Part 42

2K 130 3
                                    

(unicode)
*ဖြောင်း*

ပတ်ဝန်းကျင်တစ်ခုလုံး ဟိန်းထွက်သွားစေသည်အထိ မကျယ်လောင်လှသော်လည်း တိုးလျနေခြင်း အလျဉ်းမရှိသော ထိုပါးရိုက်သံသည် ရှိရှိသမျှသော လူအပေါင်းတို့ကို ပါးစပ်အဟောင်းသားနှင့် မှင်သက်သွားစေသည်။ မကြာလိုက်ပေ။ များစွာသော လူတို့သည် အိတ်ထဲမှ ဖုန်းကြီးဖုန်းငယ် ကိုယ်စီထုတ်ကာ သူတို့ရှေ့ရှိမြင်ကွင်းအား တစ်ကွက်မကျန် မှတ်တမ်းတင်ကြတော့၏။

ထိုလျှပ်တပြက် မှတ်တမ်းဗီဒီယိုများတွင် မြင်တွေ့ရသည်က မြေကြီးပေါ်တွင် အရုပ်ကြိုးပြတ်သလို လဲကျနေသော မေအော်။ နီရဲရဲနှုတ်ခမ်းတစ်စုံသည် တဆတ်ဆတ်တုန်လို့။ သူ့အရှေ့တွင် လက်ကလေးတစ်ဖက်မြှောက်လျက် ဖယောင်းရုပ်ထုလေးလို တောင့်တောင့်ကြီးရပ်နေရှာသော ကလေးငယ်ကို တအံ့တဩ ကြည့်လို့နေ၏။

"ဘုရားရေ"

" ဘုန်းသွင်ရဲ့ ချစ်သူကောင်လေးက မေအော်ကို ရိုက်လိုက်တာလား"

"ဗီဒီယိုကို သေချာရိုက်ထား။ ပြီးတာနဲ့ sns ပေါ်တင်ပစ်"

တစ်စတစ်စနှင့် မွစိမွစိ ထွက်ပေါ်လာသော စကားသံများကို လျစ်လျူရှုရန် ကြိုးစားမိသော်လည်း ရုန်းရင်းဆန်ခတ်ဖြစ်လာသည့် အခြေအနေက အသည်းငယ်သော ဂွမ်းလုံးလေးကို မျက်နှာသာမပေးခဲ့ချေ။ တစ်ကိုယ်တည်း ဒုက္ခရောက်နေသော ကလေးငယ်ခင်ဗျာ သူ့မျက်နှာအနားသို့ ဖုန်းကင်မရာများ အတင်းအကြပ်ကြီး နီးကပ်လာသည့်တိုင် အဝေးသို့ပြေးထွက်နိုင်ခြင်းမရှိ။ လွန်ခဲ့သော စက္ကန့်အနည်းငယ်ခန့်က အံ့အားသင့်မှုကြောင့် အရှိန်လွန်ခဲ့သော သူ့လက်ကလေးကိုသာကြည့်ရင်း ကျောက်ရုပ်လေးပမာ ရပ်မြဲရပ်နေ၏။

"သူ့ကို လက်ဖျားနဲ့တောင် မထိစမ်းနဲ့"

ရုတ်ချည်းဆို အနောက်ဘက်မှ ဟိန်းခနဲ ထွက်ပေါ်လာသည်က သခင့်သတိပေးသံ။ ပွဲတက်လာသော စီးပွားရေးလုပ်ငန်းရှင်များတွင် သတင်းသမားအချို့ပါ ရောယောင်ပြီး ဝင်ရောက်လာသည်ကြောင့် သူ့ကလေးလေးအား ထိကိုင်မိမည်စိုး၍ အာဏာသုံးကာ ဟိန်းဟောက်လိုက်ခြင်းဖြစ်၏။

Submissive 2.0 (completed)Where stories live. Discover now