Part 111(2)

1.6K 157 0
                                    

Unicode
မုန်းမာန်ဖွဲ့ရန်ငြိုး

Part 146

အခန်း - ၁၁၁ အပိုင်း(၂)

ပင်မခန်းမထဲမှာ ကျန်းချွမ်က ရွှမ်းလီနဲ့ ရှချန်းတို့နဲ့ စကားပြောနေတယ်။ ရွှမ်းလီက ဒီသုံးနှစ်အတွင်း ကြိုးကြိုးစားစား အလုပ်ခဲ့ပြီးတော့ ထူးချွန်တဲ့ အောင်မြင်မှုတွေ ရခဲ့ပြီးတော့ အမြဲတမ်း သူ့ကိုယ်သူ တည်ကြည်စွာနဲ့ နေထိုင်နေတာဖြစ်တယ်။ ဧကရာဇ်က အရင်က လီအန်းကိစ္စကြောင့် ဒေါသထွက်ခဲ့ပြီး အဲ့တုန်းက သူ့အပေါ်ထားတဲ့ သဘောထားကို ပြောင်းလဲခဲ့တယ်။ ဒါ့အပြင် တော်ဝင်ကြင်ရာတော်ချန်က ဧကရာဇ်ကို လိုချင်တာကို ဖြည့်တင်းပေးခဲ့လို့ ပိုပြီးတော့ သဘောကျခံခဲ့ရတယ်။ မင်းသားငါးအတွက်တော့ ဒီအချိန်မှာ အကျိုးယုတ်သွားတာဖြစ်ပြီးတော့ ရွှမ်းလီရဲ့ ပြောဆိုချက်တွေက ပိုပြီးတော့ အရေးပါလာတယ်။ အိမ်ရှေ့စံက အမှားတွေ အများကြီးလုပ်ခဲ့တာဖြစ်ပြီးတော့ အိမ်ရှေ့စံကို ဖြုတ်ချဖို့ကို သိပ်ကြာမှာ မဟုတ်တော့ဘူးဖြစ်တယ်။ ဒါ့ကြောင့် အိမ်ရှေ့စံရာထူးကို ပြောင်းဖို့ကိစ္စက ရုံးတော်က အရာရှိတွေအတွက် အဓိကစိုးရိမ်စရာ ဖြစ်လာတယ်။ ဘက်ရွေးနိုင်တဲ့သူတွေက ရွေးပြီးကြပြီဖြစ်တယ်။ ရှမိသားစုနဲ့ ကျန်းမိသားစုတို့က ပြောစရာကို မလိုဘူး။ သူတို့က မင်းသားရှစ်ဘက်က ဖြစ်တယ်။
ရွှမ်းလီက သိမ်မွေ့စွာ ပြုံးလိုက်တယ်။ သူ့စကားတွေက ရိုးရိုးလေးဖြစ်ပေမဲ့ ရည်မှန်းချက်ကြီးတယ်။ ရှချန်းနဲ့ ကျန်းချွမ်တို့က ရွှမ်းလီက နိုင်ငံ့ခေါင်းဆောင်ဖြစ်ဖို့အတွက် အရည်အချင်း ရှိတယ်ဆိုတဲ့ သူတို့ရဲ့ ရွေးချယ်မှုအပေါ် အလွန်ယုံကြည်ချက် ခိုင်မာနေတယ်။ မကြာခင်မှာ သူက ကမ္ဘာပေါ်က တစ်ဦးတည်းသော ဧကရာဇ်ဖြစ်လာလိမ့်မယ်။
အဲ့အချိန်မှာ ရှယန်က ရှမိသားစုရဲ့ အကြီးဆုံးချွေးမဖြစ်တဲ့ ရှန်ရုံနဲ့ စကားပြောနေတယ်။ ရှန်ယန်က ရှယန်ရဲ့ ဗိုက်ကို ကြည့်ပြီး အပြုံးလေးနဲ့ ပြောလိုက်တယ်။
“ခယ်မလေးရဲ့ ဗိုက်က ပိုပြီးသိသာလာပြီ။ အစ်မ ကျောင်းကျောင်းရဲ့ ကိုယ်ဝန်ကို လွယ်ထားတုန်းက အစ်မရဲ့ ဗိုက်က အဲ့လောက် မကြီးဘူး။ ညီမလေးက အမွှာလေးကို လွယ်ထားရတာလား မသိဘူး။”
ရှယန်ရဲ့ မျက်နှာက တောင့်သွားပြီးတော့ သူမရဲ့ ရင်ထဲမှာ သူမ ခါးသီးစွာ ရယ်မောလိုက်တယ်။ အမွှာတွေဟုတ်လား။ သူမရဲ့ ကလေးက သေသွားပြီးပြီ။ ဘယ်လိုလုပ်ပြီး သူမပြောတဲ့ အမွှာတွေက ထွက်လာမှာလဲ။ သူမက အဲ့ညက သူမ ကိုယ်ဝန်ပြတ်ကျခဲ့တာကို ပြန်သတိရသွားတယ်။ ရှယန်က ဟုန်ရင်းနဲ့ ကျန်းယွမ်ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲချင်ခဲ့တယ်။ ချောင်ယုချည်နှစ်ရစ်ကို ဘယ်လိုလဲခဲ့လဲဆိုတာ မသိရပေမဲ့ အဲ့မိန်းမနှစ်ယောက်က လဲခဲ့တာဆိုတာ သူမ သေချာတယ်။ ရှယန်ရဲ့ မျက်ဝန်းတွေက အရောင်တောက်သွားတယ်။ ရယ်ထားကြပါ။ သူမက သူတို့ကို ရယ်ခိုင်းထားမှာဖြစ်တယ်။ နောက်ကျ သူတို့က ငိုဖို့တောင် တတ်နိုင်ကြမှာ မဟုတ်တော့ဘူးဖြစ်တယ်။
ရှန်ရုန်က ကလေးတစ်ယောက် မွေးထားပေမဲ့ သူမရဲ့ အသွင်အပြင်က ပိုပြီးတော့တောင် လှလာပြီးတော့ ပိုပြီးဆွဲဆောင်မှုရှိလာပြီး မိန်းမပျိုလေးတစ်ယောက်လိုပဲ။ ဆန့်ကျင်ဘက်အနေနဲ့ မကြာသေးခင်က ကိုယ်ဝန်ပျက်ကျထားတဲ့ ရှယန်က တစ်ညတည်းနဲ့ လုံးဝကို အိုစာသွားသလိုပဲ ဖြူဖပ်ဖြူရော်ဖြစ်နေတယ်။
ရှန်ရုန်က ရှယန်ကို သံသယဖြစ်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ ရှယန်က အခု ကျန်းအိမ်တော်ထဲမှာ ကောင်းကောင်းနေနေရတာဆိုပေမဲ့ သူမကို ကြည့်ရတာ အရမ်းမျက်တွင်းချောင်နေတယ်။ သူမရဲ့ အရင်က ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်က မရှိတော့ပေမဲ့ ဂရုမစိုက်တဲ့ပုံကတော့ ရှိနေသေးတယ်။ ရှန်ရုန်က ကျန်းချွမ်က လက်ရှိမှာ အိမ်တော်ရဲ့ ဆောင်ကြာမြိုင်ကနေ လာတဲ့ ကိုယ်လုပ်တော်ကို ပိုသဘောကျနေတယ်ဆိုတဲ့ ကောလဟာလကို သတိရသွားပြီး ရှယန်က သူမ ယောကျာ်းရဲ့ နှလုံးသားကို မဆုပ်ကိုင်နိုင်ဘူးလို့ ကောက်ချက်ချခဲ့တယ်။ ရှန်ရုန်က ရှယန်ရဲ့ အထီးကျန်နေပြီး သဘောထားကြီးတဲ့ အကြည့်ကို သည်းမခံနိုင်လို့ သူမက ရှယန်ကို အပြင်ပန်းမှာ နှစ်သိမ့်ပေးနေပေမဲ့ စိတ်ထဲမှာတော့ ဝမ်းသာနေခဲ့တယ်။
တခြားဘက်မှာ ထိုင်နေတဲ့ မိန်းမပျိုလေးက ရုတ်တရက် မေးလိုက်တယ်။
“ကျန်းယွမ်က ဘာလို့ ရောက်မလာသေးတာလဲ။ ဒါက ကျန်းအိမ်တော် ဧည့်သည်တွေကို ဧည့်ခံတဲ့ပုံလား။”
ခရမ်းဖျော့ရောင်လှိုင်းတွန့်ပုံစံနဲ့ ဝတ်ရုံနဲ့ မီးခိုးရောင်လိပ်ပြာဂါဝန်ကို ဝတ်ထားတယ်။ သူမက လှပပြီး သူမရဲ့ မျက်နှာက ပန်းလေးလိုပဲ။ သူမရဲ့ အသွင်အပြင်က လလိုပဲ။ ဒါပေမဲ့ ဆိုးတာက သူမက စိတ်မရှည်တာပဲ။ သူမက ရှအိမ်တော်ရဲ့ အကြီးဆုံးသား၊ ရှန်ရုန်ရဲ့ သမီး ရှကျောင်းကျောင်းပဲဖြစ်တယ်။
“ဒီကျွမ်းကျူ့က စောစောက သခင်မ ဖိတ်ခေါ်မှုကို မရလိုက်ရုံတင်မကဘူး။ သူမက လာပြီးတော့ လူတွေကို အဖော်ပြုပေးရမယ်လို့လည်း မကြားခဲ့ရဘူး။ တကယ်လို့ ဧည့်သည်တွေလာမယ်ဆိုတာ မသိရင် ဘယ်လိုလုပ်ပြီးတော့ သူတို့ကို ဧည့်ဝတ်ကျေပွန်စွာနဲ့ ဧည့်ခံနိုင်မှာလဲ။”
ဒီအသံက အပြင်ကနေလာတာဖြစ်တယ်။ လူတော်တော်များများက ကြည့်လိုက်တဲ့အချိန်မှာ ကျန်းယွမ်က အေး‌အေးဆေးဆေး လာနေတာကို မြင်လိုက်ကြရတယ်။
ရှကျောင်းကျောင်းက သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်လိုက်တယ်။ သူမရဲ့ အကြည့်တွေက စုကျိုးပန်းထိုးထည်လုပ်ငန်းရဲ့ ယွဟွဘရိုကိတ်အင်္ကျီဝတ်ထားတဲ့ ကျန်းယွမ်အပေါ်မှာ ရောက်နေတယ်။ သူမရဲ့ အသားအရေက နှင်းထက်တောင် ဖြူပြီးတော့ အနီရောင်နှုတ်ခမ်းလေးတွေနဲ့ ဖြူဖွေးနေတဲ့ သွားလေးတွေနဲ့ ညှို့ဓာတ်ရှိတဲ့ မျက်ဝန်းတစ်စုံရှိတယ်။ ရှကျောင်းကျောင်းရဲ့ သဘာဝအလှက ခုနစ်မှတ် ရပေမဲ့ ကျန်းယွမ်နဲ့ ယှဉ်ရင်တော့ သူမက တစ်မှတ်ပဲ ရမှာဖြစ်တယ်။ ရှကျောင်းကျောင်းက စိတ်တိုသွားတယ်။ သူမကို ပိုပြီး စိတ်တိုစေတာက ကျန်းယွမ်ရဲ့ သရော်မှုဖြစ်တယ်။ ပထမအချက်က သူတို့က ကြိုတင် မပြောဘဲ လာကြတာ မှန်ပြီးတော့ ဒုတိယအချက်က သူတို့က ကျန်းယွမ်ကို သူတို့ကို အဖော်ပြုဖို့ မတောင်းဆိုခဲ့တာဖြစ်တယ်။ ဒီတော့ သူမ နောက်ကျတာကို အပြစ်တင်တာက ရယ်စရာကောင်းနေတယ်။
“ယွမ်အာ သမီး ရောက်လာပြီလား။ ကျောင်းကျောင်းက သမီးကို တွေ့ချင်နေတာ ကြာပြီ။”
ရှယန်က စိတ်ထဲမှာ ညည်းညူနေချိန်မှာ ပြုံးပြီးတော့ အကြောင်းအရာကို ပြောင်းလိုက်တယ်။ အရင်က ကျန်းယွမ်ကို ထွက်လာစေဖို့ကို အတော်လေး ကြိုးစားလိုက်ရမယ်လို့ သူမ တွေးထားတာဖြစ်တယ်။ ဒါ့ကြောင့် သူမက ကျန်းယွမ် လာစေဖို့အတွက် မတူတဲ့ အကြောင်းပြချက်တွေ အများကြီးကို တွေးထားတာဖြစ်ပေမဲ့ သူမက အဲဒါတွေ တစ်ခုမှ မသုံးလိုက်ရဘဲ ကျန်းယွမ်က ထွက်လာခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူမ နောက်ထပ်ရွေ့မယ့်အကွက်အတွက် လွယ်ကူစေမှာပဲဖြစ်တယ်။
ရှကျောင်းကျောင်းက သူမ နှုတ်ခမ်းကို စူလိုက်ပြီး ရှယန်ရဲ့ စကားတွေကို ဂရုမစိုက်ခဲ့ဘူး။ ရှန်ရုန်ကလည်း ကျန်းယွမ်ကို ဂရုတစိုက်နဲ့ စူးစမ်းနေတယ်။ ကျန်းယွမ် ရှအိမ်တော်ကို လာတုန်းက သူမက ကျန်းယွမ်ကို အေးအေးဆေးဆေး ကိုင်တွယ်လို့ရတဲ့ မိဘမဲ့ကလေးလို့ ထင်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ အေးအေးဆေးဆေး ကိုင်တွယ်လို့ရမယ့်ပုံပေါ်တဲ့ ဒီတိကျလွန်းတဲ့ ကောင်မလေးက မမျှော်လင့်စွာနဲ့ ရှကျွမ်းကို ဆုံးရှုံးမှုတစ်ခု ခံစားရစေတယ်။ အခု သူမက တစ်ဖန်ထပ်ပြီး ပြောင်းလဲပြီးတော့ ကျွမ်းကျူ့ဖြစ်လာတယ်။ သူမက ကျန်းယွမ် မယ်တော်ယိတျယ်ရဲ့ သဘောကျမှုကို ရခဲ့ပြီးတော့ ငွေအမြောက်အများ ချီးမြှင့်ခံရတယ်လို့ ကြားခဲ့တယ်။ ရှန်ရုန်က သူမစိတ်ထဲမှာ စပြီးတော့ အကြံအစည်တစ်ခု စဉ်းစားနေပြီဖြစ်တယ်။ ရှချန်းက ကျန်းယွမ်ကို ရှကျွမ်းအတွက် ရည်ရွယ်ထားတာဖြစ်တယ်။ တစ်ဖက်မှာလည်း ရှကျွမ်းက ဖြစ်ခဲ့တာအတွက် နာကြည်းနေပြီးတော့ ကျန်းယွမ်ကို လက်ထပ်ပြီး သူမကို နှိပ်စက်ဖို့ သန္နိဌာန်ချထားတာဖြစ်တယ်။ သူမကို လက်ထပ်တဲ့ ဘယ်သူမဆို အထောက်အပံ့တွေ အများကြီး ရပြီးတော့ ငွေအမြောက်အများ ရမှာဖြစ်တယ်။
ဒါပေမဲ့ ရှန်ရုန်က ရှမိသားစုရဲ့ ဒုတိယသခင်မ ယုယနဲ့ ရင်ဆိုင်တဲ့အချိန်မှာ အမြဲတမ်း ခက်ခဲမှုတွေ ရင်ဆိုင်ခဲ့ရတယ်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အရမ်းစိမ်းကားတယ်။ ပုံမှန်ဆိုရင် သူမက ရှကျွမ်းကို ကောင်းမွန်တဲ့ ဘဝကို မပေးချင်ဘူးဖြစ်တယ်။ ရှကျွမ်းကို ကောင်းမွန်တဲ့ ပေးမယ့်အစား သူမရဲ့ အစ်ကိုကို အကျိုးကျေးဇူးဖြစ်စေတာက ပိုကောင်းတယ်လို့ ရှန်ရုန်က တွေးလိုက်တယ်။ ရှရုန်ရဲ့ မိသားစုမှာလည်း ကျန်းယွမ်ကို လက်ထပ်လို့ရနိုင်တဲ့ အရွယ်တူတစ်ယောက် ရှိတယ်။ တကယ်လို့ အဲဒါက အောင်မြင်မယ်ဆိုရင် ဖိတ်ခြင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်စေမှာဖြစ်တယ်။
ရှန်ရုန်က အကြံကို စီစဉ်နေတုန်းမှာ ကျန်းယွမ်အပေါ်မှာ ကျရောက်နေတဲ့ သူမရဲ့ အကြည့်က အံ့အညူသင့်စွာ‌ကောင်းလောက်အောင်ကို စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နေတယ်။ ကျန်းယွမ်က ပြုံးပြလိုက်တယ်။
“ရှင်က အကြီးဆုံးရှသခင်မထင်တယ်။”
“အမှန်ပဲ။ ယွမ်အာ သမီး မျက်စိတစ်မှိတ်အတွင်းမှာ ဒီလောက် ထွားလာလိမ့်မယ်လို့ ဒေါ်လေး မထင်ခဲ့ဘူး။”
ရှန်ရုန်က နွေးထွေးစွာနဲ့ ပြန်ပြောလိုက်တယ်။
“ရဲတင်းလိုက်တာ။ ကျွမ်းကျူ့ကို တွေ့တဲ့အချိန်မှာ မင်းအရိုအသေ မပေးခဲ့ဘူး။”
ထျန်ကျူးက တင်းမာတဲ့ မျက်နှာနဲ့ အော်လိုက်တော့ ရှန်ရုန် လန့်သွားတယ်။
ကျန်းယွမ်က ညင်သာစွာ ပြောလိုက်တယ်။
“ရပါတယ်။ အကြီးဆုံးရှသခင်မက ငါနဲ့ တစ်ခါ တွေ့ဖူးတယ်။ သူမက အခု အရမ်းစိတ်လှုပ်ရှားသွားလို့ နေမှာပါ။ ထားလိုက်ပါ ဘာမှ ထိခိုက်သွားတာမှ မဟုတ်တာ။”
ဒီအဖြေက ရှန်ရုန်ရဲ့ မျက်နှာပေါ်က သွေးတွေ မရှိတော့သလို ဖြစ်စေသွားပြီးတော့ ချက်ချင်းပဲ သူမက ဒေါသထွက်လာပြီးတော့ သူမရဲ့ မျက်နှာက နီရဲသွားတယ်။ အကုန်လုံးက ကျန်းယွမ် ဘိုးဘေးခန်းမထဲမှာ ပြုလုပ်ခဲ့တာကို မှတ်မိနေသေးတုန်းပဲဖြစ်တယ်။ ဒီတော့ ဒီဒဏ်ရာဟောင်းကို ပြန်ပြီးဆွလိုက်တာက ရှမိသားစုရဲ့ မျက်နှာကို ရိုက်လိုက်သလိုပဲ။ ရှယန်က အရမ်းရှက်သွားတယ်။ ရှကျောင်းကျောင်းရဲ့ အဆုတ်တွေက ဒေါသကြောင့် ပေါက်ထွက်သွားတော့မလိုပဲ။ ဒါပေမဲ့ သူမက သူမအဘိုးရဲ့ ညွှန်ကြားချက်ကို ပြန်သတိရသွားတော့ သူမက ထွက်မသွားခင် သူမကိုယ်သူမ ပြန်ချုပ်တည်းလိုက်တယ်။
ရှယန် ရုတ်တရက် ငုံ့လိုက်ပြီးတော့ သူမရဲ့ ပါးစပ်ကို လက်ကိုင်ပုဝါနဲ့ အုပ်လိုက်ပြီးတော့ နှစ်ခါတောင် ပျို့သွားတယ်။ လင်းလန်က အမြန်လာပြီးတော့ ရှယန်ရဲ့ နောက်ကျောကို လာပြီး ပုတ်ပေးတယ်။
“သခင်မ နေမကောင်း ထပ်ဖြစ်တာလား။”
ရှယန်က ခေါင်းခါလိုက်တယ်။
“ဒီအခန်းက အရမ်းလှောင်လို့ နေမယ်။ ငါ့ရင်ထဲမှာ နည်းနည်း မွန်းကျပ်တယ်။”
သူမက ပြုံးလိုက်တယ်။
“ကျောင်းကျောင်း၊ ယောင်းမ၊ ယွမ်အာ အမေတို့ ဉယျာဉ်ထဲမှာ အပန်းဖြေ လမ်းလျှောက်ကြရင်ရော။ အပြင်မှာ လေကောင်းလေသန့်ရတယ်။”
ကျန်းယွမ်က ပြတင်းပေါက် အပြင်ကို ကြည့်လိုက်တယ်။ အပြင်မှာ တိမ်ကင်းစင်ပြီးတော့ ပူပြင်းတဲ့နေ့ဖြစ်တယ်။ ဒီလိုနေ့မျိုးမှာ အပြင်ထွက်တာက အပူရှပ်တတ်ပေမဲ့ သူမက ပြုံးပြီးပြောလိုက်တယ်။
“ဒီလိုဆိုတော့လည်း သမီးလည်း ဉယျာဉ်ထဲကို လိုက်ခဲ့မယ်လေ။”
ရှန်ရုန်နဲ့ ရှကျောင်းကျောင်းတို့က ဧည့်သည်တွေဆိုတော့ သူတို့က မငြင်းခဲ့ဘူး။ သူတို့သုံးယောက်က မတ်တပ်ရပ်လိုက်ကြပြီးတော့ ရန်ဟွယွမ်ရဲ့ ခြံထဲကို လျှောက်လာကြတယ်။ အမှန်အတိုင်း ပြောရရင် အပြင်က ရာသီဉတုက အရမ်းပူနေပေမဲ့ ရှယန်က ကိုယ်ဝန်ရှိနေတာကြောင့် သူမက ရေခဲကို မသုံးရဲဘူး။ ဒီတော့ သူမက တခြားရွေးချယ်စရာ မရှိတော့ဘဲ ခြံထဲကို သွားဖို့ အကြောင်းပြချက် တစ်ခု ရှာလိုက်ရတာ ဖြစ်တယ်။ ခြံထဲက ရှင်းလင်းနေပြီးတော့ သပ်ရပ်နေတယ်။ နာရီတိုင်း တစ်ယောက်ယောက်က ရေတွင်းထဲက ရေအေးကို ဆွဲပြီးတော့ ကျောက်တုံးပြားပေါ်မှာ ဖြန်းပေးပြီးတော့ သစ်ပင်တွေက အရိပ်တွေကြောင့် ခြံက နည်းနည်းအေးနေတယ်။ အခန်းထဲက အပူချိန်နဲ့ ယှဉ်ရင်တော့ ဒါက ပိုပြီး လန်းဆန်းတယ်။
သူတို့ လျှောက်လာရင်းနဲ့ ကနားရဲ့ ဘေးမှာ ရေကန်လေးတစ်ခုကို ရောက်လာကြတယ်။ ဒီကနားက ရှယန်ရဲ့ ဂုဏ်အယူရဆုံး အလုပ်ဖြစ်တယ်။ ရှယန်က ကျန်းအိမ်တော်ကို ရောက်တော့ သူမက ခြံကို သူမဘာသာ ပြန်အလှဆင်ခဲ့တာဖြစ်တယ်။ ရေကန်လေးဘေးမှာ ကနားရှိပြီးတော့ နွေရာသီမှာ အဲ့ရေကန်ကို ‘လရောင်အောက်က ကြာပန်းကန်လေး’ လို့ကိုယ်စားပြုခဲ့တယ်။ နွေရာသီရဲ့ ညပိုင်းမှာ တိုက်တဲ့ လေပြေက ရေကန်ထဲက လှပတဲ့ ကြာပန်းလေးတွေကို တိုက်ခတ်သွားပြီးတော့ ရေမျက်နှာပြင်ပေါ်မှာ လကို ရောင်ပြန်ဟပ်နေတဲ့ မြင်ကွင်းက အရမ်းလှပတယ်။ ကနားကို ပြန်ပြီး အလှဆင်ပြီးတော့ ကျန်းချွမ်က အဲဒါကို အရမ်းသဘောကျခဲ့တယ်။ သူက အဲ့ကနားပေါ်မှာ ရှယန်နဲ့ အတူ မကြာခဏ သောက်လေ့ရှိတယ်။ တကယ်ချစ်တဲ့ စုံတွဲပဲ။
ကျန်းယွမ်က သူမရင်ထဲမှာ လှောင်လိုက်တယ်။ ဒီနေရာက ကျန်းချွမ်နဲ့ ရှယန်ရဲ့ ဇာတ်လမ်းစတဲ့ နေရာပဲ။ ဒါပေမဲ့ အဲ့နေရာက ကျောက်မိန် အသည်းကွဲတဲ့ နေရာလည်း ဟုတ်တယ်။ ကျန်းရှင်းကျီ ငယ်ငယ်တုန်းက ရေကျောက်ပေါက်ခဲ့တယ်။ ကျောက်မိန်က ကျန်းရှင်းကျီကို ညပေါင်းများစွာ ဆက်တိုက်စောင့်ခဲတယ်။ ကျန်းရှင်းကျီ နိုးလာတော့ သူက အဖေဘယ်မှာလဲဆိုပြီးတော့ အရင်ဆုံးမေးခဲ့တယ်။ကျောက်မိန်ရဲ့ ရင်ထဲမှာ နာကြည်းချက်တွေနဲ့ ပြည့်နှက်နေပြီးတော့ သူမက ကျန်းချွမ်ကို လိုက်ရှာတဲ့အချိန်မှာ သူက ရှယန်နဲ့ သောက်ပြီးတော့ ပျော်မြူးနေတာကို တွေ့ခဲ့တယ်။ အဲ့တုန်းက ကျန်းယွမ်က ဘာမှနားမလည်သေးတဲ့ ကလေးပဲ ရှိသေးတယ်။ ဒါပေမဲ့ ကျန်းချွမ်နဲ့ ရှယန်တို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်နေတာကိုမြင်တော့ သူမအမေရဲ့ကို မျက်ရည်ကျစေမယ့် နေရာတွေက ပိုများလာတယ်ဆိုတာ သူမ နားလည်လိုက်တယ်။ ကျန်းယွမ်က ကနားကို တစ်ချက်ကြည့်လိုက်ပြီးတော့ ခပ်ယဲ့ယဲ့ အပြုံးလေးနဲ့ ပြောလိုက်တယ်။
“ဖြူစင်တဲ့ အရောင်အစင်းရှိတဲ့ ကြာပန်းပုံစံတွေနဲ့ ပိုးသားဂါဝန်၊ ရွေးသူရဲ့ မျက်နှာနှစ်ဖက်ပေါ်မှာ ကြာပန်းတွေပွင့်နေတယ်။”
ကျောက်မိန်က ရန်ဟွယွမ်ကို ကျန်းယွမ်လေးနဲ့ လာတော့ သူမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ကြော့ကြော့မော့မော့နဲ့ ကျန်းချွမ် ဒီစာကြောင်းတွေကို သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိတဲ့ ရှယန်ကို ရွတ်ပြနေတာကို သူမ ကြားခဲ့တယ်။ သူ့မျက်ဝန်းထဲက ကြင်နာမှုတွေနဲ့ ချင်ခင်မှုတွေက သူတို့ အရင်က တစ်ခါမှ မမြင်ဘူးတဲ့ အရာပဲ။
ရှယန်က နည်းနည်းကြောင်သွားပြီးတော့ ပြုံးလိုက်တယ်။
“ယွမ်အာ သမီးရဲ့ အဖေက ဒီနှစ်ကြောင်းကို ရွတ်ရတာ အကြိုက်ဆုံးပဲ။”
ရှန်ရုန်က တစ်ချက်ကြည့်လိုက်ပြီးတော့ အံကြိတ်လိုက်တယ်။
“ခယ်မလေးက ဘဝကို ဘယ်လိုပျော်ပျော်နေရမလဲဆိုတာ သိသားပဲ။ ဒီလိုနေရာကောင်းမျိုးက အစ်မတို့ အိမ်တော်မှာ ရှာတွေ့ဖို့ ခက်တယ်။”
ရှကျောင်းကျောင်းက ပြောလိုက်တယ်။
“ဒါပေါ့ ဒေါ်လေးက တစ်ခါတုန်းက မြို့တော်ရဲ့ အရည်အချင်း အရှိဆုံးအမျိုးသမီးပဲ။ သူမက သာမာန်တောသူမနဲ့ ယှဉ်လို့မရဘူး။”
ရှကျောင်းကျောင်းက ကျန်းယွမ်က ကျေးလက်မှာ ကြီးပြင်းလာခဲ့တာ ဖြစ်ပြီးတော့ သူမရဲ့ ကလေးဘဝက ကဗျာတွေမှာ မကျွမ်းကျင်တဲ့ ကျောက်မိန်ဘေးမှာ အချိန်ကုန်ခဲ့ရတာဆိုတော့ သူမက စာမတတ်ပေမတတ်လို့ သူမ အမြဲတမ်းထင်ခဲ့တာဖြစ်တယ်။
ရှယန် ရုတ်တရက် နည်းနည်းစိတ်သက်သာရာ ရလာတယ်။
“ဆယ်နှစ်က မျက်စိတစ်မှိတ်အတွင်းမှာ ကုန်ဆုံးသွားတာပါလား။ မမသာ ရှိနေသေးရင် သူမကလည်း ဒီခြံအတွက် ဂုဏ်ယူနေမှာပဲ။ ယွမ်အာ အခု သမီးက ကြီးလာပြီ။ သမီး လက်ထပ်ရမယ့်အရွယ်တောင် ရောက်တော့မှာ။ သမီးက ကျေးလက်က အိမ်တော်မှာ ကြီးပြင်းလာတာဆိုတော့ သမီးကို ကျင့်ဝတ်ထုံးတမ်းနဲ့ ကိုယ်ဟန်အမူအရာမှာ စည်းစနစ်တကျ သင်ပေးမယ့်သူ မရှိမှာစိုးတယ်။ ဒီတော့ အမေက သမီးအတွက် ကျင့်ဝတ်ထုံးတမ်းသင်ပေးမယ့် မော့မော့တစ်ယောက် ရှာပေးလို့ရမလား။”
ကျန်းယွမ်က လှည့်လိုက်ပြီးတော့ သူမကို ကြည့်နေရင်း ရုတ်တရက် အပြုံးလေးနဲ့ ပြောလိုက်တယ်။
“အမေ ဘာတွေပြောနေတာလဲ။ မယ်တော်ယိတျယ်အနားက မော့မော့က သင့်တော်တဲ့ တစ်ယောက် မဟုတ်ဘူးလား။”
ရှယန် ကြက်သေသေသွားတယ်။ သူမက ဒီအချက်ကို ထည့်မစဉ်းစားမိဘဲ ရုတ်တရက် ပြောစရာစကား ပျောက်သွားခဲ့တယ်။ ဒါပေမဲ့ သူမက စပြီးပြီဆိုတော့ သူမက ဆက်မလုပ်ဘဲ မနေနိုင်ခဲ့ဘူး။ သူမက ကျန်းယွမ်ရဲ့ လက်ကို ဆွဲလိုက်ပြီးတော့ သူမကို သိမ်မွေ့စွာနဲ့ အကြံပေးလိုက်တယ်။
“သမီးက တော်ပြီးတော့ ထက်မြက်တယ်ဆိုတာ အမေသိပါတယ်။ ဒါပေမဲ့ နန်းတွင်းထဲက မော့မော့က သမီးကို နန်းတွင်းရဲ့ စည်းကမ်းတွေပဲ သင်ပေးတာ။ သမီးက အနာဂတ်မှာ လက်ထပ်မှာဆိုတော့ သမီး စည်းကမ်းတွေကို သေချာ သင်သင့်တယ်။”
ကျန်းယွမ်က သူမကို အပြုံးလေးနဲ့ ကြည့်လိုက်တယ်။ ရှယန်က ဒီလိုအပြုံးကို ကြည့်နေရင်း စိုးရိမ်သွားတယ်။ သူမက ရုတ်တရက် မျက်လုံးပြူးသွားပြီးတော့ အကျယ်ကြီး အော်လိုက်တယ်။
“ယွမ်အာ သမီး ဘာလုပ်နေတာလဲ။”
ရုတ်တရက် ကျန်းယွမ်က သူမကို ကြမ်းတမ်းစွာ တွန်းလိုက်သလိုပဲ ရှယန်ရဲ့ ခန္ဓာကိုယ်က နောက်ကို လဲသွားတယ်။ သူမက ကနားရဲ့ လှေကားပေါ်ကို တက်နေတာဖြစ်ပြီးတော့ သူမရဲ့ အသံက ထွက်ပေါ်လာပြီး ရှယန် လှေကားပေါ်ကနေ လေးလံစွာနဲ့ ပြုတ်ကျလာတယ်။
“အား”
ရှယန်က အော်လိုက်တယ်။ သူမရဲ့ အောက်ပိုင်းက ချက်ချင်းပဲ နီရဲသွားပြီးတော့ သူမရဲ့ အဝတ်တွေက သွေးတွေနဲ့ စိုရွှဲသွားတယ်။
“ကျန်းယွမ်”
ဒေါသတကြီးနဲ့ အထိတ်တလန့်အော်သံက ဆန့်ကျင်ဘက်ကနေ ရောက်လာတယ်။ ကျန်းယွမ်က ကြည့်လိုက်တော့ ကျန်းချွမ်၊ ရှချန်းနဲ့ ရွှမ်းလီတို့ ဆန့်ကျင်ဘက် ခြံမှာ ရပ်နေတာကို တွေ့လိုက်တယ်။ ကျန်းချွမ်ရဲ့ အကြည့်တွေက ကြောက်စရာကောင်းပြီးတော့ သူမကို အရှင်လတ်လတ် ဝါးစားတော့မလိုပဲ ဒေါသတကြီးဖြစ်နေတယ်။
ကျန်းယွမ် သူမရဲ့ လက်ပေါ်က လက်ကောက်ကို ပွတ်သပ်လိုက်ပြီးတော့ သူမရဲ့ နှုတ်ခမ်းလေးတွေက ထူးဆန်းတဲ့ အပြုံးတစ်ခုကို သယ်ဆောင်လာတယ်။
လိပ်က သူ့ရဲ့ လည်ပင်းကို ထုတ်လိုက်ပြီပဲ။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now