Chapter 1122 [Unicode]

2K 340 2
                                    

Chapter 1122: ရှင့်အမေ သေတော့မယ်၊ ပြန်လာခဲ့

ကျူ့စစ်ယွမ်၏ အမေတစ်ယောက်အနေဖြင့် သူမဟာ စံပြဖြစ်နေဖို့လိုသည်။ ဖန်းဖေးဖေးကိုတောင် အမျိုးသမီးသူရဲကောင်းလို့ ခေါ်ကြသေးတာပဲ မဟုတ်လား။

နဥ်ရှု နေ့တိုင်းနေ့တိုင်း အရမ်းအလုပ်များလျက်ရှိသည်။ ညဘက်တွင် မအိပ်ဘဲ ကျင့်ကြံရသေးသည်။ ထို့အပြင် အာရုဏ်တက်ချိန် ရောက်သည်နှင့် တို့ဟူးစလုပ်ရပြန်သည်။

ယခုလက်ရှိ သူမပန်းတိုင်က ပိုက်ဆံပိုပိုရလာပြီး စားနပ်ရိက္ခာ စုဆောင်းနိုင်ဖို့ဖြစ်သည်။ တစ်ကြိမ် ဖရိုဖရဲဖြစ်သည်နှင့်စားနပ်ရိက္ခာက ရှားပါးလာလိမ့်မည်။ ထိုအချိန်တွင် မန်ထို*တစ်လုံးကို ရွှေချောင်းတစ်ချောင်းနှင့်တောင် ဝယ်လို့မရနိုင်ပေ။  

[ မန်ထို《馒头》- အစာလွတ်ပေါက်စီ
ပေါင်းကျစ့်《包子》- အစာသွပ်ပေါက်စီ ]

ကျူ့စုနျန်၏ဆန္ဒကို ဖြည့်ဆည်းပေးပြီး ကျူ့စစ်ယွမ်ကို ဂရုစိုက်ရုံသာမက ကျူ့စုနျန်ကို ပျော်ရွှင်သောဘဝတစ်ခု ရရန် ကူညီပေးရမည်။ ကျူ့စုနျန် အဆုံးမှာ ကျရှုံးခဲ့ရသော အကြောင်းအရင်းက ဖန်းဖေးဖေးလို ပါရမီမရှိသောကြောင့်ဖြစ်သည်။

ရာသီဥတုက ပိုမိုအေးလာနေသည်။ နဥ်ရှု ချည်ထည်အချို့ ဝယ်လာပြီး စစ်ယွမ်နှင့် သူမကိုယ်တိုင်အတွက် ချည်သားအခံအပေါ်ဝတ်အင်္ကျီ ချုပ်လိုက်သည်။ အမေကျူ့အတွက် တစ်ထည်လောက် ချုပ်မပေးရသောအကြောင်းအရင်းက အမေကျူ့က အရမ်းနေမကောင်းဖြစ်နေပြီး အိပ်ရာထဲမှပင် မထနိုင်သောကြောင့်ဖြစ်သည်။

သူမ ဆေး ဘယ်လောက်ပဲသောက်သောက် အကူအညီဖြစ်ပုံမပေါ်။ အကျိုးမရှိရင်တောင်မှ နဥ်ရှုက ဆေးပုံမှန်ဝယ်ကာ အမေကျူ့သောက်ရန် ကျိုမြဲပင်။ သူမက အကြိမ်တိုင်း သစ်သီးယိုများပင် ပိုဝယ်လာသေးသည်။

ဒီနာမကျန်းမှုက အမေကျူ့၏ စိတ်အခြေအနေကြောင့်ဟု နဥ်ရှု ခံစားရသည်။ အမေကျူ့က ဆင်းရဲဒုက္ခကို သည်းမခံနိုင်ချေ။ သူမသာ သည်းခံနိုင်လျှင် သူမကသေချာပေါက် ကံကောင်းသောသခင်မကြီးဖြစ်လာလိမ့်မည်။ တကယ်တော့ အနာဂတ်တွင် ကျူ့ယန့်ချုံးက အောင်မြင်လာမည်ဖြစ်သည်။   

တစ်ခါတစ်ရံတွင် အမေကျူ့အဖျားကြီးချိန်တွင် ကျူ့ယန့်ချုံးနာမည်ကို ရေရွတ်ရုံမှတစ်ပါး ဘာမှမလုပ်နိုင်ချေ။ ကြည့်ရသည်မှာ သူမ သိပ်ကြာကြာနေရတော့မည့်ပုံမပေါ်။ ဆရာဝန် တစ်ချက်လာကြည့်သောအခါ သူက နဥ်ရှုကို စျာပနအတွက် ပြင်ဆင်ထားဖို့သာ ပြောလာသည်။ 

နဥ်ရှု စာတိုက်ရုံးသို့ အကြိမ်ကြိမ်သွားကာ ကျူ့ယန့်ချုံးကို ပြန်လာရန် ကြေးနန်းရိုက်သည်။ ပထမတော့ ကျူ့ယန့်ချုံး စာပြန်သေးသော်လည်း နောက်ပိုင်းတွင် သူ စိတ်အနှောင့်အယှက်ဖြစ်လာသည်။ ထို့အပြင် သူမက သူ့ကို ပိုက်ဆံပို့မပေးသောကြောင့် သူ ဒေါသထွက်ကာ စာမပြန်တော့ပေ။

နဥ်ရှုကတော့ တည့်တည့်ပဲ ကြေးနန်ရိုက်လိုက်သည်။ ရှင့်အမေ သေတော့မယ်၊ သူမရဲ့နောက်ဆုံးခရီးမှာ နှုတ်ဆက်ရအောင် ပြန်လာခဲ့ ဟူ၍။  

ဒီတစ်ကြိမ်တွင် ကျူ့ယန့်ချုံး စာပြန်လာသည်။ နဥ်ရှု ပြောလိုက်သည့် သူ့အမေ သေတော့မည်ဟူသော အချက်က သူ့ကို မပျော်မရွှင်ဖြစ်စေသည်။ ကျူ့ယန့်ချုံးက သူ့အမေ သေတော့မည်ဆိုတာကို မယုံချေ။ အမေကျူ့က ချမ်းသာကြွယ်ဝသောမိသားစု၏ သခင်မကြီးဖြစ်ကာ သူမကျန်းမာရေးကို အမြဲတမ်းကောင်းကောင်းဂရုစိုက်လေ့ရှိသည်။ ထို့အပြင် အိမ်အလုပ်တွေအကုန် ကျူ့စုနျန် လုပ်သည်ကို ကျူ့ယန့်ချုံးကလည်း သိသည်။
    
စာအဆုံးတွင် ကျူ့ယန့်ချုံးပြောထားသည်။ မင်း မိသားစုအတွက် ကြိုးစားခဲ့တယ်၊ ထို့နောက် ရှန့်ဟိုင်ဆောင်းတွင်းက ဘယ်လိုအေးကြောင်း၊ ဟွမ်ဖူမြစ်က လေတွေက စိုထိုင်းပြီး အေးနေကြောင်း စပြောလာပြန်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အဝတ်အစားဝယ်ရန် သူ ပိုက်ဆံလိုသည်။

နဥ်ရှု: →_→

နဥ်ရှု ကြေးနန်းစာကို ဆုတ်ဖြဲပစ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမဘာပြောပြော ကျူ့ယန့်ချုံးက ပြန်လာမည်မဟုတ်။ စာတိုက်ရုံးမှ ထွက်လာပြီးနောက် အသုဘအခေါင်းနှင့် စျာပနဝတ်စုံကို စတင်ပြင်ဆင်တော့သည်။ 

လက်ရှိတွင် အမေကျူ့က အစားသေချာမစားနိုင်ဘဲ အရည်လောက်ပဲ သောက်နိုင်တော့သည်။ တစ်ခါတစ်ရံတွင် သူမ ရေတောင် မသောက်နိုင်ပေ။

အမေကျူ့နိုးလာတိုင်း ယန့်ချူံးပြန်လာပြီလားဟု နဥ်ရှုကို မေးလိမ့်မည်။ နဥ်ရှုက မလာ​ကြောင်း ပြောလိုက်သည်နှင့် အမေကျူ့က စငိုလိမ့်မည်။ 

Realm 18: ကလေးသတို့သမီးWhere stories live. Discover now