုံးများသည် ဘယ်သူက ဘာလဲဆိုသည်ကို သေချာတွေးနေကြမှာပါ။
ဆန့်ကျင်ဘက် အိပ်ဆောင်မှ လူလေးယောက်သည် အဆာပြေစားရင်း စကားစမြည်ပြောနေကြသည်မှာ ဆယ်နာရီထိုးခါနီးအထိဖြစ်သည်။ တုမင်နှင့် တခြားသူများသည် ဗိုက်ပြည့်သည့်အခါ ထသွားကြသည်။ မထွက်ခင်တွင် သူတို့အိပ်ခန်းမှာစားရန် အခွံမာသီးခြောက်ထုပ်တချို့ ယူသွားခဲ့သည်။ 301 ရှိ ယောက်ျားလေးများသည် ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်နေရင်း ထောင်မုကို မေးသည် "ထောင်မု၊ မင်း ဘာလို့ သူတို့ကို နားလည်မှုလွဲအောင် ပြောလိုက်ရတာလဲ?"
ထောင်မုသည် မျက်ခုံးပင့်လိုက်ပြီး အပြစ်ကင်းသည့် ပုံစံနှင့် "ငါ သူတို့ကို ဘယ်မှာ နားလည်မှုလွဲအောင် လုပ်လို့လဲ?"
"မင်း နိုက်ကလပ်မှာ အလုပ်လုပ်တယ်ဆိုပြီး ပြောလိုက်တာလေ။ အဲ့ဒီကလပ်က မင်းအစ်ကို ဖွင့်ထားတာမဟုတ်လား? နိုက်ကလပ်မှာအလုပ်လုပ်တုန်းကဆို မင်းဆယ်ကျော်သက်ပဲရှိသေးတာ..."
ထောင်မုသည် ရယ်ပြီး "ငါ့အကြောင်းနဲ့ပတ်သတ်ပြီး သူတို့ကောလဟာလ ဖြန့်လာမှာကို မင်းကဘာလို့ကြောက်နေတာလဲ?"
ဝမ်ပေါင်သည် နှာခေါင်းကို ကုတ်ပြီး နောက်ကွယ်တွင် လူများအကြောင်း မကောင်းပြောဖို့ ရှက်လွန်းနေသည်။ ဘာပဲဖြစ်ဖြစ် သူ အဲဒီလူတွေက မကောင်းဖူးလို့ထင်တယ်။
ချူဆွေ့အန်းသည် "တခြားသူတွေက အဆင်ပြေပါတယ်။ တုမင်က နည်းနည်းတော့ ....." ဘာပဲဖြစ်ဖြစ် သူနှင့်ပတ်သတ်သည့် ခံစားချက်သည် သိပ်မကောင်းပါ။
ထောင်မုသည် "အဲ့ကျ မကောင်းဖူးလား။ သူငါ့ဟာကို စားသောက်ပြီးနောက်မှ ငါ့ကို ဆဲဆိုဖို့လုပ်လာခဲ့ရင် အသီးအနှံနည်းနည်း၊ အခွံမာသီးခြောက်အိတ်နည်းနည်းလောက်နဲ့ သူ့ပုံစံအစစ်အမှန်ကို သိနိုင်တယ်၊ ဘယ်လောက်စျေးသက်သာလဲ?"
ထောင်မုသည် တုခမ်းကို စိုက်ကြည့်ရင်းပြောနေသည်။ အမိုက်စားကောင်လေး မင်းဒီအကြောင်းကို သင်ခန်းစာယူသင့်သည်။ မင်းအရင်ဘဝတုန်းကလို တစ်ဖက်သားကိုသူငယ်ချင်းကောင်းအဖြစ် မဆက်ဆံပါနဲ့၊ မင်းကိုလှည့်ပတ်ပြီး မင်းနောက်ကျောကို ဓားနဲ့ထိုးဖို့အတွက် သူ့ကို ပစ္စည်းတွေနဲ့ အရင်းအနှီးတွေပေးလိုက်မယ်ဆိုရင် သူက မင်းကို ဖျက်စီးပြီး ဖျော်ဖြေရေးအဝိုင်းထဲက တွန်းထုတ်လိုက်လိမ့်မယ်။
"သူတို့ မလုပ်လောက်ပါဖူး။ မလုပ်လောက်ဖူးမလား?" သေချာသလောက်ပါပဲ တုခမ်းသည် သူ့ခေါင်းကို ဂရုမစိုက်ဘဲ ကုတ်လိုက်ပြီး "ဒီလိုသာဆိုရင် သူတို့ကဘယ်လိုလူမျိုးတွေ ဖြစ်လာမလဲ?"
"သူတို့ဖြစ်ချင်တဲ့ပုံစံ ဖြစ်မှာလိမ့်မယ်! အဲ့ဒါက ငါတို့ အဆောင်ခန်းက မဟုတ်ဘူး၊ ငါတို့ သူတို့ကို နေ့ရောညပါ မျက်နှာချင်းဆိုင်ဖို့ မလိုဘူး။ ဒါကြောင့် သူတို့ကိုလျစ်လျူရှုလိုက်စမ်းပါ။" ဝမ်ပေါင်သည် ထိုသို့‌ပြောပြီး ချူဆွေ့အန်း ပစ္စည်းများ ကောက်ယူရန် ငုတ်တုတ်ထိုင်နေသည်ကို တွေ့သောအခါ မေးလိုက်သည် "မင်းဘာလုပ်နေတာလဲ?"
"မစားရသေးတဲ့ အခွံမာသီးတွေ အများကြီးရှိသေးတယ်၊ အကုန်လုံးကို ရောထားခဲ့တာ" ချူဆွေ့အန်းသည် ရှန်ဟိုင်းအမျိုးသားများ၏ စီးပွားရေးပုံစံတွက်ချက်၍ သူ့မျက်နှာပေါ်တွင် ညှိုးငယ်သောအမူအရာဖြင့် ပြောခဲ့သည်- "အသီးတွေ အကုန်လုံးကို မီးဖုတ်ပြီး တစ်၀က်ပဲစားထားတယ်။ ဒါက အစားအစာကို ဖြုန်းတီးနေတာပဲ!"
သူပြောလို့မပြီးသေးခင်မှာပင် ကျန်သည့် အခန်းဖော်သုံးယောက်စလုံး ရယ်မောလိုက်ကြသည်။ ချူဆွေ့အန်းသည် စိတ်ရှုပ်‌နေပြီး"ဘာရယ်တာလဲ?"
"အိုက်ယိုး ဟေး၊ မင်းရဲ့အရှေ့မြောက်ဒေသိယစကားက အံ့သြစရာကောင်းလွန်းတယ်။ ရှောင်အန်းဇီက ငါတို့နဲ့ ရက်အနည်းငယ်ပဲရှိသေးတယ်၊ အခု သူက 'မီးဖုတ်ပြီးတစ်ဝက်'ကိုတောင် ပုံမှန်ပြောနေကြအတိုင်း ပြောနေပြီ။"
"ဒါ ငါ့အပြစ်မဟုတ်ဘူး။" တုခမ်းသည် ထောင်မုကိုလက်ညှိုးထိုးပြပြီး "ဒီလိုပြောရတာ ကြိုက်တဲ့သူကတော့ရှင်းပါတယ်" သူ့ ၀က်ဘ်ဆိုဒ်သည် တစ်၀က်ဖုတ် ဒါမှမဟုတ် တစ်ခုခုလို့ နေ့တိုင်းပြောနေသည်။
ထိုသို့စဉ်းစားရင်း တုခမ်းသည် "ဟေ့ မင်းရဲ့ ဝက်ဘ်ဆိုဒ်က ဘယ်လိုလဲ?" လို့မေးသည်။
"ပြီးခါနီးပြီ" ထောင်မုသည် ကွန်ပြူတာမှာထိုင်ပြီး အလုပ်စဖို့ ပြင်ဆင်နေပါသည်- "တစ်ပတ်အတွင်းအွန်လိုင်းပေါ်ထွက်တော့မယ်။ မင်းကို စုဆောင်းခိုင်းတဲ့ ဓာတ်ပုံတွေကော ဘယ်လိုလဲ?"
"ဒါက စစ်ရေးလေ့ကျင့်မှုရဲ့ ပထမဆုံးနေ့ပဲ၊ လူတိုင်းကိုတောင် မမှတ်မိသေးဘူး" ဝမ်ပေါင်သည် သူ့လက်ကို ကိုင်လိုက်ပြီး "စိတ်မပူပါနဲ့၊ မင်းမျက်နှာနဲ့ မိန်းကလေးတွေရှေ့မှာ ရပ်ပြီးယွမ်တစ်ရာ တောင်းရင်တောင် သူတို့ပေးလိမ့်မယ်။ ဓာတ်ပုံရိုက်ဖို့ဆိုလို့က‌တော့ ပြောစရာတောင်လိုမှာမဟုတ်ဖူး၊ ယောက်ျားလေးတွေကတော့ ငါနဲ့ညီအစ်ကိုတွေလိုပဲမို့ အေးဆေးထားလိုက်ပါ"
ဝမ်ပေါင်နှင့် တခြားသူများသည် '08 အတန်းထဲရှိ ကောင်လေးများဆီမှ မည်သို့ဓာတ်ပုံ ယူရမလဲဆိုသည်ကို စဉ်းစားနေကြသည်။ သို့သော် နောက်တစ်နေ့တွင် ဝမ်ပေါင်နှင့် တခြားသူများသည် သူတို့နှင့် ရင်းနှီးရန် အစပျိုးမှု မလုပ်ဆောင်သေးခင်မှာပင် ယောက်ျားလေးတချို့သည် စစ်ရေးလေ့ကျင့်မှုကြားရှိအားလပ်ချိန်ကို အခွင့်ကောင်းယူကာ ဝမ်ပေါင်နှင့် တခြားသူများကို မေးကြသည် ".....မင်းတို့ အဆောင်ခန်းထဲက အချောဆုံးကောင်လေးက ထောင်မု ဟုတ်တယ်မလား? သူက တကယ်ပဲနိုက်ကလပ်မှာ အဲ့ဒီလို လုပ်တာလား?"
"ဘယ်လို?" သုံးယောက်သား ရုတ်တရက် "မဟုတ်ဘူး။ အဲ့ဒါဘယ်သူပြောတာလဲ? ဒါကသပ်သပ် စော်ကားတာပဲ မဟုတ်လား! သိပ်လွန်လွန်းတယ်!"
"အိုက်ယား၊ စိတ်မဆိုးပါနဲ့။ ငါတို့က အိပ်ဆောင် 302 က ကောင်တွေပြောတာကို ကြားခဲ့တာ။ သူတို့က ထောင်မု ကိုယ်တိုင် ဝန်ခံတယ်လို့ ပြောတာ။"
" ချီးကို ၀န်ခံလိုက်လေ! အဲဒါက သူတို့ကို ဟာသလုပ်လိုက်တာပဲ၊ အဲဒီနိုက်ကလပ်က ထောင်မုရဲ့အစ်ကို ပိုင်တာလေ။ ဒါကလွန်လွန်းတယ်။ တခြားသူတွေအပေါ် ဒီလို ပုတ်ခတ်ပြောဆိုတာက လုံးဝကို ဆဲရေးတာမဟုတ်လား?"
တုခမ်းသည် ဒေါသတကြီးနှင့် အဆောင် 302 မှ လူလေးဦးကိုရှာပြီး လူတိုင်းရှေ့တွင်ပေါက်ကွဲသွားသည်- "ငါပြောမယ် မင်းတို့ဘာတွေဖြစ်နေတာလဲ? မနေ့ညက ငါတို့အိပ်ဆောင်မှာမင်း ငါတို့မုန့်ကိုစားတယ်။ ထပ်ပြီးလည်းယူသွားသေးတယ်။ အမှိုက်တွေတောင် ငါတို့အိပ်ခန်းထဲမှာ ထားခဲ့တယ်။ ကြည့်ရတာ ခွေးတွေက စားစရာတွေ အကုန်စားသွားပုံရတယ်။ 'သူတစ်ပါးအစာ စားတဲ့ ပါးစပ်ကနူးညံ့ရတယ်၊ သူတပါးပိုင်တဲ့အရာကို ယူသွားတဲ့ လက်က တိုရတယ်' ဆိုတဲ့ စကားကို နားမလည်ဘူးလား? မင်းတို့ ဘာကောင်တွေလဲ? "(TN: ပြောတဲ့ အဓိပ္ပါယ်က နေ့လယ်စာ အလကား မရဘူးဆိုတဲ့ အဓိပ္ပါယ်နဲ့အတူတူပါပဲ)
"အိုက်ယား၊ မင်းကိုဘယ်လိုပြောရမလဲ? ငါတို့ဘာပြောခဲ့လို့လဲ?" 302 အဆောင်သားများလည်း မပျော်ရွှင်တော့ပဲ "ငါတို့ ဘာမှ မပြောခဲ့ဘူး?"
"မင်းဘာမှမပြောရင် ဒီကောလဟာလတွေက ဘယ်လိုလုပ်ပြီး ပျံ့သွားရတာလဲ? ငါတို့ကလွဲရင်မင်းတို့တွေပဲသိတယ်၊ မင်းမဟုတ်ရင် ဘယ်သူပြောတာလဲ?"
"အိုက်ယား၊ သက်သေမရှိဘဲ သူတပါးကိုမဆဲနဲ့ဟုတ်ပြီလား? ငါတို့ပါလို့ ဘာလို့အတိအကျပြောနေရတာလဲ? ဘယ်သူပဲပြောပြော သူကမြေး----"
302 အဆောင်၏အတန်းဖော် စကားမဆုံးသေးခင်မှာပဲ သူ့အခန်းဖော်သည် ရုတ်တရက် ပြောလိုက်ပါသည် "ဒါဆို ငါတို့ပြောတယ်ကွာ ဘာဖြစ်လဲ? ငါတို့ ပြောတာ မှားလို့လား? ထောင်မုက ချမ်းသာတဲ့ ဒုတိယမျိုးဆက် မဟုတ်ဘူးလေ။ သူ့မိသားစုက ပိုက်ဆံမရှိဖူး။ သူ နိုက်ကလပ်မှာ အလုပ်လုပ်တာကြောင့်မို့ ဒီလိုအရမ်းဝတ်နိုင်ပြီး အရမ်းရက်ရောနေတာပဲ မဟုတ်လား? ကဲ ငါတို့ပြောတာ မှားလို့လား?"
"တုမင်!" 302 မှာရှိသည့် တခြားကောင်များသည် တုမင်ကိုထိတ်လန့်စွာ ကြည့်နေကြသည်။ သူ ဘာကို ဆိုလိုတာလဲ?
"F*ck you....." တုခမ်းသည် ခေါင်းထဲတွင်ဆဲဆိုရန် စကားများရှာခဲ့သော်လည်း သူသည်ဒီတစ်လုံးပဲ ပြောနိုင်ခဲ့သည်။ ဒေါသတကြီးဖြင့် တုမင်၏ကော်လံကိုဆွဲကိုင်လိုက်ပြီး ထိုကောင်လေးကို မြေပြင်ပေါ်မှ လှဲချလိုက်သည်- "ငါ့အထင် မင်းတော်တော်အရိုက်ခံချင်နေတယ်နဲ့တူတယ်"
"အိုက်ယား၊ မင်းဘာလုပ်နေတာလဲ၊ လူတွေကို မရိုက်နဲ့!" 302 မှာရှိသည့် တခြားသူများသည် ထိုသို့မြင်သောအခါ သူတို့ကို အမြန်ခွဲဖို့ လုပ်ကြသည်။
ဝမ်ပေါင်သည် အရပ်မရှည်သော်လည်း ပေကျင်း၏လမ်းသွယ်များတွင် ကြီးပြင်းလာကာ ပေကျင်းအမျိုးသားများ၏ ဒေါသကို ဖွင့်ဟပြလိုက်သည်။
ချူဆွေ့အန်းသည် ကလေးဘဝကတည်းက နာခံမှုရှိသောကောင်လေးဖြစ်သည်။ စကားအများကြီးမပြောတတ်သလိုဘယ်လိုတိုက်ခိုက်ရမှန်းလည်း မသိပါ။ သို့သော် ၎င်း၏ အမြင့် 1.8 မီတာကို အားကိုးကာ 302 အဆောင်၏ လူတစ်ဦးကို ပြေး၍ပွေ့ဖက်ကာ ဝမ်ပေါင် ရိုက်နှက်၍အဆင်ပြေစေရန် ပြင်ပေးခဲ့သည်။ တစ်ယောက်သည် ပစ်မှတ်ကို ကြိုးနှင့်ချည်ပြီး နောက်တစ်ယောက်သည် ပြတ်ပြတ်သားသားပူးပေါင်းဆောင်ရွက်သည်။
"အိုက်ယား၊ မင်း ဘာလုပ်နေတာလဲ? ဟိုမှာ ရန်ဖြစ်နေကြတယ်! 301 တုခမ်းက လူတွေကို ထိုးနေတယ်!"
မနေ့က ရာသီပတ် မတော်တဆမှုဖြစ်ပြီးနောက် တုခမ်းသည် '08 ကျောင်းသားသစ်များကြားတွင် C ရာထူးဖြင့် ပွဲဦးထွက်ပြုလုပ်နေပြီဖြစ်သည်။ထိုအချိန်တွင် တုခမ်းသည် တစ်စုံတစ်ဦးကို ထိုးနေသည်ဟု တစ်စုံတစ်ဦးမှအော်ဟစ်လာသည်ကို လူအများကြားလိုက်သောအခါ လူအများ စိတ်၀င်စားသွားကြသည်။
ကင်မရာကိုင်ပြီး မိန်းကလေးများကို ဓာတ်ပုံရိုက်နေသည့် ထောင်မုသည်လည်း ရုန်းရင်းဆန်ခတ်ဖြစ်သံကြားပြီး အမြန်ပြေးသွားသည်။
"ဘာဖြစ်တာလဲ?"
"မင်းရဲ့အဆောင်က အရမ်း စပ်စပ်ထိမခံဖြစ်လွန်းတယ် ဟုတ်တယ်မလား? သူတို့ စိတ်ကြိုက် လူတွေကိုရိုက်တယ်!" တုမင်သည် မျက်လုံးနှစ်ဖက်ကို စိုက်ကြည့်ကာ ဒေါသတကြီးအော်ပြီး "ငါ နည်းပြကိုသတင်းပို့ချင်တယ်! ဆရာ့ကိုလည်း သတင်းပို့မယ်! မင်းဒီလုပ်ရပ်ကို ဘယ်လိုတာ၀န်ယူမလဲ!"
"ဘာလို့ လူတွေကို ရိုက်တာလဲ?" ထောင်မုသည် တစ်မနက်လုံး မိန်းကလေးများအား ဓာတ်ပုံရိုက်ခိုင်းရန် စဉ်းစားနေခဲ့သည်။ ထို့အပြင် သူသည်ကောလဟာလများ၏ အရင်းခံဖြစ်ခဲ့ပြီး ဤကိစ္စကို မည်သူမျှ သူ့ရှေ့မှောက်တွင် မတင်ပြရဲပေ။ '08 ယောက်ျားလေးများကြားတွင် လျင်မြန်စွာပျံ့နှံ့သွားသောကောလဟာလများအကြောင်းကို ယခုအချိန်အထိထောင်မုမသိသေးပါ။
"သူတို့က မဟုတ်တာတွေပြောပြီး မင်းကို ဆဲဆိုနေကြတာ။" တုခမ်းသည် ဒေါသတကြီးဖြင့် သူ့ပါးစပ်ထောင့်နှင့် သူ့နောက်ကျောကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ သူသည် ခုနလေးမှတင် လုံးသတ်ခဲ့ခြင်းဖြစ်သည်။
"အိုး" ထောင်မု သဘောပေါက်သွားသော်လည်း မအံ့ဩခဲ့ပေ။ "သူတို့မျက်နှာကို ထိုးပြီး အပြစ်မပေးရဖူး!"
"ကြည့်စမ်း၊ မင်းရဲ့အိပ်ဆောင်ထဲက ထောင်မုကကျိုးကြောင်းဆင်ခြင်မှုကို နားလည်တယ်--" တုမင်သည် မေးစေ့ကို မြင့်တင်လိုက်သော်လည်း ထောင်မု လေးနက်တည်ကြည်စွာဖြင့် ဆက်ပြောလာသည့် အခါမှာတော့ "သူတို့ဗိုက်ကို လက်သီးနဲ့ထိုးရမှာလေ။ အဲ့တာမှ မနေ့က သူတို့စားခဲ့တဲ့ အစာတွေ ထွက်လာမှာပေါ့"
တုမင် : "........"
အိပ်ဆောင် 302 : "...."
ကြည့်ရှုသူများအဖွဲ့ - "...."
ကောင်မလေးများသည်လည်း ဆူပူသံကိုကြားပြီး ဝိုင်းလာကြသည် "ထောင်မု ဘာကိစ္စရှိလို့လဲ? မင်း ငါတို့ကို ဓာတ်ပုံမရိုက်တော့ဖူးလား?"
"ဟုတ်တယ်၊ ဘာလို့ ရန်ဖြစ်တာလဲ?"
"နတ်သမီးတောင်ပံက တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ပုံရတယ်?"
ထိုစကားကိုကြားလိုက်သည့်အခါ တုခမ်း၏ မျက်နှာသည် မည်းမှောင်သွားသည်။ ကောင်မလေးများ ရောက်လာသည်ကို မြင်သောအခါ တုမင်သည် ချက်ချင်းဆိုသလို သူ၏ပန်ဒါမျက်လုံးကိုပြပြီး သနားလာအောင် ပြုလုပ်ခဲ့သည် "......ဘာလို့လဲဆိုတော့ ငါက အမှန်ကိုပြောလိုက်လေ။ အဲ့ကြောင့် သူက ငါ့ကို လာရိုက်တယ်၊ ဒါကအကြောင်းပြချင် မဆီလျော်ဖူးလေ။ မင်းတို့ပြောကြစမ်းပါ။ ငါပြောခဲ့တာတွေက ဘာပြဿနာရှိလဲ?"
တုမင်သည် မနေ့ညက ထောင်မုပြောခဲ့သည့်စကားကို ပြန်ပြောင်းပြောပြပြီး နိုက်ကလပ်တစ်ခုတွင် အလုပ်လုပ်ဖူးသည်ဟု ပြောသည်မှာ ထောင်မု ဖြစ်သည်- "သူပြောသလိုပဲ ငါလူတိုင်းကို အတိအကျပြောခဲ့တယ်။ ဘာလို့ငါ့ကို လာရိုက်တာလဲ? ရှက်လို့လား? လိပ်ပြာမသန့်တာလား? ဒါမှမဟုတ် ရှက်ကန် ကန်တာလား?"
သို့သော် ဤမိန်းကလေးအုပ်စုတွင် ယောက်ျားလေးများလို မတွေးမိပဲ အထူးသဖြင့် သူတို့ကာကွယ်လိုသော ထိပ်တန်းချောမောသည့် အမျိုးသားရှေ့တွင် သူတို့၏ ဦးနှောက်များသည် ပို၍ပင် ကောင်းမွန်လာခဲ့သည်။
"မဟုတ်ဘူး၊ အဲ့ဒါ မမှန်ဘူး။ ထောင်မုက အချိန်ပိုင်းအလုပ်တွေ အများကြီးလုပ်ဖူးတယ်လို့ ပြောတယ်လေ။ သူက မော်ဒယ်တစ်ယောက်၊ ဓာတ်ပုံဆရာ၊ လူစားထိုးစတန့်သမားရောဆိုပြီး။ ဒါမယ့် ဘာလို့ နင်က နိုက်ကလပ်အကြောင်းကိုပဲ ပြောရတာလဲ"
"ရည်ရွယ်ချက်ရှိရှိ အထင်လွဲအောင်လုပ်တာလား?"
"အခြားသူရဲ့ အစားအသောက်တွေစားပြီး မုမုကို နောက်ကွယ်မှာ တခြားသူတွေ အထင်လွဲအောင် လုပ်တာပဲ။ မင်းက ဘာလို့ ဒီလောက်ရွံစရာကောင်းရတာလဲ?"
"ပြီးတော့ မင်းက ဒီလို‌ပြောချင်တာမဟုတ်ပါဖူးဆိုပြီး ပြောခဲ့တယ်။ မင်းသာ မပြောခဲ့ရင် ဒီအကြောင်းကိုယောက်ျားလေးတွေက ဘယ်လိုသိတာလဲ? မင်းတမင်တကာ မလုပ်ရင် တစ်ကျောင်းလုံး သိမှာတဲ့လား?"
"ဒါ သူတမင်တကာ လုပ်တာပဲ။ သူ့ထက် ပိုချောမောပြီး သူ့ထက် မိန်းကလေးတွေ ပိုသဘောကျတဲ့ ထောင်မုကို မနာလိုဖြစ်နေတာပဲ"
"ဒါက ဘယ်လိုလူလဲ!"
"ကောင်းကျိုးမရှိဘဲ သူတစ်ပါးကို နှိပ်စက်တာကလုံးဝလူဆိုးပဲ!"
မိန်းကလေးအုပ်စုကြီးသည် တုမင်ကို စကားတစ်ခွန်းမှပေး မပြောဘဲ ဗီလိန်ဟူသော ခေါင်းစဉ်အောက်တွင်သူ့ကို တိုက်ရိုက် သံမှိုဖြင့် သတ်ပစ်လိုက်သည်။
တုမင်သည် ထိုသို့ဖြစ်လာဖို့ မမျှော်လင့်ခဲ့ပေ။ သူသည် ဒေါသတကြီးနှင့် "ငါပြောမယ် မင်းတို့ရူးနေကြတာလား? ချောမောတဲ့ယောက်ျားကို တွေ့တာနဲ့ အရူးတစ်ယောက်လို ပြုမူနေတာပဲ။ တကယ်လို့သူ့မှာ စပွန်ဆာပေးနေတဲ့သူတွေရှိတယ်ဆိုရင်ကော?"
ရို့... ဟန်တောင်မဆောင်တော့ပါလား?
ထောင်မုသည် အေးဆေးစွာကြည့်ကာ ပါးစပ်ကို အနည်းငယ်တွန့်ထားလိုက်သည်။ သူ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူကိုယ်တိုင်စကားပြောတော့မည် ဖြစ်သည်။
လူအုပ်ကြားထဲမှ ရုတ်တရက် အသံတစ်ခုထွက်လာခဲ့သည်။ "ဒါဆို ဘာဖြစ်လဲ? ငါတို့ မုမုက ချောမောပြီး သဘောကျဖို့ကောင်းတယ်။ သူ့ကို ဘေးမှာ ထားပြီးစောင့်ရှောက်ချင်ရလောက်တဲ့ထိကို။ သူတကယ်အဲ့လိုဖြစ်နေပြီး ဘာလို့အဲ့လိုဖြစ်နေရတာလဲဆိုတော့ ချမ်းသာတဲ့မိန်းမက အရသာရှိလို့ပဲ။ အာ့တာ မင်းနဲ့ ဘာဆိုင်လို့လဲ? မင်းမှာ မင်းကို စောင့်ရှောက်ချင်တဲ့လူတောင်မရှိဖူး!"
"ပြောရမယ်ဆို ဒီအစ်မမှာ ငွေမရှိ၊ အာဏာမရှိ၊ အဆင့်အတန်းမရှိသေးဘူး။ မင်း အစ်မကို ဖျော်ဖြေရေးလောကမှာ နာမည်ကြီးလာတဲ့ထိ စောင့်ပေးပါ။ ထောင်မု မင်းကို စောင့်ရှောက်ဖို့ ဆန္ဒရှိတယ်။ ငါ့ကမ်းလှမ်းချက်ကို မင်းလက်ခံမှာလား?"
ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် အားကစားကွင်းသည် ရုတ်တရက် ရယ်မောသံများ ထွက်ပေါ်လာသည်။ ထောင်မုသည် ဤမျှမမျှော်လင့်ထားသော တိုးတက်မှုကို လမ်းတစ်၀က်တွင် ရလိမ့်မည်ဟုမမျှော်လင့်ခဲ့ပေ။ သေသေချာချာ တွက်ချက်ထားသော မျက်နှာကိုပါးရိုက်သည့် ဇာတ်ကွက်သည် ယခု ရုတ်တရက် တင်းမာသွားလေသည်။
တခြားမိန်းကလေးများသည်လည်း စနောက်ကြသည် "ထောင်မု၊ ငါနာမည်ကြီးလာတဲ့အခါ မင်းကို စောင့်ရှောက်ချင်တယ်၊ မင်းသဘောတူလား?"
"ထောင်မု ငါချမ်းသာလာတဲ့အခါ မင်းငါ့ကိုလက်ထပ်မှာလား? ငါမင်းကိုထောက်ပံ့ပေးမယ်!"
"ထောင်မု၊ မင်း ငါ့ကောင်လေးဖြစ်ပေးနိုင်မလား? အစ်မက ပိုက်ဆံရှာပြီး မိသားစုကို ထောက်ပံ့ပေးဖို့ တာဝန်ယူနိုင်ပြီး မင်းကိုလည်း ပန်းတစ်ပွင့်လိုလှပဖို့ တာ၀န်ယူနိုင်ပါတယ်။ ဒီအစ်မက မင်းကို နူးနူးညံ့ညံ့ ဆက်ဆံမှာပါ!"
"မုမု၊ မင်းနဲ့တူမယ့် ကလေးလေးမွေးဖို့အတူတူကြိုးစားကြရအောင်။ မင်းအိမ်မှာအချိန်ပြည့်အဖေဖြစ်နိုင်ပြီး ငွေရှာဖို့ငါအပြင်မှာ အလုပ်ကြိုးစားမယ်။ ငါ့လစာ အားလုံးကို မင်းကိုလွှဲပေးမယ်!"
ကောင်လေးများသည်လည်း အရူးလို ရယ်မောကြသည်။ ထိုအထဲမှ ကောင်လေးတစ်ယောက်သည်အပျော်သဘောဖြင့် လက်မြှောက်၍ "ထောင်မု၊ မင်း ယောက်ျားတွေကိုကြိုက်လား? ငါလည်း မင်းကို စောင့်ရှောက်ပေးနိုင်ပါတယ်!"
ထို့ကြောင့် တခဏချင်းတွင် ထောင်မုသည် ပေကျင်း၏ 08 အသစ်ဝင်များထဲမှ "လူများ စောင့်ရှောက်ထားချင်ဆုံး" ဖြစ်လာခဲ့ပြီး တုခမ်းပြီးနောက် ၎င်း၏ဒုံးပျံအမြန်နှုန်းဖြင့် ပွဲဦးထွက်ခဲ့သည်။
ထောင်မုကတော့ သေချာပေါက် သဘောမကျပေ! သို့သော်လည်း သူသည် သွေးပူနေကြချိန်ကို အခွင့်ကောင်းယူပြီး ယောက်ျားလေးများနှင့် မိန်းကလေးများ၏ ဓာတ်ပုံများကို တတ်နိုင်သမျှ မြန်မြန်စုဆောင်းနိုင်ခဲ့သည်။
စစ်ရေးလေ့ကျင့်မှု ဆယ်ရက်မြောက်နေ့တွင်တော့ သူ၏ FlyNews ဝက်ဘ်ဆိုက်ဒ်ကို အွန်လိုင်းပေါ် စတင်ချပြခဲ့ပါသည်။
***

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးOpowieści tętniące życiem. Odkryj je teraz