အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

Začít od začátku
                                    

သူ့ခြေလှမ်းများကို မြန်လိုက်ပြီးနောက် တံခါးဝသို့ အမြန်ဆုံးလျှောက်သွားလိုက်တော့သည်။

ရွှယ်ယန်က မြင်းတစ်စီးပေါ်တွင်ထိုင်ကာ ခေါင်းငုံ့ပြီး ဘေးတွင်ရပ်နေသည့် ယုံနင်မြို့စားမင်းကို စကားပြောနေသည်။ ခြေသံများကြား၍ ခေါင်းမော့ကြည့်လိုက်သည့်အခါ  ကျွင်းဟွိုင်လန်ကို မြင်လိုက်ရသည်။

သူ၏အနက်ရောင်ဆံပင်များကို စုချည်ထားပြီး မိုးပြာရောင်ဝတ်ရုံလေးကိုဝတ်ထားကာ လမ်းလျှောက်လိုက်တိုင်းတွင် ပိုးထည်စလေးက တဖျပ်ဖျပ်လွင့်နေသည်။

သူက မွေးဖွားလာစဉ်တည်းက နူးညံ့စွာ နေထိုင်ခဲ့ရသူ‌ဖြစ်သော်လည်း ယခုချိန်တွင် သူ့မျက်နှာပေါ်တွင် အမူအရာကင်းမဲ့နေ၍ ကောင်းကင်ဘုံကိုးထပ်မှ ဆင်းသက်လာပြီး သေမျိုးတို့၏လောကကြီးနှင့် လုံးဝမစွန်းထင်းထားသည့်ပုံပေါ်နေသည်။ သို့ရာတွင် ကျွင်းဟွိုင်လန်၏ခြေလှမ်းများက မတည်မငြိမ်ဖြစ်နေကာ အရမ်းငယ်စိုးရိမ်နေပုံရသည့်အကြောင်းကို ရွှယ်ယန်မြင်လိုက်သည်။

သူ့ကိုတွေ့ချင်လို့ အမြန်ပြေးလာသလိုမျိုးပဲ...

ရွှယ်ယန်၏နှုတ်ခမ်းများ မသိမသာကွေးညွတ်သွားသည်။ သူ့မျက်နှာထက်မှ အမူအရာက သိသိသာသာမပြောင်းလဲသွားသော်လည်း အေးစက်နေမှုများက အနည်းငယ် ပြေလျော့သွားသည်။

နွေဦးလေပြည်လေးက ရေခဲတမျှအေးစက်နေသည့်ဓားအပေါ် ဖြတ်သန်းသွား၍ ဓားသွားထက်တွင် နွေးထွေးမှုအချို့ ချန်ထားရစ်ခဲ့သည်နှင့်ပင် တူနေသည်။

ရွှယ်ယန်နှင့် စကားပြောနေသည့် ယုံနင်မြို့စားမင်းကလည်း သူ့အမူအရာပြောင်းလဲသွားသည်ကို မြင်လိုက်သည်။

သူ့ကို ကွမ်းလင်ဘုရင်ခံက အေးစက်စက်မျက်နှာနှင့် လေသံတိုးတိုးဖြင့် စကားပြောနေခြင်းဖြစ်သော်လည်း  တစ်ခုခုကို မြင်လိုက်ပုံဖြင့် စကားပြောနေသည်ကိုရပ်လိုက်ပြီး တစ်နေရာကို လှမ်းကြည့်လိုက်သည်။

သူနှင့် တစ်လတာခန့် အလုပ်တူတူလုပ်ပြီးသည့်နောက်တွင် ထိုသို့သောအမူအရာမျိုးကို ယုံနင်မြို့စားမင်း ပထမဆုံးအကြိမ်မြင်တွေ့ရခြင်းဖြစ်သည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Kde žijí příběhy. Začni objevovat