Part 34

2.7K 146 0
                                    

(unicode)
အကြောင်းတစ်စုံတစ်ခု သတင်းပေးသည့်နေရာတွင် နှုတ်သီးချွန်ချွန်နှင့် ငှက်မောင်နှမက နံပါတ်တစ် ဖြစ်လိမ့်မည်ထင်သည်။ ယခုလည်း ငှက်အကိုကြီးက မည်သည့်အကြောင်းကို ဖောက်သည်ချလိုက်ပြီလည်းမသိ။ ငှက်ညီမလေးမှာ မျက်လုံးပြူး မျက်ဆံပြူးနှင့် ရပ်ကွက်ထဲရှိ ငှက်ရောင်းရင်းတို့ကို စံအိမ်ကြီးအပေါ်ထပ်ရှိ နံပါတ်လေး ပြတင်းပေါက်နားသို့ လာကြရန် အပြေးအလွှား သွားခေါ်လေရဲ့။

သူ့အစ်ကိုကြီးကပြောတယ်။ ဘာတဲ့။ ညက ကလေးလေးတစ်ယောက် ဝံပုလွေကြီး စားတာခံလိုက်ရတယ်တဲ့။ ပြီးတော့ အလွှာတစ်လွှာလည်း ပေါက်သွားသေးတယ်တဲ့။ အဲ၊ ဘယ်အလွှာလဲတော့ မသိ။

စပ်စုတတ်သည့် ငှက်မျိုးနွယ်ဝင်များကလည်း နှစ်ခါပင် မခေါ်ရ။ ဖောက်သည်ချလို့ ပင်မဆုံးသေး အတောင်များကို အားရပါးရ အသုံးချကာ နံပါတ်လေး ပြတင်းပေါက်နားကို ရောက်ချလာလိုက်တာများ မိနစ်ပိုင်းအတွင်း ငှက်အုပ်ကြီးကို ဖြစ်လို့။ မသိလျှင် အစာတွေ အလကား ဝေနေသလိုလိုပင်။

ထိုစကားသည် အလုံးစုံ မှန်ကန်နေခြင်းမရှိသော်လည်း ကွက်ကွက်ကွင်းကွင်းကြီး မှားယွင်းနေခြင်းမျိုးလည်းမဟုတ်။ ဝမ်းဗိုက်တို့ကို ပြည့်အောင် မဖြည့်ဆည်းနိုင်သော်ငြား ငှက်အုပ်ကြီး၏ အမြင်အာရုံကို အားရှိအောင် စွမ်းဆောင်နိုင်သည်လေ။

စံအိမ်ကြီး အပေါ်ထပ်တွင် ပြတင်းပေါက်များစွာရှိသော်လည်း ငှက်အစ်ကိုကြီး၏ သုံးသပ်ချက်အရ နံပါတ်လေး ပြတင်းပေါက်က ရှုစားရန် အကောင်းဆုံးတဲ့။ အတွေ့အကြုံများသည့် ငှက်အကိုကြီးစကားကို ငှက်မမများက မငြင်းရှာ။ အထဲရှိမြင်ကွင်းကို သူ့ထက်ငါ အရင်ဦးအောင် အတင်းအဖျင်း တိုးဝှေ့ကြည့်ကြရှာသည်။ ဘုရားသခင်။ အထဲရှိ မြင်ကွင်းကြောင့် စပ်စုလွန်းသည့် ငှက်မမကြီးများဆီမှ ဝေဖန်စကားတစ်ခွန်းလေးပင် ထွက်၍မလာတော့ချေ။

သာမန်ထက်ပို၍ ပုံပျက်နေသည့် ကုတင်ကြီးပေါ်တွင် စောင်ဖြူဖြူကြား နစ်မြုပ်နေသည့် ကလေးငယ်လေးသည် တကယ့်ကို နုနုဖတ်ဖတ်လေး။ ဟစိဟစိလေး ဖြစ်နေသည့် ပန်းနုရောင် နှုတ်ခမ်းပါးတို့က ချစ်စရာ။ မိုးနတ်ပြည်မှ လနတ်သားလေး စက်တော်ခေါ်နေတာများလားလေ။

Submissive 2.0 (completed)Where stories live. Discover now