သူမ လှုပ်ရှားနေသမျှကိုထိုင်ကြည့်ရင်း ယိမ်းနွဲ့နေသောဆံပင်ရှည်ရှည်တွေကို ကြိတ်သဘောကျနေမိသည်။
ထိုဆံပင်လေးတွေက အရောင်ဆိုးထားတာမဟုတ်ဘဲ သဘာဝအတိုင်းရွှေညိုရောင်သမ်းနေတာမို့ ငယ်ငယ်ကတည်းက သဘောကျမိတာဖြစ်သည်။
ဆံပင်အရှည်ထားဖို့ သူပြောခဲ့တုန်းက ဆံပင်ရှည်တိုင်းဖျားတတ်သောမြူသည် ကြူကြူပါအောင် အော်ငိုခဲ့သေးသည်။

"ဆံပင်တွေတောင်ရှည်နေပြီ"

"ဟုတ်တယ် အမေကထားခိုင်းတာလေ တစ်ခါတစ်လေဆို ခေါင်းကိုမဖြီးနိုင်ဘူး ဟိုပြေးဒီပြေးနဲ့မို့ ညှပ်ချင်တာကို အမေကမညှပ်ခိုင်းဘူး"

"မညှပ်ရဘူး ဒီအတိုင်းပဲထား"

သူ့အသံကအမိန့်သံဖြစ်သွားပေမယ့် မြူက ရယ်ပြီးခေါင်းလေးညိတ်ပြသည်။
ခေါက်ဆွဲတွေရတော့ သူ့အတွက် ပန်းကန်တစ်လုံးဖြင့်ထည့်ပေးကာ တူတစ်စုံနှင့်ဇွန်းတစ်ချောင်းကိုပါ ချပေးသည်။
ပြီးမှ သူမအတွက်ထည့်ကာ သူနဲ့မျက်နှာချင်းဆိုင်မှာချပြီး ရေခဲသေတ္တာထဲက ရေဘူးတစ်ဘူးသွားယူပြီး စားပွဲမှာချသည်။
သူ့အကျင့်ကိုခုထိမှတ်မိနေဆဲမို့ ကြိတ်ပြီးကျေနပ်သွားကာ ခေါက်ဆွဲပြုတ်ကိုသောက်လိုက်သည်။

"မဆိုးဘူး နင်လုပ်တတ်လာတယ်လို့ပြောရမယ် ဟင်းရောချက်တတ်ပြီလား မုန့်တို့ဘာတို့ရော"

ကိုယ်မေးလိုက်တာက ကိုယ့်အကြံအစည်နဲ့ကိုယ်ဖြစ်ပြီး မြူကတော့ သူ့အကြံကိုမသိဘဲ ရိုးသားစွာဖြင့် ခေါင်းလေးညိတ်ကာ ခေါက်ဆွဲအစားမပြတ်။

"တော်တော်များများတော့လုပ်တတ်နေပါပြီ အပြင်သွားစရာမရှိရင် မီးဖိုခန်းဝင်တယ်လေ"

"ဒါနဲ့ ပုဂံကဘာရှိလို့လဲ နင်သွားရတာက"

"Hotelဆောက်နေတာ ခါတိုင်းတော့construction မန်နေဂျာရှိတယ် ခုမန်နေဂျာက နေမကောင်းလို့ခွင့်ယူထားတော့ ငါ့ကိုသွားခိုင်းလို့"

"မေမေကလား"

"အင်း"

ဒီအတိုင်းဆို မေမေ့ကိုအပူကပ်လို့ရမှန်းသိလိုက်ကာ ဒုတိယအကြိမ် ကြိတ်ပြုံးလိုက်သည်။
စားသောက်ပြီးသွားတော့ မြူတို့သားအမိနေသည့် အလုပ်သမားတန်းလျားအထိလိုက်မပို့တော့ဘဲ ထိုနားကပန်းခြုံလေးနားအထိ လိုက်ပို့ပေးလိုက်သည်။

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now