"တကယ်လို့ သမီးနဲ့သူနဲ့ ချစ်သူဖြစ်ကြပြီဆိုပါစို့ သမီးဘယ်လိုလုပ်မလဲ ဒီမှာကျောင်းတက်ဖို့ ပြင်ဆင်ထားတာကို ဖျက်ပစ်မှာလား"

"မဖျက်ပါဘူး အဲ့ဒါကဖွေးဘဝအတွက်ဥစ္စာ ပြီးတော့ ဖွေးက သဘောကျရုံပဲရှိပါသေးတယ် အဲ့လောက်ထိမစဥ်းစားရသေးပါဘူး"

"မေမေ အသေအချာသတိပေးမယ်နော် ဖွေး"

မေမေ့မျက်နှာတည်သွားသလို မေမေ့အသံလည်းအေးစက်လေးနက်သွား၍ ဖွေးစိတ်ထဲထင့်ခနဲဖြစ်သွားပြီး မပြောပါနဲ့ဟု ပိတ်ပင်ချင်ပေမယ့် မေမေ့ကိုလည်းမတားရဲ။
မေမေသည် မြန်မာပြည်ကိုခြေမချဖို့၊ ဖေဖေ့ကိုမရှာဖို့သာပြောမှာ 100%သေချာနေ၍ဖြစ်သည်။

"သမီး ဘယ်သူ့ကိုပဲရွေးရွေး မေမေမတားလိုဘူး ဒါပေမယ့် မြန်မာပြည်ကိုလုံးဝခြေမချရဘူး"

"ဖေဖေနဲ့တွေ့မှာစိုးလို့လား"

"ဟုတ်တယ်"

မေမေ့အဖြေက စကား၂လုံးသာဖြစ်ပေမယ့် ပြတ်သားမှုအပြည့်မို့ ဖွေး မျက်ရည်ဝဲသွားမိပြီး ဖေဖေ့ကိုဆက်ရှာဖို့စိတ်ကိုလည်း ပြန်တင်းပစ်လိုက်သည်။
မေမေတားဆီးနေတိုင်း ဖွေးဟာ ပျော့ညံ့မသွားချင်…

"ဘာဖြစ်လို့လဲ မေမေ ဖွေးကိုအဲ့ဒါလေးတော့ပြောပြပါ"

မေမေက ဖွေးမျက်ရည်ဝဲသွားသည်ကို စူးစူးလေးကြည့်ရင်း နှုတ်ခမ်းတွေကိုတင်းနေအောင် စေ့ပိတ်သည်။
၄၃ဆိုသည့် မေမေ့အသက်ဟာ မေမေ့မျက်နှာနှင့်မလိုက်ဖက်ဟု ဖွေးထင်ကာ ကလေးတစ်ယောက်အမေဟု မထင်ရအောင်နုဖတ်နေ၏။
ရွှေညိုရောင်ဆံပင်တွေဖြင့် မေမေဟာ ဖွေးမျက်လုံးထဲမှာ သိပ်လှသည့်အမျိုးသမီးတစ်ဦးဖြစ်ကာ တစ်ဆက်တည်းမှာပဲ ဦးကိုမျက်လုံးထဲမြင်လာပြီး ဦးဟာ မေမေနဲ့အသိတွေလားဟု မေးချင်စိတ်ကလည်း ဖြစ်ပေါ်၏။

"မေမေနာကျင်ခဲ့ရသလို သမီးကိုပါမနာကျင်စေချင်လို့ပေါ့ သမီးရယ် အဲ့ဒါတွေက သမီးအရွယ်ရောက်ရင် မေမေပြောပြမှာပါ"

"ဖွေး အခုသိချင်တာ အခုအရွယ်ရောက်ပြီမဟုတ်လား ဖွေး ၁၇နှစ်ပြည့်တော့မယ်လေ"

"မရသေးဘူး ငယ်သေးတယ် နည်းနည်းလောက်ပြောပြရရင် သမီးဖေဖေက အပြစ်ကင်းပါတယ် ဒါပေမယ့် မေမေအများကြီးပြောလိုက်ရင်လည်း သမီးသူ့ကိုသွားရှာတော့မှာ မေမေသိတယ်
အဲ့ဒီအခါဆို သမီးအဖေက သမီးကိုပြန်လွှတ်မှာမဟုတ်ဘူး ပြီးတော့ သမီးမရှိဘဲလည်း မေမေ မနေနိုင်ဘူး ဖွေး"

သူ မသိသောအခြားတစ်ဖက်၌Dove le storie prendono vita. Scoprilo ora