အခန်း (၃၃) ထွက်ပြေးလွတ်မြောက်

3.1K 347 33
                                    

[Unicode]

"နှုတ်ဆက်ပါတယ်"

Translator : Precious 66 : Luo Yunxi 罗云熙 Leo Myanmar Fan Page

အခန်းထဲမှ မထွက်ခင် စူးစူးက ထိုသို့ တွေးနေခဲ့သော်ငြား စိတ်မသက်မသာ ဖြစ်နေဆဲပင်။ သူမက အဝါရောင် အင်းစက္ကူကို ထုတ်ယူလိုက်ပြီး ၄င်းကို ခေတ္တမျှ ငေးကြည့်နေခဲ့၏။ ထိုနှာဘူးကောင်တွင် ထူးဆန်းသော ကိုယ်ကျင့်စရိုက်ရှိပြီး အလွယ်တကူလည်း သံသယ ဖြစ်တတ်သေးသည်။ သူမအနေနှင့် ရန်သူကို လျှော့တွက်၍ မရပေ။ နေရာရွှေ့ပြောင်း အင်းစက္ကူမှာ သူမ၏ နောက်ဆုံးဖဲချပ်ဖြစ်သောကြောင့် သူမက ၄င်းကို ကောင်းကောင်း ကာကွယ်ရမည် ဖြစ်သည်။

သူမသည် အခန်းထဲတွင် အတော်ကြာအောင် အချိန်ဆွဲ တွေးတောနေခဲ့ပြီးနောက် အတွေးများကို ရပ်တန့်ကာ အပြင်သို့ လျှောက်လာခဲ့သည်။

အစေခံတစ်ယောက်က အေးစက်စွာ ပြောလာခဲ့၏။

"မိန်းကလေး.. ကျေးဇူးပြုပြီး စောင့်ပေးပါ။ ကျွန်မ ရှင့်ကို အရင်ဆုံး စစ်ဆေးဖို့ လိုပါတယ်"

သူမက စူးစူး၏ ခွင့်ပြုချက်ကိုပင် တောင်းခံခြင်း မပြုပါချေ။ စူးစူးက သူမ၏ လက်ကောက်ဝတ်ကို ကိုင်ကာ တားလိုက်ရင်း။

"ထန်ထိုင်ကျင့်က ရှင့်ကို စစ်ဆေးဖို့ ခိုင်းထားလို့လား"

အစေခံက အမူအရာကင်းမဲ့သော မျက်နှာဖြင့် ပြန်ဖြေလာပါ၏။

"အရှင့်သားက ပြောတယ်။ မိန်းကလေးက အရမ်းဉာဏ်များတာမလို့ လွှတ်မပေးခင်မှာ လက်သည်းနဲ့ သွားတွေကို တုံးပေးဖို့ လိုတယ်တဲ့"

သူမက အလွန်ပင် ဂရုစိုက်စွာ ရှာဖွေနေခဲ့ပြီးနောက် စူးစူး၏ခါးတွင် အမှုန့်အိတ်တစ်အိတ်ကို တွေ့ခဲ့သည်။ အစေခံက နမ်းကြည့်လိုက်ပြီးနောက် စူးစူးအား အံ့အားသင့်စွာ ကြည့်ကာ ပြောလာ၏။

"ဒါက ကျွန်မတို့ မျိုးနွယ်ရဲ့ သတိလစ်စေတဲ့ ဆေးမှုန့် မဟုတ်လား"

စူးစူးက သူမကို အနေရခက်စွာဖြင့် ပြုံးပြလိုက်မိ၏။

အစေခံ၏ လက်များက အောက်သို့ ထပ်ဆင်းသွားပြီး ဟိုဟိုဒီဒီတွင် ပစ္စည်းသေးသေးလေးများကို ရှာတွေ့ခဲ့သည်။ စူးစူး၏ ဆံနွယ်များပင်လျှင် ရှာဖွေခံရခြင်းမှ မလွတ်မြောက်နိုင်ချေ။ သူမက စူးစူး၏ ဆံထိုးကို ချွတ်ယူလိုက်ပြီး ပြောလာ၏။

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now