သူဤမေးခွန်းအား မေးသောအခါ ဆယ်ကျော်သက်လေး၏ ပါးနှစ်ဖက်ပင်နီရဲလာပြီး တစ်ခါတစ်ရံ လှမ်းကြည့်တတ်သော အမည်းရောင်မျက်ဝန်းများ၌ မျက်ရည်လည်နေပုံပေါ်သည်ကို တွေ့လိုက်ရသည်။ ၎င်းမှာအလွန်အမင်း ချစ်စရာကောင်းသည်။

ဘယ်မေးခွန်းမှ အဖြေမခံရသော်လည်း ဗီဒီယိုမှာ အင်တာနက်ပေါ်သို့ အတင်ခံလိုက်ရသည်။ အင်တာနက်သုံးစွဲသူများက ဗီဒီယိုထဲမှ တယောကိုသာကိုင်ထားကာ ငြင်းဆန်ခြင်း သို့မဟုတ် ခွန်းတုန့်ပြန်ခြင်းမလုပ်ပဲ မျက်နှာရဲရဲဖြင့် သုတ်သုတ်ပျာပျာဖြစ်နေသော လူငယ်လေးအား ကြည့်ရင်း ရယ်မောမိကြသည်။

သတင်းထောက်ကိုယ်တိုင်ကပင် နောက်ဆုံးတွင် ကင်မရာကို ပြောထားသည်။ "ဟဟ၊ တော်တော်ချစ်စရာကောင်းတာပဲ။ ငါသူ့ကိုတကယ်ချစ်သွားပြီ။"

ရှန်ချန်ယွီဆယ်နှစ်အရွယ်တွင် ကွင်းပြင်ထဲ၌ မေးမြန်းခံခဲ့ရစဉ်က ဗီဒီယိုကို တစ်စုံတစ်ယောက်မှ တင်လိုက်သည်။ ထိုအချိန်တွင် ဟောင်းနွမ်းစုတ်ပြတ်သော အဝတ်များဝတ်ထားပြီး လုံးဝမတော်သော ဖိနပ်ကြီးများ စီးထားသည့် ကောင်လေးက သူ၏ဝတ်ဆင်ပုံကြောင့် နိမ့်ကျသည်ဟု ခံစားနေရပုံ မပေါ်ချေ။ ဆန့်ကျင်ဘက်အားဖြင့် သူကသတင်းထောက်များအား ဖြူဖွေးသောမျက်နှာလေးနှင့် မော့ကြည့်ကာ ပြုံးပြ၍ တစ်ယောက်ပြီးတစ်ယောက်ကို ဦးလေးဟုခေါ်နေသည်။

သူ့အပြုံးက အလွန်တောက်ပနေရာ သူ၏ပျော်ရွှင်မှုကိုပါ သယ်ဆောင်လာပေးသည်။ သူတယောသင်စဉ်က ဟာသအဖြစ်များကို ပြောရာတွင် ရှက်ရွံ့မနေချေ။

ထိုကောင်လေး၏ တောက်ပသောအပြုံးနှင့် လက်ရှိလူငယ်လေး၏ ခေါင်းငုံ့ထားကာ ချစ်စရာကောင်းနေသော်လည်း မူမမှန်စွာ တိတ်နေပုံအား နှိုင်းယှဉ်ကြည့်သောအခါ အင်တာနက်သုံးစွဲသူများမှာ မတွေးတတ်အောင် အသည်းကွဲသွားသည်။

"ဒီနှစ်ပိုင်းတွေမှာ သူဘာကြုံတွေ့ခဲ့ရတာလဲဆိုတာကို ငါတကယ်သိချင်တယ်။ မွေးစားခံရပြီးတော့ အစားကောင်းစား၊ အဝတ်ကောင်းဝတ်ရတဲ့ဘဝကို ရပေမဲ့ သူ့ကိုဖက်ပေးထားချင်လောက်အောင် ငါဘာလို့ဝမ်းနည်းသလိုခံစားနေရတာလဲ။"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now