Chapter 1120 [Unicode]

1.9K 330 5
                                    

Chapter 1120: စားဖို့ သစ်သီးယိုတွေ အမြဲတမ်း ရှိခဲ့တယ်

ပြောရလှျင် ကျူ့ယန့်ချုံးက သူ့သားကိုတောင် မမြင်ဘူးချေ။ ဒီလူက တကယ့်ကို နဥ်ရှု၏ ကမ္ဘာကြီးပေါ်အမြင်ကို တိုးတက်လာစေသည်။ သူ့ဇနီးမီးဖွားတုန်းက ပြန်မလာသလို အမေသေတော့လည်း ပြန်မလာခဲ့သော်လည်း သူ အောင်မြင်တော့မှ ပြန်လာခဲ့သည်။ သူ့အမေ၏ သင်္ချိုင်းဂူကမ္ပည်းကျောက်စာတိုင်ရှေ့တွင် တစ်ကြိမ် နှစ်ကြိမ်လောက် ကန်တော့လိုက်ရုံ၊ ကြောင်သေး တစ်စက် နှစ်စက်လောက် ကျပြရုံနဲ့ သားသမီးတို့ရဲ့ တာဝန်ဝတ္တရားကျေပွန်သွားပြီတဲ့လား။

[ ကြောင်သေး = မျက်ရည် ]

နဥ်ရှု ဆေးကို အမေကျူ့ဆီ ယူလာပြီး ပြောလိုက်သည်။ "အမေ ပူတုန်းလေး သောက်လိုက်ပါဦး"

ဆေးရည်မည်းမည်းတွေက အလွန်ခါးသည်။ အမေကျူ့ အသက်အောင့်ကာ အကုန်လုံး သောက်ချလိုက်၏။ ခါးလွန်း၍ သူမမျက်နှာအမူအရာမှာ ရှုံ့မဲ့နေသည်။ သူမ အာသီသရှိစွာ ပြောလာသည်။ "အမေတို့ အိမ်တော်ကြီးမှာ နေတုန်းကဆို စားဖို့ သစ်သီးယိုတွေ အမြဲတမ်းရှိတယ်၊ ဟင်း..."

နဥ်ရှု အမေကျူ့ကို တစ်ချက်ကြည့်မိသွား၏။ သစ်သီးယိုတွေက အသားထက်တောင် ပိုစျေးကြီးသေးသည်။ ချမ်းသာသောလူများအတွက် အဆာပြေစားစရာဖြစ်သည်။ ယခုလက်ရှိကျူ့မိသားစုအခြေအနေက သစ်သီးယိုဝယ်ရန် မတတ်နိုင်ပေ။

"စုနျန် အမေ့အတွက် သစ်သီးယိုဝယ်ပေးရမလား" နဥ်ရှု မေးလိုက်တော့ အမေကျူ့ သစ်သီးယို၏ ဆွဲဆောင်ခံလိုက်ရပုံပေါ်သော်လည်း အဆုံးမှာတော့ "ထားလိုက်ပါ၊ အမေတို့မှာ ငွေသိပ်မရှိဘူး၊ ပြီးတော့ အမေ့အတွက် ဆေးဖိုးလိုသေးသလို ယန့်ချုံးကိုလည်း ပိုက်ဆံ ပို့ပေးရဦးမယ်၊ သစ်သီးယိုမရှိလို့ အမေ သေမသွားပါဘူးကွယ်" ဟုသာ ပြောလာသည်။

နဥ်ရှု ခေါင်းငြိမ့်လိုက်၏။

နောက်တစ်နေ့တွင် နဥ်ရှု တို့ဟူးရောင်းပြီးနောက် သကြားလုံးရောင်းသောဆိုင်သို့သွားကာ သစ်သီးယိုအချို့ ဝယ်သည်။ ကျူ့စစ်ယွမ်အတွက် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေရန် သစ်ကြားသီးခြောက်အချို့ကိုလည်း ဝယ်ခဲ့သည်။ ယခုလက်ရှိတွင် နဥ်ရှုသည် ကျူ့စစ်ယွမ်ကို ကောင်းကောင်း ဖြူဖွေးပြည့်ဖြိုးလာအောင် ပြုစုပျိုးထောင်ချင်မိသည်။

သူမ ကျူ့ယန့်ချိုးအတွက်ပဲ
စဥ်းစားပြီး ခြိုးခြံချွေတာမနေတော့ပေ။ သူမ ဘယ်လိုခံစားရပါစေ၊ ကျူ့ယန့်ချုံးကတော့ သတိမထားမိသလို ဂရုလည်းစိုက်မည်မဟုတ်။

သူမ ထိုပစ္စည်းများ ဝယ်ယူရာတွင် သူမယောက္ခမ သောက်ရသောဆေးက ခါးလွန်းသောကြောင့် သစ်သီးယိုအချို့ လာဝယ်ခြင်းဖြစ်သည်ဟု ဆိုင်ရှင်ကို ပြောခဲ့လေသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူမက အလုပ်ကြိုးစားပြီး သိတတ်လိမ္မာသော ချွေးမလေးဖြစ်ရာ ပိုလို့တောင် သားသမီးဝတ္တရား ကျေပွန်ကြောင်း ပြရမည်လေ။ သူမ သစ်သီးယိုအချို့ မြည်းကြည့်ချင်တာလည်း ပါသည်။

အမေကျူ့ ဆေးသောက်ပြီးသွားသောအခါ နဥ်ရှုက သူမကို သစ်သီးယိုအချို့ ပေးလာသည်။ အမေကျူ့မြင်တော့ ကျေနပ်အံ့ဩသွားသော်လည်း "ဘာလို့ ဒီလောက် စျေးကြီးတာတွေ ဝယ်လာတာလဲ၊ အရမ်းဖြုန်းတီးတာပဲ" ဟု ဆက်ပြောနေဆဲဖြစ်သည်။

"အမေ သမီးလုပ်နေတာ သမီးသိပါတယ်၊ ဒီနေ့ တို့ဟူး နည်းနည်းပိုရောင်းရတယ်လေ" နဥ်ရှု သိမ်မွေ့စွာ ပြောလိုက်၏။

ဒီစကားကိုကြားပြီးနောက် အမေကျူ့က သစ်သီးယိုကို သူမပါးစပ်ထဲ ထည့်လိုက်သည်။ သူမမျက်လုံးများကို မှိတ်ကာ သူမအမူအရာက စားမြုံ့ပြန်နေပြီး သာယာကြည်နူးနေပုံပေါ်သည်။ နောက်တော့ ကျန်သည့်သစ်သီးယိုများကို ခပ်ဝေးဝေးတွင် သိမ်းထားလိုက်သည်။ နဥ်ရှုကို နည်းနည်းလေးတောင် ကျွေးဖို့ စိတ်ကူးမရှိချေ။

နဥ်ရှု အထင်တသေးဖြင့် သူမနှုတ်ခမ်းတို့က လျှို့ဝှက်စွာ တွန့်ကွေးသွား၏။ကံကောင်းလို့ သူမ ကလေးအတွက် ကြိုတင်ပြီး သပ်သပ်ချန်ထားတာရှိသေးသည်။

အမေကျူ့ကား တစ်ကိုယ်ကောင်းဆန်သော လူတစ်ယောက်ပင်။

အမေကျူ့ နေမကောင်းဖြစ်နေသောကြောင့် ကျူ့စစ်ယွမ်က နဥ်ရှုနှင့် အိပ်ရသည်။ ကျူ့စစ်ယွမ်ကို နဥ်ရှု ချော့သိပ်ပြီးနောက် အိပ်ရာပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ ပြိုင်ဘက်ကင်းကိုယ်ခံပညာကို လေ့ကျင့်နေလိုက်သည်။ ဒီလို ဖရိုဖရဲဖြစ်နေသောခေတ်ကြီးတွင် သူမကိုယ်တိုင်နှင့် ကလေးကို ကာကွယ်ရန် ခွန်အားလိုအပ်သည်။

Realm 18: ကလေးသတို့သမီးWhere stories live. Discover now