"ရေတွင်းက အိမ်အပြင်ဘက်မှာရှိတော့ ကျွန်တော်ရေချိုးခါနီးဆို အစေခံတွေက ရေပုံးတွေနဲ့ သယ်လိုက်၊ လောင်းထည့်လိုက် လုပ်နေရလို့...ရေချိုးကန်ထဲကို ပိုပြီးလွယ်လွယ်ကူကူရေဖြည့်နိုင်အောင် ရေစုပ်စက်လုပ်လိုက်တာ...ဒီမှာက လျှပ်စစ်မရှိဘူးလေ...အဲ့တော့ လျှပ်စစ်မလိုတဲ့ရေစုပ်စက်ပေါ့"

"လျှပ်စစ်ဆိုတာ ဘာလဲ"

" မှော်စွမ်းအင်လိုမျိုး စွမ်းအင်တစ်မျိူးပဲ...အန္တရာယ်များပေမဲ့ သုံးတတ်ရင်အများကြီးအသုံးဝင်တယ်"

အရုဏ နားလည်သွားဟန်ဖြင့် ခေါင်းညိတ်သည်။

" ရေစုပ်စက်က ဘယ်လိုအလုပ်လုပ်တာလဲ"

" လေဖိအားက ရေတွင်းထဲက ရေတွေအပေါ်သက်ရောက်တော့ ရေတွင်းထဲကရေတွေက ဖိအားနည်းတဲ့အပေါ်က ရေစည်ထဲကို ပိုက်ကနေတစ်ဆင့် စီးတက်သွားပြီးတော့..."

"မောင့်ကို မျက်စိရှေ့မှာပြလိုက်တာက ပိုကောင်းမယ်ထင်တယ်..."

ရှင်းပြလည်း နားလည်နိုင်မည်မဟုတ်သည့်အတွက် မျက်စိရှေ့တွင်ချပြလိုက်ခြင်းက ပို၍အဆင်ပြေပေလိမ့်မည်။

အရုဏ​၏စကားက ဆီလျော်မှုရှိသည့်အတွက် ယုဂန်သည် အရုဏကိုပြသရန်အတွက် ရေစုပ်စက်နှင့်ရေပိုက်ခေါင်းတပ်ဆင်ထားရာ မိမိ​၏ရေချိုးခန်းဆီသို့ ခေါ်ဆောင်သွားသည်။

​ရေချိုးခန်းမှာ ခမ်းနားသောစံအိမ်တော်ကြီး​၏ ရေချိုးဆောင်ဖြစ်သည့်အလျောက် အတော်အတန်ကျယ်ဝန်းသောအခန်းဖြစ်သည်။ အစေခံများ​၏ထိန်းသိမ်းမှုကြောင့် သန့်ရှင်းပြောင်လက်နေသည့်အပြင် ရေချိုးကန်မှာလည်း ငါးပေပတ်လည်မျှအကျယ်ရှိကာ နှစ်ပေနက်သည်။ ရေချိုးကန်ဘေးရှိ သစ်သားစင်တွင် ရေသန့်စင်ရာ၌သုံးသော ပစ္စည်းအချို့၊ ဆပ်ပြာ၊ အမွှေးနံ့သာ၊ လိမ်းကျံစရာ စသည်တို့ဖြင့် ပြည့်နှက်နေသည်။

ယုဂန်သည် ရေချိုးကန်​၏ဘောင်ပေါ်တွင်တင်ပါးလွှဲထိုင်၍ သူခက်ခက်ခဲခဲပြုလုပ်ခဲ့ရသော ရေပိုက်ခေါင်းနှင့် ရေပိုက်တို့ကိုပြသသည်။

မိမိလာခဲ့သောကမ္ဘာကလို ရေပိုက်ခေါင်းနှင့်ရေပိုက်မှာ ဝယ်ဖို့နေနေသာသာ၊ ရှိတောင်မရှိသဖြင့် ပုံကြမ်းရေးဆွဲပြီး ပန်းထိမ်ဆရာဆီပြေးကာ ပြုလုပ်ခိုင်းခဲ့ရသည်။ ပုံကြမ်းဆွဲရသည်မှာ လွယ်ကူသော်လည်း ပိုက်ခေါင်းနှင့်ပိုက်ပြုလုပ်နိုင်မည့်သတ္တုကို ရှာဖွေရခြင်းနှင့် ပန်းထိမ်ဆရာအား နားလည်အောင် ပြောယူရသည်မှာ အတော်လေးပင်ပန်းသောကိစ္စဖြစ်သည်။

The Everlasting One  ( volume 1 )Where stories live. Discover now