အရည်အချင်းများကို ပြသခြင်း

Start from the beginning
                                    

သို့ပေမဲ့ ထောင်မု လျှောက်နေသည့် လမ်းမှာတော့ လူသူခြောက်ကပ်နေသည်။ တခါတရံ ဖြတ်သွားသည့်လူများမှာလည်း ခေါင်းတွေကိုညွတ်ကာ ရင်ဘတ်တွေထဲ တိုးဝင်မတတ်ငုံ့ထားပြီး ထိုနေရာကနေ ထွက်ခွာဖို့ မစောင့်နိုင်သလိုနှင့်ပင်။ အကြောင်းအရင်းကတော့ လမ်းပေါ်မှာ စုဝေးနေကြသော အင်္ကျီချွတ်နှင့် တုတ်ခိုင်အသားများလှသည့် နောက်ခံသရုပ်ဆောင်များအုပ်စုကြောင့်ဖြစ်သည်။ ရိုက်ကူးရေးလွယ်ကူသက်သာစေရန်အတွက် ဒါမှမဟုတ် အပူဒဏ်ကလွတ်မြောက်ဖို့အတွက်ဆိုပြီး သူတို့ထဲက တချို့သည် ခေါင်းပင်ရိတ်ထားကြသည်။ သည်လိုပုံစံကြောင့် သူတို့ကို တီဗီဒရာမာများဆီက လူမိုက်များပုံစံပေါက်စေပြီး အတော်လေး ကြမ်းကြုတ်ရက်စက်သည့်ဟန်ပေါ်စေသည်။ သဘာဝကျစွာ မသိသည့်အပြင်လူများကတော့ သူတို့ကိုရှောင်ဖယ်သွားကြသည်။

ထောင်မုက ဒီလူတွေကို သိသည်။ သူတို့ကလည်း "တိမ်စိုင်ခရမ်းပြာ" ရိုက်ကူးရေးအဖွဲ့က ငှားထားသည့် ကိုယ်ခံပညာ လူစားထိုးသရုပ်ဆောင်တွေဖြစ်သည်။ သို့ပေမဲ့ သူတို့ကတော့ ထောင်မုလို အထီးကျန်ဝံပုလွေတစ်ကောင်မဟုတ်။ ဤအုပ်စုက တစ်ယောက်ကိုတစ်ယောက်အားပေးကူညီဖို့ စုနေကြသည်။ ခေါင်းဆောင်က ကုန်းရီရှင် ဟုခေါ်သည်။ နာမည်ပြောင်က ခွေးကြီးဖြစ်ပြီး ကုန်းကောဟု အသိများကြသည်။ ထို့ပြင် ထို ကုန်းကောက နောက်ခံလူများအကြား အတော်လေး လူသိများသည့် အဖွဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

သူ့ကို လူတော်တော်များများက ညီအစ်ကိုတို့၏ သစ္စာစောင့်သိမှုနှင့် ဖြောင့်မတ်မှန်ကန်သည်ဟုပြောကြသည်။ ဒါပေမဲ့ ဤအုပ်စုနှင့် တမောက်နှင့် ရှောင်ဖန်းတို့ဆုံချိန်တွင် ထိုနှစ်ယောက်က သူတို့ရဲ့ရန်သူတွေကိုတွေ့နေရသလို ကြည့်လိုက်ကြသည်။ အကြောင်းကတော့ ဖက်တီးလျှိူ့ သူတို့ကိုအဖွဲ့ထဲကနေ ဆွဲထုတ်သွားခိုင်းတုန်းက သူတို့နှစ်ယောက်ကိုဆွဲခေါ်သွားသူက ဤအုပ်စုဖြစ်သည်လေ။

တမောက်က ရှူးရှူးရှားရှားပင် "ချီး.. ဒါကမပြီးနိုင်တော့ဘူးလား! ခင်ဗျား ကျုပ်ကို ငကြောက်လို့ထင်နေတာမလား ဟမ်?"

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now