Part 107(2)

2K 216 0
                                    

Unicode

မုန်းမာန်ဖွဲ့ရန်ငြိုး

Part 138

အပိုင်း ၁၀၇ (ခ)

ရန်ဟွယွမ်ထဲမှာ
ရုတ်တရက် ရှယန်က သူမရှေ့က ခွက်ကို လွှင့်ပစ်လိုက်ပြီးတော့ ခွက်က အစိတ်စိတ်အမွှာမွှာ ကွဲသွားတယ်။
“နင်ပြောတာ သေချာလို့လား။ တကယ်ပဲ သူက ကိုယ်ဝန်ရသွားတာလား။”
ရှယန်ရှေ့က ဆေးသေတ္တာကိုင်ထားတဲ့ သက်လတ်ပိုင်းလူက ပြောလိုက်တယ်။
“ဒီနိမ့်ကျတဲ့သူက သူမရဲ့ သွေးခုန်နှုန်းကို တိုင်းကြည့်ခဲ့ပါတယ်။ သူမက တကယ်ပဲ ကိုယ်ဝန်ရှိနေတာပါ။”
“ခွေးမ။ သူမက တကယ်ပဲ ကိုယ်ဝန်ရသွားသေးတယ်။”
ရှယန်က ဒေါသတကြီး အော်ပြောလိုက်တယ်။ သူတို့က ဒီလို ကိုယ်ဝန်ရတယ်ဆိုတဲ့ သတင်းကို မကြားချင်လို့ သူမက သူမရဲ့ ယုံကြည်ရတဲ့ အစေခံဖြစ်တဲ့ လီမော့မောရှေ့မှာ သူမကို ကိုယ်ဝန်မရစေတဲ့ ဆေးကို သေသေချာချာ တိုက်တာဖြစ်တယ်။ ဒါက ဟုန်ရင်းက ဆေးကို ဘယ်တုန်းကမှ အစာမချက်စေခဲ့ဘူးလို့ ဆိုလိုတာပဲ။ ဒါ့ကြောင့် သူမက ဒီအခြေအနေမှာ ဝင်ပြီးနှောက်ယှက်ချင်ရင်တောင်မှ အရမ်းနောက်ကျနေပြီဖြစ်တယ်။ သူမရဲ့ အကြည့်က သူမရှေ့က သမားတော်ဆီကို ရောက်သွားပြီးတော့ သူမက ရုတ်တရက် ဆုံးဖြတ်ချက် ချလိုက်တယ်။
“သမားတော် လူတစ်ယောက်ကို အကြောင်းအရင်း မသိရဘဲ ကိုယ်ဝန်ပျက်ကျစေတဲ့ နည်းလမ်းကို သိလား။”
ဒီသမားတော်က အသိုင်းအဝိုင်းကြီးတွေက သခင်မတွေနဲ့ မိန်းမပျိုလေးတွေကို ကုသခဲ့ရတော့ သူက ဒီလိုကိစ္စတွေမှာ အတွေ့အကြုံရှိမှာပဲ။ သူက တိုးတိုးလေးပြန်ပြောတယ်။
“ရှိပါတယ်။ အဲ့နည်းလမ်းတွေရှိပေမဲ့…..”
“ဒါဆိုရင် ကျွန်မ ရှင့်ကို ဒုက္ခပေးရတော့မယ် သမားတော်။”
ရှယန်က ပြောပြီးတော့ သူမရဲ့ ရွှေဆံထိုးကို ထိလိုက်တယ်။
“ရှင် ဒီကိစ္စကို အောင်မြင်ရင် ဒီသခင်မက ရှင့်ကို ကောင်းကောင်း ဆုချပါ့မယ်။”
သမားတော်ရဲ့ မျက်နှာက တောက်ပသွားတယ်။ ဒါကိုမြင်တော့ ရှယန်ရဲ့ မျက်ဝန်းက ရက်စက်တဲ့ ရည်ရွယ်ချက်နဲ့ ဖြတ်သန်းသွားတယ်။ ကိုယ်ဝန်ရတဲ့ သတင်းက တကယ်ပဲ ပျော်ရွှင်စေတာလား။ နန်းတော်ထဲက အဆင့်မြင့်တဲ့သူတွေတောင် သူတို့ရဲ့ ကလေးတွေ ကောင်းကောင်း ကြီးပြင်းလာမလား မလာဘူးလားဆိုတာကို မခန့်မှန်းနိုင်တာကို မမွေးရသေးတဲ့ ကလေးဆို ပိုဆိုးပေါ့။ ဆောင်ကြာမြိုင်က လာတဲ့ ကိုယ်လုပ်တော်တစ်ယောက် ကိုယ်ဝန်ရတာက ဒီလိုမျိုး ကံကောင်းမှုကို ကြုံတွေ့ရတာကို တစ်ခါလောက် တွေ့ဖူးစေချင်လို့လား။
* * *
အိမ်တော်ထဲမှာ အပျော်ဆုံးသူတွေက ကျန်းချွမ်နဲ့ ကျန်းသခင်မကြီးပဲ။ ကျန်းသခင်မကြီးရဲ့ အခြေအနေက တစ်နေ့တစ်နေ့ ပိုဆိုးလာတာလေး တစ်ခုပဲ။ သူမရဲ့ ကျန်းမာရေးက အရင်ကလို မဟုတ်တော့ဘဲ သူမရဲ့ လှုပ်ရှားမှုတွေက နှေးကွေးလာပြီး သူမက ခဏလောက် စကားပြောပြီးတာနဲ့ မောလာတယ်။ ကျန်းချွမ်ကတော့ အရမ်းပျော်နေတယ်။ သူ့မှာ သမီးလေးယောက်ရှိပေမဲ့ သူ့မှာ ကျန်းရှင်းကျီန့ဲ ကျန်းချောင်တို့ သားနှစ်ယောက်ပဲ ရှိပြီးတော့ သူက ကျန်းရှင်းကျီကို သူ့သားလို့ မသတ်မှတ်ဘူး။ နန်းတွင်းထဲမှာ သူ့ရာထူးက ဘယ်လောက်မြင့်မြင့်၊ တကယ်လို့ သူက ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်ထဲမှာ မွန်းတည့်ချိန်မှာ တောက်ပတဲ့ နေလိုမျိုး တောက်ပရင်တောင် ကျန်းချွမ်က သူ့ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် ကျန်းချောင်က အင်ပါယာစာမေးပွဲ ကျခဲ့ပြီး လက်ရှိမှာ ရွှမ်းလီရဲ့ လက်အောက်မှာ အလုပ်လုပ်နေပြီး သူ ပိုင်ဟွာလိုမှာ ပြဿနာ ရှာခဲ့ပြီး မဟာကောင်စီဝင် အိမ်တော်နဲ့ ပြဿနာတက်ခဲ့ပြီးတော့ မြို့တော်ထဲမှာ ဟာသဖြစ်ခဲ့ရင်တောင် ကျန်းချွမ်က သူ့ကို အရမ်းစိတ်ပျက်မှာ မဟုတ်ဘူး။
ရှယန်က လေးဆယ်ကျော်နေပေမဲ့ ကိုယ်ဝန်ရနိုင်ဦးမယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒါက သူ့ကို အရမ်းပျော်ရွှင်စေခဲ့တာဖြစ်တယ်။ သူ့ရဲ့ ဆုတောင်းက ပြည့်ခဲ့ပြီးဖြစ်ပြီးတော့ ကျန်းအိမ်တော်က နောက်ထပ် သခင်လေးတစ်ယောက် ရှိလာတော့မှာဖြစ်ပေမဲ့ ဟုန်ရင်းကလည်း ဒီအချိန်မှာ ကိုယ်ဝန်ရလာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ သူက အရမ်းကို အံ့အားသင့်ပြီး ပျော်ရွှင်နေခဲ့တယ်။ ဟုန်ရင်းက ဆောင်ကြာမြိုင်ကနေ လာခဲ့ပေမဲ့ သူမက ညင်သာပြီးတော့ စဉ်းစားတတ်တယ်။ ပြီးတော့ သူမက ရှယန်မှာ မရှိတဲ့ တင့်တယ်မှုနဲ့ တစ်သီးတစ်ခြားနေတတ်တဲ့ အကျင့်ရှိတယ်။ တကယ်လို့ သူမက အရည်အချင်းရှိတဲ့ သားတစ်ယောက် မွေးနိုင်ခဲ့ရင် သူက အငယ်ဆုံးသား ဖြစ်ရင်တောင် သူက အဆုံးမရှိတဲ့ ဂရုစိုက်မှုတွေ ပေးမှာဖြစ်တယ်။ ရှယန်က ချောမောပြီးတော့ ဟုန်ရင်းက ခပ်တန်းတန်းနေတယ်။ သူ့ရဲ့ လှပတဲ့ မိန်းမနဲ့ ကိုယ်လုပ်တော်တွေက ထင်ထားတဲ့အတိုင်း သူ့ရဲ့ မိသားစုကို ချဲ့ထွင်နေတာဖြစ်ပြီးတော့ သူ့ရဲ့ လုပ်ငန်းကိုလည်း အဆင်ပြေစေတော့မှာပဲ။
ကျန်းချွမ်က သူ့ရဲ့ အိပ်မက်ထဲမှာ ပျော်မွေ့နေချိန်မှာ သူ့ရဲ့ လှပတဲ့ ကိုယ်လုပ်တော်က သူမရဲ့ ခြံထဲမှာ အထူးဆေးတွေကို သောက်နေတယ်။ သူမရဲ့ အစေခံ ပင်းအာက မေးလိုက်တယ်။
“ကိုယ်လုပ်တော် ရေလိုသေးလား။”
ဟုန်ရင်းက ခေါင်းခါလိုက်တယ်။ သူမက ဒီဆေးတွေအပေါ်မှာ ပိုက်ဆံတွေ အများကြီး အကုန်အကျ ခံထားရတာဖြစ်တယ်။ သူတို့ကို ကြိတ်သောက်ပြီးရင် ဆေးက ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေ ပြပြီးတော့ သမားတော်က အဲဒါက လက္ခဏာအတုဆိုတာ မခွဲခြားနိုင်တော့ဘဲ ကိုယ်ဝန်ရှိတယ်လို့ ပြောခဲ့တာဖြစ်တယ်။ သူမက အိမ်တော်ရဲ့ သမားတော်ကို လှည့်ဖြားခဲ့ပြီးပြီဖြစ်ပြီးတော့ ရှယန်ပင့်ခဲ့တဲ့ သမားတော်ကလည်း ဘာကိုမှ သတိမထားမိဘူးဖြစ်တော့ သူမက ခဏလောက် အနားယူနိုင်မယ်လို့ ယူဆလို့ရတယ်။
ဖြည်းညင်းစွာနဲ့ သူမက သက်ပြင်းချလိုက်တယ်။ သူမရဲ့ အကြည့်က ကျန်းချွမ်ပို့လိုက်တဲ့ ပစ္စည်းတွေကို ကြည့်ပြီးတော့ သူမရဲ့ မျက်နှာပေါ်မှာ အပြုံးလေးတစ်ခု ပေါ်လာတယ်။
* * *
ကျန်းယွမ်က ဟုန်ရင်းဆီ ဘယ်တော့ သွားလည်ရမလဲလို့‌ တွေးနေတုန်းမှာ ပင်မတံခါးက အစေခံတစ်ယောက်က လုကျူးဆီ အမြန်ပြေးလာပြီး ပြောတာကို သူမကြားလိုက်ရတယ်။
“မမလုကျူး အိမ်တော်တံခါးရှေ့မှာ ကောင်မလေးတစ်ယောက်က ဒူးထောက်ပြီး အကြီးဆုံးသခင်မလေးကို တွေ့ချင်တယ်လို့ ပြောနေတယ်။”
ကျန်းယွမ်က အဲ့အစေခံဆီသွားပြီးတော့ မေးလိုက်တယ်။
“ငါ့ကို လာရှာတယ်ဟုတ်လား။ ဘယ်သူလဲ။”
အစေခံမလေးက ခေါင်းခါပြီး ပြန်ဖြေလိုက်တယ်။
“ကျွန်မလည်း မသိဘူး။ ဒါပေမဲ့ သူမက သာမာန်မိသားစုက အဝတ်အစား ဝတ်ထားပြီးတော့ သူမက အရမ်းအသားဖြူတယ်။ သူမက အကြီးဆုံးကျန်းသခင်မလေးကို ကျေးဇူးပြန်ဆပ်ချင်တယ် လို့ပဲ ပြောပြီးတော့ ဘာမှ ဆက်မပြောဘူး။”
မနေ့ညက ရှောင်ရှို့ပြောခဲ့တာတွေကို ကျန်းယွမ်သတိရသွားတယ်။ ခဏလောက် စဉ်းစားပြီး သူမက ပြောလိုက်တယ်။
“ကောင်းပြီ။ ငါသွားကြည့်လိုက်တယ်။”
သူမ ပင်မတံခါးဝကို ရောက်သွားတော့ ကောင်မလေးတစ်ယောက်က ကျန်းအိမ်တော်ရဲ့ တံခါးဝမှာ ဒူးထောက်နေတာကို တွေ့လိုက်ရတယ်။ သူမက ဆယ့်ခုနစ်နှစ် ဒါမှမဟုတ် ဆယ့်ရှစ်နှစ်ပဲ ရှိဦးမယ်။ သူမက အစိမ်းရောင် အဝတ်အစား ဝတ်ဆင်ထားပြီးတော့ ခေါင်းငုံ့ထားတယ်။ ပင်မတံခါးဝအပြင်မှာ လူအုပ်ကြီးရှိနေပြီးတော့ ဒီကောင်မလေးက ဘာလို့ ကျန်းအိမ်တော်ကို လာတာလဲဆိုပြီး အံ့အားသင့်မှုနဲ့ ကြည့်နေကြတယ်။
ကျန်းယွမ်က သွားလိုက်ပြီးတော့ မေးလိုက်တယ်။
“မင်းဘာလို့ ငါ့ကို ရှာနေတာလဲ။”
ကောင်မလေးက ကျန်းယွမ်ရဲ့ အသံကိုကြားတော့ သူမက မော့ကြည့်လိုက်တော့ သူမရဲ့ ချောမွေ့ပြီး လှပတဲ့ မျက်နှာလေးကို ပြသလိုက်တယ်။ သူမက တကယ်ပဲ အရမ်းအသားဖြူတာပဲ။ သူမက ပြောတယ်။
“ထျန်ကျူးက အဲ့နေ့က ကတိကို တည်ဖို့လာတာ ဖြစ်ပြီးတော့ သခင်မလေးကို ဒီအချိန်ကစပြီး တစ်သက်လုံး အလုပ်အကျွေးပြုမှာပါ။”
ကျန်းယွမ်က မျက်တောင်ပင့်လိုက်ပေမဲ့ ဘာမှမပြောဘဲ သူမ ပြောမှာကို စောင့်နေတယ်။
ကောင်မလေးက ဆက်ပြောတယ်။
“အဲ့တုန်းက ထျန်ကျူးရဲ့မိဘတွေက ဓားပြတွေ သတ်တာခံလိုက်ရပြီးတော့ ထျန်ကျူးက မိဘတွေကို မြှပ်နှံဖို့အတွက် သူမကိုယ်သူမ ရောင်းပြီးတော့ လူလိမ်တွေနဲ့ ပတ်သက်မိတော့မလို့ပဲ။ ကံကောင်းစွာနဲ့ သခင်မလေးက ဝင်ကူညီလိုက်လို့ပေါ့။ မဟုတ်ရင် ထျန်ကျူးက သူတို့ ဖျက်ဆီးတာ ခံရပြီးတော့ အရိုးတောင် မကျန်တော့တဲ့အထိ ဝါးမျိုတာခံရမှာ။ သခင်မလေးက ထျန်ကျူးရဲ့ မိဘတွေကို မြှပ်နှံဖို့အတွက် ပိုက်ဆံပေးခဲ့ပြီးတော့ ဘာမှမပြောဘဲ ထွက်သွားခဲ့တယ်။ သခင်မလေးက ထျန်ကျူးရဲ့ ကျေးဇူးရှင်ပါ။ နောက်ဆုံးတော့ ထျန်ကျူးက သူမရဲ့ ကျေးဇူးရှင်ကို ရှာတွေ့ခဲ့ပြီဖြစ်ပြီးတော့ သခင်မလေးကို တစ်သက်လုံး အလုပ်အကျွေးပြုသွားပါ့မယ်။”
ဒီစကားတွေကို ကြားတော့ လူအုပ်က အခြေအနေကို နားလည်လာတယ်။ ကြည့်ရတာ ကျန်းမိသားစုရဲ့ အကြီးဆုံးသခင်မလေးက ဗုဒ္ဓရဲ့နှလုံးသားနဲ့ ဒီကောင်မလေးကို သူမရဲ့ နာမည်ကိုတောင် မပြောခဲ့ပဲ ကယ်ခဲ့တယ်။ သူမက အကူအညီကို လက်ခံခဲ့ပြီးတော့ သူမ ကျေးဇူးရှင်ရဲ့ တံခါးရှေ့ကိုလာပြီးတော့ ပြန်ပြီးကျေးဇူးဆပ်တတ်တာ ကံကောင်းတာပဲ။
ကျန်းယွမ်က ထျန်ကျူးဆိုတဲ့ ကောင်မလေးကို အကဲခတ်နေတယ်။ သူမရဲ့ မျက်နှာထက်မှာ ကျေးဇူးဆပ်မယ့် အရိပ်အယောင်က ဖြတ်သန်းနေပြီးတော့ သူမက တကယ်ပဲ ကျေးဇူးပြန်ဆပ်နေတဲ့ ပုံပဲ။ အဲဒါ တကယ် ကောင်းမွန်တဲ့ သရုပ်ဆောင်မှုပဲ။ ဒါပေမဲ့ ကျန်းယွမ်က ပြောစရာ စကားပျောက်နေတယ်။ ရှောင်ရှို့က ဘာလို့ ထျန်ကျူးရဲ့ နောက်ခံအတွက် ဒီလိုမျိုး လုပ်ခဲ့တာလဲ။ သူက သာမာန်လူတန်းစားတွေ ကြားထဲမှာ သူမရဲ့ ဂုဏ်သတင်းကို မြှင့်တင်ချင်လို့လား။ အဲဒါက သူမအတွက် ဘာမှထူးခြားသွားမှာ မဟုတ်ဘူး။ သူမက လှပတဲ့ မိန်းမပျိုလေး ဒါမှမဟုတ် ဆွဲဆောင်မှုရှိတဲ့ မိန်းမပျိုလေးလို့ အခေါ်ခံရပေမဲ့ ဒီ ‘ဗုဒ္ဓရဲ့ နှလုံးသား’ ကတော့ သူမနဲ့ လုံးဝ မကိုက်ညီဘူး။
“မင်းက ကျေးဇူးပြန်ဆပ်ချင်တယ်ဆိုမှတော့ ငါကလည်း မင်းကို ပြန်မလွှတ်တော့ဘူး။”
ကျန်းယွမ်က အပြုံးလေးနဲ့ ပြောလိုက်တယ်၊
“ဒီတော့ မင်းငါ့ဘေးမှာ နေတော့။”
ကြည့်နေတဲ့သူတွေက သူမရဲ့ တည့်တိုးစကားတွေကြောင့် ကြောင်သွားကြပြီး ဒါကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြတယ်။ ပုံမှန်ဆိုရင် လူတော်တော်များများက ‘ငါမင်းကို ဒီအတွက် ကယ်ခဲ့တာ မဟုတ်ဘူး။ မင်းပြန်သင့်ပြီ။’ လို့ပြောကြမှာ ဖြစ်ပေမဲ့ ကျန်းယွမ်ကတော့ တန်းပြီးတော့ သူမရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်။ အဲဒါက အဲ့ကောင်မလေး ခုနက လေလုံးထွားခဲ့တာတွေ အကုန်လုံး သဲထဲရေသွန် ဖြစ်သွားတာ မဟုတ်ဘူးလား။
ဒါပေမဲ့ ဒီကောင်မလေးက ခဏပဲ ကြောင်သွားခဲ့တယ်။ ချက်ချင်းပဲ အခြေအနေနဲ့ လိုက်လျောညီထွေစွာ သူမက ပြောခဲ့တယ်။
“ကျေးဇူးပြပြီး သခင်မလေး ကျွန်မကို နာမည်တစ်ခုပေးပေးပါ။”
“မလိုပါဘူး။ မင်းရဲ့ နဂိုနာမည်က ကောင်းပါတယ်။ ‘ထျန်ကျူး’ လို့ပဲ ဆက်ခေါ်ကြတာပေါ့။”
ထျန်ကျူးက ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်တယ်။
“ကောင်းပါပြီ သခင်မလေး။”
ကျန်းယွမ်က ကြည့်နေတဲ့သူတွေကို ပြန်ဖို့ အချက်ပြလိုက်ပြီးတော့ သူမရဲ့ အသစ်စက်စက်နဲ့ ဈေးပေါပေါနဲ့ ရခဲ့တဲ့ အစေခံမလေးကို သူမရဲ့ ခြံထဲကို ခေါ်လာခဲ့တယ်။
ကျန်းယွမ် ယွမ်ဂျူထဲကို ဝင်လာတာနဲ့ အပြင်ဘက်မှာ ပန်းတွေကို ရေလောင်းနေတဲ့ လုကျုးက ထျန်ကျူးကို ကြည့်ပြီးတော့ သူမနားကို စူးစမ်းစွာနဲ့ ကြည့်နေတယ်။ ထျန်ကျူးက ကျန်းယွမ်နောက်ကို လိုက်ပြီးတော့ အခန်းထဲကို ဝင်လာတဲ့အချိန်မှာ လန်ချောင်နဲ့ ပိုင်ကျီတို့က အခန်းထဲကနေ ထွက်လာပြီးတော့ ကျန်းယွမ်နဲ့ ထျန်ကျူးတို့ကို နှစ်ယောက်တည်း ချန်ခဲ့တယ်။
ကျန်းယွမ်က သူမရှေ့က ကောင်မလေးကို ကြည့်နေတယ်။ အခန်းထဲမှာ နှစ်ယောက်တည်းရှိနေပေမဲ့ ထျန်ကျူးက ပင်မတံခါးမှာလို ခေါင်းငုံ့ပြီး နေနေတယ်။ သူမက ရှောင်ရှို့လို အေးစက်တဲ့ ရောင်ဝါကို ထုတ်လွှတ်တယ်။
သူမက မျက်ခုံးပင့်ပြီး မေးလိုက်တယ်။
“နင် သူနဲ့ ရှိနေတာ ဘယ်နှစ်နှစ်ရှိပြီလဲ။’
“ဆယ်နှစ်။”
ထျန်ကျူးက ခေါင်းမမော့ဘဲ အမြန်ဖြေလိုက်တယ်။
“သခင်က ကျွန်မကို ဒီကိုလာပြီး သခင်မလေးကို ကာကွယ်ခိုင်းခဲ့တယ်။”
“မင်းသခင်က မင်းကို ငါ့ဆီပေးခဲ့တော့ အခုကစပြီး မင်းသခင်က ရှောင်ရှို့ မဟုတ်တော့ဘဲ ငါဖြစ်သွားပြီ။ တကယ်လို့ ငါမင်းကို ရှောင်ရှို့ကို သစ္စာဖောက်ခိုင်းရင် မင်းငါ့စကားကိုပဲ နာခံရမယ်။”
ကျန်းယွမ်က အေးစက်စွာ ပြောလိုက်တယ်။
ထျန်ကျူးက လန့်ပြီးတော့ မော့ကြည့်လိုက်တယ်။
ကြည့်ရတာ သူမက စိုးရိမ်မှုတွေ အများကြီး ရှိတာဖြစ်နေတယ်။ ကျင်းရီအစောင့်တစ်ခုလုံးက သခင်က ရဲ့ဖန်းကို သုံးနှစ်လုံး အပြစ်ပေးခံရအောင် လုပ်တဲ့ ကောင်မလေးအကြောင်းကို သိချင်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ သူတို့ ကြားတဲ့ ကောလဟာလအရ ကျန်းယွမ်အကြောင်း စုံစမ်းတဲ့သူတွေက သူမအကြောင်း ဘာမှမသိကြဘူး။
ရှောင်ရှို့က သူမကို ကျင်းရီရဲမက်တွေဆီခေါ်လာတုန်းက သူမက အရမ်းငယ်သေးပြီးတော့ သူမက သူတို့ရဲ့ အထူးချွန်ဆုံးအဖွဲ့ဝင်တွေထဲက တစ်ယောက်ဖြစ်တယ်။ သူမက မိန်းကလေး ဖြစ်ပေမဲ့ သူမရဲ့ ကိုယ်ခံပညာတွေက မနိမ့်ကျဘူး။ ရှောင်ရှို့က သူမကို အရာရှိအိမ်တော်က သခင်မလေးတစ်ယောက်ကို ကာကွယ်ပေးဖို့ အမိန့်ပေးခဲ့တုန်းက သူမက လက်ခံဖို့ ခက်ခဲခဲ့တယ်။ ကျန်းယွမ် သူမကို အိမ်တော်ရဲ့ တံခါးပေါက်မှာ တန်းပြီးတော့ လက်ခံခဲ့တာက သူမကို အံ့အားသင့်စေခဲ့ပေမဲ့ သူမက ဒီအခြေအနေကို ပိုပြီးတော့တောင် မယုံနိုင်လောက်အောင် လုပ်ဆောင်သွားတယ်။
သူမက ကျန်းယွမ်ရဲ့ အကြည့်နဲ့ ဆုံမိသွားပြီးတော့ မလန့်သွားဘဲ မနေခဲ့ဘူး။
ဒါဘယ်လို အကြည့်မျိုးလဲ။ အေးစက်ပေမဲ့ လေးနက်တယ်။ သူမက တစ်ယောက်ယောက်ရဲ့ ဝိညာဉ်ကို ထိုးဖောက်ကြည့်နိုင်သလိုမျိုးပဲ။ သူတို့က ငယ်ငယ်ကတည်းက လူသတ်ဖို့ သင်ခဲ့ရတာဖြစ်ပြီးတော့ လူသတ်သမားတွေကပဲ ဒီလို အေးစက်တဲ့အကြည့်မျိုး ရှိတာဖြစ်တယ်။ ဒါပေမဲ့ ဒီကျန်းမိသားစုရဲ့ အကြီးဆုံးသခင်မလေးကတော့ လူသတ်သမား မဖြစ်နိုင်ဘူး။
ကျန်းယွမ်ရဲ့ အေးစက်ပြီးသီးသန့်ဖြစ်ပေမဲ့ စေ့စေ့စပ်စပ် ကြည့်တဲ့ အကြည့်အောက်မှာ သူမ စိုးရိမ်သလို ခံစားရတယ်။ သူမ နှုတ်ခမ်းစိထားပြီးတော့ ဆက်ပြီး တိတ်ဆိတ်နေတယ်။
“ငါ နားလည်ပါတယ်။ မင်းရဲ့ သခင်ဟောင်းကို မေ့ဖို့က ခက်တယ်ဆိုတာ။”
ကျန်းယွမ်က ခံစားချက်မဲ့စွာ ပြောလိုက်တယ်။
“ဒါပေမဲ့ ထျန်ကျူး မင်းမှတ်ထားရမှာက တကယ်လို့ မင်းက အခု ငါ့ကို မင်းသခင် အနေနဲ့ မသတ်မှတ်နိုင်ရင် ငါကလည်း မင်းကို ငါ့ရဲ့ ယုံကြည်ရတဲ့ စိတ်ထားကို ပြသနိုင်မှာမဟုတ်ဘူး။ ငါ့ရဲ့ ကိုယ်ခံပညာကျွမ်းတဲ့ အစေခံတစ်ယောက်အနေနဲ့ မင်းကို ငါ အမိန့်တချို့ ပေးမှာဖြစ်ပေမဲ့ မင်း ငါ့ကို မင်းရဲ့ သခင်အဖြစ်နဲ့ မမှတ်သ၍ ငါမင်းကို ရိုးသားစွာ ဆက်ဆံမှာ မဟုတ်ဘူး။”
ဒီတည့်တိုးပြောတဲ့ စကားတွေက သူမရဲ့ နှလုံးသားကို အေးစက်သွားစေတယ်။ ဒီလိုပဲ ဒီသခင်မလေးက တခြားသူတွေကို လိမ်မပြောချင်တာက သူမကို နည်းနည်းတုန်ရင်သွားစေတယ်။ ခဏလောက် တိတ်ဆိတ်သွားပြီးတော့ သူမက ပြန်ဖြေလိုက်တယ်။
“ထျန်ကျူးနားလည်ပါတယ်။”
ကျန်းယွမ်က သူမရှေ့က လက်ဖက်ရည်ခွက်ကို ကိုင်ပြီး ပြောလိုက်တယ်။
“ငါ့ရဲ့ ဒုတိယညီမရဲ့ ခြံကို နောက်ထပ် ရက်နည်းနည်းလောက် စောင့်ကြည့်ပြီး သခင်မရဲ့ ခြံကိုလည်း စောင့်ကြည့်ထား။”
ထျန်ကျူးက ခေါင်းငုံ့လိုက်ပြီး ပြောလိုက်တယ်။
“ကောင်းပါပြီ။”
* * *
ရက်တွေက ထုံးစံအတိုင်း ရုတ်ရုတ်ရုတ်ရုတ်နဲ့ ဖြတ်သန်းသွားတယ်။ ကျန်းချွမ်က နေ့တိုင်း ရုံးအလုပ်တွေနဲ့ အလုပ်ရှုပ်နေပြီးတော့ ကျန်းချောင်က အိမ်တော်မှာရှိတာ ရှားတယ်။ ရှယန်နဲ့ ဟုန်ရင်းတို့က သူတို့ရဲ့ ခြံထဲမှာပဲ တစ်နေကုန်နေနေကြပြီးတော့ ထူးဆန်းစွာနဲ့ ရန်မဖြစ်ကြဘူး။ ကျန်းစုစုကလည်း ပြန်ပြီး ထွက်လာပေမဲ့ အရင်ကလို မောက်မာပြီးတက်ကြွတဲ့ စိတ်ထားက မရှိတော့ဘူး။ ကျန်းသခင်မကြီးကတောင် သူမ သီးသန့်ဘုရားကျောင်းကိုသွားတာက မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ချီးကျူးနေသေးတယ်။ သူမက တည်တည်ငြိမ်ငြိမ်နေပြီးတော့ သူမရဲ့ စိတ်ထားကလည်း အရင်ကထက် ပိုညင်သာလာတယ်ဆိုပြီး ပြောနေတယ်။ ဒီနည်းနဲ့ လွန်ခဲ့တဲ့ သုံးနှစ်က အဖြစ်အပျက်တွေက အပြစ်တွေကို သူမကို ပူးတဲ့မကောင်းဆိုးဝါးဆီကိုပဲ ပုံချခဲ့တယ်။
ပြောစရာရှိတာကလည်း ကျန်းလီနဲ့ ကျန်းတန်တို့ရဲ့ အသက်ပြည့်အခမ်းအနားတွေပဲရှိတယ်။ ဒုတိယကိုယ်လုပ်တော်က နည်းနည်းကြီးကျယ်တော့ ကျန်းလီရဲ့ အခမ်းအနားက အရမ်းလူစည်ကားပြီးတော့ စိတ်လှုပ်ရှားစရာနဲ့ ပြည့်နေတယ်။ ကျန်းယွမ်နဲ့ ကျန်းစုစုတို့ရဲ့ အခမ်းအနားတွေက မြို့တော်ထဲမှာ ကျင်းပတာ မဟုတ်တော့ ကျန်းလီရဲ့ အခမ်းအနားကို သူမက သမီးကြီးလို ကျင်းပခဲ့တယ်။
ကျိုးလန်ကျောင်းရဲ့ အိမ်တော်ကလူတွေလည်း တက်ရောက်ပေမဲ့ သူတို့က ဘာမှမပြောခဲ့ဘူး။ မင်္ဂလာပွဲက နွေဦးအကုန်ကျရင် ကျင်းပမှာဖြစ်တယ်။ အကြောင်းကတော့ ကျိုးလန်ကျောင်းကလည်း မငယ်တော့ဘူး။ အိမ်တော်ကလည်း သူ့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖိအားအရမ်းပေးလို့ဖြစ်တယ်။ ဒါ့အပြင် လက်ထပ်ပွဲက လွန်ခဲ့တဲ့သုံးနှစ်က ဆုံးဖြတ်တာဖြစ်တော့ နှစ်ဖက်မိသားစုက ဘာမှစီစဉ်စရာ မရှိတော့ဘူး။
ကျန်းတန်ကလည်း ကျန်းလီရဲ့ အသက်ပြည့်အခမ်းအနားကို တက်ရောက်ခဲ့ပေမဲ့ သူမက မလာချင်တဲ့ အမူအရာကို တစ်စက်ကလေးမှ မပြဘူး။ သူမက ကျန်းလီကို အသက်ပြည့်တဲ့ အနေနဲ့ ဆုကောင်းကောင်းတောင်းပေးခဲ့တယ်။ ရလာဒ်အနေနဲ့ ကျန်းတန်ကို မကျေနပ်ခဲ့တဲ့သူတွေက ဒီအငယ်ဆုံးသမီးက ကြင်နာတယ်ဆိုပြီးတော့ ချီးမွှမ်းခဲ့ကြတယ်။ သူမက လူတော်တော်များများရဲ့ ချီးမွှမ်းခြင်းကို ခံခဲ့ရတယ်။
ဒါပေမဲ့ ကျန်းတန်ရဲ့ အခမ်းအနားက ကျန်းလီနဲ့ မယှဉ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ရှယန်နဲ့ ဟုန်ရင်းတို့က ကျန်းသခင်မကြီးက ကျန်းမာရေးမကောင်းဘူးလို့ ထင်နေကြပြီးတော့ ပထမကိုယ်လုပ်တော်က အိမ်တော်မှာ မရှိတော့တာ နှစ်အတော်ကြာပြီဆိုတော့ ကျန်းတန်ရဲ့ အခမ်းအနားကို စီစဉ်ဖို့တာဝန်က ဒုတိယကိုယ်လုပ်တော်အပေါ်ကို ကျရောက်လာတယ်။ ဘယ်အခြေအနေနဲ့မဆို ဒုတိယကိုယ်လုပ်တော်က ကျန်းတန်ရဲ့ အခမ်းအနားက ကျန်းလီရဲ့ အခန်းအနားထက် ကြီးကျယ်အောင် လုပ်ပေးမှာ မဟုတ်ဘူး။ ဒီတော့ အဲ့နေ့ အခမ်းအနားက ဝတ်ကျေတန်းကျေ ပြုလုပ်တာပဲဖြစ်တယ်။ ဒါပေမဲ့ ကျန်းတန်က သူမရဲ့ မျက်မှာပေါ်မှာ မကျေနပ်မှု အရိပ်အယောင် တစ်စက်လေးမှ မပြဘူး။
ကျန်းယွမ်က သူကို အပြုံးနဲ့ကြည့်နေတယ်။ ကျန်းတန်ရဲ့ အတွေးတွေက တစ်နေ့တစ်ခြား ပိုလေးနက်လာတယ်။ ကျန်းချွမ်က သူမကို ကောင်းကောင်းပြုမူတယ်လို့ ထင်ထားပေမဲ့ သူမရဲ့ လေးယောက်မြောက်ညီမလေးက အဲ့လောက်မရိုးရှင်းမှန်း ကျန်းယွမ်သိတယ်။
ဒါပေမဲ့ ဒီကိစ္စတွေ အပြင် ရက်တွေကလည်း အရမ်းသက်တောင့်သက်သာနဲ့ ကုန်ဆုံးသွားတယ်။ ကျန်းအိမ်တော်က အမြဲတမ်း နွေးထွေးပြီး တင့်တင့်မြတ်မြတ်ရှိတဲ့အစား အန္တရာယ်ရှိပြီးတော့ သွေးစွန်းနေတဲ့ စစ်မြေပြင်လိုပဲ။
မက်မွန်ပင်တွေ ပွင့်တဲ့ရာသီရောက်တော့ ရှယန်ရဲ့ ဗိုက်က သိသာလာပြီးတော့ သူမရဲ့ ခန္ဓာကိုယ်ကလည်း တခြားနည်းတွေနဲ့ တုံ့ပြန်လာတယ်။ သူမရဲ့ အစာစားချင်စိတ်က ပိုကောင်းလာပြီးတော့ သူမရဲ့ ခန္ဓာကိုယ်ကလည်း ထွားလာတယ်။ ဒီတစ်ခေါက် ကိုယ်ဝန်က ကျန်းစုစုနဲ့ ကျန်းချောင်တို့ကို လွယ်ထားရတုန်းကထက် ပိုသိသာတယ်။ ဒါက သူမ အရွယ်ရလာလို့လား ဒါမှမဟုတ် သူမကိုယ်သူမ ကျန်းမာစေချင်လို့လားတော့ မသိဘူး။ သူမက အရင်က ကျက်သရေရှိပြီးတော့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးနဲ့ မတူတော့ဘူး။
သူမကိုယ်သူမ ကိုယ်ဝန်ရှိနေပေမဲ့ ဟုန်ရင်းက ပိုလှလာပြီးတော့ ပိုတောင် ချောမွေ့လာတယ်။ အဲဒါက ကိုယ်ဝန်ကြောင့် ဟုတ်မဟုတ်မှန်း ဘယ်သူကသိမှာလဲ။ ဒါပေမဲ့ သူမရဲ့ မျက်နှာက ပိုပြီးတော့တောင် နီရဲလာတယ်။ ရှယန်နဲ့ ဆန့်ကျင်ဘက်ပဲ သူမရဲ့ ကိုယ်ဝန်က စပြလာပေမဲ့ သူမက သူမကိုယ်သူမ နေ့တိုင်း ဂရုစိုက်တယ်။ သူမရဲ့ အရင် ညှိုးငယ်နေတဲ့ အသွင်အပြင်ထက်စာရင် သူမရဲ့ ကိုယ်ဝန်ရှိတဲ့ပုံစံက ပိုပြီးမိန်းမဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိလာပြီးတော့ သူမက နက်မှောင်တဲ့ဆံပင် ဖြူဖွေးတဲ့ အသားအရည်နဲ့ ပိုပြီး ဆွဲဆောင်မှုရှိလာတယ်။
တစ်ဖက်မှာ နည်းနည်းဖွံ့ဖြိုးတဲ့မိန်းမနဲ့ တခြားတစ်ဖက်မှာ ဆွဲဆောင်မှုရှိတဲ့ ကိုယ်လုပ်တော်။ ပုံမှန်ဆိုရင် ကျန်းချွမ်က လှပတဲ့ အမျိုးသမီးတွေကို ငမ်းငမ်းတက်လိုချင်နေတာ မဟုတ်ပေမဲ့ ယောက်ျားတွေက လှတဲ့ မိန်းမတွေကို သဘောကျတယ်လေ။ ဒါ့အပြင် ရှယန်က သူ့အတွက် ကျန်းစုစုနဲ့ ကျန်းချောင်ကို မွေးပြီးခဲ့ပြီးပြီဆိုပေမဲ့ ဟုန်ရင်းကတော့ ပထမဆုံးကလေးဖြစ်တယ်။ ဒီတော့ ကျန်းချွမ်က ရှယန်ကို သူ့လူတွေကို ဂရုစိုက်ခိုင်းထားပြီးတော့ သူက ဟုန်ရင်းရဲ့ ခြံကို ခဏခဏ သွားလည်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now