22

5.2K 180 3
                                    

သူ မသိသောအခြားတစ်ဖက်၌ ( Part - 22 )
〰〰〰〰〰

"Lotusကို သွားမယ်"

ဖေဖေ့စကားကြောင့် သျှင်အံ့သြသွားမိပေမယ့် ဖေဖေသည် ဘယ်အရာကိုမှ အကြောင်းမဲ့လုပ်တတ်သူမဟုတ်၍ ခေါင်းညိတ်ပြလိုက်သည်။
ဦးရဲကအလုပ်တစ်ခုရှိနေသေးတာမို့ ဖေဖေ့ကို ကိုယ်တိုင်လိုက်ပို့ဖို့ဆုံးဖြတ်ကာ အလုပ်ကိုလက်စသပ်ပြီး ကားသော့ကိုလှမ်းယူလိုက်သည်။

"Lotusနဲ့ ဟိုကိစ္စပြောဖို့လား ဖေဖေ"

ဖေဖေက ခေါင်းညိတ်ပြပေမယ့် တခြားအကြောင်းရှိလောက်သေးတာမို့ မမေးဖြစ်ဘဲ ဖေဖေ့အရိပ်အကဲကိုသာကြည့်နေမိသည်။
Lotusကို သူတို့သားအဖရောက်တော့ ဖွေးဆိုသည့်ကောင်မလေးက ဝန်ထမ်းတွေကြားမှာ ဘာတွေစားသောက်နေသည်မသိရဘဲ ရယ်မောပျော်ရွှင်နေ၏။
ဖြူစင်ပေါ့ပါးသော ထိုမျက်နှာလေးကို လူအများကြားမှာပင် ထင်းခနဲမြင်လိုက်ရကာ ထိုအရာကိုက သူမရဲ့ကောင်းခြင်းတစ်ခုလားမသိ။

"ဟယ်!.. ဟိုမှာ The Wonderက CEOသားအဖလာတယ် ဟဲ့.. သူဌေးကိုသွားပြော"

မန်နေဂျာရဲ့စကားကြောင့် ဖွေးသည် မုန့်ကိုအတင်းမြိုချကာ ကပျာကယာလှမ်းကြည့်တော့ ဖွေးကိုအမြဲလိုလိုမျက်မှောင်ကုပ်ကြည့်တတ်သော ကိုညိုချောနှင့် သမီးဟုခေါ်သွားသော နွေးထွေးသည့်ဦးလေးကြီး။

"သူတို့က သားအဖလား"

"အင်းလေ သိပ်တော့မတူဘူးနော်"

"ဟုတ်ပါ့ ဒါပေမယ့် တမျိုးစီမိုက်တယ်ဟဲ့ သားကလည်းညိုချောလေးနော် အဖေကလည်းအလတ်ကြီးရှိသေးတယ်"

"အလတ်ကြီးလုပ်မနေနဲ့ အိမ်ထောင်ရှိတယ်မလား"

"ရှိလို့ပေါ့ သူ့သားတောင် ဒီအရွယ်ရောက်နေပြီကို"

"အဲ့ဒီဘဲကလည်း ခုမှ ၂၃ ၂၄လောက်ပဲရှိပါသေးတယ် ဒါပေမယ့်မထင်ထားရလောက်အောင်တည်ငြိမ်တယ်နော် အဖေတူသားပဲ"

ထိုသားအဖအကြောင်းကို တခြားဝန်ထမ်းတွေပြောနေသမျှနားထောင်ရင်း ဖွေး သူတို့သားအဖကို အားကျစိတ်ဖြင့် ငေးကြည့်နေမိသည်။
နွေးထွေးစွာဆက်ဆံတတ်သော ဦးလေးကြီးက ကိုညိုချောရဲ့အဖေတဲ့လား..
ဘယ်လောက်များကံကောင်းလိုက်တဲ့ ကိုညိုချောလဲ။

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now