Chapter 1138 [Unicode]

1.4K 280 1
                                    

Chapter 1138: သူက ချမ်းသာတဲ့မိသားစုက သခင်လေးလို့ ကျွန်မကြားတယ်

အခန်းထဲမှ ထွက်လာပြီးနောက် ကျူ့ယန့်ချုံးဆီသို့ လာလည်သော ဖန်းဖေးဖေးနှင့် နဥ်ရှုဝင်တိုက်မိလေသည်။ ဖန်းဖေးဖေးက သိုးမွေးအပေါ်ဝတ်ရုံနှင့် အနီရောင်လည်စည်းပဝါကို ဝတ်ဆင်ထားတော့ သူမမျက်နှာအရောင်လေးမှာ ပိုပိုကြည့်ကောင်းနေတော့သည်။

နဥ်ရှုက သူမကို ဖျတ်ခနဲ့ ကြည့်လိုက်ပြီး သူမကို ပွတ်ကာသီကာဖြင့် တိုက်သွားလိုက်သည်။ ဖန်းဖေးဖေးက လှည့်ကြည့်လိုက်ပြီး နဥ်ရှုကို ခေါ်လိုက်သည်။ 

“သူနာပြုမိန်းကလေး တဆိတ်လောက်ရှင့်”

နဥ်ရှုက ဇလုံကို ကိုင်ထားရင်း ဖန်းဖေးဖေးရှိရာသို့ လှည့်ကြည့်လိုက်သည်။ ဖန်းဖေးဖေး ခဏလောက် ချီတုံချတုံဖြစ်သွားပြီးမှ မေးလာသည်။

“ယန့်ချုံး ကျွန်မပြောချင်တာ အဲ့ဒီလူနာ လုံးဝပြန်ကောင်းလာဖို့ ဘယ်လောက်ကြာဦးမှာလဲ”

နဥ်ရှုက မရေမရာဖြေလိုက်၏။

“အဲ့ဒါက လူနာတွေရဲ့ ပြန်ကောင်းတဲ့နှုန်း​ေပါ် မူတည်တယ်၊ ကျွန်မ သေချာ မပြောနိုင်ဘူး”

ဖန်းဖေးဖေး မျက်ခုံးတို့ တွန့်ချိုးသွား၏။ ထို့နောက် တည့်တည့်သာ မေးလိုက်တော့သည်။

“သူ ပြန်ကောင်းမလာခင်အထိဆို ကုသမှုအတွက် ဘယ်လောက်တောင် ကုန်မှာလဲ”

အနှီမေးခွန်းကို နဥ်ရှုကြားလိုက်ရတော့ အံ့အားသင့်သွားရသည်။ သူမ ဖန်းဖေးဖေး၏ မျက်နှာလှလှလေးကို ကြည့်လိုက်၏။ ဖန်းဖေးဖေးက ကျူ့ယန့်ချုံးအတွက် ဆေးရုံစရိတ်မပေးချင်တော့တာတော့ မဟုတ်ဘူးမလား။

“အဲ့တာနဲ့ ပတ်သတ်ပြီး ကျွန်မ သေချာ မပြောနိုင်ဘူး၊ အတိအကျသိချင်ရင် ဆရာဝန်ကို မေးကြည့်လို့ရတယ်၊ ဒါပေမယ့် သာမန်ဒဏ်ရာတွေတောင် ပြန်ကောင်းဖို့ သုံးလလောက်ကြာတယ်၊ သူ့ဒဏ်ရာက တစ်ရက် နှစ်ရက်အတွင်း ပျောက်နိုင်တာမျိုး မဟုတ်ဘူး၊ သူ့ကို သေချာဂရုစိုက်ဖို့လိုတယ်” နဥ်ရှု ပြောလိုက်ရင်း မျက်လုံးကစားလိုက်၏။ ပြီးမှ အနည်းငယ် အတင်းတုပ်သောလေသံဖြင့် ပြောလိုက်သည်။

“သူက ချမ်းသာတဲ့မိသားစုက သခင်လေးလို့ ကျွန်မကြားတယ်၊ ငွေလေးနည်းနည်းလောက်က သူ့အတွက် ဘာမှမဟုတ်လောက်ဘူး”

ဖန်းဖေးဖေးက နဥ်ရှုကို ဖျတ်ခနဲကြည့်လိုက်သည်။

“သူက ချမ်းသာတဲ့မိသားစုက သခင်လေးဆိုတာ ရှင်ဘယ်လိုလုပ်သိလဲ”

“သူက ငွေတစ်ထောင်တန် ဂျာမန်နာရီ ဝတ်ထားတယ်လေ၊ သူသာ သခင်လေးမဟုတ်ဘူးဆိုရင် ဒါဖြင့် သူက ဘာလဲ၊ ဒါပေမယ့် သူ့ကြည့်တာ ပိုက်ဆံရှိပုံမရဘူး၊ ရှင်တို့တွေ အရင်အကြိမ် မတ်လတုန်းက အရိုက်ခံရတုန်းက ဆေးရုံတက်ခဲ့သေးတယ်လေ၊ အဲ့ဒီတုန်းကလည်း ဆေးရုံစရိတ် မတတ်နိုင်ခဲ့ဘူး”

နဥ်ရှု အများအပြား အတင်းတုပ်တာက ဖန်းဖေးဖေး၏မျက်နှာအရောင်ကို ဆိုးသထက် ဆိုးလာစေသည်။ ဖန်းဖေးဖေးက နဥ်ရှုကို စိတ်မပါတပါ တုန့်ပြန်လိုက်ပြီးနောက် လူနာခန်းထဲသို့ ဝင်သွားတော့သည်။

နဥ်ရှု လှောင်ရယ်လိုက်၏။ ကျူ့ယန့်ချုံးကား ကျူ့စုနျန် ချွေးနှင့် မျက်ရည်များ ကျသည်အထိ ကုန်းရုန်းရှာဖွေထားသော ပိုက်ဆံများကို သုံးဖြုန်းနေခြင်းသာ။ သူတို့နှစ်ယောက်သားသည် ကျူ့စုနျန်၏ ပိုက်ဆံများကို ချိန်းတွေ့ရာတွင် သုံးခဲ့ကြသည်။ ယခုမူ သူမက ဖန်းဖေးဖေးဆီက ငါးယွမ်သာ ညှစ်ထုတ်ရသေးသည်။ ဖန်းဖေးဖေးက သည်းမခံနိုင်တော့ချေ။

ကျူ့စုနျန် ငွေတစ်ခါပို့တိုင်း ယွမ်နှစ်ဆယ်ပို့လေသည်။ သည်လောက်ငွေအများကြီး ရဖို့ရာ သူမ တို့ဟူးတွေ ဘယ်လောက်များများ ရောင်းခဲ့ရမှာပါလိမ့်။

ဖန်းဖေးဖေး၏ မိသားစုအခြေအနေက အတော်လေး ကောင်းမွန်လှသည်။ ထိုသို့သာ မဟုတ်လျှင် သူမမိသားစုက မိန်းကလေးတစ်ယောက်ကို ကျောင်းတက်စေမည်မဟုတ်။ သို့ဖြစ်စေကာမူ သူတို့က ချမ်းသာနေတာတော့မဟုတ်။ မဟုတ်လျှင် ဖန်းဖေးဖေးက ငါးယွမ်ထုတ်ရတာကို အငြင်းပွားနေမည် မဟုတ်ပေ။

ကျူ့ယန့်ချုံးက ဖန်းဖေးဖေးရှေ့တွင် အရမ်းကို ရက်ရောတတ်သလို ဟန်ဆောင်တတ်သည်။ ပြီးတော့ သူ့ပင်ကိုအရှိန်အဝါကိုပါ ထည့်ပေါင်းလျှင် သူက ငွေရေးကြေးရေးချို့တဲ့နေသူနှင့်လည်း မတူချေ။

ကျူ့ယန့်ချုံးက ဖန်းဖေးဖေးရှေ့တွင် သူ့မိသားစုအကြောင်း တစ်ခါမှ မပြောပြခဲ့ဖူးပေ။ သူ့တွင် ဇနီးနှင့် ကလေးရှိသည့်အချက်ကို ဖန်းဖေးဖေးအား ထိမ်ချန်ထားသည်။ သူ့အကြံကား ရိုးရှင်းလှသည်။ သူမဆီကနေ တတ်နိုင်သမျှ လျှို့ဝှက်ထားနိုင်သရွေ့ သူချစ်သောသူနှင့် ကြာကြာနေနိုင်လိမ့်မည်။

Realm 18: ကလေးသတို့သမီးWhere stories live. Discover now