Part 38

2.3K 154 15
                                    

(unicode)
တစ်ခါတလေကျပြန်တော့ ကလေးမျိုးနွယ်စုက လူကြီးများထက်ပင် ပို၍နားလည်ရခက်သား။ တစ်ဆိတ်ရှိ ငိုမည်။ မငိုလျှင် စကားမပြောဘဲနှင့် နှုတ်ခမ်းစူကာ စိတ်ကောက်ပစ်မည် ဆိုတာတွေချည်း။

ယခုလည်း သူ့ဟာနှင့်သူ မထိန်းနိုင်ဘဲ အိပ်ယာထဲသို့ ရှူးရှူးပေါက်ချတော်မူသည့် ဘုရင်သေးသေးလေးက "ကိုကိုကြောင့်"ဟု ရေရွတ်ရင်း အရပ်ရှစ်မျက်နှာသို့ လော်စပြီကာနှင့် တိုင်တည်ဟစ်ကြွေးနေပြန်၏။ မသိလျှင် ဘုန်းသွင်ကချည်း အရည်များဖြင့် ပြည့်တင်းနေသော သူ့ဆီးအိတ်လေးကို လက်ဖြင့်သွားညှစ်မိသလို။ မျက်စိကို စုံလုံးမှိတ်လို့ ခြေကားယား လက်ကားယားဖြင့် ကုတင်ပေါ်တွင် တွန့်လိမ်နေတာများ ဆားနှင့်အပက်ခံရသည့် တီကောင်လေးပင် အရှုံးပေးရချည်ရဲ့။

'သူ့ခမ်းအငိုသန်လေးကို တစ်ယောက်ယောက် လာထိန်းပေးကြပါဦး' ဟုလည်း ဘုန်းသွင် မမြည်ကြွေးလိုပြီ။ သူ့ကလေး သေးသေးလေးကို တခြားသူ ထိပါးတာ ကြိုက်မှမကြိုက်ဘဲ။ သူ့ဂွမ်းလုံးလေး စိတ်ပြေလာအောင် သူကိုယ်တိုင် ချော့မြူးမည်။ စကားဖြင့် ချော့မော့ပြောဆို၍မှ မရလျှင် သကြားလုံးနှင့် အချိုကျွေး၍ ချော့မြူးမည်။ နောက်ဆုံး သကြားခဲလိုက်ကြီး ချကျွေးလျက်နှင့်ပင် စိတ်ကောက်နေသေးပါက ကြိမ်လုံးနှင့်ရိုက်၊ ငရုတ်သီးကျွေးပြီး ချော့မြူးဦးမည် ဖြစ်၏။ ဤကား ဘုန်းသွင်၏ ကလေးထိန်းနည်း သီအိုရီပေါင်းချုပ်သာတည်း။

ဘုန်းသွင်အနေနှင့် ယခုလက်ရှိ အခြေအနေအရ ကောက်တော်မူနေသော ဘုရင်လေးအား သကြားလုံးကျွေးဖို့နေနေ ခမ်းအငိုသန်လေးက သူ့ကို အနားပင် အကပ်မခံ။ "ကျွန်တော် ညစ်ပတ်နေတယ်လေဗျာ" ဆိုပြီး ခမ်းအလိုက်သိလေးက ငိုယိုကာ နှင်ထုတ်နေပြန်တော့လည်း လူကြီးလူကောင်းဖြစ်သော ဘုန်းသွင်ခင်ဗျာ ရယ်ရခက်၊ ငိုရခက်ပင်။

"ခမ်း"

"ကျွန်တော့်ကို လာမခေါ်နဲ့ဗျာ။ ကိုကို အီးဟီး"

သူ့ဘက်က တစ်ခွန်းမှ မပြောရသေး။ နာမည်လေးခေါ်လိုက်ရုံနှင့် အတင်းကြီးကို နှင်ထုတ်နေသည်ကြောင့် ဘုန်းသွင်မှာမူ တိုင်နှင့်ခေါင်းနှင့်တော့ ပြေးဆောင့်ချင်မိသား။

Submissive 2.0 (completed)Where stories live. Discover now