Part 44

1.9K 119 0
                                    

(unicode)
ရယ်သံများဖြင့် သာယာနေတတ်သော ပန်းခင်းကြီးသဘ် ယနေ့ခါမှ စစ်မြေပြင်ကြီး ဖြစ်တော့မည်ထင်။ အနားတွင်ရှိသော နှင်းဆီမေတို့မှာလည်း ထပြေးဖို့နေနေ အသက်ပင် ကောင်းကောင်းမရှူရဲ။ နူးညံ့သော ပျိုမေတို့မှာ သွေးထွက်သံယို မြင်ကွင်းများကို မမြင်ချင်မှအဆုံး မျက်စိကိုမှိတ်၊ နားကိုပိတ်ကာ ကလေးငယ်လေးအတွက် အကောင်းဆုံးသော ဆုများကိုသာ ထပ်ခါထပ်ခါ တောင်းဆိုနေမိပါ၏။

"ကိုကို"

၃ပေရှိသောဂေါက်တံကို မြင်လေတော့ နဂိုတည်းက အကြောက်လွန်နေသော ကလေးငယ်လေးမှာ နှုတ်ခမ်းပါးလေးများ တဆတ်ဆတ် တုန်ယင်လို့။ သံဖြင့်ပြုလုပ်ထားသော ထိပ်ဖူးကြောင့် အားဖြင့်လွှဲရိုက်လျှင် ဘယ်နေရာရာထိထိ၊ ထိသည့်နေရာရှိ အရိုးများ တစ်စစီဖြစ်မည်မှာ သေချာနေရာ မြက်စိမ်းပေါ်တွင် ဒူးထောက်နေရရှာသော ကလေးငယ်က တောင်းပန်ရိုကျိုးသော အကြည့်များဖြင့် တွေတွေကလေး မော့ကြည့်၏။ သို့ရာတွင် အေးစက်တောင့်တင်းလှသော မျက်နှာဖုံးကို ဆင်မြန်းထားသည့် သခင်သည် သူ့ဂွမ်းလုံးလေး၏ အသနားခံစာကို လျစ်လျူရှု၍ လက်ထဲရှိ ဂေါက်တံကို ပညာသားပါပါ ဆုပ်ကိုင်ကာ လေ၌တစ်ချက်ဝေ့ရမ်းပစ်သည်။

*ဝှစ်*

ဤတွင် ထွက်ပေါ်လာသည့် အသံက မသေးလှ။ သခင်ဆိုသည်မှာလည်း မွေးကတည်းက လက်သန်ပြောင်တတ်သည့် လူစားမျိုးပင်။ ထို့အပြင် မကြာသေးမီကမှ အလုံးလိုက် အရင်းလိုက် ထွက်ရှိထားသော အမျက်ဒေါသတို့က မီးလောင်ရာ လေပင့် လုပ်ပြန်တော့ ကလေးငယ်ခင်ဗျာ ထိတ်လန့်လို့။ ဒူးထောက်နေရာမှ အတင်းထကာ ထွက်ပြေးလိုက်ချင်သော်လည်း အေးခဲတောင့်တင်းနေပြီဖြစ်သော ခြေထောက်ကြွက်သားတို့က မျက်နှာသာမပေး။ မတတ်နိုင်တော့သည့်အဆုံး ထိုဂေါက်တံမှ အကြည့်လွှဲ၍ ခေါင်းကိုသာ ငုံ့ချပစ်လိုက်ရ၏။

"ခမ်းနောင် ခေါင်းမော့"

ဂေါက်တံကို မြေကြီးတွင်ထောက်လျက် စေ့စပ်စွာ အမိန့်ပေးလာသော သခင်သည် ပြတ်ပြတ်သားသား။ တည်ကြည်သော အကြည့်တို့၏ နောက်ကွယ်တွင် တိကျသော ဆုံးဖြတ်ချက်တစ်ခုက ကပ်ပါလို့။ ကလေးငယ်လေး စကားတစ်ခွန်းမှားသည်နှင့် တွေဝေခြင်းမရှိဘဲ အရက်စက်ဆုံးသော အပြစ်ဒဏ်ကို မညှာမတာ ချမှတ်တော့မည့်ဟန်။

Submissive 2.0 (completed)Waar verhalen tot leven komen. Ontdek het nu