Part 25

2.3K 159 1
                                    

(unicode)
တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ်ခန့် စားစားနေကျဖြစ်သည့် ထိုချော့ကလက်ပေါင်မုန့်လေးက ယနေ့ခါမှ တစ်မူထူး၍ အဆပေါင်းများစွာ ပိုချိုနေသယောင်။ မုန့်ဖုတ်သည့် ဦးလေးကြီးက သဘောကောင်းနေ၍ သကြားပိုထည့်ထားသလားမသိ။ ချိုမြိန်နေလိုက်တာများ ပျားရည်လေးပင် အရှုံးပေးရလောက်သည်။

ပါးစပ်ထဲရှိ ပေါင်မုန့်ကို အသာလေး ဝါးနေရင်းမှာပင် သူ့ဘေးရှိ ကားမောင်းနေသည့် သူ့ကိုကိုကို တစ်ချက်ကြည့်မိလိုက်သည့်အခါ ရင်ဘတ်ထဲက နှလုံးသားသည် ဒုတ်ခနဲ။ စလာပြန်ပြီလား ရင်ခုန်သံတွေရေ။

ရှပ်အင်္ကျီ လက်ရှည်အဖြူအရောင်ကို သေသေသပ်သပ် ဝတ်ဆင်ထားပြီး စီရာတိုင်ကို စတိုင်ကျကျ ကိုင်ထားသည့် သူ့ကိုကို၏ ဘေးတိုက်အနေအထားမှာ အတော့်ကို ကြည့်ကောင်းလှသည်။ အရှေ့သို့ အာရုံစိုက်နေသည့် စူးရှရှ မျက်ဝန်းတစ်စုံက ခန့်ညားခြင်းဟူသည့် အရောင်အဝါကို ထပ်ဆောင်းအလှဆင်နေပြန်တော့ ကလေးငယ်လည်း တံတွေးကိုသာ အထပ်ထပ်မျိုချရတော့သည်။

သို့သော် ထင်ထားသလောက် ကိစ္စက မချော။ ပါးစပ်ထဲတွင် ဝါးမကုန်သေးသည့် ပေါင်မုန့်လေးက ရှိနေသည်လေ။ ထို့ပြင် လက်ထဲရှိ အရည်ပျော်ကျလုနီးပါး ဖြစ်နေသည့် ချော့ကလက် ခရင်မ်တို့ကလည်း ကလေးငယ်လေးကို လက်ပြနှုတ်ဆက်နေလေရဲ့။ အရင်က ထိုပေါင်မုန့်ကိုစားပြီးလျှင် ပါးစပ်မပေဘဲ ပြီးစီးသည့် အခေါက်ဟူ၍မရှိ။ ရေဖြင့် ပြန်ဆေးရမြဲဖြစ်သည်။ အတွေးတစ်စုံက ဦးနှောက်ထဲသို့ တိုးဝင်လာသည်နှင့် တစ်ပြိုင်နက် ကလေးငယ်လေး ခေါင်းကြီးသွားတော့သည်။ သူ့ကိုကိုက အရမ်းအသန့်ကြိုက်တာ။ ချော့ကလက်တွေ ပေကုန်လို့ မဖြစ်ဘူး။ တော်ပြီ။ နောက်ဆို ပလိန်းပေါင်မုန့်ပဲ စားတော့မယ်။

ကလေးငယ်သည် သူ့ကိုကိုရှေ့တွင် ဒေါက်မပြုတ်ချင်၍ ကျန်ရှိနေသည့် ထိုချော့ကလက်ပေါင်မုန့်လေးကို ပါးစပ်ထဲသို့ အတင်းထိုးထည့်ကာ လက်တွေမပေကျံမီ အမြန်စာရင်းရှင်းရန် ကြံစည်မိသည်။ အရေးထဲ။ ဒီအချိန်ကျခါမှ မြန်မြန်ဝါးတတ်သည့် သွားများက နှေးကွေးနေသယောင်။ကလေးငယ်သည် အစာကို ကြေညက်အောင် မဝါးနိုင်တော့ပြီ။ ဗိုက်ထဲရှိ အစာချေရည်များကိုသာ အားနာပါးနာဖြင့် အလုပ်ပေးမိသည်။ အဓိကရည်ရွယ်ချက်က ဤချော့ကလက်ပေါင်မုန့်ကြီး အရည်မပျော်မီ မြင်ကွင်းမှ ပျောက်ကွယ်သွားရန် မဟုတ်လား။ မြန်မြန်စား။ မြန်မြန်မျိုချ။ ကော်ဖီကို မြန်မြန်သောက်။ ရက်စ်။

Submissive 2.0 (completed)Where stories live. Discover now