ပထမတစ်ကြိမ်က သူ့အဒေါ်ကို ကျေနပ်စေအောင် ဆိုပေမယ့်၊ အခုတစ်ကြိမ်ကကော။ သူဘာလို့ ဒီလိုလုပ်တာလဲ။ ဖုန်းဖေ့မင် သူ့စိတ်ထဲ ပြန်မေးနေမိသည်။

သို့သော် လူငယ်လေး၏ မျက်ဝန်းများ ပြန်တောက်ပလာသည်ကို တွေ့သောအခါ ၎င်းအပေါ် ပုံကြီးချဲ့မနေတော့ပေ။

ရှန်မင်းရယ် အနောက်ဘက်လှည့်လာပြီး သူ့ကိုရှက်ရွံ့စွာကြည့်နေပုံက ဖုန်းဖေ့မင်ကို များစွာကျေနပ်စေ၍ဖြစ်မည်၊ သူခေါင်းငုံ့ကာ လူငယ်လေး၏ နဖူးကိုနမ်းရန်ပြင်လိုက်သည်။

အေဟတ်မျက်လုံးဖွင့်လိုက်သည်နှင့် သူ့အားသတ်လုနီးပါး မြင်ကွင်းကြီးအား ချက်ချင်းမြင်လိုက်ရသည်။ သေစမ်း။ သူတောင် အိပ်မက်ထဲမှာပဲ နမ်းနိုင်သေးတယ်။ ဒီဖုန်းဖေ့မင်က သူ့ကောင်လေးကိုထိဖို့ ဘယ်ကနေလုပ်ပိုင်ခွင့်ရလာတာလဲ။

"သခင်! "

ဖုန်းဖေ့မင်က ချင်းယွင်၏ နဖူးကိုထိခါနီးတွင် စက်ရုပ်အိမ်အကူ၏ ခပ်မာမာအသံက သူ့လှုပ်ရှားမှုများကို ရပ်တန့်စေလိုက်သည်။

"ဘာလဲ။ " ဖုန်းဖေ့မင်က မပျော်မရွှင်ဖြင့် လှည့်ကြည့်သည်။

ချင်းယွင်မျက်ဝန်းများ၏ အနက်တစ်နေရာမှ အေးစက်မှုသည် အနည်းငယ်ဖျော့သွားသည်။ ထို့နောက်သူက ကုတင်ခြေရင်း၌ရပ်နေသော စက်ရုပ်ကို မျက်ခုံးပင့်၍စိတ်ဝင်တစား ကြည့်လိုက်သည်။

"သခင်၊ စစ်ဆေးမှုတွေ လုပ်ကြည့်လိုက်တော့၊ မနက်စာမစားထားတဲ့အတွက် သခင်လေးရဲ့သွေးတွင်းသကြားဓာတ်က ပုံမှန်ရှိသင့်တာထက် လျော့နေပါတယ်။ဒါ့ကြောင့် သခင်လေးကို အခုချက်ချင်း အောက်ထပ်ဆင်းပြီး တစ်ခုခုစားဖို့ အကြံပေးချင်ပါတယ်။ "

ဤစကားကိုပြောရန် အေဟတ်အံကြိတ်ထားရသည်။ စက်ရုပ်အိမ်အကူက သူ့သခင်ကို မညာနိုင်ပေ။ သူဤတစ်ခွန်းကိုပြောရန် စက်ရုပ်အားမည်မျှထိန်းချုပ်ထားရကြောင်းကို ဘုရားသာသိပေလိမ့်မည်။

၎င်းကိုကြားသောအခါ အခုလေးတင် ရှန်မင်းရယ်၏ အကြည့်အောက်တွင် ကြင်နာတတ်သောပုံစံဖမ်းနေသော ဖုန်းဖေ့မင်မှာ လူငယ်လေးအား မနှောင့်နှေးစေတော့ဘဲ အေဟတ်အား စားစရာယူလာရန် ခိုင်းလိုက်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now