Part 24

2.6K 170 2
                                    

(unicode)
သာယာနွေးထွေးသည့် မနက်ခင်းလေးဖြစ်သည်။ ပန်းခင်းကြီးထဲရှိ ပန်းရောင်စုံတို့သည် မြူးမြူးကြွကြွနှင့်၊ အပေါ်ထပ်တွင် အိပ်မောကျနေသည့် မင်းသားလေးအလာကို စောင့်မျှော်နေသည့်နှယ်။ ထိုးထိုးထောင်ထောင်နှင့် ဟိုယိမ်းဒီယိမ်း လုပ်နေကြတော့သည်။

သူတို့မင်းသားလေးကို မြောက်ကြွမြောက်ကြွနှင့် မျှော်တော်မူနေရသည့် ပန်းပင်တို့မှာ ဤစံအိမ်၏ ဘုရင်ကြီးကိုတော့ ကြောက်ရှာသည်။ အလှပန်းတို့မှာ သူတို့ဘုရင်ကြီး ထွက်လာလျှင် မြက်ပင်များကြား ပုန်းလျှိုးကွယ်လျှိုး လုပ်ရသည်မှာ အမော။ သူ့တို့ကို ဘယ်အချိန် ကွပ်မျက်မလဲဟု တွေးနေရသည်မှာလည်း ရင်တမမနှင့် မသက်သာလှ။ ဘုရင်ကြီးက ဟိုးအစတည်းက သူတို့ကို အမြင်မကြည်သည်လေ။

တစ်ယောက်က တုန်နေအောင်ချစ်လျှင် နောက်တစ်ယောက်ဆီမှ ခါးသက်သက် အမုန်းမဟုတ်ပေမယ့် မချိုမချဉ် အမြင်ကပ်ခံရခြင်းကို လက်ခံရရှိမည်မှာ သဘာဝ။ သို့သော် စံအိမ်ကြီးရှိ ပန်းပင်တို့က သူတို့ဘုရင်ကြီးကို အပြစ်မမြင်ရက်။ သူတို့ရဲ့ မင်းသားလေးက ဘုရင်ကြီးကို အဆိုးမမြင်တတ်ဖို့ သင်ပေးထားသည်တဲ့။

*တီတီ တီတီ*

စံအိမ်ကြီးရှိ မနက်ခင်း အလှတရားကို ဖျက်ဆီးလိုက်သူသည် တခြားမဟုတ်။ ကလေးငယ်လေး အိပ်နေသည့် ကုတင်ဘေးရှိ ခုံစောင်းထက်မှ စူးစူးရှရှ နာရီနှိုးစက်သံပင်။ ထိုစားပွဲတင်နာရီလေးမှာ စိန်များဖြင့် အလှဆင်ခြယ်မှုန်းထားသော်လည်း ၎င်းမှတရစပ်ထွက်လာသည့် နှိုးစက်သံမှာ စိန်တင်မဟုတ် ငွေလေးပင် အနားကွပ်ထားပုံမပေါ်။ ကလေးငယ်၏ နားထဲသို့ တိုးဝင်လာတာများ ငှက်ဆိုးသံကြီးကို ဖြစ်လို့။

အအိပ်မက်သည့် ကလေးသည် ပြောင်ပြောင်လက်လက်နှင့် အကျိုးမပေးသည့် ထိုနာရီကို ရိုက်ခွဲချင်မိသည်မှာ ကာလအတော်ကြာပြီဖြစ်သည်။ သူ့ကိုကိုကို ကြောက်၍သာ ငြိမ်နေခြင်းပင်။ ပစ္စည်းကို စည်းမရှိကမ်းမရှိ ဖျက်ဆီးသည့် အမှုဖြင့် ကြိမ်ဒဏ်သင့်နေမှ ဒုက္ခ။ စားပွဲတင်နာရီလေးမှာမူ ဘုန်းသွင်ကို ကြိတ်ကာမှိတ်ကာ ကျေးဇူးတင်လျက်၊ အကျယ်လောင်ဆုံးအသံကြီးကို ထုတ်လွှတ်ကာ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်နေတော့သည်။

Submissive 2.0 (completed)Where stories live. Discover now