" မင်း သဘင်ခန်းမက ပြန်လာတာလား"

" ဟုတ်တယ် အစ်ကို"

"ဒေါဏရဲ့ ဒဏ်ရာတွေကအလျဉ်းပျောက်သွားလို့လား...ပြန်က,နိုင်ပြီလား"

" မက,ပါဘူး...စောင်းတီးပေးရုံပါ"

" ဪ...အင်း...မကနိုင်သေးရင် မကနဲ့ဦး...ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့က အဓိကပဲ"

"ဟုတ်ကဲ့"

မဏိ ဆက်မပြောတော့။ အရှေ့ဘက်သို့ပြန်လှည့်သွားပြီး ကန်ရေပြင်ကိုသာ ဆက်လက်ငေးနေသည်။

ဒေါဏသည် အလွန်အမင်းတည်ငြိမ်နေသော မဏိ​၏ပုံစံကိုကြည့်ရင်း စိတ်ထဲစိုးရိမ်လာသည်။ အရင်က မဏိသည်
သူ့အနားသို့ လိုက်ကပ်ရင်း ချစ်ခြင်းဖွဲ့ဋီကာများကို ခဏခဏပြောဆိုတတ်သူ။ ဒေါဏဘက်က ကြိုးရှည်ရှည်ဖြင့်လှန်ထားခဲ့ပြီး မရေရာသောအဖြေများပေးနေခဲ့သဖြင့် အရင်ကလောက် စိတ်,မရှိတော့လေသလား။

"အစ်ကို ဟီရကိုပြန်ရောက်တာတောင် ကျွန်ုပ်ကိုလာမတွေ့ဘူးနော်"

ဒေါဏ​၏အသံမှာ သေးငယ်ပြီး အလွန်တရာဝမ်းနည်းနေသကဲ့သို့။

ဒေါဏကို မဏိ,သေချာပေါက်တွေ့ချင်ခဲ့ပါသည်။ ဟီရသို့ပြန်ရောက်ကတည်းက ပြေးတွေးချင်ခဲ့သူမှာ ဒေါဏတစ်ယောက်တည်းသာ။ သို့ပေမဲ့ သူသည် ဒေါဏကိုတွေ့ဖို့ အပြစ်မကင်းစင်သည့် သူတစ်ယောက်နှယ်ခံစားနေရသည်။ သူ့ညီတော်​၏လက်ချက်ကြောင့် ဒေါဏ မတရားအစွပ်စွဲခံရပြီး အနှိပ်စက်ညှင်းပန်းခံခဲ့ရသည်။ သူကလည်း ဒေါဏကို ချစ်လှပါချည်ရဲ့ဟုဆိုကာ ဒေါဏကိုကယ်တင်ရန် ရှိရှိသမျှဉာဏ်စွမ်းဖြင့် မစဉ်းစားမဆောင်ရွက်ဘဲ လက်လွတ်စပယ်ပစ်ထားခဲ့သည်။ ကံကြမ္မာကြောင့်သာ၊ ညီတော်မင်းယောဇာ​၏အကွက်ရွှေ့ခဲ့မှုကြောင့်သာ ဒေါဏ ပြန်လွတ်လာရခြင်းဖြစ်သည်။

ချစ်သည်ဟု တဖွဖွဆိုခဲ့သည့် သူက တကယ်တမ်းဒေါဏအတွက် ဘာမှမလုပ်ပေးခဲ့။ ဘယ်လောက်တောင် စက်ဆုပ်စရာကောင်းလိုက်ပါသလဲ။ သူဟာ ကိုယ်ချစ်သည့်သူကို မကာကွယ်နိုင်သည့် အရှုံးသမားတစ်ယောက်ပင်။

ဒေါဏအတွက် သူထိုက်တန်သေးရဲ့လား။ သူ့ကိုလက်ခံလိုက်ပါက ရရှိလာမည့်အကျိုးဆက်များကို ရင်ဆိုင်ရမည့် ဒေါဏကို ဆက်လက်ကာကွယ်ပေးရန် သူ့ထံတွင် အရည်အချင်းကော ရှိပါရဲ့လား။

The Everlasting One  ( volume 1 )Where stories live. Discover now