part 91(2)

2.4K 274 2
                                    

Unicode
မုန်းမာန်ဖွဲ့ရန်ငြှိုး

Part 106

အခန်း - ၉၁ အပိုင်း(၂)

“ဒုတိယသခင်လေးလီက ကျွန်မကို ဖမ်းချင်တာလား။”
ကျန်းယွမ်က မေးလိုက်တယ်။
“ရှင်က ရှင့်ရဲ့ အပြစ်တွေနဲ့ ရာဇဝတ်မှုတွေ ထပ်တိုးမှာကို မကြောက်ဘူးပဲ။”
လီအန်းက ရယ်မောလိုက်တယ်။
“အဲဒါက အကြီးဆုံးကျန်းသခင်မလေးရဲ့ ကံကိုက ဆိုးနေတာပါ။ သူမရဲ့ တိုကျိုးအမွှေးတိုင်ကို လာလှူတဲ့လမ်းမှာ သူမက ဂရုမစိုက်လို့ တောင်ကုန်းဓားပြတွေ ဖမ်းတာခံခဲ့ရပြီးတော့ သူမရဲ့ အပြစ်ကင်းစင်မှုကို ဆုံးရှုံးလိုက်ရတယ်။ သူမက တိုကျိုးအမွှေးတိုင် လှူရတဲ့ အကျိုးကျေးဇူးကို မခံစားခဲ့ရဘူး။ အဲဒါတွေ အကုန်လုံးက ‘လီ’ နာမည်ပါတဲ့ သူနဲ့ ဘာဆိုင်လို့လဲ။”
ကိုယ်ရံတော်နှစ်ယောက်က လီအန်းကို သူတို့မျက်ဝန်းတွေထဲက ဒေါသတွေနဲ့အတူ ချက်ချင်း စိုက်ကြည့်လိုက်ကြတယ်။တကယ်လို့ ဒီလို စကားမျိုးက လက်မထပ်ရသေးတဲ့ ပြင်ပလောကနဲ့ ကင်းပြတ်တဲ့ မိန်းမပျိုလေးနဲ့ ဆက်စပ်ရင် သူမရဲ့ တစ်ဘဝလုံးက ပျက်စီးသွားမှာဖြစ်တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးက ဒီလောက် စစ်သားအများကြီး ရှိနေတာက ကျန်းယွမ်ကို ဖမ်းဖို့အတွက်ဖို့လောက်ပဲ ရိုးရှင်းမယ်မထင်ဘူး။ အဲဒါက ကျန်းယွမ်ကို ဖမ်းပြီးတော့ နှိပ်စက်ဖို့ ဖြစ်နိုင်ပြီးတော့ အဲဒါက အဲ့လူနှစ်ယောက်ကို ချွေးစေးပြန်စေခဲ့တယ်။
“တောင်ကုန်းဓားပြတွေလား။”
ကျန်းယွမ်က ပြုံးလိုက်တယ်။
“သူတို့တွေက စစ်သားတွေ မဟုတ်ဘူးလား။”
လီအန်းက မှင်တက်သွားပြီးတော့ မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
“အကြီးဆုံးကျန်းသခင်မလေးက အရမ်းထက်မြက်တာပဲ သနားစရာကောင်းတာက ဒီတိုက်ပွဲရဲ့ ရလာဒ်က ဆုံးဖြတ်ပြီးသွားပြီ။ မင်းမှာ ဘာနည်းလမ်းမှ ထုတ်သုံးစရာ မရှိတော့ဘူး။ ဒီတော့ ငါနဲ့ပဲ လိုက်ခဲ့တော့။”
ကျန်းယွမ်က ခေါင်းခါလိုက်တယ်။
“ရလာဒ်က မဆုံးဖြတ်ရသေးပါဘူး။”
“ဘာမှမဟုတ်တာအတွက် ဆက်တိုက်မနေနဲ့တော့။”
လီအန်းက သူမကို သတိပေးလိုက်တယ်။
မမျှော်လင့်စွာနဲ့ ကျန်းယွမ်က ပေါ့ပါးစွာ ရယ်လိုက်ပြီးတော့ သူမရဲ့ မျက်နှာပေါ်မှာ လှပတဲ့ ပန်းလေးတစ်ပွင့်လိုပဲ ဝမ်းသာတဲ့ အပြုံးလေးတစ်ပွင့် ပေါ်လာတယ်။ ဒါပေမဲ့ အဲ့အပြုံးလေးက ရုတ်တရက် ပျောက်ကွယ်သွားပြီးတော့ သူမရဲ့ မျက်နှာထားက အဲ့အပြုံးလေးနဲ့ ဆန့်ကျင်ဘက် အေးစက်တဲ့ ရေကန်တစ်ခုပုံစံကို ထင်ဟပ်စေခဲ့တယ်။
“တကယ်လား။”
သူမက ရှင်းရှင်းလင်းလင်းပြောခဲ့တယ်။
“နီရဲတဲ့၊ မိုးကြိုး၊ စစ်တပ်။”
လီအန်းရဲ့ မျက်လုံးတွေ ပြူးသွားပြီးတော့ သူ့ မသိစိတ်ကြောင့် နောက်ကို ခြေနှစ်လှမ်း ဆုတ်မိသွားတယ်။
“မင်း….”
သူ့ရဲ့ စိတ်နဲ့ ခံစားချက်တွေက လှိုင်းထန်တဲ့ မုန်တိုင်းကို ကြုံတွေ့နေရသလိုပဲ။ သူမက တကယ်ပဲ သိနေတယ်။
ချီလဲ့ကျွမ်းက မဟာကောင်စီဝင် အိမ်တော်က ပြင်ပက လူတွေဆီကနေ ဖွက်ထားတဲ့ စစ်တပ်ဖြစ်တယ်။ ရွှမ်းလီတောင် ဒီသီးသန့်စစ်တပ်အကြောင်းကို မသိဘူး။ အစတုန်းက စစ်သားတွေက သူတို့ကိုယ်သူတို့ တောင်သူလယ်သမား ဆင်းရဲသားတွေအဖြစ် ရုပ်ဖျက်ထားတာဖြစ်တယ်။ သူတို့က မဟာကောင်စီဝင် အိမ်တော်ရဲ့ ဝှက်ဖဲဖြစ်ပြီးတော့ နောက်ဆုံး အားကိုးစရာ ဖြစ်ပြီး သူတို့က သူ့ရဲ့ အမိန့်ကိုပဲ နာခံကြတာဖြစ်တယ်။ လီတုန်နဲ့ လီရန်တို့တောင် ဘာအရိပ်အမြွတ်မှ မသိတဲ့ လျှို့ဝှက်ချက်ဖြစ်တာကို ကျန်းယွမ်က ဘယ်လိုလုပ်ပြီးတော့ သိနေတာလဲ။
ကျန်းယွမ်က ပြုံးလိုက်တယ်။
“ဒုတိယသခင်လေးလီက အရမ်းကြောက်နေတာလား။ ဘာကို ကြောက်နေတာလဲ။ ရှင် ဒီစေ့စေ့စပ်စပ် သိမ်းထားတဲ့ လျှို့ဝှက်ချက်က ထွက်ပေါ်လာလို့ ကြောက်သွားတာလား။”
ကျန်းယွမ် လီအန်းကို ပြောလိုက်တာက ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုဆိုတာကို သိတော့ ချီလဲ့စစ်သားတွေ အားလုံးက လီအန်းရဲ့ မျက်နှာထားကို ကြည့်နေရင်း မငြိမ်မသက်နဲ့ လှုပ်နေကြတယ်။ ဒါ့ကြောင့် သတိမထားမိကြဘဲ သူတို့ရဲ့ လက်နက်တွေက သူမဆီကို ဦးတည်ထားကြတယ်။
“လျှို့ဝှက်ချက်တစ်ခုကို အကြာကြီးသိမ်းထားရင် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ဘူး။”
ကျန်းယွမ်က ဂရုမစိုက်တဲ့ လေသံနဲ့ သိမ်မွေ့စွာ ပြောလိုက်တယ်။ လီအန်းက တစ်ခုခုကို အာရုံစိုက်နေသလို ခံစားနေရတယ်။ သူက သူ့ရဲ့ ရင်ထဲက စိုးရိမ်မှုကို ဖုံးကွယ်ထားပြီးတော့ သူမကို လှောင်လိုက်တယ်။
“မင်းက မဟုတ်တာတွေ လျှောက်ပြောနေတာပဲ။”
“ဒုတိယသခင်လေးလီက ဒီနေ့ ဒီနည်းနဲ့ မဟာကောင်စီဝင်အိမ်တော်ကို လုပ်ခဲ့တဲ့ မတရားတဲ့ အပြူအမူကို တရားအောင် လာလုပ်တာမဟုတ်ဘူးလား”
ကျန်းယွမ်ရဲ့ ဆံပင်တွေက ဖရိုဖရဲဖြစ်နေပြီးတော့ သူမရဲ့ အဝတ်တွေက ရွံထူတဲ့ မြေကြီးမှာ လှိမ့်ထားလို့ ညစ်ပတ်နေတယ်။ ဒါမေပဲ့ သူမ အဲ့မှာ မတ်တပ်ရပ်လိုက်တာနဲ့ သူမက မမျှော်လင့်ထားတဲ့ စူးရှတဲ အလှနဲ့ ဆင်တူတဲ့ သိသာတဲ့ ကျက်သရေရှိမှု ပေါ်ထွက်နေတယ်။
သူမက ပြောလိုက်တယ်။
“ရှင်ဒီလို လုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တာနဲ့ မဟာကောင်စီဝင်အိမ်တော်က ပြန်ပြီးနာလန်ထူဖို့ အခွင့်အရေး ဘယ်တော့မှ မရှိတော့ဘူး။ ရှင်ရှုံးသွားပြီ။”
လီအန်းရဲ့ နှလုံးသားက စိတ်လှုပ်ရှားမှုကြောင့် မြန်လာပြီးတော့ သူ့ရဲ့ စိုးရိမ်မှုက ရုတ်တရက် ခဏချင်းကြီးထွားလာတယ်။ သူက သူ့ရဲ့ လက်အောက်ငယ်သားတွေကို ချက်ချင်းပဲ သူမ ပြောနေတာကနေ ရပ်အောင် ဖမ်းဖို့ အမိန့်ပေးချင်နေပေမဲ့ သူမက အမြန်ပြောလိုက်တယ်။
“သီးသန့်လေ့ကျင့်ထားတဲ့ တပ်တွေက ပုန်ကန်နေတယ်လို့ မှတ်လို့ရပြီးတော့ ပုန်ကန်ဖို့ ကြိုးစားနေတယ်လို့ မှတ်ယူလို့ရတယ်…. အကုန်လုံးက ရာဇဝတ်မှုတွေပဲ။ အိုး ဒါက လေးနက်တယ်လို့ မထင်ဘူးလား။”
သူမက ဆက်ပြောလိုက်တယ်။
“ဒီနေ့ ရှင့်ရဲ့ အပြုအမူတွေက မဟာကောင်စီဝင်အိမ်တော်ရဲ့ အခြေအနေတွေအတွက် မျှော်လင့်ချက်မရှိဘူးလို့ တကယ်ပဲ အတည်ပြုလို့ရတယ်။”
လီအန်းက မိုးကြိုးပစ်ခံထားရသလို အဲ့မှာပဲ မတ်တပ်ရပ်နေတယ်။
ဖြည်းဖြည်းချင်း၊ ဖြည်းဖြည်း သူခေါင်းမော့လိုက်ပြီးတော့ အဖျားကြောင့် ဖြစ်ရတဲ့ အိပ်မက်ထဲမှာလိုပဲ မေးလိုက်တယ်။
“အဲ့ ကောလဟာလတွေ အဲဒါတွေကို စလိုက်တဲ့သူက မင်းမလား။”
ကျန်းယွမ်က တုံ့ပြန်တဲ့ အနေနဲ့ သူ့ကို ပြုံးပြလိုက်တယ်။
မဟာကောင်စီဝင်အိမ်တော်က ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်မှာ နှစ်ပေါင်းများစွာ အထွတ်အထိပ်မှာ ရပ်တည်ခဲ့တာဖြစ်တယ်။ ဘယ်လိုလုပ်ပြီးတော့ အဲဒါကို ရေလှောင်ကန်လေးတစ်ခု ပြိုကျတဲ့အတွက် တာဝန်ယူရတာနဲ့ ပြိုလဲသွားရတာလဲ။ တကယ်လို့ ဧကရာဇ်က တကယ်ပဲ မဟာကောင်စီဝင် မိသားစုတွေကို ဒါအတွက်နဲ့ ကွပ်မျက်လိုက်ရင် အရာရှိ အသိုင်းအဝိုင်းရဲ့ စိတ်ထဲကို ကြောက်လန့်မှုက ရိုက်ခတ်သွားမှာ မလွဲဧကန်ပဲ။ အရာရှိ အသိုင်းအဝိုင်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကလည်း ကသောင်ကနင်းဖြစ်သွားလိမ့်မယ်။
ဧကရာဇ်တစ်ယောက်ရဲ့ အကြောက်ဆုံးအရာက မတည်ငြိမ်တဲ့ လူထုသဘောထားပဲ။ အင်ပါယာအသိုင်းအဝိုင်းက ဂိုဏ်းခွဲတွေက အချင်းချင်းရဲ့ ဩဇာအာဏာလွှမ်းမိုးမှုကို ထိန်းညှိပေးဖို့ ဆောင်ရွက်ကြတယ်။ တကယ်လို့ ဟန်ချက်က ရွေ့သွားရင် တစ်ကြိမ်မှာ တစ်ချက်ပဲ ရွေ့မှာ ဖြစ်တယ်။ တစ်ချက်တည်းနဲ့ အကုန် ကမောက်ကမ ဖြစ်မှာ မဟုတ်ဘူး။
မမျှော်လင့်စွာနဲ့ ဒီအချိန်မှာ လီအန်းရဲ့ ဆန္ဒက ပရမ်းပတာတွေ ဖြစ်စေဖို့ ဖြစ်ပြီးတော့ သူက သူ့ရဲ့ အရင် ခေါင်းအေးအေးထားပြီး အခြေအနေကို စဉ်းစားတတ်တဲ့အကျင့် ပျောက်ဆုံးသွားခဲ့ပြီဖြစ်တယ်။ ကျန်းယွမ်က ကျန်းရှင်းကျီကို ကောလဟာလတချို့ ဖြန့်ပေးဖို့ အကူအညီတောင်းခဲ့ပြီးတော့ လီအန်း နားထဲကို ရောက်စေခဲ့တယ်။ ရလာဒ်အနေနဲ့ လီအန်းက ဂနာမငြိမ်ဖြစ်သွားတယ်။
အမှန်နဲ့ အမှား၊ အမှားနဲ့ အမှန်။ ထက်မြက်တဲ့ ယောက်ျားက သူ့ရဲ့ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်ပြီးတော့ သူ့ရဲ့ မြင့်မားတဲ့ စိတ်ရှုပ်ထွေးမှုက သူ့ကို သာမာန်လူတစ်ယောက် မရနိုင်တဲ့ အတိုင်းအတာအထိ အမှားအယွင်းတွေ ဖြစ်စေခဲ့တယ်။
သူက လျှို့ဝှက်ထားတဲ့ ချီလဲ့စစ်သားတွေကို သူတို့ကိုယ်သူတို့ ထုတ်ဖော်ထားခွင့် မပြုထားဘဲ တောင်ကုန်းဓားပြတွေ အဖြစ်ရုပ်ဖျက်ထားခိုင်းတယ်။ သူတို့က သူ့မှာ နောက်ဆုံးကျန်တဲ့ ကတ်ဖြစ်ပြီးတော့ သူက အဲဒါကို စိတ်ချရတဲ့ အကြံအဖြစ် ယူဆထားတာဖြစ်တယ်။ ဒါပေမဲ့ ဝင်သက် တစ်ရှိုက်တည်းနဲ့ ကျန်းယွမ်က သူ့ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့တယ်။
နားလည်လိုက်တဲ့ အချိန်မှာပဲ သူက ရေလှောင်ကန် ပြိုကျတာက သူတို့ကို အပြစ်ရှိကြောင်း လက္ခဏာ မပေါ်စေပေမဲ့ ပုန်ကန်ဖို့ ရည်ရွယ်တာကတော့…. မဟာကောင်စီဝင်အိမ်တော်အတွက် လွတ်ဖို့ နည်းမရှိတော့ဘူး။
မဟာကောင်စီဝင်အိမ်တော်က ရာဇဝတ်မှုကို ဦးစီးတဲ့သူကို ရင်ဆိုင်နေရတာ မဟုတ်ပေမဲ့ သူမက အကျင့်ပျက်ပြီး သစ္စာဖောက်တဲ့ အပြုအမူတွေနဲ့ ကြီးမားတဲ့ ရာဇဝတ်မှုတွေကို ကုန်းနှီးတင်ဖို့ သူ့လက်ကို အတင်းအကြပ် စေခိုင်းခဲ့တယ်။
သူမက မဟာကောင်စီဝင်အိမ်တော်က လူတိုင်းကို သူတို့ကိုယ်သူတို့ တစ်ချက်တည်းနဲ့ ကွပ်မျက်ဖို့ သူမက တော်တော်လေးကို လုပ်ဆောင်ပြီးပြီဖြစ်တယ်။
ဒီလို မလိုမုန်းထားစိတ်၊ ရက်စက်တဲ့ နည်းလမ်းတွေ။
လီအန်းက နောက်ကို ခြေလှမ်း နည်းနည်းဆုတ်သွားပြီးတော့ သူ့မျက်နှာကလည်း စာရွက်တစ်ရွက်လို ဖြူဖျော့သွားတယ်။
သူ့ရဲ့ တစ်ဘဝလုံး သူက သူ့ရဲ့ သခင်ဖြစ်နေပေမဲ့ အခု သူက ဒီပြင်ပလောကနဲ့ ကင်းဝေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ လက်ထဲကို ကျရောက်သွားခဲ့ပြီဖြစ်တယ်။ ဘယ်လိုလုပ်ပြီးတော့ သူက လိုလိုလားလား အရှုံးပေးနိုင်မှာလဲ။
ကျန်းယွမ်က ရုတ်တရက် တစ်ခုခုကို မှတ်မိသလိုနဲ့ ရယ်ပြီး ပြောလိုက်တယ်။
“လောင်ရှုမန်၊ ရန်လောင်ကျောင်း၊ ချီလဲ့ဘုရားကျောင်း၊ ကျိရန်ရှီ ယူဆရတဲ့ ချီလဲ့စစ်သားတွေ အကုန်လုံးကို ချုပ်တည်းပြီးတော့ ထိန်းချုပ်မှု အောက်ကို ရောက်ပြီးနေပြီ။”
ဖြည်းဖြည်းချင်း အရောင်ပြန်တောက်လာတဲ့ လီအန်းရဲ့မျက်နှာက အစိမ်းရောင် ပြောင်းသွားတယ်။ ကျန်းယွမ် ပြောလိုက်တဲ့ နေရာတွေ အကုန်လုံးက ချီလဲ့စစ်သားတွေ ပုန်းနေတဲ့ နေရာတွေဖြစ်တယ်။ ဒီနေရာတွေက လျှို့ဝှက်ချက်ဖြစ်တယ်။ စစ်သားတွေနဲ့ သူကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ အဲ့နေရာတွေ အကြောင်းကို မသိသင့်ဘူး။ ဘယ်လိုလုပ်ပြီး သူမကသိနေ…. သူမရဲ့ စကားတွေက၊ အဲ့စကားတွေဆီမှာ တခြား ဘာအဓိပ္ပာယ်တေွ ရှိသေးလဲ။
ကျန်းယွမ်က ရှင်းပြလိုက်တယ်။
“အရှင်မင်းကြီးရဲ့ အမိန့်နဲ့ ကျောက်မိသားစုရဲ့ တပ်တွေနဲ့ ကွမ်မိသားစုရဲ့ တပ်တွေက အရှင်မင်းကြီးကို ကူပြီးတော့ ပုန်ကန်လိုတဲ့ ဝန်ကြီးတွေကို ဖမ်းနေတယ်။”
သူမက လီအန်းရဲ့ နောက်ကို ကြည့်ပြီးတော့ ပြောလိုက်တယ်။
“ချီလဲ့စစ်တပ်ရဲ့ လက်ရွေးစင်တပ်ဖွဲ့တွေ အကုန်လုံးက ဒီမှာပဲ။ ယွမ်နိုင်က ရှင့်ရဲ့ လက်ရွေးစင်တပ်တွေကို ကျွန်မကို ဖမ်းဖို့ သုံးတာကို အရမ်းဂုဏ်ယူပါတယ်။”
လီအန်းက သူမကို စူးစူးစိုက်စိုက်ကြည့်နေပြီးတော့ သူ့အကြည့်တွေက စောစောက အကြည့်ကနေ ကွဲပြားနေတာက လုံးဝသိသာတယ်။ သူ့ရဲ့ မျက်နှာထက်မှာ ထိန်းချုပ်မရတဲ့ မျက်နှာထားတစ်ခု ရှိနေပြီးတော့ ကျန်းယွမ်က ဒီအရိုက်ခံထားရတဲ့ ကုလားအုတ်ရဲ့ ကျောပေါ်ကို သည်းခံရာကနေ ပေါက်ကွဲအောင် ဖန်တီးတဲ့ ကိစ္စကို သိမ်မွေ့စွာ တင်လိုက်ရင်း ပြောလိုက်တယ်၊။
“ဒုတိယသင်လေးလီ ရှင်ရှုံးသွားပြီ။”
လီအန်းရဲ့ လည်ချောင်းကနေ ပြင်းထန်တဲ့ ခံစားချက်တွေ ပွင့်ထွက်လာပြီးတော့ သူ သွေးတစ်ပွက်အန်လိုက်တယ်။ သူက ဘေးနားက စစ်သားတွေကို အော်ပြောလိုက်တယ်။
“ငါ မရှုံးသေးဘူး။ ငါ မရှုံးသေးဘူး။ ဒီမကောင်းဆိုးဝါးမကို ဖမ်းစမ်း။ သူမကို သတ်။”
ကျန်းယွမ်ဘေးက ကိုယ်ရံတော်နှစ်ယောက်က ချက်ချင်းပဲ သူတို့ရဲ့ ဓားတွေကို ထုတ်လိုက်ပြီးတော့ လေထဲမှာ အလင်းရောင် တစ်ခု ဖြတ်သွားတယ်။ ကိုယ်ရံတော်နှစ်ယောက်က ခဏလောက် ရပ်နေတဲ့ အချိန်မှာ ကျန်းယွမ်က သူတို့ထဲက တစ်ယောက်ကို ရုတ်တရက် တိုးတိုး‌‌လေး ပြောလိုက်တယ်။
“ကျွန်မကို ဂရုမစိုက်နဲ့ လီအန်းရဲ့ အဝတ်တွေကို ဖြဲလိုက်၊ အဲဒါကို လုပ်ဖို့ အင်အားသုံး။”
ကိုယ်ရံတော်က ဘာလို့လဲဆိုတာကို နားမလည်ပေမဲ့ သူက လီအန်းနဲ့ ကျန်းယွမ်တို့ နှစ်ယောက်လုံးကို အကဲခတ်လိုက်တယ်။ ကျန်းယွမ်က လီအန်းကို တစ်စက်ကလေးမှ ကြောက်ပုံ မပေါ်ဘူး။ တစ်ဖက်မှာတော့ လီအန်းရဲ့ မျက်နှာက ဖြူဖျော့နေတယ်။ သူမရဲ့ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ယုံကြည်သွားပြီးတော့ ဒုတိယအကြိမ်မတွေးတော့ဘဲနဲ့ သူ့ဓားကို မြှောက်လိုက်ပြီးတော့ သူက လီအန်းရဲ့ အဝတ်တွေဆီကို ဦးတည်ပိုင်းလိုက်တော့တယ်။
ချီလဲ့စစ်သားတွေက အစက ဒီကိုယ်ရံတော်တွေက ကျန်းယွမ်ကို ကာကွယ်ချင်တာလို့ တွေးထားကြတာဖြစ်ပေမဲ့ သူတို့က လီအန်းတီကို တန်းပြီးတော့ သွားကြမယ်လို့ မမျှော်လင့်ထားကြဘူး။ သူတို့က အမြန် သူ့ကို သွားကာကြပေမဲ့ အဲ့ကိုယ်ရံတော်က လီအန်းကို မချိန်ပြီးလို့ သူတို့ မမျှော်လင့်ထားကြဘူး။ ဓားချီက လေထဲကို ဖြတ်ပြီးတော့ လီအန်းရဲ့ အပြင်ဝတ်ကို ပိုင်းသွားတယ်။ လီအန်းက နောက်ကို မသိစိတ်နဲ့ ဆုတ်လိုက်ပေမဲ့ သူ့နားကို ရောက်ခါနီးနေတဲ့ ဒီကိုယ်ရံတော်က မတူညီတဲ့ လှုပ်ရှားခြင်း၏နဲ့ ဆောင်ရွက်လိုက်တဲ့အချိန်မှာ ဓားချီက လီအန်းရဲ့ ဝတ်ရုံရဲ့ အ‌ေ၇ှ့ကို လုံးဝ ပိုင်းဖြတ်သွားတယ်။
ဘယ်သူကမှ ဒါကို မမျှော်မှန်းထားကြဘူး။ ချီလဲ့စစ်သားတွေက ကြက်သေသေသွားကြပြီး တိတ်ဆိတ်သွားကြတယ်။ သူတို့ အဝတ်ရှာပြီး လီအန်းအတွက် အဝတ်ရှာဖို့ အကြံ မရကြသလို ကျန်းယွမ်ကို လှည့်ပြီးတော့ ကိုင်တွယ်ဖို့လည်း အကြံမရခဲ့ကြဘူး။
ဒါပေမဲ့ လီအန်းရဲ့ ဒီမြင်ကွင်းက အကုန်လုံး မြင်နိုင်လောင်အောင် ထင်ထင်ရှားရှား ထွက်ပေါ်လာတော့ စူးရှတဲ့ အသက်ရှူသံကို လူအုပ်ထဲမှာ ကြားနေရတယ်။
လီအန်းက ခဏလောက် ကြောင်သွားပြီးတော့ အသိပြန်ဝင်လာတယ်။ တစ်ချက်တည်းနဲ့ သူ့အောက်ပိုင်းကို ပြန်ပြီးတော့ ကာလိုက်တယ်။ သူ့ရဲ့ နှလုံးသားက အရှက်တရားနဲ့ ပြည့်နေလို့ သူသေသွားတယ်လို့တောင် ခံစားလိုက်ရတယ်။
“ဒီတော့ သူက မိန်းမစိုးတစ်ယောက်ပေါ့။”
ကိုယ်ရံတော်က ရေရွတ်လိုက်တယ်။ ရုတ်တရက် ကျန်းယွမ်က သူ့နားမှာရှိနေတာ့ သူ့ပါးစပ်ကို အမြန်ပိတ်လိုက်တယ်။
လီအန်းက အရမ်းကြောက်နေတယ်။ သူတစ်သက်လုံး သူ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်နှစ်ခု ပထမတစ်ခုက ကျန်းယွမ် အကျယ်ကြီး ပြောခဲ့ပြီးပြီ။ ဒုတိယတစ်ခုက လူမြင်ကွင်းမှာ ပြသခံခဲ့ရပြီးပြီ။ ဒီနှစ်ခုက သူ့ရဲ့ ပျော့ကွက်နှစ်ခုပဲ။
သူက သူ့ကိုယ်သူ ကာနေပေမဲ့ အခုလေးတင် အကုန်လုံးက သေသေချာချာ လီအန်းရဲ့ အောက်ပိုင်းက ဘာမှမရှိဘဲ အလုံးဝိုင်းကြီးဆိုတာ မြင်ခဲ့ပြီးကြပြီဖြစ်တယ်။ အဲဒါကို ကြည့်ရတာ အော်ဂလီဆန်စရာ ဖြစ်တယ်။
လီအန်းက ထိတ်လန့်ခြင်းရော် ဒေါသရော ခံစားနေရတယ်။ ကျန်းယွမ်က ချီလဲ့စစ်တပ်ကို ပြောတဲ့အချိန်တုန်းက သူ့ရဲ့ ဒေါသနဲ့ အမျက်ထွက်ခြင်းတို့ကြောင့် သူ့ရဲ့ သွေးတွေက ပွက်ပွက်ဆူနေတယ်။ ဒါပေမဲ့ အခုတော့ သူ့ရဲ့ အနက်ရှိုင်းဆုံး လျှိူ့ဝှက်ချက်ကို လူတိုင်းရှေ့မှာ ဖွင့်ချပြခဲ့တဲ့အတွက် သူက လုံးဝ ကြောက်သွားတယ်။
ကြောက်သွားရုံတင်မကဘဲ သူက အထိတ်တလန့်ဖြစ်သွားတယ်။ သူက ဘာလို့ ကျန်းယွမ်ရဲ့ ဘေးက ကိုယ်လုပ်တော်တွေက ဘာလို့ သူ့ရဲ့ အဝတ်တွေကို ရုတ်တရက် လာဖြတ်လဲဆိုတာကို နားမလည်နိုင်ခဲ့ဘူး။ လီတုန်နဲ့ ရွှမ်းလီကပဲ သူ့ရဲ့ အခြေအနေ အကြောင်းကို နားလည်တာဖြစ်လို့ တခြားသူတွေ သိမှာက မဖြစ်နိုင်ဘူး။ ဖြည်းဖြည်းချင်း သူ့ရဲ့ အကြည့်ကို ကျန်းယွမ်ဆီကို ပြန်လှည့်လိုက်တယ်။
ကျန်းယွမ်က သူ့ကို ပြုံးပြလိုက်တယ်။
သူမရဲ့ အရင်ဘဝမှာ သူမက ရွှမ်းလီက လီအန်းက လူကြားထဲ ပြောမကောင်းတဲ့ ရောဂါတစ်မျိုးနဲ့ မွေးဖွားလာတာလို့ ပြောတာကြားခဲ့တယ်။ ရွှမ်းလီက လီအန်းရဲ့ လျှို့ဝှက်ချက်ကိုသိလို့ လီအန်းက သူ့ကို သစ္စာရှိနေတာဖြစ်တယ်။
မဟုတ်ရင် မဟာကောင်စီဝင် အိမ်တော်က ဘာလို့ လီရန်က ပြည့်တန်ဆာတွေနဲ့ ကိစ္စရှုပ်ပေမဲ့ ဘာလို့လီတုန်ရဲ့ သဘောအကျဆုံး ဖြစ်ခဲ့မှာလဲ။ လီအန်းက အရမ်းထက်မြက်ပေမဲ့ လီတုန်က သူနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမရှိဘဲ သူ့ကို လောကဝတ်တွေ အများအပြားနဲ့ပဲ ဆက်ဆံခဲ့တာဖြစ်တယ်။
မဟုတ်ရင် လီရန်က သင်းကွပ်ခံရတဲ့ အချိန်မှာ ဘာလို့ လီတုန်က အရမ်းစိတ်တိုခဲ့တာလဲ။ လီအန်းက မိန်းမစိုးအနေနဲ့ မွေးဖွားခဲ့ပြီးတော့ လီရန်က အသုံးမဝင်ဖြစ်နေခဲ့လို့ မဟာကောင်စီဝင်အိမ်တော်က ဆက်ခံသူ မရှိခဲ့တာဖြစ်တယ်။
ကျန်းယွမ်က သိမ်မွေ့စွာ ပြောလိုက်တယ်။
“ဒုတိယသခင်လေးလီ အချိန်အတော်ကြာ ထိန်းထားတဲ့ လျှို့ဝှက်ချက်က လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ဘူး။”
လီအန်းက သူ့ကိုယ်ထဲက သွေးတွေ အကုန် သူ့ခေါင်းထဲကို စီးလာတယ်လို့ ခံစားလိုက်ရပြီးတော့ သူ့တစ်ကိုယ်လုံးက ခဲသွားသလိုပဲ။ ရုတ်တရက် သူက ခေါင်းမော့လိုက်ပြီးတော့ အဆက်မပြတ် ညည်းသံတွေ အော်နေလို့ ဘေးကသူတွေတောင် ကြားနေရတယ်။ သူက သွေးဆာတဲ့ အကြည့်တွေနဲ့ မော့ကြည့်လိုက်ပြီးတော့ အော်လိုက်တယ်။
“မကောင်းဆိုးဝါးမ ငါ မင်းကို သတ်မယ်။”
သူ့ရဲ့ စကားတွေကို ကြားတော့ သူ့နောက်က ချီလဲ့စစ်သားတွေက ကျန်းယွမ်ဆီကို ချီတက်လာကြတယ်။ သူက သတ်ဖို့ အမိန့်ပေးလိုက်ပြီးပြီဆိုတော့ သူတို့က နာခံကြမှာဖြစ်တယ်။ ကျန်းယွမ်ဘေးက ကိုယ်ရံတော်နှစ်ယောက်က စစ်သားတွေကို တားဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ ကျန်းယွမ်ရဲ့ မျက်ဝန်းတွေက တည်ကြည်သွားတယ်။ သူတို့က တောင်ကြားကနေ မြင်းခွာသံတွေ ပဲ့ထင်သံထပ်နေတာကို ကြားလိုက်ရတယ်။ အရှေ့မှာ အရပ်ရှည်ရှည်နဲ့ ယောက်ျားတစ်ယောက်က မြင်းကြီးကို စီးလာပြီးတော့ သူ့နောက်မှာ ခံ့ညားထည်ဝါတဲ့ စစ်တပ်ကြီး ပါလာပြီးတော့ ချီလဲ့စစ်သားတွေထက်တော့ မနည်းဘူး။
ရုတ်တရက် ကျန်းယွမ်က အော်ပြောလိုက်တယ်။
“လီအန်း နင့်ရဲ့ မဟာကောင်စီဝင်အိမ်တော်က သီးသန့်စစ်တပ်တစ်ခုကို တည်‌ထောင်ခဲ့ပြီးတော့ ပုန်ကန်ဖို့ကြိုးစားခဲ့တယ်။ အခုနင်က နင့်ရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ လူသတ်နေပြီးတော့ အင်ပါယာရုံးတော်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ငါ့မိသားစုကို ထိခိုက်စေခဲ့တယ်။”
သူမရဲ့ အသံက ကြည်လင်ပြီး ကျယ်လောင်ပြီးတော့ တောင်ကြားထဲအထိ ရောက်တယ်။
“တကယ်လို့ ငါသေရင်တောင် နင့်လက်ထဲမှာ အသေမခံဘူး။”
ဒါကို ပြောပြီးတော့ သတိမပေးဘဲ သူမက လှည့်ပြီးတော့ ရှူရီချောက်ကမ်းပါးထဲကို ခုန်ချသွားတယ်။
“သခင်မလေး”
ပိုင်ကျီက အော်လိုက်ပြီးတော့ ပျော့ခွေကျသွားတယ်။
လုကျူး မျက်လုံးပြူးသွားတယ်။ ပြီးတော့ မြှားတွေက လေထုကို ဖြတ်ပြီးတော့ ကျလာတယ်။ စစ်သားအမြောက်အများနဲ့ မြင်းတွေက ချီလဲ့စစ်သားတွေကြားထဲကို ထိုးဖောက်လာပြီးတော့ သူတို့နဲ့ အနီးကပ်တိုက်ပွဲဖြစ်ကြတယ်။
ဒါပေမဲ့ ဦးဆောင်လာတဲ့ မြင်းစီးသမားက တောင်ကုန်းနားကို တန်းသွားတာဖြစ်တယ်။
ကျောက်ယွမ်ဖန်းက အမြန် မြင်းပေါ်ကနေ ဆင်းပြီးတော့ ကိုယ်ရံတော်တစ်ယောက်ကို ကော်လံကနေ ဆွဲပြီးတော့ အော်ပြောလိုက်တယ်။
“မိန်းမပျိုလေးက ဘယ်မှာလဲ။”
ကိုယ်ရံတော်က ခေါင်းခါလိုက်ပြီးတော့ ဒေါသတကြီးပြောလိုက်တဘ်။
“သူမ ချောက်ကမ်းပါးထဲကို ခုန်ချသွားတယ်။”
သူ့နောက်မှာ ကျောက်ရီရဲ့ ခန္ဓာကိုယ်က တောင့်သွားတယ်။ ကွမ်လင်းဟန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
“ဘာ။ အဲဒါ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။”
ကျန်းယွမ်ရဲ့ စိတ်က အရမ်းပါးနပ်တာ ဘယ်လိုလုပ်ပြီးတော့ သူမက ချောက်ကမ်းပါးထဲကို အဲ့လိုမျိုး ခုန်ချသွားမှာလဲ။
လီအန်းက အဲ့နေရာမှာပဲ မတ်တပ်ရပ်နေတယ်။ ဂရုမစိုက်တဲ့ စစ်သားတွေက သူ့ကို ဖမ်းလိုက်တယ်။ သူက မထိန်းချုပ်နိုင်စွာ ရယ်လိုက်ပြီးတော့ ပြောလိုက်တယ်။
“ဝဋ်လည်တာ။ဝဋ်လည်တာ။ အဲ့မကောင်းဆိုးဝါးမက သေသင့်တာ ကြာပြီ။ ဝဋ်လည်တာ။”
ကွမ်လင်းဟန်က သူ့ကို ကန်ပြီး ပြောလိုက်တယ်။
“ပါးစပ်ပိတ်ထားစမ်း။”
သူက သူတို့နောက်ကနေ ရောက်လာတဲ့ ရှောင်ရှို့ကို ကြည့်ပြီး မေးလိုက်တယ်။
“ငါတို့ ဘာလုပ်သင့်လဲ။”
ရှောင်ရှို့က တစ်ကိုယ်လုံး အနက်ရောင်ဝတ်လာပြီးတော့ သူ့ရဲ့ မျက်နှာထားက အေးစက်နေတယ်။ သူက ချောက်ကမ်းပါးအစွန်းကို ကြည့်လိုက်ပြီးတော့ သူ့မျက်ဝန်းထဲမှာ မတွေးတတ်အောင် နက်နဲလွန်းတဲ့ ခံစားချက်ရှိနေတယ်။ သူက လှည့်ကြည့်လိုက်တာနဲ့ ပိုင်ကျီက သူ့ရဲ့ အင်္ကျီစကို ဆွဲလိုက်ပြီးတော့ ငိုပြောလိုက်တယ်။
“ကျွန်မရဲ့ သခင်မလေးကို ကယ်ပေးပါ။ ကျွန်မ ရှင့်ကို အနူးအညွတ်တောင်းပန်ပါတယ်။ ကျွန်မရဲ့ သခင်မလေးကို ကယ်ပေးပါ။”
သူ့ရဲ့ အင်္ကျီလက်ကို မလွှတ်ဘဲနဲ့ သူမက ဒူးထောက်လိုက်ပြီးတော့ သူမရဲ့ နဖူးတစ်ခုလုံး သွေးထွက်သွားတဲ့အထိ ပိုင်ကျီက နဖူးနဲ့ ကြမ်းပြင်နဲ့ ဆောင့်နေတယ်။ ကျောက်ရီက သူမကို တားချင်ပေမဲ့ ရှောင်ရှို့က သူ့ရဲ့ အင်္ကျီလက်ကို ဆွဲလိုက်တယ်။ ပိုင်ကျီက တင်းကျပ်စွာ ဆုပ်ထားတာဆိုတော့ အားနဲ့ ဆွဲလိုက်တဲ့အချိန်မှာ သူ့အင်္ကျီလက်ထဲက တောက်ပတဲ့အရာတစ်ခုက ထွက်ကျလာတယ်။ အဲဒါက တတိုင်းမွှေးပန်းပေါ်မှာ လိပ်ပြာတစ်ကောင်နားနေတဲ့ ပုံပါတဲ့ တောက်ပတဲ့ ကျောက်စိမ်း ဒိုင်လျှံဟွ ပယင်း ဖြစ်တယ်။ ပြုလုပ်ထားတဲ့ပုံက အရမ်းလက်ရာမြောက်လို့ လိပ်ပြာက အထင်းသားဖြစ်နေပြီးတော့ အသက်ဝင်နေသလိုပဲ။ ပယင်းကလည်း ပထမတန်းစား မြစိမ်းရောင်ဖြစ်တယ်။ တစ်ချက်ကြည့်ရုံနဲ့ ဒါက တန်ဖိုးရှိတဲ့ ပစ္စည်းဆိုတာ သိနိုင်တယ်။
အဲဒါထွက်လာတော့ ပစ္စည်းက ပိုင်ကျီရှေ့ကို လှိမ့်လာတယ်။ ပိုင်ကျီက ကြည့်ပြီးတော့ လန့်သွားပြီး မေးလိုက်တယ်။
“ဘာလို့ နင့်မှာ သခင်မလေးရဲ့ ပယင်းရှိနေတာလဲ။”

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now