Part 23**

4.5K 163 1
                                    

(unicode)
ရေစိမ်ကန်ထဲမှ တက်လာဖို့ရာ ဘုန်းသွင်လက်ကမ်းပေးသည်ကို ကလေးငယ်သည် ပြန်လည်ဆုပ်ကိုင်ကာ တုန့်ပြန်ရန် ဝေးစွ။ လက်ကိုပင် ပြန်မဆွဲလာသည့်အပြင် ဒူးနှစ်ဖက်ထောင်ပြီး လက်ကလေးနှစ်ဖက်ဖြင့် သိမ်းဖက်ရင်း ရေထဲတွင် တတ်နိုင်သမျှ ကျုံ့ကျုံ့လေး ထိုင်လျက်နေနေတော့သည်။

ဤကား ပုံမှန်မဟုတ်သည့် အမူအရာပင်။ မျက်လုံးလေးပြူးပြီး သူ့ကိုမော့ကြည့်လိုက်၊ အမြုပ်ထနေသည့် ဆပ်ပြာရေထဲသို့ ငုံ့ကြည်လိုက်၊ ဖြစ်နေရှာသည့် သူ့ကလေးလေးကိုကြည့်ကာ ဘုန်းသွင် အကြံအိုက်သွားရသည်။ ချိုင်းမှမကာ အတင်းအကျပ်လည်း ဆွဲမထူလို။ သူလည်း ဘာမှမလုပ်ရသေးဘဲနှင့်။ အဲ၊ ရင်ဘတ်ပေါ်က ချယ်ရီပွင့်ကိုတော့ ရန်ရှာခဲ့သေးသည်လေ။

"ခမ်း ကလေးလေး"

ဘုန်းသွင်သည် ပျားရည်ပမာ ချိုသာလွန်းသည့် အသံလေးဖြင့် ချော့မော့ခေါ်ကြည့်ပေမယ့် တုံ့ပြန်ချက်မလာ။ ဝိုင်းစက်နေသည့် မျက်လုံးများဖြင့် တောင်ကြည့်မြောက်ကြည့် လုပ်နေတော့သည်။ ကျိန်းသေသည်။ ဒါ မရိုးသားတော့ပေ။

"ရေထပ်စိမ်ချင်သေးလို့လား"

ဘုန်းသွင်သည် ရေထဲ လက်နှစ်ကြည့်လိုက်သည့်အခါ အပြည့်အဝ နွေးမနေတော့။ အေးစက်မှုက နေရာယူစပြုလာပြီ။ အကယ်၍ အဆော့မမက်သည့် ကလေးငယ်က ယနေ့ခါမှ ဆက်ဆော့ချင်နေသေးသည်ဆို ခွင့်ပြုမည်မှာ အမှန်ပင်။

"ဟင့်အင်း"

ခေါင်းလေးကို အသာလေး လှုပ်ယမ်းကာ ခပ်တိုးတိုး ဖြေဆိုလာသည့် ကလေးငယ်ကြောင့် သခင်သည် သူ့ဝမ်းဗိုက်ထဲ ရထားအစင်းတစ်ရာခန့် ဖြတ်ပြေးသွားသည့်နှယ်။ ခေါင်းနပန်းကြီးသွားရသည်။ သူ့ကလေးလေး မဟုတ်မှလွဲ။ သို့သော် သခင်သည် ဘုရား မတမိ။ ဘုရားတလည်း ဘာထူးမည်မို့လေ။

"ခမ်း၊ ထ"

ဤကား အမိန့်ပေးနေသည့် လေသံမျိုးနှင့်မဟုတ်။ ချော့မော့ကာ တောင်းဆိုသည့် လေသံမျိုးလည်း မဟုတ်။ အရာရာကို နားလည်ပေးမည်ဟူသည့် လူကြီးတစ်ယောက်၏ တည်ငြိမ်လှသည့် အသံမျိုးပင်။

"ကိုကို..."

ရေကန်ထဲရှိ ကလေးငယ်၏ ရှက်သွေးဖြာနေသည့် မျက်နှာလေးသည် သခင့်ထင်မြင်ချက်တွေ မှန်ကန်ကြောင်း ထောက်ခံပေးနေသယောင်။

Submissive 2.0 (completed)Where stories live. Discover now