အခန်း (၄၁) အမုန်းတရား

3.5K 314 53
                                    

[Unicode]

(ဒုတိယပိုင်း)
"သူမ ထျန်းဟွမ်းကို သတ်ပစ်ချင်တယ်"

Translator : Zin Pyay + Malia

ခုံးကောင်များသည် ရေတိမ်ပိုင်းတွင်သာ နေထိုင်တတ်ကြပြီး ပင်လယ်နက်ထဲတွင် မရှင်သန်နိုင်ကြပေ။ မိစ္ဆာများပင် မရှင်သန်နိုင်သည့် ရေပျော့ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။

စူးစူး ရေပျော့ထဲသို့ ခုန်ချလိုက်သည့်အခါ သူမ၏ ခုံးကောင်အခွံက စတင်အရည်ပျော်လာသည်။

သူမသည် မိစ္ဆာတစ်ကောင်အဖြစ် မွေးဖွားလာခဲ့ပြီး သူမကိုယ်၏ အခွံစွန်းတွင် လှပသည့် ပန်းရောင်ဖျော့ဖျော့အနားသတ်လေး ရှိသည်။ သို့သော်လည်း ယခုတွင်မူ ထိုပန်းရောင်အနားသတ်လေးသည် နာကျင်နေသည့် မျက်ရည်စက်များအလား ရေပျော့ထဲ၌ အရည်ပျော်သွားခဲ့သည်။

ထိုညက သူမ မင်ယဲ့ကို ပြောခဲ့သည်မှာ "ကျွန်မ နာကျင်ရမှာကို ကြောက်တယ်၊ ကျွန်မရဲ့ ခုံးကောင်အခွံကို အခွဲမခံရရင်တော့ အကောင်းဆုံးပေါ့။ အဲဒါက လူတစ်ယောက်ရဲ့ အရိုးတွေ ချိုးခံရတာထက်ကို ပိုပြီးတော့ နာတာလေ" ဟူ၍။

တကယ်တမ်း သူမ၏ ခုံးကောင်အခွံက ရေပျော့ထဲတွင် နည်းနည်းချင်း အရည်ပျော်သွားသည့်အခါတွင်တော့ သူမ မျက်ရည်တစ်စက်ပင် မကျခဲ့ပေ။ ထို့ပြင် မျက်လုံးများကို ဝိုင်းစက်ပြူးကျယ်စွာ ဖွင့်ထားရင်း အနက်ရောင်ပုံရိပ်တစ်ခုကို ရှာဖွေနေခဲ့သည်။ သူမ၏ ခုံးကောင်အခွံက တဖြည်းဖြည်း ပါးလျသည်ထက် ပါးလျလာသည်။ နူးညံ့သော ရေယက်လေးသည် မတော်တဆ ရေပျော့နှင့် ထိတွေ့သွားသည့်အခါ သူမ နာကျင်စွာဖြင့် တုန်ယင်သွားရ၏။

သို့သော် သူမသည် ရေအောက်နက်နက်သို့ ဆက်ပြီး ဆင်းသွားမြဲဖြစ်ပြီး အရာအားလုံးကို အရေးမစိုက်ခဲ့ပေ။

နှစ်ပေါင်းသောင်းချီသက်တမ်းရှိသည့် ရေနဂါးတစ်ကောင်အတွက်တော့ ချောမောခံ့ညားပြီး တန်ခိုးစွမ်းအားမြင့်မားသော်ငြား ကျင့်ကြံခြင်းလမ်းစဉ်က ရှည်လျားပြီး အထီးကျန်ဆန်လှသည်။ တကယ်တမ်း သူ့တွင် မည်သည့်အရာမှ မရှိပေ။ သူသည်ကား အေးစက်ပြီး တသီးတခြားနေတတ်သည့် စရိုက်ရှိကာ အမြဲတမ်း တစ်ကိုယ်တည်းသာ နေခဲ့သည်။ ရေပျော့ထဲသို့ ကျသွားသည့်အခါလည်း သူ့ကို ရှာဖွေရန် မည်သူမှ ချက်ချင်း ရောက်မလာခဲ့ကြချေ။ နတ်ဘုရားလမ်းစဉ် ကျင့်ကြံသူဖြစ်သော်လည်း မင်ယဲ့က မိစ္ဆာခန္ဓာဖြင့် မွေးဖွားလာသူ ဖြစ်သည်။ ရေပျော့ထဲတွင် သုံးရက်ကြာ ရှိနေခဲ့ရပြီးနောက် နာကျင်မှုကို မခံစားရသည်မှာ မဖြစ်နိုင်ပေ။

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now