part 49

2.5K 243 2
                                    

unicode

Part-39

အခန်း - ၄၉
ကျန်းချောင်ရဲ့ အဝတ်အစားက မဲနယ်ရောင် ဖြစ်ပြီး ရွှေရောင်
အစင်းကြောင်းလေးတွေ ပန်းထိုးထားတယ်။ အဲဒါက သူ့ရဲ့ ပုံမှန် တက်ကြွတဲ့
စိတ်ဓာတ်ကို ပိုပြီး တည်ငြိမ်တဲ့ပုံ ပေါ်စေပြီးတော့ သူ့ကို မြင့်မြတ်တဲ့
ပုံစံပေါ်စေတယ်။ သူက သူ့ရဲ့ အကျင့်နဲ့ အပြောအဆိုအပေါ်ကို ဖုံးကွယ်ဖို့
ကြိုးစားပေမဲ့ သူ့မှာ ဗျူရိုကရေစီက လူတစ်ယောက်ရဲ့ အငွေ့အသက်ရှိတယ်။
ကျန်းယွမ်ရဲ့ မျက်လုံးထဲမှာ ဒါက အရှက်မရှိဘဲ ရွံစရာကောင်းတယ်။ ဒါပေမဲ့
ကျန်းသခင်မကြီးရဲ့ မျက်လုံးထဲမှာ ဒီသူ့ရဲ့ အသွင်အပြင်က
ကျေနပ်စရာကောင်းနေတယ်။ သူမရဲ့ မျက်နှာကလည်း ပြုံးနေပြီး
“နှစ်သစ်ကူးကို ကျော်ဖြတ်ပြီးရင် ချောင်အာက အင်ပါယာ စာမေးပွဲ
ဝင်ဖြေရတော့မှာ မလား။ အင်ပါယာကျောင်းတော်က ဆရာတွေက
ဘာပြောလိုက်သေးလဲ”
ဖော်မပြနိုင်တဲ့ အပြုံးတစ်ခုက ကျန်းချောင်ရဲ့ မျက်နှာပေါ်မှာ
ပေါ်လာတယ်။ သူက အဲဒါကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားတဲ့ အနေနဲ့
ပြောလိုက်တယ်။
“သူတို့ ဘာမှ မပြောခဲ့ဘူး”
ကျန်းချွမ်က ကျန်းချောင်ကို တစ်ချက်လှမ်းကြည့်ပြီး ဆက်ပြောတယ်။
“အင်ပါယာစာမေးပွဲ အောင်ဖို့က ပြဿနာမဟုတ်ပါဘူး။
မင်းဘယ်အဆင့် ဝင်မလဲဆိုတာပဲ မသေချာတာ။ ဘယ်လိုပဲဖြစ်ဖြစ်
လုပ်ရမှာကလုပ်ပြီးသွားပြီ”
သူမရဲ့ အကြည့်တွေက တောက်ပနေပြီး ဒုတိယကိုယ်လုပ်တော်က သူမရဲ့
ပါးစပ်ကို ကာလိုက်ပြီး ပြုံးလိုက်တယ်။
“အဲဒါ အရမ်းကောင်းပါတယ်။ သခင်မရဲ့ ကလေးနှစ်ယောက်လုံးက စာပေပိုင်းမှာ ထူးချွန်ပါတယ်။ ဒီစာမေးပွဲမှာ ဒုတိယသခင်လေးက
ပညာရှင်ဂုဏ်ပုဒ်ကို ရမှာသေချာပါတယ်။ ကျွန်မ ဒါကို မြင်ရတော့
သေချာတာက သူ ထိပ်တန်းအဆင့် ဝင်ဖို့ကလွဲရင် မရှိဘူး”
ဒုတိယကိုယ်လုပ်တော်က ရှယန်ကို သဘောမကျပေမဲ့ အိမ်တော်ထဲမှာ
ကျန်းချွမ်ရှိနေလို့ သူက အမြဲ ဟန်ဆောင်နေခဲ့ရတယ်။ ဒါ့အပြင် သူက
ကျန်းချောင်ကို မြှောက်ပြောနေတဲ့ အချိန်မှာ ကျန်းသခင်မကြီးကလည်း
ပျော်နေဦးမှာ ဖြစ်တယ်။ ဒါ့ကြောင့် ဒီလို အပြောချိုချိုလေးတွေက သူမကို
အကျိုးမယုတ်စေပါဘူး။
ထင်ထားတဲ့အတိုင်းပဲ ကျန်းသခင်မကြီးက ပြောလိုက်တယ်။
“အရူးမလေး ဒီလို စကားမျိုးက လက်လွတ်စပယ် မပြောရဘူး”
ဒါပေမဲ့ သူမရဲ့ မျက်နှာထားက စိတ်ဆိုးတဲ့ပုံမပေါ်ဘဲ ပျော်နေတယ်။
ကျန်းချောင်က အနောက်ကနေလိုက်လာပြီး ရှယန်က ကျန်းချွမ်ကို
ခေါ်လာတယ်။ အခန်းထဲကလူတွေ အကုန်လုံးက ပြုံးပြီး ရယ်နေခဲ့ကြတယ်။
သူတို့က ကြင်နာတဲ့ မိသားစု တစ်စုလိုမျိုး ပျော်ရွှင်နေပုံပေါ်နေတယ်။
ဒီအချိန်မှာပဲ အကုန်လုံးက ခင်ခင်မင်မင်နဲ့ ဖော်ရွေတဲ့ စိတ်ထားရှိနေတဲ့
ပုံပေါ်ပြီး ရုတ်တရက် အသံတစ်သံထွက်ပေါ်လာတယ်။
“ဘာတွေများပြောနေကြလို့ ဒီလောက် ပြုံးပျော်နေကြရတာလဲ”
ကျန်းယွမ် ပြုံးပြလိုက်တဲ့အခါ အပြင်ကနေ လှပတဲ့
အမျိုးသမီးတစ်ယောက်က အခန်းထဲကို အေးအေးဆေးဆေးနဲ့ ဝင်လာတယ်။
ရှယန်နဲ့ တခြားကိုယ်လုပ်တော်တွေနဲ့ ယှဉ်ကြည့်ရင် သူမက ပိုပြီးတော့
ငယ်တဲ့ပုံပေါ်တယ်။ တိမ်တွေနဲ့ ငန်းပုံ ပန်းထိုးထားပြီး ပါးလွှာတဲ့
အစိမ်းရောင်ချည်သား အပေါ်ဝတ်ရုံနဲ့ တိမ်တွေပေါ်မှာ ပျံနေတဲ့ လိပ်ပြာပုံ
ပန်းထိုးထားတဲ့ ဂါဝန်ကို ဝတ်လာတယ်။ ဆံထုံးထုံးထားပြီး သူမရဲ့ ဆံပင်က
ပန်းတွေ အများကြီး ပွင့်နေသလိုပဲ။ ဒါပေမဲ့ သူမက ဆံထိုးနဲ့ အလှမဆင်ဘဲ
အဝါဖျော့ဖျော့ ဇီးပန်းပွင့်လေးတွေပွင့်နေတဲ့ အကိုင်းတစ်ခုနဲ့
အလှဆင်ထားပြီး သူမရဲ့ မျက်နှာပေါ်က ခပ်ယဲ့ယဲ့ အပြုံးလေးနဲ့ သူမ ရှေ့ကို လျှောက်လှမ်းလာခဲ့တယ်။ သူမမှာ မြူခိုးလို နူးညံ့တဲ့ အလှရှိတယ်။
မမျှော်လင့်ထားဘဲ အစိုးရအရာရှိတွေရဲ့ မိန်းမတွေမှာရှိတဲ့ နူးညံ့သိမ်မွေ့ပြီး
ပျော့ပျောင်းမှု မရှိဘူး။ သူမရဲ့ နူးညံ့တဲ့ပုံစံက တစ်စက်ကလေးမှ
ဟန်ဆောင်ထားတဲ့ပုံ မပေါ်ဘဲ အဲဒါက သူမရဲ့ အရိုးထဲထိ နက်နက်နဲနဲ
ထွင်းထားသလိုပဲ။
ဒါက ပဉ္စမမြောက်ကိုယ်လုပ်တော် ဟုန်ရင်းကို ပြောထားတာနဲ့
ကွက်တိပဲ။ ဘယ်သူဘဲ ကန့်ကွက်တာနဲ့ တားဆီးတာတွေက ဘယ်လိုပဲ ဖြစ်နေဖြစ်နေ
နာမည်ကောင်းရှိတဲ့ ကျန်းချွမ်က ယန်းဟွခရိုင်က ဒီပြည့်တန်ဆာကို ဝယ်ခဲ့တယ်။
ပြီးတော့ သူက သူမကို သူ့ရဲ့ အထက်အရာရှိကို ပေးပေမယ့် သူမက သူ့ရဲ့
ငါးယောက်မြောက်ကိုယ်လုပ်တော် ဖြစ်လာခဲ့တယ်။ ဒါ့ကြောင့် ကျန်းချွမ်ရဲ့
ဂုဏ်သတင်းကို ထိခိုက်စေခဲ့တယ်။ အဲ့အချိန်တုန်းက ရှယန်နဲ့ ကျန်းချွမ်တို့
ရန်ဖြစ်ခဲ့ကြတယ်လို့ ကောလဟာလ ထွက်ခဲ့သေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ
အဲ့ကိစ္စက မဖြေရှင်းနိုင်ခဲ့ဘူး။ အကုန်လုံးက ပြီးသွားပြီ ပြောပေမဲ့ ဟုန်ရင်းက
ရှယန်နဲ့ ကျန်းချွမ်ကြားကို မကျေမနပ်ဖြစ်စေခဲ့တယ်။ အခုအချိန်မှာ သူတို့ကြားက
ကွာခြားချက်က သိပ်မကြီးတော့ပေမဲ့ အဲဒါက အားနည်းချက်ရှိသေးတဲ့
နေရာဖြစ်နေပြီး ကောင်းကောင်း အသုံးချသင့်တယ်။
သူမရဲ့ အတိတ်ဘဝမှာ ကျန်းယွမ် ကျန်းအိမ်တော်ကို ပြန်ရောက်လာတော့
ဟုန်ရင်းက ရှယန်နဲ့ ယှဉ်နိုင်တဲ့ အခြေအနေကို ရောက်နေပြီ ဖြစ်တယ်။ သူမရဲ့
အခြေအနေနဲ့ အိမ်တော်က ဘယ်သူကမှ သူမကို အထင်မသေးရဲဘူး။ ဒါပေမဲ့
ရှယန်က ထပ်ပြီး ကိုယ်ဝန်ရနေတော့ ဟုန်ရင်း အစေခံအချို့ကို လာဘ်ထိုးပြီး
ရှယန်ကို ကိုယ်ဝန်ပျက်ကျအောင် လုပ်ခိုင်းတော့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ
သူမက ဘာဖြစ်သွားလဲဆိုတာ မသေချာပေမဲ့ ဒီကိစ္စကတော့
ပေါက်ကြားသွားတယ်။ ကျန်းချွမ်က စိတ်အရမ်းတိုပြီးတော့ ဟုန်ရင်းကို
သူ့ရဲ့ ခြံဝင်းထဲမှာပဲ ချုပ်ချယ်ထားတယ်။ ဒါကြောင့် ဟုန်ရင်းက သူ့ကိုယ်သူ
သတ်သေသွားတယ်။
အခု သူမ အဲ့အကြောင်းကို စဉ်းစားမိခဲ့တယ်။ ကိစ္စတွေ ဖြစ်လာတော့ ကျန်းချွမ်က ဟုန်ရင်းကို မရိုက်ပေမဲ့ သူမရဲ့ ခြံဝင်းထဲမှာပဲ ချုပ်ချယ်ထားခဲ့တယ်။
ဖြစ်နိုင်ခြေတွေအရဆိုရင် သူက ဟုန်ရင်းအတွက် စစ်မှန်တဲ့ ခံစားချက်တချို့
ရှိနိုင်တယ်။ ဒါကြောင့် အကြောင်းမရှိဘဲ ဟုန်ရင်းက မီးစာသိုလှောင်တဲ့
အခန်းမှာ ဆွဲကြိုးချ သတ်သေသွားခဲ့မှာ မဟုတ်ဘူး။ အဲဒါက
ရှယန်လုပ်တာလို့ ကျန်းချွမ် သံသယ မထားဘဲ မနေနိုင်ခဲ့ဘူး။ သူမရဲ့
အတိတ်ဘဝမှာ ကျန်းယွမ်က ဟုန်ရင်းနဲ့ အဆက်အစပ် သိပ်မရှိလို့ သူမကို
မမုန်းခဲ့ဘူး။ အခု ကျန်းယွမ် ကိုယ်တိုင်လည်း ဟုန်ရင်းက ဘယ်လိုလူမျိုးမှန်း
မသိခဲ့ဘူး။
ဟုန်ရင်းရှိနေတော့ ကျန်းချွမ်ရဲ့ အကြည့်က သူမအပေါ် ကျရောက်နေတယ်။
သူရဲ့ မျက်နှာထားက ပြောနေရင်းနဲ့ သိမ်မွေ့လာတယ်။
“ငါတို့ ချောင်အာရဲ့ ကိစ္စတွေ အကြောင်းပြောနေတာ”
ရှယန်ရဲ့ အကြည့်က နည်းနည်းခြောက်ကပ်ကပ်နေဖြစ်ပြီး ခန့်မှန်းလို့
မရနိုင်ဘူး။ ဒါပေမဲ့ ကျန်းယွမ်က အဲ့အကြည့်ထဲကို ရောက်သွားတယ်။
နဂိုကတည်းက ရှယန်မှာ နက်နဲတဲ့ ပညာတတ် အငွေ့အသက်ရှိပြီး တော့ သူ့ရဲ့ ပုံစံက
ပညာရှိပုံပေါ်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ဟုန်းရင်းက ယန်းဟွခရိုင်(Fireworks
district) ကနေ လာတာဖြစ်ပြီး ဟုန်ရင်းက အရာရှိမိသားစုမှာ မရှိသင့်တဲ့
ဆွဲဆောင်မှုမျိုးရှိနေတယ်။ ယောက်ျားတွေ အတွက်ဆိုရင် ဒါက
အရမ်းဆွဲဆောင်မှုရှိပြီး စွဲမက်ဖွယ်ကောင်းတဲ့ ချစ်စရာကောင်းမှုတွေနဲ့
ပြည့်နှက်နေတယ်။ ကျန်းချွမ်က အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကို
သဘောကျတယ်။ ရှယန်က အရည်အချင်းရှိသလို ဟုန်ရင်းကလည်း မချို့တဲ့ဘူး။
သူမက အနုပညာ လေးမျိုးဖြစ်တဲ့ (ဗျပ်စောင်း၊ ဂိုး၊ လှပတဲ့ အရေးအသား၊
ပန်းချီပညာရပ်)တွေကို ကောင်းကောင်းတတ်မြောက်ထားတယ်။ သူမက
ရှယန်လောက် အထင်ကြီးစရာ မရှိပေမဲ့ သူမရဲ့ ယန်းဟွခရိုင်က
လူတော်တော်များများနဲ့ တွေ့ကြုံခဲ့ရတာတွေကြောင့် သူမက ကျန်းချွမ်က
ဘာကြိုက်လဲဆိုတာ ရှယန်ထက်ပိုသိတယ်။ ဒါ့ကြောင့် ဟုန်ရင်း
ကျန်းအိမ်တော်ကို ရောက်လာတာနဲ့ ကျန်းချွမ်အတွက် ရှယန်တစ်ယောက်တည်းက  ဉာဏ်ထက်ပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေး
မဟုတ်တော့ဘူး။
ဟုန်ရင်းက ကျန်းချောင်ဘက်ကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်။
“ကျွန်မကြားတာတော့ ဒုတိယသခင်လေးက နောက်လာမယ့် ရက်မှာ
ကျင်းပမယ့် အကြိုအင်ပါယာစာမေးပွဲကို ဝင်ဖြေမှာဆို။ ဒုတိယသခင်လေး
တစ်ခါတည်းနဲ့ အမှတ်များများ ရပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်”
အစက ကျန်းချောင်က မှုန်ကုပ်နေတဲ့ ဟုန်ရင်းကို ကြည့်နေပေမဲ့ သူမ
ပြောတာကို ကြားလိုက်ရတော့ သူက မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ဘူး။
“ငါးယောက်မြောက် ကိုယ်လုပ်တော်ရဲ့ ကြင်နာမှုအတွက်
ကျေးဇူးတင်ပါတယ်”
ကျန်းစုစုက ကျန်းချောင်ဘေး ရပ်ပြီး ပြုံးလိုက်တယ်။
“ဘာလို့အကုန်လုံးက အပြင်မှာ ရပ်နေကြတာလဲ။ သမီးတို့ ဘာလို့
ခန်းမထဲကို မသွားရတာလဲ။ မေမေက အရသာရှိတဲ့ စားစရာတွေ
ပြင်ထားတာကြာပြီ သမီးတို့က ဖေဖေနဲ့ ကိုကြီးတို့ ပြန်လာတာကို
စောင့်နေတာ”
ကျန်းသခင်မကြီးကလည်း လက်ခုပ်တီးလိုက်တယ်။
“ဒီမှာ တကယ်ကို စဉ်းစဉ်းစားစား ပြောတာတတ်တာ
ဒုတိယကောင်မလေးပဲ ရှိတယ်”
ဒါ့ကြောင့် မိသားစု တစ်ခုလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ ခန်းမထဲကို
ဝင်သွားကြတယ်။ ကျန်းယွမ်က ဘေးကို လှည့်လိုက်တယ်။ ကျန်းယွမ် သူမကို
ဖြတ်မသွားခင်အထိ စောင့်နေတယ်။ ဒီတော့မှ သူမက ပြောလိုက်တယ်။
“တတိယ ညီမလေးကိုလည်း သမီး မတွေ့မိဘူး”
တစ်ဖက်မှာ ရပ်နေတဲ့ ဒုတိယကိုယ်လုပ်တော်က ရပ်လိုက်ပြီး ဘေးကို
လှည့်လာလိုက်တယ်။ ပြီးတော့ အတင်းပြုံးလိုက်ပြီး
“တတိယသခင်မလေးက ဒီနေ့ နေသိပ်မကောင်းဘူး။ ဒါ့ကြောင့် သူက သူ့ရဲ့ခြံထဲမှာ နားနေတယ်”
အရမ်းစိတ်ပူသွားပြီး ကျန်းယွမ်က ပြောလိုက်တယ်။
“သမားတော်တစ်ယောက်ကိုတော့ ဒီကို ပင့်ထားတယ်မလား။
ဖိတ်မထားဘူးဆိုရင် ကျွန်မတို့ တစ်ယောက်ယောက်ကို အမြန်
ခေါ်ခိုင်းသင့်တယ်။ ပြီးတော့ ဒီနေ့က ရိုသေရတဲ့ အဖေက အိမ်တော်ကို
ပြန်ရောက်လာပြီလေ….”
“အဲဒါ ဘာမှမဖြစ်ပါဘူး”
ကျန်းချွမ်က သူမပြောတာ ကို ဖြတ်ပြောလိုက်ပြီး အေးစက်စွာ
ပြောလိုက်တယ်။
“ငါတို့ ဒီမှာ နောက်ထပ် နည်းနည်းကြာကြာ နားဦးမယ်”
ဒုတိယကိုယ်လုပ်တော်က လက်ကိုင်ပဝါကို သူမလက်ထဲကနေ ရက်ရက်စက်စက်
လုယူလိုက်တဲ့ အချိန် ကျန်းယွမ် ချက်ချင်း တိတ်ဆိတ်သွားတယ်။ ပြီးတော့ သူက
ရှေ့ကသွားနေတဲ့ ကျန်းချွမ်နောက်ကို လိုက်လာတယ်။
ကျန်းယွမ် ခြွင်းချက်မရှိ တစ်ချက်ပြုံးလိုက်ပြီး အတူတူထမင်းစားနေတဲ့
သူတွေ အကုန်လုံးက စိတ်အားထက်သန်နေကြတယ်။ ဒါပေမဲ့ အဲဒါက
အပေါ်ယံပဲဖြစ်တယ်။ ဘယ်သူက ဒီလူတွေက ဘယ်လိုလူတွေဖြစ်မလဲနဲ့
အကြံသမားဖြစ်မလဲ မသိကြဘူး။ ညစာစားပြီးတော့ မမျှော်လင့်ဘဲ
ကျန်းချွမ်က ရန်ဟွားယွမ်(ရှယန်ရဲ့ လက်ရှိအိမ်တော်)ဆီကို မသွားခဲ့ပါဘူး။
ဒါပေမဲ့ ဟုန်ရင်းရဲ့ ခြံထဲကို တော့သွားခဲ့တယ်။ ပုံမှန်အတိုင်း
ဒုတိယကိုယ်လုပ်တော်က စိတ်ထိခိုက်ပြီး ပွစိပွစိနဲ့ ဟုန်ရင်းကို သူမထွက်မသွားခင်
မြေခွေးမလို ကျိန်ဆဲနေတယ်။ ဒါပေမဲ့ ရှယန်ကတော့ အေးအေးဆေးဆေး သူ့ကို
လိုက်ပို့လိုက်ပြီး မပျော်တဲ့ပုံ တစ်စက်ကလေးတောင် မပေါ်ဘူး။
ညဉ့်နက်ကျတော့ ကျန်းယွမ်ရဲ့ အိမ်တော်မှာ သူမ ဒီကိစ္စကို ပြန်ပြောတာနဲ့
လန်ချောင်က ပြောလိုက်တယ်။
“သခင်မက တကယ် ရင်ဆိုင်ရ မလွယ်တာပဲ။ သခင်က အိမ်ပြန်ရောက်တာနဲ့
ငါးယောက်မြောက် ကိုယ်လုပ်တော်ရဲ့ အိမ်တော်ကို သွားတာတောင် အပြုံးမပျက်ဘူး”
ပိုင်ကျိက သူမကို မျက်စောင်းထိုးလိုက်ပြီး
“နင် ဘာမမဟုတ်တာတွေ ပြောနေတာလဲ”
“ဒါပေမဲ့ ငါ ပြောတာ တစ်ခုခုမှားလို့လား”
လန်ချောင်က အမြဲတုံးတဲ့ အကျင့်ရှိပြီး သူရှယန်ကို မကြိုက်တာကို
မဖုံးကွယ်နိုင်ဘူး။
“သူရဲ့ စိတ်ထဲကနေ အဲ့လောက် ဝမ်းသာလိမ့်မယ်လို့ ကျွန်မထင်တောင်
ထင်မထားဘူး”
လုကျူးက ကြမ်းပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး
မီးသွေးမီးဖိုထဲကို မီးစာထည့်လိုက်တယ်။ သူမက ခေါင်းမော့လိုက်ပြီး
မျက်စိတစ်ဖက် မှိတ်ပြလိုက်တယ်။
“ဟုတ်တာပေါ့ အဲဒါ ဒုတိယသခင်လေးအတွက်ပဲ။ သခင်မကြီးက
သခင်လေး အင်ပါယာစာမေးပွဲမှာ အမှတ်ကောင်းကောင်းရအောင်
ဆုတောင်းနေတာလေ။ သခင်မလေး ဘယ်လိုထင်လဲ။ ဒုတိယသခင်လေး
ဒီတစ်ခေါက်စာမေးပွဲ အောင်မယ်ထင်လား။”
အရင်လို စာအုပ်တချို့ဖတ်ပြီး အချိန်တွေကို မကုန်ဆုံးစေတော့ဘဲ
ကျန်းယွမ်က စားပွဲရှေ့မှာ ထိုင်နေတယ်။ ပြီးတော့ သူမ ပြန်လာတာနဲ့
လက်ဖက်ရည်အိုးကို တစ်ချိန်လုံးကြည့်နေပြီး သူမ ဘာတွေတွေးနေမလဲဆိုတာ
ဘယ်သူသိမလဲ။ သူမရဲ့ အစေခံတွေ ပြောနေတာကို ကြားပြီးတော့ သူက
ရယ်လိုက်တယ်။
“ဒုတိယအကိုက ဗဟုသုတ နှံ့စပ်စုံလင်တယ်။ ငယ်ငယ်ကတည်းက သူက
ဉာဏ်ထက်ပြီးတော့ အဖေကိုယ်တိုင် သူ့ကို သင်ပေးတယ်။ ဒါ့အပြင်
အဆင့်မြင့်တဲ့သူတွေနဲ အဆင့်နိမ့်တဲ့သူတွေ ဆီမှာရှိတဲ့ အကြောင်းတွေကို နှံ့နှံ့စပ်စပ်
သင်ပေးခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး သံသယ မရှိပါဘူး။ ဒါတွေနဲ့ဆိုရင် သူက
စာမေးပွဲ အောင်သင့်ပါတယ်”
“ဒါနဲ့ အဲဒါက ပိုဆိုးသွားမှာမလား”
လန်ချောင်က သတိပေးတဲ့ အနေနဲ့ ပြောလိုက်တယ်။ “တကယ်လို့ ဒုတိယသခင်လေးက တကယ် စာမေးပွဲအောင်သွားရင်
နောက်လာမယ့်နေ့တွေမှာ ရှန်ဟွယွမ်က လူတွေက ကျွန်မတို့ကို
ကောင်းကောင်းနေခိုင်းမှာ မဟုတ်တော့ဘူး။ အဲ့အချိန်ကျရင်
ကျန်းသခင်မကြီးက ဒုတိယသခင်လေး ဘက်မှာ နေမှာစိုးတယ်”
“အဲ့မှာ ဘာစိုးရိမ်စရာရှိလို့လဲ ကျွန်မပြောတာက သူ
စာမေးပွဲအောင်သင့်တာက ပုံမှန်ပဲ မဟုတ်ဘူးလား။ ဘာလို့လဲ။
ကျွန်မပြောတာက ဒုတိယသခင်လေးက စာမေးပွဲ အောင်ဖို့ မဖြစ်နိုင်ဘူး”
ကျန်းယွမ်က အခိုင်အမာပြောလိုက်တယ်။.
သူမရဲ့ အတိတ်ဘဝမှာ ကျန်းချောင်က စာမေးပွဲအောင်သွားပေမဲ့ သူက
အမှတ်များများနဲ့ အောင်တဲ့သူ မဟုတ်ပေမဲ့ သူက ‘ပန်းလုပြေးတဲ့သူ’
ပညာရှင်ဆုရကျောင်းသား ဖြစ်သွားပြီး တတိယနေရာကို ရသွားတယ်။
အဲ့အချိန်မှာ ဧကရာဇ်ကိုယ်တိုင် သူ့ကို ဘွဲ့ချီးမြင့်ခဲ့တယ်။ သူက သူ့ရဲ့
ချက်ချင်းအောင်မြင်မှုအပေါ်မှာ ဝမ်းသာပြီး ကျန်းအိမ်တော်ရဲ့ကလည်း
မြို့တော်မှာ ဂုဏ်သတင်း ကျော်ကြားသွားတယ်။ ဒါ့ကြောင့် သူကလည်း
ဝန်ကြီးချုပ်ရဲ့ သမီးသဘောကျတာ ခံခဲ့ရပြီး ပြီးပြည့်စုံတဲ့ ဘဝနဲ့ သူ့ဘေးမှာ
မိန်းမလှလေးတစ်ယောက် ရှိလာတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီဘဝသစ်မှာ သူမက သူ လိုချင်တာကို ဘယ်လိုလုပ်
ပေးနိုင်မလဲ။ ဒီအချိန်လေးမှာ သူမက အမြင့်ပေါ်ကလူက အောက်ကို ကျရင်
ဘယ်လိုနေလဲဆိုတာ သူ့ကို ခံစားခိုင်းမှာဖြစ်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now