Part 46

1.8K 127 0
                                    

(unicode)
သခင်မရှိသော ဤစံအိမ်ကြီးသည် ရှင်ဘုရင်မဲ့သော တိုင်းပြည်တစ်ခုနှယ်။ ရည်ရွယ်ချက်တို့ ပျောက်ဆုံးလို့။ နာခံစရာ အမိန့်တော်တို့မရှိသော ကလေးငယ်၏ တစ်နေ့တာမှာလည်း အဓိပ္ပာယ်မဲ့လွန်းလှ၏။

မနက်က ကလေးငယ်နှင့် စကားများပြီး အပြင်ဘက်သို့ ဝုန်းဒိုင်းကျဲကာ ထွက်ခွာသွားလေသော သခင်သည် ယခုညနေစောင်းသည်အထိ အရိပ်အယောင်မပြ။ လိမ္မာလွန်းသည့် ကလေးငယ်သည်လည်း ဧည့်ခန်းထဲမှ တစ်နေကုန် ထွက်မလာတော့။ သခင်ချန်ခဲ့သောနေရာမှ တစ်ဖဝါးမှ မခွာဘဲ သခင့်အလာကိုသာ စောင့်မျှော်လို့နေ၏။

ခြောက်ခြားစရာကောင်းအောင် တိတ်ဆိတ်နေသော အခန်းကျယ်ကြီးဆီသို့ မူမမှန်သော ခြေလှမ်းများနှင့် အလောသုံးဆယ် ဝင်ချလာသည်က အိမ်တော်ထိန်းအန်း။ မျက်ရည်စများ ဟိုတစ်ကွက် ဒီတစ်ကွက် စွန်းထင်းနေသည့် ကြမ်းခင်းကြီးပေါ် လက်ဖြင့်ခေါင်းအုံးလုပ်ကာ ခွေခွေကလေး လှဲအိပ်နေရှာသော ကလေးငယ်ကို အလန့်တကြား ကြည့်သည်။

"ခမ်း၊ သခင်လေးက သူ့ဆီလာခဲ့ပါတဲ့"

"ဟင်"

သခင့်အမိန့်ကို လက်ခံရရှိသည်နှင့် နာခံတတ်သော ကလေးငယ်မှာ အိပ်နေရာမှ ချက်ချင်းဆိုသလို ထရပ်ရန်ကြိုးစား၏။ ထိုအခါ နာရီအတန်ကြာသည်အထိ ဟောင်းလောင်းကလေး ဖြစ်နေရသော အစာအိမ်သည် သူ့အား တစ်နေကုန်ပစ်ထားသော ကလေးငယ်ကို ပြန်၍ လက်စားချေသည်။ ရုတ်တရက် ထရပ်လိုက်သည်ကြောင့် မျက်လုံးများ ပြာဝေသွားပြီး အားအင်ချိနဲ့သော ခန္ဓာကိုယ်သည် လေထဲတွင် လွင့်မျောလို့။ ဖမ်းဆီးထားပေးမည့် လက်တစ်စုံတို့ အနားတွင် မရှိသည်ကြောင့် ကူရာမဲ့သော ကိုယ်ကလေးသည် ပျော့ပျော့အိအိ ဆိုဖာထက်သို့ ပြင်းစွာသော အရှိန်ဖြင့် ပြန်ပြုတ်ကျ၏။

"ခမ်း"

"ရတယ်။ ကျွန်တော်ရတယ်။ ကိုကိုက ဘယ်ကိုခေါ်တာလဲ။ ကျွန်တော် ဘယ်ကိုလာရမှာလဲ"

ဆိုဖာလက်တန်းကို အကူအညီယူလျက် မနည်းထထိုင်နေရှာသော ကလေးငယ်မှာ စက္ကန့်ပိုင်းအတွင်း ကမ္ဘာကြီးပျက်ပြားသွားတော့မည့်နှယ်။ သခင့်အမိန့်အား တစ်ဆင့် သယ်ဆောင်ပေးလာသော အိမ်တော်ထိန်းအန်းကို မျက်လုံးဝိုင်းဝိုင်းကြီးများနှင့် အားကိုးတကြီးကြည့်ကာ အသည်းအသန် မေးမြန်းလာ၏။

Submissive 2.0 (completed)Where stories live. Discover now