Chapter 1144 [Unicode]

823 140 2
                                    

Chapter 1144: ကျွန်မတို့ ရှင်နဲ့အတူတူ နေလို့ရမလား

"ရှင့်ကို ဘယ်သူချေးပေးတာလဲ" နဥ်ရှုက ထပ်မေးလိုက်၏။

ကျူ့ယန့်ချုံး၏အကြည့်တို့က ဖျပ်ခနဲလက်ပြီး တိမ်းရှောင်သွားကာ ပြောလာသည်။

"စိတ်တူကိုယ်တူ အတန်းဖော်တစ်ယောက်ပါ"

နဥ်ရှု: ထွက်သွားစမ်း!

"မင်းမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ" ကျူ့ယန့်ချုံးက မေးလိုက်၏။ "အရင်ဆုံး ငါ့အကြွေးတွေ ပြန်ဆပ်ဖို့ ပိုက်ဆံပေးဦး"

နဥ်ရှု ကျူ့ယန့်ချုံးကို ကြည့်လိုက်၏။ ဒီဂြိုဟ်သားကတော့ တကယ်ပါပဲ သူမ၏ လောကအမြင်ကို အဆင့်မြှင့်တင်လိုက်ပြန်ပြီ။

ကျူ့စုနျန်က ဒီအရာတွေအားလုံးကို သဘာဝအတိုင်းဖြစ်နေကျဟု ယူဆကာ သူ့ကို အလိုလိုက်ခဲ့လေသည်။ အရင်တုန်းက မြောင်မြောင်မြောင်၏ ယောက်ျား ကျန်းကျားဆန်းက အမှိုက်သရိုက်အဆင့်တွင့် သေချာပေါက်ကို ထိပ်ဆုံးကဖြစ်သည်ဟု သူမ တွေးခဲ့သည်။ သို့သော် ကျန်းကျားဆန်းက မြောင်မြောင်မြောင်၏မိသားစုမှ ပိုင်ဆိုင်သမျှကို လုယူသွားသော်လည်း အနည်းဆုံးတော့ သူက သူ့မိသားစုကို ကြည့်ရှုထောက်ပံ့ကာ သားသမီးဝတ္တရားကျေပွန်သေးသည်။ ကျူ့ယန့်ချုံးကတော့ သူ့ကိုယ်သူသာ ဂရုစိုက်သည်။ အစောပိုင်းတစ်က္ကန့်မှာတုန်းက သူ့အတွက် သူ ကြေကွဲဝမ်းနည်းခဲ့ပြီး နောက်တစ်စက္ကန့်မှာတော့ သူ ငွေစတောင်းနေလေသည်။

နဥ်ရှု ချောင်းဟန့်လိုက်ပြီး ပူပင်သောကရောက်စွာ ပြောလာသည်။ "ကျွန်မမှာ ဘာငွေမှမရှိဘူး၊ အမေ နေမကောင်းတုန်းက ဆေးဖိုး အတော်လေးကုန်သွားတာ၊ အမေ ဆုံးသွားပြီးတော့လည်း စျာပနအတွက် ဖုန်းရွှေကောင်းတဲ့နေရာကို ရှာဖို့အတွက် ငွေအတော်လေး ကုန်သွားတာ၊ အိမ်မှာရှိသမျှ ပိုက်ဆံတွေအကုန် သုံးပြီးသွားပြီ"

ဒေါသက ကျူ့ယန့်ချုံးမျက်နှာပေါ် ဖြတ်ပြေးသွားသည်။ သူ မျက်ခုံးကို ပွတ်ကာ စိတ်ပျက်လက်ပျက် မေးလိုက်တော့သည်။ "မင်းမှာ တကယ် ပိုက်ဆံမရှိတော့ဘူးလား"

နဥ်ရှု ခေါင်းခါလိုက်၏။ "ကျွန်မမှာ ပိုက်ဆံ တကယ်မရှိဘူး၊ စစ်ယွမ်နဲ့ ကျွန်မတောင် ပြွန်ပုံစံအဆောက်အဦးကျဥ်းကျဥ်းလေးမှာ နေနေရတာ၊ ညဘက်ဆို ဘေးခန်းက လူတွေရဲ့ဟောက်သံတွေ အမြဲကြားရတယ်၊ စားရင်လည်း အပုပ်အသိုးအသီးတွေပဲ စားနေရတာ"

Realm 18: ကလေးသတို့သမီးTempat cerita menjadi hidup. Temukan sekarang