93

8.8K 1.5K 137
                                    

တတိယမင်းသားက ရက်ပေါင်းများစွာ အစီအစဉ်ဆွဲပြီးနောက် နောက်ဆုံးတွင်တော့ မြို့တော်ကိုတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

ညဉ့်သန်းခေါင်ယံတွင် ယန်လန်က သူစုစည်းထားသော တပ်ဖွဲ့များကို ခေါ်ဆောင်ကာ မြို့တော်ကိုဝိုင်းလိုက်သည်။ ဤရက်ကိုစောင့်နေသော ယန်လန်မှာ မြို့တော်၏ ပိတ်ထားသည့်ဝင်ပေါက်တံခါးကို ကြည့်ကာ စိတ်လှုပ်ရှားနေသည်။

သို့သော် ယန်းဟွေးက ယန်လန်၏မြင်းရှေ့၌ ရပ်ကာ အသနားခံသည်။ " တတိယမင်းသားခင်ဗျာ၊ နောက်တစ်ကြိမ် ထပ်စဉ်းစားပါဦး။ အရှင့်ထံမှာ တော်ဝင်အမိန့်စာရှိနေတဲ့အတွက် အသာစီးရနေပါတယ်။ ဒီတပ်ဖွဲ့တွေ့ကို ကာကွယ်ဖို့ပဲ သုံးလို့ရပါတယ်။ အရှင်က မြို့တော်ကို မတိုက်ခိုက်ရပါဘူး။"

ယန်းဟွေးက ထိုအချက်ကို မရေမတွက်နိုင်အောင် ပြောပြီးဖြစ်သည်။ ယခုအခါ မြို့တော်က အနီးတွင် ရှိနေပြီး ယခုတစ်ကြိမ်သည် ယန်လန်အတွက် နောက်ဆုံးသတိပေးချက်ပင်။ ယခုအခါတွင် ယန်းဟွေးမှာ တော်ဝင်ညီလာခံမှ နှုတ်ထွက်လာစဉ်ကနှင့် ယှဉ်လျှင် အနှစ်နှစ်ဆယ်ကျော် ပိုအိုသွားသည့်ပုံ ပေါ်သည်။ သူ့ခါးက ကိုင်းနေပြီး ဆံပင်များက ဖြူနေသည်။ အထူးသဖြင့် သူ၏လိမ္မာပါးနပ်ကာ ယုံကြည်ချက်ရှိခဲ့သော မျက်လုံးများက ဝိုးတိုးဝါးတား ယိုယွင်းပျက်ဆီးနေသည်။

ထီးနန်းအတွက် အတည်အလောင်းအလျာဖြစ်သော ယန်လန်က ပုန်ကန်သူအဖြစ်ဖြင့် မြို့တော်ကို တိုက်ခိုက်တော့မည့် လမ်းကြောင်းဘက်သို့ တစ်လှမ်းချင်းရောက်လာသည်ကို တွေ့သောအခါ ယန်းဟွေးမှာ သူအစကသဘောကျခဲ့သူ တတိယမင်းသားသည် ဤအခြေအနေသို့ မည်သို့မည်ပုံရောက်လာကြောင်း မသိတော့ပေ။

မင်းသားကြီးကသာ ပြည်တွင်းရေးများတွင် အမှားပြုလုပ်လျှင် ၊ သို့မဟုတ် အရင်ဦးဆုံး အင်အားသုံးလျှင် တတိယမင်းသားမှ ဦးဆောင်၍ မြို့တော်ကို တိုက်ခိုက်သောအခါ အပြစ်တင်၍ မရပေ။ သို့သော် မင်းသားကြီး၏ လုပ်ဆောင်ချက်အားလုံးက ရိုးသားပွင့်လင်းကာ ချီးမွမ်းဖွယ်ပင်။ ယခုအခါ သူက ချန့်ကျိုးသို့ပင် ကိုယ်တိုင်သွားရောက်ကာ ရေကြီးမှုကို ထိန်းချုပ်နေသည်။ ဤအခြေအနေမျိုးတွင် တတိယမင်းသားက တော်ဝင်အမိန့်ဖြင့်သာ ရင်ဆိုင်ဖြေရှင်းသင့်သည်။ မြို့တော်ကို တပ်ဖွဲ့များဖြင့် တိုက်ခိုက်မည့် နည်းလမ်းအား ဘာကြောင့်ရွေးသနည်း။ အထင်သေးဖွယ် အကောင်းဆုံး ညဘက်အငိုက်ဖမ်းတိုက်သည့် နည်းလမ်းကိုပင် သုံးသေးသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now